ရာဇဝင် စာတင်မှ ရှင်သန်မယ် (၂)

၂၀၂၄ အောက်တိုဘာ ၂၆

    ပျူခေတ် အရိုးအိုးစာတွေကလည်း မြန်မာ့သမိုင်းရာဇဝင်ကို ပြောနေကြတယ်။ ပုဂံခေတ်မှာ ရေးထိုးခဲ့တဲ့ ကျောက်စာတွေကလည်း မြန်မာ့သမိုင်းရာဇဝင်ကို သက်သေခံနေကြတယ်။ ပထမအင်းခေတ်ကနေ ကုန်းဘောင်ခေတ်နှောင်းပိုင်း ရတနာပုံခေတ် မင်းတုန်းမင်း၊ သီပေါမင်းတို့ လက်ထက်အထိ မြန်မာ့သမိုင်း ရာဇဝင်ကျမ်းကြီးတွေ လေးစားဂုဏ်ယူဖွယ် ပေါ်ထွက်ခဲ့တယ်။ ဘာသာပေါင်းစုံ ပေါ်ထွန်းရာ ယဉ်ကျေးမှုအစဉ် အလာကြီးမားတဲ့ အိန္ဒိယနိုင်ငံကြီးမှာတောင် 'မှန်နန်းရာဇဝင်တော်ကြီး'လို ကျမ်းမျိုး မပြုစုနိုင်ခဲ့ဘူး။ အရှေ့တောင်အာရှနိုင်တွေမှာလည်း သမိုင်းရာဇဝင်မှတ်တမ်းရယ်လို့ ခမ်းခမ်းနားနား ရေးသားပြုစုခဲ့တာ မတွေ့ရလို့ ဥရောပသမိုင်းပညာရှင် ဒေါက်တာလေဒင်က ဆိုတယ်။ မြန်မာ့သမိုင်း ရာဇဝင်ကိုလေ့လာပြီး ဂျီအိတ်ချ်လုစ်လို ကိုလိုနီဝါဒီ အင်္ဂလိပ်သမိုင်းပညာရှင်ဟာ အတော်သိမ်ငယ်သွားပုံရတယ်။ ဒါကြောင့် မြန်မာရာဇဝင်ရဲ့ အံ့ဘနန်းခမ်းနားမှုကို ဖျက်ဆီးဖို့ လုစ်ကိုယ်တိုင် စနစ်တကျ လုပ်ဆောင်ခဲ့ပါတယ်။ အရှေ့တောင်အာရှမှာ ပြိုင်ဘက်ကင်း အတုမရှိတဲ့ မြို့ပြနိုင်ငံတွေ တည်ထောင်ခဲ့ပြီး ယဉ်ကျေးမှု အဆင့်အတန်း အလွန်မြင့်မားတဲ့ နှစ်ပေါင်းတစ်ထောင်ခန့် သက်တမ်း ရှည်ကြာခဲ့တဲ့ ပျူခေတ်ကြီးတစ်ခေတ်လုံးကို မျက်ကွယ်ပြု မသိချင်ယောင်ဆောင်ပြီး မြန်မာတွေကို ကလေကချေ အဆင့်လောက် နိမ့်ကျသွားအောင် သမိုင်းအတု ရေးသားခဲ့ပါတယ်။
    မြန်မာတွေဟာ စစ်ရှုံးလို့ မြောက်ဘက်တောင်ကုန်း တောင်တန်းတွေကို မြင်းတွေနဲ့ ကျော်ဖြတ်လာပြီး ကျောက်ဆည်ဒေသမှာ အခြေချရာက မြန်မာရယ်လို့ ဖြစ်လာတယ်။ 'မြန်မာအစ ကျောက်ဆည်က'ဆိုပြီး လံကြုတ်သမိုင်းကို ဖန်တီးကာ မြန်မာ့ဇာတိမာန်ကို ရိုက်ချိုးပစ်လိုက်တယ်။ အင်္ဂလိပ်သမိုင်းဆရာရဲ့ အခွင့်အာဏာကို မလွန်ဆန်ရဲတဲ့ မြန်မာသမိုင်းဆရာတချို့လည်း ချော်လဲရောထိုင် လုပ်ခဲ့ကြတယ်။ ဒီလိုနဲ့ လုစ်ရဲ့ 'မြန်မာအစ ကျောက်ဆည်က'ဆိုတာကြီးက မြန်မာ့စွယ်စုံကျမ်းပေါ် ရောက်လာတယ်။ ကျောင်းသုံးဖတ်စာထဲ ပါလာတယ်။ အလွန်ညံ့ဖျင်းတဲ့ မြန်မာသမိုင်းဆရာတွေကြားမှာ ဆရာကြီးဦးဖိုးလတ်တို့လို မြန်မာ့သမိုင်းသူရဲကောင်းတွေ ပေါ်လာတယ်။ မြန်မာအစဆိုတဲ့ မြန်မာတို့ရဲ့ မျိုးရိုးဗီဇအစစ်အမှန်ကို ဖော်ထုတ်ပြီး လုစ်ရဲ့သမိုင်းဗလက္ကာရ အဓမ္မအမှုကြီးကို အထုပ်ဖြေပြနိုင်ခဲ့တယ်။ ဒီနေ့ခေတ်မှာ ဆရာဘုန်းတင့်ကျော်အစ ဆရာဗိုလ်ရှိတ်(ရတနာပူရ)အဆုံး လူငယ်သမိုင်းသုတေသီ သမိုင်းပညာရှင်တွေက ပိုမိုအားကောင်းခိုင်မာတဲ့အချက်အလက်တွေနဲ့ အင်္ဂလိပ် သမိုင်းဆရာရဲ့ သမိုင်းလိမ်သမိုင်းတုကို ချေဖျက်နိုင်ခဲ့ပါပြီ။ လုစ်ရဲ့နောက်လိုက် မြန်မာသမိုင်း ပညာရှင်ဆိုသူတွေ ရှက်တတ်ရင် လဲသေဖို့တောင် ကောင်းပါတယ်။
    ဆရာသန်းထွန်း(ဗိုလ်မှူးချုပ်ဟောင်း)ကလည်း 'မြန်မာ့ဦးစွန်း မြန်မာ့မော်ကွန်း'ကိုရေးပြီး ပုံတောင်ပုံညာ ကျောက်ဖြစ်ရုပ်ကြွင်းတွေနဲ့ မြန်မာအစကို ကမ္ပည်းတင်နိုင်ခဲ့တယ်။ ဆရာဒေါက်တာတင်သိန်းကလည်း 'လူသားအစ မြန်မာက' စာအုပ်ကို ဘူမိဗေဒရှုထောင့်က သက်သေပြပြီး မော်ကွန်း တင်နိုင်ခဲ့ပါတယ်။ ဆရာဦးဖိုးလတ်ရဲ့ ဖော်ထုတ်ချက်ကို ၂၀၂၂ ဇွန် ၂၃၊ ၂၉ ထုတ် TREND ဂျာနယ်မှာ 'မြန်မာအစရှာပုံတော်' ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာကြီးရဲ့သား ဒေါက်တာ ကျော်လတ်ရဲ့ တင်ပြချက်များကို ၂၀၂၃ မတ်လ ၉၊ ၁၅ ထုတ် TREND ဂျာနယ်မှာ 'အင်္ဂလိပ်ပါမောက္ခရဲ့ သမိုင်းတုသမိုင်းလိမ်ကို ချေဖျက်ခြင်းနှင့် မြန်မာတို့ရဲ့ ကိုယ်ပိုင်ဗိသုကာအတတ်ပညာ' ဆောင်းပါးဖြင့်လည်းကောင်း ထပ်ဆင့် ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ခိုင်မာတိကျတဲ့ သမိုင်းဆိုင်ရာ အထောက်အထား များအရလုစ်ရဲ့ 'မြန်မာအစ ကျောက်ဆည်က'ဆိုတဲ့ သမိုင်းအမှားကို စွယ်စုံကျမ်းနဲ့ ကျောင်းသင်သမိုင်းဖတ်စာထဲက အမြန်ဆုံးဖယ်ရှားပစ်သင့်ပါတယ်။ အမျိုးသား တာဝန်တစ်ရပ်အနေနဲ့ သမိုင်းအမှန်ကို ဖော်ထုတ်ရမှာ ဖြစ်ပါတယ်။
    ၂၀၂၃ သြဂုတ်လမှာ ထုတ်ဝေခဲ့တဲ့ ဆရာဗိုလ် ရှိတ်(ရတနာပူရ)ရဲ့ 'မြန်မာကျမ်းများသမိုင်းနှင့် ရာဇဝင်ပေါင်းချုပ်' စာအုပ်မှာလည်း လုစ်ရဲ့အယူအဆများကို စာမျက်နှာ ၇၄ နှင့် စာမျက်နှာ ၁၅၀ တို့မှာ တို့ထိသုံးသပ် ထားတာတွေ့ရပါတယ်။
    ဆရာဗိုလ်ရှိတ် စုဆောင်းထားတဲ့ ရာဇဝင်ကျမ်းတွေချည်း ၁၁၁ စောင်ရှိပါတယ်။ 'တောင်တွင်းကြီး ရာဇဝင်'ကဲ့သို့သော ဒေသန္တရသမိုင်းများ အပါအဝင်ဖြစ်ပါတယ်။ 'မြန်မာရာဇဝင်ကျမ်း များ စတင်တွေ့ရသည့် ပုဂံခေတ်မှ ၁၂၄၇ ခုနှစ်အတွင်းစာရင်းကိုသာ ပြုစုခြင်းဖြစ်ပါသည်'လို့ ဆိုပါ တယ်။ စာရင်းမှာမပါဘဲ ကျန်နေတဲ့ ရာဇဝင်ကျမ်းများရှိရင် ဖြည့်စွက်ပေးပါလို့လည်း ဖိတ်ခေါ်ထားပါတယ်။ ကျွန်တော်တို့ဟာ သမိုင်းရာဇဝင်နဲ့ ပတ်သက်လာရင် ဘယ်လောက်ထိ အမြော်အမြင်ကြီးတယ်။ ဘယ်လောက်တောင် ပညာဗဟုသုတနဲ့ ပြည့်စုံတယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ ပုဂံရာဇဝင်တွေချည်း ငါးကျမ်းတိတိ တွေ့ရပါတယ်။ (၁) ရှင်ဂေါဓာဝရ ပြုစုတဲ့ ပုဂံရာဇဝင်ပါဋ္ဌ်၊ (၂) ပုဂံရာဇဝင် ပုဏ္ဏား၊ ဗြဟ္မဏ၊ (၃) ပုဂံရာဇဝင်(ကျမ်းပြုသူမသိ)၊ (၄) ပေါက္ကံရာဇဝင်ပါဋ္ဌ်- ရှင်ဝဇီရဗုဒ္ဓိ၊ (၅) ပုဂံရာဇဝင်-ရှင်ဂုဏသာမိသိရီလင်္ကာတို့ ဖြစ်ပါတယ်။
    ပုဂံရာဇဝင်ငါးကျမ်းမှာ မပါပေမယ့် ပုဂံ ရာဇဝင်ရဲ့ ကြီးမြတ်ပုံကို မှတ်တမ်းတင်ထားတဲ့ 'ဗောဓိဝင်ဋီကာ' ကျမ်းရဲ့ နိဂုံး ၁၄ ဂါထာထဲက အချို့ကိုကောက် နုတ်တင်ပြပေးချင်ပါတယ်။ ၂၀၁၀ စက်တင်ဘာလမှာ ဒုတိယအကြိမ် ထုတ်ဝေခဲ့တဲ့ ဆရာကြီးမြကေတုရဲ့ 'နန်းဓလေ့မှတ်တမ်းများ' စာအုပ်ထဲက 'ရှင်မဟာကဿပနှင့် ပုဂံပြည်' ဆောင်းပါးထဲမှာ ဒီလိုဖော်ပြထားပါတယ်။
    'သက္ကရာဇ် ၅၆၅ ခုနှစ် ပုဂံပြည်နရပတိစည်သူမင်းလက်ထက် 'ဗောဓိဝင်ဋီကာ'ကို စီရင်ရေးဖွဲ့ခဲ့သူ ပေါင်လောင်သင် မဟာကဿပသည် သူ၏ မျက်မြင်ကိုယ်တွေ့ ပုဂံပြည်ကို ၎င်းကျမ်း၏ နိဂုံး၌ အောက်ပါ အတိုင်းရေးသားထားခဲ့လေသည်။' (မူရင်းပါဠိကို ဆရာကြီးမြကေတု မြန်မာပြန်ပေးထားတာ အလွန်လှပအား ကောင်းလှပါတယ်။)
    ၁။ ဝတ္ထုကာမ လိုအပ်သော အာရုံကုံလုံပြည့်၀သောကြောင့် ပုဏ္ဏကာမပြည်၊ ပုကာမ်ဟူသော အမည်ဖြင့် ကျော်စောထင်ရှားသော၊ မွေ့လျော်ဖွယ်လည်း ကောင်းသော၊ ပြည်ကြီးတမွတ် အထွတ်အဖျားလည်းဖြစ်သော ပုကာမ်ပြည်၊
    ၂။ ရဲရင့်သော လုံ့လဝီရိယရှိသော၊ ရန်ကိုချေမှုန်းလေ့ရှိသော ပုဂ္ဂိုလ်ထူးတို့ နေရာဖြစ်သောကြောင့် အရိမဒ္ဒန မည်သော ပုကာမ်ပြည်၊
    ၅။ ယင်းပုကာမ်ပြည်ကြီးကား ဗုဒ္ဓဘာသာဝင် ရှင်ရဟန်းတို့၏ သင်္ကန်းတော်ရောင်တို့ဖြင့် တပြောင်ပြောင်ထွန်းပ၏။ ကုသိုလ်ကောင်းမှုကို ပြုလိုသူ ရှင်ရဟန်းတို့၏ နေပျော်ရာလည်း ဖြစ်၏။ သူတော်ကောင်းတရားကို နာကြားသင်ယူရာ ချက်ချာဌာနလည်း ဖြစ်၏။ လူမျိုးတကာလည်း စုံလင်စွာ၏။
    ၁၃။ တန်ခိုးရှိန်စော် အာနုဘော်ကြီးကုန်သော ဓမ္မရာဇ်မင်းအဆက်ဆက်၊ ပညာရှိအဆက်ဆက်၊ လူ စွမ်းကောင်း အဆက်ဆက်၊ သိမ်မွေ့သော အသိဉာဏ်ရှိသူ သုခမိန်အဆက်ဆက် ထွက်ပေါ်ဖြစ်ထွန်းရာလည်း ဖြစ်၏။' (စာ-၄၃၊ စာ-၄၄)
    ပုဂံရဲ့ စီးပွားရေး၊ လူမှုရေး၊ ရာသီဥတု၊ ပုဂံဝိညာဉ်ကို စာပန်းချီခြယ်မှုန်းကာ ပုဂံသမိုင်း အပိုင်းအစကို ရေးဖွဲ့သွားနိုင်ခဲ့ပါတယ်။ ပေါင်လောင်သင်မဟာကဿပရဲ့ ပုဂံမြို့ဖွဲ့ ၁၄ ဂါထာလုံးကို ၂၀၂၄ ဇွန် ၂၀ ဇွန် ၂၆ ထုတ် TREND ဂျာနယ်မှာ 'ပေါင်လောင်ရှင် ကဿပရဲ့ ပုဂံရွှေပြည် ဓမ္မလင်းရောင်ခြည်'အမည်နဲ့ ဆောင်းပါးရေး ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဆရာဗိုလ်ရှိတ် ညောင်ဦးနယ်ဘက်က ရခဲ့တဲ့ ပုဂံရာဇဝင်ပေမူဆိုရင် ကျမ်းပြုသူအမည်မပါရှိပေမယ့် ကျမ်းဦးနိဒါန်း၊ ကျမ်းရဲ့ ရည်ရွယ်ချက်က အလွန်အဆင့်မြင့်တာ တွေ့ရပါတယ်။
    'အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်၊ လောကဝတ်၊ ဓမ္မဝတ်၊ ရာဇဝတ် စသော အခွင့်ရေးရာအဖြာဖြာတို့၌ လိမ္မာသိမြင် ဆင်ခြင်ထောက်မျှော်၊ တွေးခေါ်နှိုင်းရှည်၊ သိစွမ်းနိုင်သော နိဗ္ဗေဒိကပညာ၊ ဂမ္ဘီရပညာ၊ ပုထုပညာ၊ ဤသို့အစရှိသော ပညာတို့ဖြင့် ပြည့်စုံသော ရှေးရှေးဆရာတို့သည် ပစ္စုပ္ပန်သံသရာနှစ်ဖြာသော စီးပွားများမည်ကို မျှော်ခေါ်ထောက်ထား၍ အဓွန့်ရှည်စွာ နောင်လာဥဒါန်းဖြစ်စိန်သောငှာ မှတ်သားသိသာ မြန်မာအမှု ကျောက်သစ်ထုသို့ စေ့ငုသေချာ မိန့်မှာရေးသားထားသော ရာဇဝင်ကျမ်း ...' (စာ-၉၁)
    အင်းဝခေတ်မှာတော့ ...(၁) ဘိုးရာဇာဆို မင်းဆက်လင်္ကာ၊ (၂) ရာဇဝင်ကျော်၊ (၃) ပထမရာဇဝင်ချုပ်၊ (၄) အဝရာဇဝင် တိတ်ရာဇဝင်တို့ ပေါ်ထွက်ခဲ့တယ်လို့ ဆိုပါတယ်။ ထပ်မံတွေ့ရှိနိုင်သေးတယ်လို့လည်း မျှော်လင့်စကား ဆိုထားပါတယ်။ ညောင်ရမ်းခေတ် (သက္ကရာဇ် ၉၆၀ မှ ၁၁၁၃)အတွင်း စာကားပြေကျမ်းများစွာ ပေါ်ထွက်ခဲ့ရာ တန်ဖိုးဖြတ်လို့မရနိုင်တဲ့ မြန်မာရာဇဝင်ကျမ်းများလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ပြည်မင်းတောင်းပန်လို့ မြောက်နန်းကျောင်းဆရာတော် အရှင်အဂ္ဂဓမ္မာလင်္ကာရ ပြုစုခဲ့တဲ့ 'မြောက်နန်းကျောင်းရာဇဝင်'ရှိတယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားပေမယ့် 'မြောက်နန်းကျောင်းရာဇဝင်ကို ယခုအချိန်အထိ ရှာဖွေ၍ မတွေ့သေး၊ ပေမူဘဝ၊ ပုရပိုက်မူဘဝဖြင့် ပျောက်ဆုံးနေဆဲ'လို့ ဆရာဗိုလ်ရှိတ်က ဆိုပါတယ်။ 'မြောက်နန်းကျောင်းဆရာတော်သည် မြန်မာသာသနာဝင်သမိုင်းတွင် ထင်ရှားသော ဆရာတော်ကြီးတစ်ပါး ဖြစ်သော်လည်း ဗိုလ်မှူးဘသောင်း၏ စာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ဆရာကြီးဦးဖေမောင်တင်၏ မြန်မာစာပေသမိုင်းကျမ်းတို့တွင် မှတ်တမ်းတင်ထားရှိ မရှိပေ'လို့ ဆရာကြီးများရဲ့ အားနည်းချက်ကိုလည်း ထောက်ပြထားပါတယ်။ (စာ-၂၄-ရှု)
    မြောက်နန်းကျောင်းရာဇဝင်ကို 'နန်းကျောင်းရာဇဝင်'လို့လည်း ခေါ်ပါတယ်။ မြန်မာပညာ ရှိတစ်ဆူဖြစ်တဲ့ ဆရာကြီး ဦးရည်စိန်က ...'နန်းကျောင်းရာဇဝင်ဟူသည် History of Nan-Chao (နန်ကျောက် သို့မဟုတ် နန်စောသမိုင်း)ကို ရည်ညွှန်းထားသည်ဟု တွေးထင်ဖွယ်ရှိ၏'လို့ ယူဆခဲ့လေရာ အတွေးခေါင်နိုင်လွန်းရန်ကောလို့သာ မှတ်ချက်ချရတော့မှာ ဖြစ်ပါတယ်။ ဆရာဗိုလ်ရှိတ်ကတော့ ဆရာကြီးဦးရည်စိန် 'သတိမမူဘဲ'လို့သာ ညင်ညင်သာသာ သုံးသပ်ထားပါတယ်။
    အဲဒီနောက် ယနေ့တိုင်အောင် အကြိမ်ကြိမ် ပုံနှိပ်ထုတ်ဝေနေရတဲ့ 'ဦးကုလား မဟာရာဇဝင်ကြီး' နဲ့ မိတ်ဆက်ပေးထားပါတယ်။ ဦးကုလားဟာ ညောင်ရမ်းခေတ် တနင်္ဂနွေမင်းလက်ထက်မှာ ဘယ်သူကမှ မတိုက်တွန်းရဘဲ သူ့ဆန္ဒအလျောက် 'မဟာရာဇဝင်ကြီး'ကို ပြုစုခဲ့ခြင်းဖြစ်ပါတယ်။ သူ့နောက်မှပေါ်တဲ့ မဟာရာဇဝင်သစ်၊ မှန်နန်းရာဇဝင်တော်ကြီး၊ မုံရွေးရာဇဝင်ကျော်စတဲ့ ထင်ရှားတဲ့ ရာဇဝင်ကျမ်းကြီးများဟာ ဦးကုလားမဟာ ရာဇဝင်ကြီးကို အမှီပြု၍ ရေးခဲ့ကြတာတွေ ဖြစ်တယ်။ ဒါကြောင့် 'မြန်မာရာဇဝင်ဟူသမျှတို့၏ ဖခင်ကြီးသဖွယ်'လို့ ဆရာဗိုလ်ရှိတ်က ဂုဏ်ပြုထားပါတယ်။ ဆရာကြီး ဒေါက်တာ လှဖေကလည်း ဦးကုလားရဲ့ ကျေးဇူးဆပ်မကုန်အောင် ကြီးမားတယ်လို့ ဆိုပါတယ်။ ဆရာဦး ကျော်ငြိမ်းက ...'ဦးကုလားသည် မြန်မာရာဇဝင်ကို ပထမဦးဆုံး အပြည့်အစုံ ရေးသားနိုင်ခဲ့သည့်အတွက် ယနေ့အချိန်တွင်သာဆိုလျှင် ဂုဏ်ထူး ဆောင်ပါရဂူဘွဲ့ ချီးမြှင့်ခြင်းခံရမည်မှာ အမှန်ပင် ဖြစ်သည်'လို့ဆိုထားပြီး မဟာရာဇဝင်ကြီးကို မကျဉ်းမကျယ်စီရင်ထားတဲ့ ရာဇဝင်လတ်၊ မဟာရာဇ ဝင်ကြီးကို အကျဉ်းချုံးထားသည့် ရာဇဝင်ချုပ်တို့ကိုပါ ရေးသားပြုစုခဲ့ခြင်းဟာ ၂၁ ရာစုတိုင် ခေတ်မီသော စိတ်ကူးဖြစ်သည်လို့ ချီးကျူးဂုဏ်ပြုထားပါတယ်။ (စာ-၃၁-ရှု)
    'ဦးကုလားသည် ရာဇဝင်ကျမ်းကြီးကို ရေးရာတွင် ကျမ်းပေါင်း ၇၀ ကျော်မျှ ကိုးကား၍ ရေးခဲ့သည်။ ယခုအချိန်အခါတွင် ဦးကုလား ကိုးကားခဲ့သော ကျမ်းများကို တွေ့နိုင်ရန် မလွယ်တော့ပေ။ ဦးကုလားသာ ရာဇဝင်ကြီး ပြုစုမသွားခဲ့လျှင် မြန်မာရာဇဝင်ကျောရိုးသည် ပြတ်၍သွားနိုင်သည်လို့ ဆရာဗိုလ်ရှိတ်က သုံးသပ်ထားပါတယ်။ (စာ-၃၇)
    ဦးကုလားဟာ မြန်မာ့ဂုဏ်ဆောင် မဟာဂန္ထဝင် ရာဇဝင်ကျမ်းကြီးကို ရေးနိုင်ခဲ့တာ စားဝတ်နေရေးအတွက် မကြောင့်ကြ မပူပင်ရတဲ့ စဉ့်ကိုင်ရွာသူဌေးသား ဖြစ်ခဲ့လို့ပဲလို့ ဆိုပါတယ်။ ဦးကုလားဟာ ရာဇဝင်ကြီးကို ဘာသာရေးစာပေတွေထဲက စကြဝဠာတည်ပုံ၊ ပျက်ပုံကစပြီး ညောင်ရမ်းခေတ် တနင်္ဂနွေမင်းလက်ထက် သက္ကရာဇ် ၁၀၉၁ မှာ သားတော်စဉ့်ကူးမင်း(ဟံသာဝတီပါ) ကို အိမ်ရှေ့နှင်းတဲ့အထိ ရေးသားထားကြောင်း သိရပါတယ်။ ဦးကုလားက ဒီလောက်ကြိုးစားပမ်းစား ရေးသားပြုစုခဲ့ပေမယ့် 'ရာဇဝင်လတ်'ဟာ ဒီနေ့အထိ ပုံနှိပ်မူဖြစ် မလာဘဲပေမူဖြင့်သာ ရှိနေတယ်။ 'ပုံနှိပ်မူဖြင့်ထုတ် ဝေနိုင်ခြင်းမရှိသည်မှာ ရှက်ဖွယ်ရာပင်ကောင်းလှပေသည်'လို့ ဆရာဗိုလ်ရှိတ်က သုံးသပ်ထားပါတယ်။ (ယခု ၂၀၂၄ အောက်တိုဘာထဲမှာ ရာဝင်လတ်ကို ပုံနှိပ်ထုတ်ဝေမှာဖြစ်ကြောင်း ပန်းရွှေပြည်စာ အုပ်တိုက်က ကြေညာထားပါတယ်။) ဦးကုလားရာဇဝင်ကြီးပါ အချက်အလက်အချို့ကို ဝေဖန်ပုတ်ခတ် ထားတာတွေ တွေ့ရတဲ့အခါ 'ထိုကဲ့သို့ ဦးကုလားအား အပြစ်တင်၊ ပုတ်ခတ်ကြသည်ကို ကျွန်တော်လက်မခံပါ'လို့ ဆရာဗိုလ်ရှိတ်က အပြတ်ပြောထားပါတယ်။
    ညောင်ရမ်းခေတ်မှသည် ယနေ့တိုင်အောင် ထင်ရှားတဲ့ ရာဇဝင်ကျမ်းတစ်စောင်ကတော့ 'ဇာတာတော်ပုံရာဇဝင်' ဖြစ်ပါတယ်။ ဆရာဦးလှတင်(လှသမိန်)က ၁၉၆၀ မှာ ပထမအကြိမ် တည်းဖြတ်ထုတ်ဝေခဲ့ပြီး ၂၀၀၉ ဇွန်လမှာ ရာပြည့်စာအုပ်တိုက်က ဒုတိယအကြိမ် ထုတ်ဝေခဲ့ပါတယ်။ ဇာတာတော်ပုံရာဇဝင်နှင့် ကျမ်းတွင်း စာကိုယ်များအတူတူဖြစ်သော ပေမူကျမ်းတစ်စောင်ကို ဆရာဗိုလ်ရှိတ်က တင်ပြထားပါတယ်။ ဆရာကြီး တမ္ပဝတီဦးဝင်းမောင်ဆီကရတဲ့ ပေမူဖြစ်ပြီး 'ဇမ္ဗူကွန် ချာဘိုးရာဇာမူဟောင်း'လို့ ကျမ်းအမည်ပါရှိတယ်။ ကျမ်းပြုသူ ကျမ်းပြီးနှစ်မပါ၊ ပေကူးနှစ်မှာ ၁၁၈၇ ခုနှစ်ဖြစ်လို့ ဘကြီးတော် စစ်ကိုင်းမင်းလက်ထက်လို့ ဆိုပါတယ်။
    'ခေတ်သစ်သမိုင်းသုတေသီများသည် ဇာတာတော်ပုံလာ စောလူးမင်း၏ နန်းစံခုနစ်နှစ်ကို အထောက်အထားပြု၍ အနော်ရထာမင်း၏ နန်းတက်နှစ်သည် သက္ကရာဇ် ၄၀၆ (အေဒီ ၁၀၄၄)ဟု တွက်ချက်ယူကြသည်။ ထိုအတိုင်းပင်လျှင် ဇာတာတော်ပုံလာ စောလူးမင်းနန်းစံခုနစ်နှစ်ကို အခြေပြုကာ အနော်ရထာမင်း နန်းတက်နှစ်ကို သက္ကရာဇ် ၄၀၆ ခုနှစ် ဟူ၍သာ တွင်တွင်ကြီး သုံးနေကြသည်။ ဤအသစ်တွေ့ ပေမူတွင် စောလူးမင်း နန်းစံနှစ်ကို အိမ်နိမ့် ၃၀၊ နန်းစံ သုံးနှစ်၊ သက်တော် ၃၃ ဟု ပြဆိုထားသည်။ စာအုပ်မူနှင့် လေးနှစ်ကွာဟနေသည်ကို တွေ့ရသည်။ ဤအချက်သည် ပညာရှင်များ အထူးသတိပြုသင့်သော အချက်ဖြစ်သည်။' (စာ-၄၅)
    'ဇာတာတော်ပုံရာဇဝင်ဟူသော အမည်သည်လည်း ကျမ်းစာကိုယ်အတွင်း၌ တစ်နေရာမှ မတွေ့ရသဖြင့် ဇာတာတော်ပုံရာဇဝင်ဟု အမည်ပေးထားခြင်းကိုလည်း ပြန်လည်စိစစ်သင့်ပါသည်။ ယခု ပေမူတွင်ကား ဇမ္ဗူကွန်ချာဟု အမည်ထင်ထင်ရှားရှား တွေ့ရသဖြင့် ဇာတာတော်ပုံရာဇဝင်ဟူသည် ဇမ္ဗူကွန်ချာကျမ်းပင်ဖြစ်သည်ဟု ယူဆရာရှိနေပါသည်။ ဤအချက်ကိုလည်း အတည်ပြုစစ်ဆေးရန် လိုပါသည်။' (စာ-၄၆)
    မြန်မာတို့ရဲ့ နောက်ဆုံးမင်းဆက်ဖြစ်တဲ့ ကုန်းဘောင်ခေတ်မှာတော့ ထင်ရှားအားကောင်းတဲ့ ရာဇဝင်ကျမ်းကြီးတွေ ပေါ်ထွက်ခဲ့ပါတယ်။ ဘိုးတော်ပဒုံမင်းလက်ထက်မှာ တွန်းသင်းတိုက်ဝန် ဦးထွန်းညိုပြုစုတဲ့ 'မဟာရာဇဝင်သစ်ကျမ်းဟာ မင်းမိန့်နဲ့ ပြုစုတဲ့ ရာဇဝင်ကျမ်းဖြစ်တယ်။ မင်းအစိုးရရဲ့ အကူအညီအများကြီးရခဲ့တယ်။ နိုင်ငံတော်တစ်ဝန်းရှိ ကျောက်စာများကို အမရပူရ နေပြည်တော်မှာ စုစည်းစေပြီး ကျောက်စာအကိုးအကားနဲ့ မဟာရာဇဝင်သစ်ကို ရေးထိုးခဲ့တယ်လို့ ဆိုပါတယ်။ ရှေ့ကရှိပြီး ရာဇဝင်ကျမ်းများထဲက အမှားတွေကို ပြတ်ပြတ်သားသား ဝေဖန်ထောက်ပြထားတယ်။ လေးစားခံ့ညား ဖွယ်ကောင်းလှတဲ့ ဦးကုလားမဟာရာဇဝင်ကြီးထဲက အမှားများကိုပါ ထောက်ပြခဲ့တယ်လို့ ဆိုပါတယ်။
    'သို့သော် ဘကြီးတော်စစ်ကိုင်းမင်းလက်ထက် မှန်နန်းမဟာရာဇဝင်တော်ကြီးကို ရေးသားပြုစုသောအခါတွင် ဦးကုလားမဟာရာဇဝင်ကြီးက မှားသည်ဟု ဦးထွန်းညို ပစ်ပယ်ခဲ့သော အချက်အလက်များကို ဦးထွန်းညိုကမှားပြီး ဦးကုလားက မှန်ကြောင်းပြန်လည် ပြင်ဆင်ရေးသားခဲ့ပါသည်။ မှန်နန်းက ဦးကုလား၏ အယူအဆကို ပြန်လည်ထောက်ခံခဲ့သည်ဟု အလွယ်အားဖြင့် မှတ်သားနိုင်ပါသည်။ မှန်နန်းမဟာရာဇဝင်တော်ကြီး ပြုစုသောအခါတွင် ဦးထွန်းညို၏ မဟာရာဇဝင်သစ်သည် အပယ်ခံဘဝသို့ ရောက်ခဲ့ရပေသည်။' (စာ-၆၅)
    သမိုင်းရာဇဝင် ကျမ်းတွေမှာလည်း သံဝေဂယူစရာတွေ ရှိနေပါရောလား။ မှန်နန်းရာဇဝင်တော်ကြီးကို ခေတ်စကားနဲ့ပြောရရင် သမိုင်းကော်မရှင်ဖွဲ့ပြီး ပြုစုစေခဲ့တာ ဖြစ်ပါတယ်။ မုံရွေးဆရာတော်၊ သော်ကပင် ဆရာတော်တို့နှင့်အတူ မင်းတိုင်ပင်အမတ်ကြီး၊ စာရေးတော်ကြီးများ၊ ပုဏ္ဏားတော် ပညာရှိ၊ အတွင်းဝန် မြို့စားများပါဝင်တဲ့ ပညာရှင် ၁၃ ဦးက တာဝန်အသီးသီးခွဲဝေယူကာ ပြုစုခဲ့ကြတာ ဖြစ်ပါတယ်။ မှန်နန်းရာဇဝင်ပါ အကြောင်းအရာများကို ဆရာဗိုလ်ရှိတ်က အသေးစိတ် ဖော်ပြထားပါတယ်။ 'ကမ္ဘာတည်ဦးအခါမှ ညောင်ရမ်းခေတ် တနင်္ဂနွေမင်းလက်ထက်အထိ အရေးအသားများသည် ဦးကုလားမဟာရာဇဝင်ကြီးအတိုင်းပင်ဖြစ်သည်။ လိုအပ်ချက်အနည်းငယ်ကို ဖြည့်စွက်ပြင်ဆင်မှု ပြုထားခြင်းသာ ကွာခြားသည်။ ဦးကုလားမဟာရာဇဝင်ကြီး၌ အကျဉ်းမျှသာပြဆိုခဲ့သော တကောင်းမင်းဆက်များအကြောင်းကို မှန်နန်းမဟာရာဝင်တော်ကြီးတွင် အကျယ် ချဲ့၍ ပြဆိုထားသည်။' (စာ-၇၂)
    'မှန်နန်းရာဇဝင်တော်ကြီးသည် သီပေါမင်းလက်ထက်ကတည်းကပင်ပေမူမှ ပုံနှိပ်မူသို့ ရောက်ရှိခဲ့သည်။ မှန်နန်းမဟာရာဇဝင်တော်ကြီး ပထမအုပ်ကို ၁၂၄၇ သီတင်းကျွတ်လတွင် ရတနာပုံ နေပြည်တော် နန်းမြို့တော်ကြီးအတွင်း ရွှေလွှတ်တော်ရှေ့စာပုံနှိပ်စက်ရုံတော်တွင် ပုံနှိပ်ခဲ့သည်။} (စာ-၇၇)
    သို့သော် အပြည့်အစုံ မပြီးစီးခဲ့၊ အကြိမ်ကြိမ် ပုံနှိပ်ခဲ့ကြပေမယ့် ညောင်ရမ်းခေတ်ကုန်ဆုံး ချိန်အထိပဲပါတယ်။ ကုန်းဘောင်ခေတ်မင်းဆက်များ ပါမလာတော့။ မူရင်းပေမူမှာ ...]တိတိကျကျ ဆိုရလျှင် ဘကြီးတော် စစ်ကိုင်းမင်းလက်ထက် ၁၁၈၃ ခုနှစ် နတ်တော်လဆန်း ၉ ရက် သောကြာနေ့ (၁၈၂၁ ခု ဒီဇင်ဘာ ၃ ရက် မဇ္ဈိမဒေသသို့ မှူးမတ်များကို စေလွှတ်သည်အထိ ပါရှိသည်}လို့ ဆရာဗိုလ်ရှိတ်က ဖော်ထုတ်ထားပါတယ်။
    'ထိုကဲ့သို့ ကျန်ရှိနေသော မှန်နန်းရာဇဝင်တော်ကြီးမှ ကုန်းဘောင်မင်းဆက်များအပိုင်းသည် ဘယ်ရောက်သွားသနည်း။ ထိုအတွက် အဖြေက ယခု ဦးမောင်မောင်တင် (K.S.M.A.T.M)  ပြုစုသည့် 'ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး'အတွင်းသို့ ရောက်ရှိသွားပါသည်။ ထို့ကြောင့် မှန်နန်းမဟာ ရာဇဝင်တော်ကြီး၏ ကုန်းဘောင်မင်းဆက်များအပိုင်းသည် ပျောက်သွားသကဲ့သို့ ထင်နေကြခြင်း ဖြစ်သည်။ ကုန်းဘောင် ဆက်မဟာရာဇဝင်တော်ကြီးကို ရာပြည့်စာအုပ်တိုက်က သုံးအုပ်ခွဲ၍ ထုတ်ေ၀သွားသည်။ ရာပြည့်စာအုပ်တိုက်မူအရ ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီး သုံးတွဲပါရှိသည့် ပထမတွဲမှစ၍ ဒုတိယတွဲစာမျက်နှာ ၂၂၄ ထိသည် မှန်နန်းရာဇဝင်တော်ကြီးပင် ဖြစ်သည်။ ပုံနှိပ်တိုက် များအနေဖြင့် ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးအတွင်းသို့ ရောက်ရှိသွားသည့် မှန်နန်းမဟာ ရာဇဝင်တော်ကြီးကို စတုတ္ထအုပ်အနေဖြင့်သာ သီးခြားပြန်လည် ပုံနှိပ်သင့်ပါသည်။ သို့မှသာ မှန်နန်းမဟာရာဇဝင်တော်ကြီးသည် ဘကြီးတော် စစ်ကိုင်းမင်းလက်ထက်ထိ ရေးသားခဲ့ကြောင်း ရှင်းလင်းစွာ သိလာမည်ဖြစ်ပေသည်။' (စာ-၇၈၊ စာ-၇၉)
    ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးဟာ မှန်နန်းရာဇဝင်တော်ကြီးထဲက ကုန်းဘောင်ခေတ် အကြောင်းအရာများကို ယူငင်ထည့်သွားထားရုံမက မင်း တုန်းမင်း လက်ထက်မှာ ပြုစုခဲ့တဲ့ 'ဇေတဝန်မဟာရာဇ ဝင်တော်ကြီး'ထဲကပါ ယူငင်အသုံးပြုထားတယ်လို့ ဆိုပါ တယ်။
    'ကုန်းဘောင်မင်းဆက် မဟာရာဇဝင်တော်ကြီးသည် ရာပြည့်စာအုပ်တိုက်က ၂၀၀၄ ခုနှစ် သြဂုတ်လ (ပ-အုပ်)၊ စက်တင်ဘာ(ဒု-အုပ်)၊ အောက်တိုဘာ(တ-အုပ်)ဟူ၍ ထုတ်ဝေခဲ့သည်။ ထိုမူအရ ပြောရမည်ဆိုလျှင် မင်းတုန်းမင်းလက်ထက် ပြုစုခဲ့သော ဇေတဝန် မဟာရာဇဝင်ကြီးသည် ကုန်းဘောင်ဆက် မဟာရာဇဝင် တော်ကြီး ဒုတိယအုပ်စာမျက်နှာ ၂၁၅ မှ တတိယအုပ် စာမျက်နှာ ၁၃၆ အထိသည် ဇေတဝန် မဟာရာဇဝင်တော်ကြီးပင် ဖြစ်လေသည်။' (စာ-၉၉)
    သီပေါမင်းလက်ထက်မှာလည်း လူသိနည်းတဲ့ 'မှန်နန်းဒုတိယရာဇဝင်တော်'ကို ပြုစုနိုင်ခဲ့ပါတယ်။
    'ဤ မှန်နန်းဒုတိယ မဟာရာဇဝင်တော်ကိုလည်း ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးကို စုစည်းပြုစုခဲ့သူ ဦးမောင်မောင်တင်(K.S.M.A.T.M)က သူပြုစုခဲ့သော ကုန်းဘောင်ဆက်မဟာရာဇဝင်တော် ကြီးတွင် ထည့်သွင်းအသုံးပြုခဲ့ပြန်သည်။ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး တတိယတွဲတွင် ပါရှိသော 'သားတော်ရတနာပုံ ရွှေမြို့တော်ကြီး ဒုတိယနန်းစံသားတော် မင်းတရားကြီးအကြောင်း' ဟူသော ခေါင်းစဉ်အောက်ရှိ အိမ်ရှေ့မင်း နန်းတက်ခြင်းအခန်းမှ မင်းသားများ သူကောင်းပြုခြင်း အခန်းထိသည် သီပေါမင်းလက်ထက်ရေး မှန်နန်းဒုတိယမဟာရာဇဝင်တော်ကြီးပင် ဖြစ်လေသည်။' (စာ-၁၀၃)
    ရာပြည့်စာအုပ်တိုက်ထုတ် ကုန်းဘောင်မင်း ဆက်မဟာရာဇဝင်တော်ကြီးသုံးတွဲပေါင်း စာမျက်နှာ ၁၃၁၂ မျက်နှာမှာ ဦးမောင်မောင်တင်ရေးတာ စာမျက် နှာ ၃၆၀ သာ ပါတယ်လို့ ဆိုပါတယ်။ အဲဒီစာမျက်နှာ ၃၆၀ ကလည်း ဦးမောင်မောင်တင် ရေးတာမဟုတ်ဘဲ ဦးအောင်ဆိုသူရေးတာလို့ ဆရာကြီး ဒေါက်တာသန်းထွန်းရဲ့ မှတ်တမ်းများအရ သိရပါတယ်။ ဒါကြောင့် ]ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးကို ဦးမောင်မောင်တင် (၁) ရေးသည်ဆိုခြင်းထက် ဦးမောင်မောင်တင် (၁) စုစည်းတည်းဖြတ်သည်ဆိုခြင်းက ပို၍မှန်ပေမည်}လို့ ဆရာဗိုလ်ရှိတ်က သုံးသပ်ထားပါတယ်။ (စာ-၁၀၅-ရှု)
    ဆရာဗိုလ်ရှိတ်(ရတနာပူရ)က အခြားသော ရာဇဝင်ကျမ်းများအကြောင်းကိုလည်း ခရေစေ့တွင်းကျ ရှင်းပြထားပါတယ်။ ဝေဖန်သင့်တာကိုလည်း ဝေဖန်ပြီး သမိုင်းအမှန်ဆီ ဦးတည်ထားတာ တွေ့ရပါတယ်။ ဆရာဗိုလ်ရှိတ်ရဲ့ 'မြန်မာရာဇဝင်ကျမ်းများ သမိုင်းနှင့်ရာဇဝင် ပေါင်းချုပ်'စာအုပ်ဟာ မြန်မာစာပေလောကနဲ့ သမိုင်းဘာသာရပ်အတွက် ကွက်လပ်ဖြည့်ပေးနိုင်တဲ့ ထူးခြားတဲ့ စာအုပ်ဖြစ်ပါ တယ်။ ဒီလိုစာအုပ်မျိုးကို ဘယ်သူ့အကူ အညီအထောက်အပံ့မှ မရရှိခဲ့ဘဲ ကိုယ်တိုင်အပင်ပန်းခံ ပြုစုပေးခဲ့တဲ့ ဆရာဗိုလ်ရှိတ်(ရတနာပူရ)ကို ကျေးဇူးမှတ် တမ်းတင်အပ်ပါတယ်။
မြတ်ဘုန်းသစ်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 367

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42985

© 2022 - 2025 News. All Rights Reserved.