ရန်ကုန်မြို့လယ်က ပင်နီဆူလာ ဟိုတယ်စီမံကိန်းကပေးတဲ့ သင်ခန်းစာ

၂၀၂၅ မတ် ၁

    ဒေါ်လာသန်း ၁၃၀ အကုန်အကျခံကာ ရန်ကုန်မြို့လယ်တွင် တည်ဆောက်မည့် ပင်နီဆူလာ ဟိုတယ်စီမံကိန်း ရပ်ဆိုင်းလိုက်သည်ဆိုသော သတင်းတစ်ရပ် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းမှာ အတော်ပင် ပျံ့နှံ့ခဲ့သည်။ ဇိမ်ခံဟိုတယ်အုပ်စုကြီး တစ်ခုဖြစ်သည့် ဟောင်ကောင်နှင့် ရှန်ဟိုင်း ဟိုတယ်လုပ်ငန်းစု (HSH Group) က ပင်နီဆူလာ ဟိုတယ်စီမံကိန်းကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း Nikkei Asia သတင်းတွင် ဖော်ပြခဲ့ရာမှ ထိုသတင်းကို ပြည်တွင်းသတင်းဌာနများရော၊ ပြည်ပရောက် သတင်းဌာနတချို့ကပါ ရေးသားဖော်ပြခဲ့ကြသည်။ 
    ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဆူးလေဘုရားလမ်းထောင့်ရှိ  မြန်မာ့မီးရထားပိုင် Grand မီးရထားဟိုတယ်နှင့် Grand စင်တာနေရာကို ရန်ကုန် ပင်နီဆူလာ ဟိုတယ်နှင့် Landmark Development ရိုးမ စင်ထရယ် စီမံကိန်းကြီး ဖော်ဆောင်ရန် ယခင်အစိုးရ လက်ထက်က စတင်လုပ်ဆောင်ခဲ့သည်။ ကိုဗစ်ကာလ ၂၀၂၀ ပြည့်နှစ်တွင် လုပ်ငန်းများ ရပ်ဆိုင်းထားခဲ့ရမှု ရှိသည်။ ထို့အတူ ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်း အလဲ ဖြစ်လာပြီးနောက်ပိုင်း အခြေအနေများနှင့် တစ်ကျော့ပြန် ကိုဗစ်တို့ကြောင့်လည်း စီမံကိန်းကို ရပ်ဆိုင်းခဲ့သည်ကို တွေ့ရသည်။ တစ်ဖန် ၂၀၂၃ ခုနှစ်အတွင်းကလည်း စီမံကိန်းကို ပြန်လည်စတင်ရန် အဆင်သင့်ဖြစ်နေပြီဟူ၍ သတင်းကြားခဲ့ရပြန်သေးသည်။ ဟောင်ကောင်နှင့် ရှန် ဟိုင်းဟိုတယ်လုပ်ငန်းစု (HSH Group)၏ နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲတွင် CEO Clement Kwok က "ဒီစီမံကိန်းကို ထိန်းသိမ်းဖို့ နှစ်အတော်ကြာကြာရင်း နှီးမြှုပ်နှံထားရတယ်။ ဒါကြောင့် သင့်တော်တယ်လို့ ထင်တဲ့အချိန်မှာ အချိန်မရွေး တည်ဆောက်ရေး လုပ်ငန်းများ ပြန်လည်စတင်နိုင်မယ်"ဟူ၍ ပြောကြား ခဲ့ကြောင်း Nikkei Asia သတင်းဌာနမှ  ဖော်ပြခဲ့သည်။ ယခုတစ်ဖန် စီမံကိန်း ရပ်ဆိုင်းလိုက်သည်ဆိုသော သတင်းတစ်ရပ်ကိုလည်း ထိုသတင်းဌာနကပင် ဖော်ပြခဲ့ခြင်းဖြစ်သည်။ 
    "စီမံကိန်းဆိုတာက ဒီအတိုင်းရပ်ထားရင် ကျွန်တော်တို့ တိုင်းပြည်အတွက် အရမ်းနစ်နာပါတယ်။ Grand မီးရထားရုံးချုပ်ဟောင်း နေရာဆိုတာက တကယ့်သမိုင်းဝင်နေရာဖြစ်တယ်။ အဲဒီအဆောက်အအုံကို မူလလက်ရာ မပျက်မယွင်းနဲ့ စီမံကိန်းကြီးလုပ်မယ်လို့ ပြောခဲ့တယ်။ တကယ်တမ်း ကျတော့လည်း မူလလက်ရာက ကုန်သလောက် ဖြစ်သွားပါပြီ။ ဆက်ပြီး မလုပ်နိုင်တော့ဘူးဆိုရင်တော့ ဒီစီမံကိန်းကြီးက မူလလက်ရာပါ လုံးဝပျက်စီးသွားပြီးတော့ ဒီအတိုင်းပဲ တစ်ပိုင်းတစ်စကြီး ရပ်သွားမယ့် အခြေအနေကတော့ မကောင်းပါဘူး။နောက် ရန်ကုန်မြို့လယ်မှာရှိတဲ့ ပြယုဂ်ကြီးလည်း ဆိုးတယ်။ နိုင်ငံအတွက်လည်း နစ်နာပါတယ်။ ပြီးတော့ အစိုးရဘက်က ဘယ်လို ပြန်စဉ်းစားမလဲ၊ လက်ရှိလုပ်နေတဲ့ ကုမ္ပဏီကရော ဘယ်လို ဆက်လုပ်မလဲ။ တစ်ခုတော့ ရှိပါတယ်၊ နိုင်ငံရေး အခြေအနေက တည်ငြိမ်မှု မရှိသေးတော့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေက ဝင်လာဖို့ဆိုတာလည်း တော်တော်လေး ခက်ခက်ခဲခဲ ရှိနေတယ်။ နိုင်ငံတည်ငြိမ်မှုရှိမှ ဝင်လာကြမယ့် သဘောရှိတယ်။
    နောက်တစ်ချက်က ပြည်တွင်းမှာရှိတဲ့ ကုမ္ပဏီတွေကလည်း ပြည်ပနိုင်ငံတွေ မပါဘဲနဲ့ သူဘယ်လိုမှ ဆက်ပြီးတော့ လုပ်နိုင်မယ့် အခြေအနေ မရှိသေးဘူးလို့ မြင်တယ်။ ဒီစီမံကိန်းကြီးက နိုင်ငံရေး အပြောင်းအလဲ မဖြစ်မချင်း ရပ်ဆိုင်းနေဦးမှာပဲလို့ ထင်ပါတယ်"ဟူ၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဌေးက သုံးသပ်ထားသည်။


    စီမံကိန်းတစ်ခု ရပ်‌ဆိုင်းခဲ့ခြင်းမှာ ပုံမှန် အခြေအနေ၊ သာမန်အခြေအနေတွင် နိုင်ငံတော်အတွက် နစ်နာမှုလို့ ဆိုနိုင်သော်လည်း နိုင်ငံရေးပဋိပက္ခများ ရှိနေသည့်ကာလတွင် နစ်နာဆုံးရှုံးမှုဟု မဆိုနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်စန္ဒာမင်းက မှတ်ချက်ပြုသည်။
    "အမှန်တော့ ဒီအခြေအနေမှာ  နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးမှုဖြစ်ပါတယ်လို့တော့ ပြောဖို့ ခက်ပါတယ်။ သူတို့အနေနဲ့လည်း ဒီစီမံကိန်းကြီးကို ဆက်လုပ်ဖို့ တော်တော်ခက်ခဲတဲ့ အခြေအနေ ဖြစ်သွားတယ်။ အထူးသဖြင့်တော့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေက တော်တော်များများကို ရပ်သွားတာရှိတယ်။ ဘိလပ်မြေတို့၊ သံချောင်းတို့  ပစ္စည်းတွေကလည်း သွင်းဖို့ အရမ်းခက်ခဲတဲ့ အခြေအနေ ဖြစ်တယ်။ ဒါပေမဲ့ စီမံကိန်းအကောင် အထည်ဖော်ရတဲ့ နေရာက ပဋိပက္ခဖြစ်နေတဲ့ နေရာမဟုတ်ဘူး။ အေးချမ်းမှုရှိတဲ့နေရာမှာ အကောင်အထည်ဖော်ရတာ ဖြစ်တယ်။ သို့သော် ဒီအခြေအနေမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်လိုတဲ့ သဘောတရားကို တွေ့နေရတယ်။ ပဋိပက္ခဖြစ်နေတဲ့ နေရာမဟုတ်ဘူး၊ နဂိုကတည်းက ကိုယ်သုံးမယ့်ပစ္စည်းတွေသွင်းဖို့ အခက်အခဲ ဖြစ်နေတာမျိုး ဖြစ်နိုင်တယ်။ သူတို့အနေနဲ့  မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအရ၊ စီးပွားရေး အခြေအနေအရ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ မသင့်သေးဘူးဆိုတာမျိုး တွက်ထားသလားတော့ မသိဘူး။ ဒါကြောင့်မို့လို့ ဆက်လက်ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ထက် ရပ်လိုက်တာက ပိုပြီး သက်သာမယ်၊ ဆက်ပြီး ရင်းနှီးမြှုပ်နှံလေ မြုပ်လေဖြစ်မယ်လို့ ရင်းနှီးမြှုပ်နှံသူတွေ ဘက်က တွက်တာမျိုးတွေ ရှိကောင်း ရှိပါလိမ့်မယ်။ သို့သော်လည်း တကယ်တမ်း အခု ငါးနှစ်ပေါ့ ပဋိပက္ခဖြစ်နေတဲ့ ကာလတွေက ငါးနှစ်ပြီးသွားလို့ ရွေးကောက်ပွဲ လုပ်နိုင်မယ်၊ အစိုးရအဖွဲ့ အသစ်တွေ ပြောင်းနိုင်မယ်၊ စီးပွားရေးမူဝါဒတွေ ပြောင်းပြီဆိုရင်တော့ ဒါတွေက Warranty Connection ဆက်ဖြစ်လာ မယ်လို့ထင်ပါတယ်"ဟူ၍ ၎င်းက ဆက်ပြောသည်။
    HSH Group ဘက်က မြန်မာ့နိုင်ငံရေးအခြေ အနေများကြောင့် ထိုသို့ ဆုံးဖြတ်ရခြင်းဖြစ်ပြီး စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံထားသော ငွေအားလုံးကို စာရင်းမှ ပယ်ဖျက်ခြင်း ဖြစ်သည်ဟု သိရသည်။ ပြီးခဲ့သည့် ဇွန်လကုန်အထိ ရန်ကုန် Peninsula စီမံကိန်းအတွက် ကျန်ရှိသည့် ပိုင်ဆိုင်မှုတန်ဖိုးမှာ ဟောင်ကောင်ဒေါ်လာ သန်း ၁၆၀ (အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၅၁ သန်း) ဆုံးရှုံးငွေအဖြစ် စာရင်းသွင်းမည်ဖြစ်ပြီး စီမံကိန်းအား ရပ်ဆိုင်းရခြင်းနှင့် ပတ်သက်၍လည်း ဘုတ်အဖွဲ့က "စီမံကိန်းအတွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းသည် ဆက်လက် ရပ်တန့်နေပြီး မြန်မာနိုင်ငံ ခရီးသွားဈေးကွက်၏ အလားအလာသည် မသေချာမရေရာ ဖြစ်နေဆဲ"ဟု ဆိုထားသည်။
    စီမံကိန်း ရပ်ဆိုင်းသွားပြီဆိုသော သတင်းထွက်လာပြီးနောက် ဘယ်လို ဆက်လက် စီမံကိုင်တွယ်မလဲ၊ နောက်ဆက်တွဲ အခြေအနေ ဘာမျှမသိရပေ။ အစိုးရအနေဖြင့် မည်သို့ဆက်လက် စီမံကိုင်တွယ်မည်လဲ၊ ပြည်တွင်း ဖက်စပ်ကုမ္ပဏီများအနေဖြင့် မည်သို့ ဆက်လက် လုပ်ဆောင်သင့်လဲ၊ နောက်ဆုတ်သွားသည့် နိုင်ငံခြားကုမ္ပဏီကြောင့် စီမံကိန်းအပေါ် သက်ရောက်မှု ဘယ်လိုရှိနေမည်လဲ၊ နောက်ဆက်တွဲ အခြေအနေတို့မှာ စိတ်ဝင်စားစရာတစ်ခု ဖြစ်သည်။ ထိုအခြေအနေများနှင့် ပတ်သက်၍ မူလစာချုပ်ပါ အချက်အလက်များကို သိရှိမှသာ သုံးသပ်နိုင်မည်ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်ဇေယျက မှတ်ချက်ပြုသည်။ စီမံကိန်း စတင်စဉ်က ပေးခဲ့သည့် ခွင့်ပြု မိန့်နှင့် စာချုပ်ချုပ်ဆိုခဲ့စဉ်က  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် စာချုပ်ချုပ်ဆိုခဲ့သည့် အခြေအနေများသိမှသာ ခန့်မှန်း သုံးသပ်နိုင်ဟု ဆို သည်။
    "အဲဒါမသိဘဲနဲ့ ဘယ်သူမှ ရမ်းပြောလို့မရဘူး။စာချုပ်မှာက တည်ဆောက်ရေးကာလ ပါလိမ့်မယ်။ တည်ဆောက်ရေးကာလကို ကျော်သွားလို့ရှိရင် ဘယ်လိုအချက်တွေနဲ့ ပြန်ချုပ်လည်း ဒါလည်း မသိရဘူး။ ကျွန်တော် ထင်တာတော့ စာချုပ်ထဲက သတ်မှတ်တဲ့ တည်ဆောက်ရေးကာလ ကျော်သွား လိမ့်မယ်။ ကျော်သွားတော့ သူတို့ကလည်း ကိုဗစ်အကြောင်းပြ၊ နိုင်ငံရေး အကြောင်းပြ အသနားခံစာတွေ တင်လိမ့်မယ်။ 
    အဲဒီလို အသနားခံစာ တင်တဲ့အခါ အဆင်မပြေတာမျိုး ဖြစ်ပြီးတော့ ပြန်ဆုတ်သွားတဲ့ သဘောမျိုးလို့ ထင်ပါတယ်။ သို့သော်လည်းပဲ တည်ဆောက်လက်စကနေ ပြန်ဆုတ်သွားတာကတော့ နိုင်ငံတော်အတွက် နစ်နာတယ်လို့တော့ ပြောလို့မရဘူးဗျ။ ဘာလို့လဲဆိုတော့ သူတို့က လုပ်လက်စကြီး ကျန်ခဲ့တာကိုး။ တစ်ခုတော့ ရှိပါတယ်။ ဒါကြီးက သူ့သတ်မှတ်ချက်အတိုင်း ပြီးသွားပြီ ဆိုရင် အလုပ်အကိုင် အခွင့်အလမ်းတွေ ရလာမယ်။ စည်စည်ကားကား ဖြစ်လာမယ်။ ဒါပေမဲ့ ဒီစီမံကိန်းက ရပ်သွားတော့ ဘယ်လို အကျိုးဆက်ဖြစ်လာမလဲ၊ မူလစာချုပ် မသိဘဲနဲ့တော့ ခန့်မှန်းပြီးတော့ ပြောလို့မရ နိုင်ဘူး"ဟု ၎င်းက ဆက်ပြောသည်။
    လုပ်ငန်းစီမံကိန်းများမှာ အကြီးအသေးလိုက် အပေါ်မူတည်ပြီး စာချုပ်ချုပ်ဆိုစဉ်ကတည်းက နှစ်ကန့်သတ်ထားလေ့ရှိသလို စီမံကိန်း အကောင်အထည်ဖော်ရမည့် အချိန်ထက် သုံးနှစ်အတွင်း အကောင်အထည် မဖော်နိုင်ပါက ထိုစီမံကိန်းကို ပြန်လည်ရုပ်သိမ်းခြင်းမျိုး ရှိနေကြောင်း၊  နိုင်ငံတကာနှင့် ချုပ်ဆိုထားသည့် ပြည်ပရင်းနှီးမြှုပ်နှံမှု  စီမံကိန်းများသည်လည်း ကန့်သတ်ချက် တစ်ခုခုဖြင့် သဘောတူညီ လက်မှတ်ရေးထိုး ချုပ်ဆိုပြီး ဖြစ်မည်ဟု ဒေါ်စန္ဒာမင်းက ပြောသည်။ "အခု ဒီစီမံ ကိန်းတွေကျတော့ သုံးနှစ်သက်တမ်းလောက်ပဲ ပေးတယ်ထင်တယ်။ သို့သော်လည်း သူက သွားကြုံရတာက ကိုဗစ်ကာလတို့၊ အခုဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတို့နဲ့ သွားကြုံလိုက်ရတဲ့ အခါကျတော့ စီမံကိန်း အကောင်အထည်ဖော်ဖို့က တော်တော် ဒုက္ခရောက်သွားခဲ့တာ တွေ့ရပါတယ်။ ဒါကိုတော့ နှစ်ဦးနှစ်ဖက် ပြန်ညှိရမယ် ထင်တယ်။ သူတို့ဘက်ကတော့ မညှိနှိုင်းဘဲနဲ့ လုပ်သွားတာလို့ သိရပါတယ်" ဟု ၎င်းက ဆက်ပြောသည်။
    စီမံကိန်းဧရိယာ ၃၉၅၇၇ စတုရန်းမီတာ အကျယ်အဝန်းရှိသည့် မီးရထားရုံးချုပ်နေရာတွင် တည်ဆောက်မည့် စီမံကိန်း စတင်ရန်အတွက် ၂၀၁၇ ခုနှစ် ဖေ‌ဖော်ဝါရီလအတွင်းက ပန္နက်တင်ခဲ့ပြီး အဆိုပါစီမံကိန်းကို ရန်ကုန် ပင်နီဆူလာဟိုတယ်နှင့် Landmark Development ရိုးမစင်ထရယ် စီမံကိန်းကြီးဟူ၍ အမည်ပေးခဲ့သည်။ စီမံကိန်းအတွက် စုစုပေါင်း အမေရိကန် ဒေါ်လာ သန်း ၇၀၀ ရင်းနှီးမြှုပ်နှံ မည်ဟုလည်း စီမံကိန်း စတင်စဉ်ကာလများတွင် ထိုစဉ်က သတင်းထုတ်ပြန်ခဲ့ပြီး FMI မှ ၁၂ ရာခိုင်နှုန်း၊ Yoma မှ ၄၈ ရာခိုင်နှုန်း၊ မစ်ဆူဘီရှီ ကော်ပိုရေးရှင်းမှ ရာခိုင်နှုန်း ၃၀၊ IFC မှ ငါးရာခိုင်နှုန်း၊ ADB မှ ငါးရာခိုင်နှုန်း အစုရှယ်ယာ အသီးသီး ထည့်ဝင်ခဲ့ကြသည်။ ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းအဖြစ် Peninsula အမှတ်တံဆိပ် လူနေအိမ်ခန်းများ၊ Grade-A အဆင့်ရှိ ရုံးခန်းတာဝါနှစ်ခုနှင့် စီးပွားရေးလုပ်ငန်းသုံး ဟိုတယ်တစ်လုံး၊ ဝန်ဆောင်မှုပါရှိသည့် လူနေအိမ်ခန်းများ၊ ထိုအဆောက်အအုံများကို ဈေးဝယ်စင်တာနှင့် ချိတ်ဆက်ထားမည့် စီမံကိန်းများ ပါဝင်မည်ဖြစ်သည်။ထို့အတူ ကိုလိုနီခေတ်လက်ရာ ဖြစ်သည့် မြန်မာ့မီးရထား ရုံးချုပ် အဆောက်အအုံဟောင်းအား အဆင့်မြင့် Peninsula Yangon ဟိုတယ်အဖြစ် အသွင်ပြောင်းလဲရန် စီစဉ်ထားခြင်းဖြစ်၍ ပင်နီဆူလာ ဟိုတယ်အဖြစ် ဖော်ဆောင်ရန် ဟောင်ကောင်နှင့် ရှန်ဟိုင်းဟိုတယ် လုပ်ငန်းအုပ်စုမှ ရာခိုင်နှုန်း ၇၀၊ Yoma မှ ၂၄ ရာခိုင်နှုန်း၊ FMI မှ ခြောက်ရာ ခိုင်နှုန်းဟူ၍ အစုရှယ်ယာအသီးသီး ပါဝင်ထားသည်။
    သို့သော် ယခုရပ်ဆိုင်းလိုက်ခြင်းမှာ Landmark Development  ရိုးမစင်ထရယ် စီမံကိန်းကြီး၏ အစိတ်အပိုင်းဖြစ်သည့် ပင်နီဆူလာဟိုတယ် စီမံကိန်းဖြစ်သည်ဟု နားလည်မိပါသည်။ စီမံကိန်းကြီးတစ်ခုလုံး ရပ်ဆိုင်း လိုက်ခြင်းမျိုး မဟုတ်ဘဲ အပိုင်းလိုက် အကောင်အထည်ဖော်နေသည့် လုပ်ငန်းစီမံကိန်းများ ရပ်လိုက်ခြင်းဖြစ်သည်။ စီမံကိန်းကြီးတွင် ပြည်တွင်းမှ ဖက်စပ်လုပ်ကိုင်သည့် ကုမ္ပဏီများလည်း ပါဝင်‌နေသည့်အတွက် ထိုကုမ္ပဏီများက လွတ်သွားသည့်နေရာကို ဆက်လက်အကောင် အထည်ဖော်နိုင်ရန် ရင်းနှီးမြှုပ်နှံမည့်သူကို ရှာဖွေနေသည်ဟု သတင်းကြားနေရသည်ဟု ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်စန္ဒာမင်းက ပြောသည်။
    "အခုက သူတို့က ရပ်တယ်ဆိုတာ တစ်ခုလုံးကို မရပ်ဘဲနဲ့ Part အလိုက်ရပ်တာမျိုးလို့ နားလည်တယ်။ ထားပါတော့ ဒီစီမံကိန်းကြီးတစ်ခုလုံးကို သုံးဦးကိုပေး ထားတာဆိုရင် နှစ်ဦးက လုပ်နေပြီးတော့ တစ်ဦးက ဆက်မလုပ်နိုင်တာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ အဲဒီအခါကျတော့ သူတို့က နိုင်ငံတော်ကို ပြန်မအပ်ဘဲနဲ့ လွတ်သွားတဲ့နေရာမှာ နောက်ထပ် ဆက်ပြီးတော့ သူတို့ အတူ Partner တွဲလုပ်ပြီး ရင်းနှီးမြှုပ်နှံသူ ရှာတာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ရှာနေတာလို့လည်း ကျွန်မတို့ ကြားသိရတယ်။ နောက် သူတို့နဲ့ဆက်ပြီး ရင်းနှီးမြှုပ်နှံဖို့ကို ရှာနေတာမျိုးဖြစ်မယ်။ ဒီအချိန်မှာတော့ နည်းနည်း ခက်ခဲမယ်ဆိုတာလည်း သိတယ်။ အချိန်အ တိုင်းအတာတစ်ခုတော့ သူတို့ပေးရလိမ့်မယ်။ လက်ရှိ အချိန်မှာ အစိုးရဘက်က အနေနဲ့လည်း ဒါတွေကို အသိပေးမှာမဟုတ်ဘူး။ ဒါမျိုးတွေက လွှတ်တော်တို့၊ အရပ်သားအစိုးရတို့ ရှိမှသာလျှင် မြို့ကြီးတွေမှာ ရင်းနှီးမြှုပ်နှံမှု ကိစ္စမျိုးတွေကို ပွင့်ပွင့်လင်းလင်းသိရမှာ ဖြစ်တယ်။ အခုကာလမှာတော့ သိရမှာလည်း မဟုတ်ဘူး။ ဘယ်ရင်းနှီး မြှုပ်နှံမှု ကော်မရှင်ကမှလည်း ကြေညာမှာ မဟုတ်ဘူး။အဲဒီလိုပဲ ဒီကာလမှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေနဲ့လည်း မေးရင်တောင် ဖြေမှာမဟုတ်ပါဘူး"ဟူ၍ ၎င်းက မှတ်ချက်ပြုသည်။
    မြန်မာနိုင်ငံတွင် လုပ်ငန်းစီမံကိန်းများ အကောင်အထည်‌ဖော်ရာတွင် လွယ်လွယ်ကူကူဖြင့် လုပ်ဆောင်၍မရဘဲ အခက်အခဲများစွာ၊ အဆင်မပြေမှုများ၊ ကြန့်ကြာမှုများစွာ ကြုံတွေ့ရလေ့ရှိသည်။ အထူးသဖြင့် စီမံကိန်းကြီးများ စတင်အကောင်အထည်ဖော်ကတည်းက ထိုနေရာ၊ ထိုစီမံကိန်းကို ရရှိသွားသူများမှာ‌ ငွေရှိ၍ မဟုတ်၊ သက်ဆိုင်ရာအစိုးရနှင့် ပတ်သက်ရာပတ်သက်ကြောင်း ရှိသူများသာ ရရှိခဲ့ကြသည်ဟု လွှတ် တော်ကိုယ် စားလှယ်ဟောင်းများက ထောက်ပြထားသည်။
    "ဒီ Project ရပြီးတော့မှ သူတို့က Investor ကို လိုက်ရှာတာ။ ငွေကိုလိုက်ရှာတယ်။ အဲဒါက မြန်မာနိုင်ငံမှာ လုပ်နေတဲ့သူတွေက အဲဒီပုံစံပဲ၊ တိုက်ရိုက် Investor ကို ရတာမရှိဘူး။ တိုက်ရိုက် Investor ကို ရတယ်ဆိုရင် သက်ဆိုင်ရာ အစိုးရအနေနဲ့ တကယ်ကို ရင်းနှီးမြှုပ်နှံမယ့်သူကို တိုက်ရိုက်ဆက်သွယ်ခဲ့ လို့ ရခဲ့လို့ရှိရင် သူ့မှာ ငွေလည်းရှိတယ်၊ အင်အားလည်း ရှိတယ်ဆိုရင် သူက တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှာ ပေါ့။ မြန်မာနိုင်ငံမှာ လုပ်လေ့လုပ်ထရှိတာကလည်း Project တွေမှန်သမျှ အားလုံးက သက်ဆိုင်ရာ အစိုးရတွေနဲ့ ရင်းနှီးတဲ့သူတွေပဲ Project တွေရတယ်။ ပြီးတော့ သူတို့က ဒီ Project ကို ကိုင်ပြီးတော့ ကမ္ဘာပတ်ပြီးတော့ ငွေရှာတယ်၊ ကမ္ဘာပတ်ပြီးတော့ ရင်းနှီးမြှုပ်နှံမှုလုပ်တယ်။ ဒါကြောင့်လည်း သတ်မှတ်တဲ့ အချိန်ကာလတစ်ခုအတွင်းမှာ ပြီးဖို့ ခက်ခဲသွားတာ"ဟူ၍ ဒေါ်စန္ဒာမင်းက မှတ်ချက်ပြုသည်။
    ပြီးခဲ့သည့် အစိုးရလက်ထက်က ပြည်သူ့ရင်ပြင်၌ အကောင်အထည်ဖော်ခဲ့သည့် Traffic Control Center စီမံကိန်းသည် ရည်ရွယ်ချက်ကောင်းသော်လည်း အကောင်အထည်ဖော်သည့် ကုမ္ပဏီအား လုပ်ကိုင်ခွင့် ပေးမှုမှားခဲ့ကြောင်း သိရသည်။ တိုက်ရိုက်ရင်းနှီးမြှုပ် သူမဟုတ်ဘဲ  ပွဲစားအဆင့်ဆင့်ခံပြီး အကောင်အထည် ဖော်ခဲ့ခြင်းကြောင့် ယနေ့အချိန်အထိ မပြီးပြတ်ခဲ့ဟု ဆိုကြသည်။ ယာဉ် ကြောနှင့်သက်ဆိုင်သည့် Traffic Light ကုမ္ပဏီကို  ငှားရမည့်အစား မီးရထားနှင့်  Traffic Light ကုမ္ပဏီကို ငှားရမ်းခဲ့သည်ဟု သိရသည်။ အမှန်တကယ် လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီအစစ်အမှန် ရရှိစေရန် International တင်ဒါခေါ်ယူကာ ရွေးချယ်ရမည်ဖြစ်ပြီး Yangon Water Bus စီမံကိန်းအကောင်အထည် ဖော်ခဲ့ စဉ်ကလည်း ရင်းနှီးမြှုပ်နှံမှု အမှားဖြစ်ခဲ့သည်ဟု ထောက်ပြကြသည်။
    "ရင်းနှီးမြှုပ်နှံမှုအစစ်တွေ မဟုတ်ဘဲ ပွဲစားတွေနဲ့ပဲ တွေ့ကြတယ်။ အဲဒါကြောင့်မို့လို့ ဒီစီမံကိန်းတွေဟာ သတ်မှတ်တဲ့ အချိန်ကာလအတွင်းမှာ မပြီးနိုင်တာ။ အကြောင်းအမျိုးမျိုးတွေကြောင့် ရပ်သွားတယ်၊ ငွေမရှိဘူး။ နောက်ထပ် Investor ကို လိုက်ရှာရတယ်။ အဲဒါ မျိုးတွေပဲ ဖြစ်တယ်။ အခု မီးရထား ရုံးချုပ်ဟောင်းနေရာ စီမံကိန်းမှာလည်း သူကတော့ Developer လို့ ပြောချင် ပြောမှာပဲလေ။ Developer ဖြစ်လောက်အောင် နောက်ထပ် ဓနအင်အား၊ ရှယ်ယာအင်အားက ဘယ်လောက် အထိရှိသလဲ ကြည့်သင့်တယ်။ စာချုပ်တွေ ချုပ်တဲ့အခါမှာလည်း မမျှော်လင့်သော အန္တရာယ်ဆိုတာ ထည့်ချုပ်‌လေ့ရှိတယ်။ စာချုပ်တိုင်းမှာပေါ့။ ဒါက နိုင်ငံတွင်းမှာ ပဋိပက္ခတွေ ဖြစ်နေတယ်ဆိုတာကလည်း မမျှော်လင့်သော အန္တရာယ်ပေါ့။ ဒီလို အန္တရာယ်တွေ ဖြစ်တဲ့အခါ မှာတော့ သူ့အတွက် ခြွင်းချက်ဆိုတာ ပေးထားလေ့ရှိပါတယ်။ သူတို့အနေနဲ့ကလည်း ရင်းနှီးမြှုပ်နှံသူကို ဆက်ပြီးတော့ ရှာမယ်ဆိုတော့ ဒီအချိန်မှာ လက်ခံပေးသင့်တယ်။ နောက်ထပ်တော့ ဒီလိုမျိုးတွေ မဖြစ်အောင်တော့ မမျှော်လင့်သော အန္တရာယ်ကလွဲပြီးရင် ကျန်တဲ့ ရင်းနှီးမြှုပ်နှံမှု အမှားတွေ မဖြစ်ဖို့ လိုအပ်ပါတယ်"ဟု ဒေါ်စန္ဒာမင်းက ဆက်ပြောသည်။
    မြန်မာနိုင်ငံသည် လာမည့် တစ်နှစ်၊ နှစ်နှစ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အများအပြား လုပ်ကိုင်ဆောင်ရွက်ကြရမည့် အခြေအနေဖြစ်လာမည်ဟု ခန့်မှန်းနေကြပြီး ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ ပေါ်ပေါက်လာမည့်နည်းတူ ပဋိပက္ခဖြစ်နေသော နိုင်ငံများကို အခွင့်အရေး တစ်ရပ်အဖြစ် အသုံးချမည့် ရင်းနှီးမြုပ်နှံမှု ပွဲစားအများကြီး ရောက်လာကြလိမ့်မည်ဟုလည်း ခန့်မှန်းသုံးသပ်နေကြသည်။ "ဒီလုပ်ငန်းတွေရဖို့ ပွဲစားတွေ အများကြီးလုပ်မယ်။ ဒီနိုင်ငံအတွင်းမှာ၊ မြန်မာနိုင်ငံ အတွင်းမှာရှိသော သက်ဆိုင်ရာ ပတ်သက်ရာပတ်သက်ကြောင်းတွေနဲ့ ပွဲစားတွေ ချိတ်ဆက်မယ်၊ ဒါမျိုးတွေနဲ့ မကြာခင် တွေ့ကြရဦးမှာပဲ။ ဒါကြောင့် ဖြစ်သင့်တာက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေနဲ့ တကယ်ကိုပဲ တိုက်ရိုက် ရင်းနှီးမြှုပ်နှံနိုင်မယ့် ကုမ္ပဏီကို ရှာဖို့လိုမယ်၊ Group တွေကို ရှာဖို့လိုမယ်။ သူတို့တစ်တွေ တကယ်လုပ်ငန်းရှိလား၊ မရှိလား၊ Credit ဖြစ်လား၊ မဖြစ်လား Google ရှာကြည့်ရင် သိနိုင်တယ်။ ဒီလုပ်ငန်းကို ရင်းနှီးမြှုပ်နှံရင် ဒီလုပ်ငန်းကို ကျွမ်းကျင်သော Credit ဖြစ်နိုင်သော၊ ငွေအင်အား၊ ဓနအင်အား ကောင်းသောသူနဲ့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံလိုက် ဒါဆိုလို့ရှိရင် လုပ်ငန်းတွေဟာ ဒီလိုမျိုး မကြန့်ကြာဘူး။ အဲဒီလို မဟုတ်ဘဲနဲ့ ပွဲစားသုံးဆင့်ခံတွေနဲ့တို့၊ ကိုယ်နဲ့ရင်းနှီးရာ ပတ်သက်ကြောင်းတို့ ပေးနေမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ စီမံကိန်းကြီး‌တွေဟာ ဒီအတိုင်းပဲ ဖြစ်နေမှာပါ။ ကျွန်မတို့က မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသား လုပ်ငန်းရှင်တွေကို အားပေးတယ်။ ဒါပေမဲ့ သူတို့မှာက အင်အားမရှိဘူး။ အထူးသဖြင့် ငွေအင်အားမရှိဘူး။ နောက် ခံ ြခေုါမသကညိ တောင့်တင်းမှု မရှိတာမျိုးကို ကိုယ့်လူ ဆိုပြီး ပေးလိုက်ရင် ဒီလူအတွက် ဒုက္ခ ရောက်ပြီးတော့ နစ်မွန်းသွားစေတာပဲ ဖြစ်နိုင်တယ်ဆိုတာ သင်ခန်းစာရ သင့်တယ်"ဟူ၍ ဒေါ်စန္ဒာမင်းက အကြံပြုခဲ့သည်။
    မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့၏ ပြယုဂ်တစ်ခုဖြစ်သည့် မြို့လယ်ကောင်နေရာ၊ အချက်အချာကျသည့်နေရာတွင် အကောင်အထည်‌ဖော်နေသော စီမံကိန်းကြီး အလုပ်သမားထောင်ချီ အလုပ်အကိုင်ရရှိနေသည့် စီမံကိန်းကြီး ဖြစ်သလို နောင်တစ်ချိန် တွင် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနေ မည့်နေရာလည်း ဖြစ်လာရန်ရှိပါသည်။ ယခုကဲ့သို့ ရပ်နားထားရ၍ တိုင်းပြည်ဝင်ငွေ အတွက် နှစ်နာမှုရှိနေသလို ပြည်သူလူထုအတွက် နစ်နာမှုများ ဖြစ်ပေါ်စေခဲ့ပါသည်။
    ပြီးခဲ့သည့် နှစ်များကာလကလည်း လုပ်သားများ၊ အင်ဂျင်နီယာပညာရှင်များ ကာယ၊ ဉာဏလုပ်သား ပေါင်းများစွာ စက်ယန္တရားကြီးများဖြင့် လှုပ်ရှားတက်ကြွစွာ လုပ်ကိုင်နေကြသည်ကို အား တက်စရာ မြင်ကွင်းများအဖြစ် တွေ့ခဲ့ရသည်။ စီမံကိန်းကြီးသာ ပြီးမြောက်ခဲ့လျှင် စီပွားရေးအဆောက် အအုံများစွာ ကြယ်ငါးပွင့် ဟိုတယ်ကြီးနှင့်အတူ ရန်ကုန်မြို့လယ်၏ မြင်ကွင်းကို ပြောင်းလဲသွားစေ မည်မှာ သေချာမည်ဖြစ်သည်။ သို့သော် ယခုမူ ထိုမြင်ကွင်းများ မရှိတော့။ တည်ဆောက်ရေး စက်ပစ္စည်းယန္တရားများ၊ ဝန်ချီစက်များနှင့်အတူ အသက်မဲ့နေသည့် စီမံကိန်းကြီးတစ်ခုအဖြစ် မြင်တွေ့ နေရသည်မှာ အချိန်အတော်ကြာနေပြီ ဖြစ်သည်။ ရိုးမစင်ထရယ်၏ ဆောက်လက်စ အဆောက်အအုံများ၊ မပြီးစီးသေးသည့် သမိုင်းဝင် မီးရထားရုံးချုပ်ဟောင်းကြီးများကို မြင်တွေ့သူတိုင်း စိတ်မသက်သာလှ ဖြစ်နေကြရမှာ အမှန်ပင်ဖြစ်သည်။
    သို့သော် 'ထိုင်နေလို့တော့ ဘာမှ ဖြစ်မလာဘူး'ဆိုသည့် သီချင်းစာသား ပမာကဲ့သို့ပင်။ စိတ်မ ကောင်းဖြစ်နေ၍လည်း ဘာမှ ဖြစ်လာမည်မဟုတ်၊ အဓိက အရေးအကြီးဆုံးအချက်မှာ ခေတ်အဆက်ဆက်၊ အစိုးရ အဆက်ဆက်က ဖော်ဆောင်ရန် စီစဉ်ခဲ့ပြီး ရပ်ဆိုင်းခဲ့သည့်၊ ရပ်တန့်သွားသည့် စီမံကိန်းများက သင်ခန်းစာများစွာ ရယူဖို့သာ ဖြစ်သည်။ အားနည်းချက်၊ အားသာချက်နှင့် စီမံကိုင်တွယ်မှု ပြုပြင်ပြောင်းလဲရများပင် ဖြစ်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ အကြံပြု ထားသည်များ ရှိပါသည်။ ပမာဏကြီးမားသော စီမံကိန်းကြီးများနှင့် ပတ်သက်လျှင် တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်နိုင်သည့် ကုမ္ပဏီများကို ရွေးချယ်နိုင်ရေး၊ နိုင်ငံတကာ တင်ဒါခေါ်ယူရေးနှင့် တင်ဒါစိစစ် ရွေးချယ်ရာတွင်လည်း အဂတိကင်းစင်ရေးတို့ပင် ဖြစ်သည်။ ထိုအကြောင်းအရာများမှာ မြန်မာနိုင်ငံရှိ စီမံကိန်းကြီး များအနက်မှ စီမံခန့်ခွဲမှု အလွဲအမှား၊ ရင်းနှီးမြှုပ်မှုအမှားများနှင့် ပတ်သက်သည့် အတွေ့အကြုံတချို့ဖြစ်ပြီး ရန်ကုန်မြို့လယ်က ပင်နီဆူလာဟိုတယ် စီမံကိန်းကပေးတဲ့ သင်ခန်းစာ ဟူ၍ လည်း တစ်နည်းအားဖြင့် မှတ်ယူရပေမည်။
(ညီသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 169

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42830

© 2022 - 2025 News. All Rights Reserved.