ရာဇဝင်စာတင်မှ ရှင်သန်မယ်

၂၀၂၄ အောက်တိုဘာ ၂၀

    - မထိုးရာဇဝင်၊ မတင်ကောဇာ ထိုမြို့ရွာ မြို့ရွာမဆိုရ။
    - ဖွားသက္ကရာဇ်ချုပ် လုပ်မထားပါ။ လူတို့မှာလည်း လူရာမသွင်းကြ။
    - ဇရပ်တန်ဆောင်း၊ ဂူကျောင်းဘုရား စသည်များကို တည်ထားကောဇာ ထိုအခါလည်း သေချာမှတ် အပ်စွ။
    - ကုသိုလ်ကောင်းမှု အစုစုလည်း တစ်ခုမကျန် မှတ်သင့်စွ။
    - သက်ကြီးစကား သက်ငယ်ကြားလည်း မှတ်သားမြဲသင့်လှ။
(သုတသန္နိစယကျမ်း)

    နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့ သမိုင်းရာဇဝင်ကိုမဆိုထားနဲ့ မြို့တစ်မြို့၊ ရွာတစ်ရွာမှာတောင် အဲဒီမြို့ရွာအကြောင်း သမိုင်းမှတ်တမ်းမရှိရင် အဲဒီမြို့ရွာတွေကို အသိအမှတ်မပြုနိုင်ပါဘူးတဲ့။ သမိုင်းရာဇဝင်နဲ့ ပတ်သက်လာရင် မြန်မာတို့ရဲ့ခံယူချက်၊ မြန်မာတို့ရဲ့ ရှုမြင်ပုံဟာ မိုးနှောင်ထဲ လျှပ် ပြက်လိုက်သလို အင်မတန် ရှင်းရှင်းလင်းလင်း ရှိတာတွေ့ရပါလိမ့်မယ်။ မြန်မာဆိုတာ သမိုင်းရာဇဝင်ကို ချစ်မြတ်နိုးပြီး တန်ဖိုးထားတဲ့ လူမျိုး၊ ကိုယ့်သမိုင်းကိုယ် ရေးနိုင်စွမ်းရှိတဲ့လူမျိုးဆိုတာ ၂၀၂၃ သြဂုတ်လထုတ် ဆရာဗိုလ်ရှိတ်(ရတနာပူရ)ပြုစုတဲ့ 'မြန်မာရာဇဝင်ကျမ်းများသမိုင်းနှင့် ရာဇဝင်ပေါင်း ချုပ်}စာအုပ်မှာ ထင်ရှားပေါ်လွင်စွာ တွေ့ခဲ့ရပါတယ်။
    မြန်မာစာပေမှာ ပါဠိကျမ်းများ သမိုင်း၊ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းများ သမိုင်းစသည်ဖြင့်ရှိသော်လည်း မြန်မာရာဇဝင်ကျမ်းများ သမိုင်းမှာ ယခုအချိန်အထိ မရှိသေးပါ၊ မတွေ့ဖူးပါ။ ကျွန်တော်၏ စာပေမနှံ့စပ်မှုကြောင့် မတွေ့ချင်းလည်း ဖြစ်နိုင်ပါသည်'လို့ ကျမ်းပြုသူရဲ့ နိဒါန်းစကားမှာ ဆိုထား ပါတယ်။ အဲဒီစာအုပ်မှာ မြန်မာရာဇဝင်ကျမ်းများကို ပုဂံခေတ်မှ ရတနာပုံခေတ် ကုန်ဆုံးသည်အထိ ခြေရာခံတင်ပြထားလေရာ 'တစ်ခေတ်နှင့်တစ်ခေတ် ပြတ်မသွားဘဲ တစ်ခေတ်နှင့်တစ်ခေတ် အဆက်အစပ်မိကာ မြန်မာရာဇဝင်တစ် လျှောက်လုံးကို တွေ့ရခြင်းဖြစ်သည်'လို့ ပညာရဲရင့် ပွဲလယ်တင့်စကား ဆိုထားတာ တွေ့ရပါတယ်။
    အခုအချိန်မှာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက 'မြန်မာနိုင်ငံ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်'ကို ပြုစုရေးသားလျက်ရှိတယ်လို့ ကြားသိရပေရာ ဆရာဗိုလ်ရှိတ်ရဲ့ မြန်မာ့ရာဇဝင်များ သမိုင်းစာအုပ်ကလည်း တစ်ခန်းတစ်ကဏ္ဍကနေ အထောက်အကူပြုနိုင်မယ်မလို့ မျှော်လင့်ပါတယ်။ ဆရာဗိုလ်ရှိတ်ရဲ့ စာအုပ်မှာ ရှေးဟောင်းပေ၊ ပုရပိုက်တွေထဲက ရှားရှားပါးပါး အကြောင်းအရာများ၊ တိမ်မြုပ်ပျောက်ကွယ်နေတဲ့ သမိုင်းရာဇဝင်ကျမ်းများကို အပင်ပန်းခံရှာဖွေကူးယူ ဖော်ထုတ်တင်ပြထားတဲ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာသိုက်ကြီးတစ်ခုကို ညွှန်ပြလိုက်သလို ရှိပါတော့ တယ်။
    'ရှေးဟောင်းစာပေတို့ အမွေ၊ တစ်လုံးတစ်ပါဒ မပျောက်စေရ'ဆိုတဲ့ ကိုယ်ပိုင်ဆောင်ပုဒ်နဲ့ ကိုယ်တိုင် ရှာဖွေစုဆောင်း၊ ကိုယ်တိုင်ရေးကူးပြီး ဝေဖန်သုံးသပ်ချက် များနှင့်အတူ ပေပုရပိုက်များရဲ့ မူရင်းအတိုင်း သတ်ပုံကအစ မပြင်ဆင်ဘဲ ဒီသမိုင်းကျမ်းကြီးကို ပြုစုနိုင်ခဲ့တာ အလွန်ဝမ်းမြောက် ဂုဏ်ယူစရာ ကောင်းပါတယ်။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုခုက ထောက်ပံ့ကူညီမှု မရှိဘဲ ကိုယ့်စားရိတ်ကိုယ်စားပြီး နယ်စုံပယ်စုံ လှည့်လည်သွားလာပြီး ရှေးဟောင်းစာပေ ရှာပုံတော်ဖွင့်ရတာ အလွန်အင်မတန် ခက်ခဲပင်ပန်းမှာ ဖြစ်ပါတယ်။  နယ်ချဲ့အင်္ဂလိပ်တို့ မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက် ဘာသာသာသနာဆိုင်ရာ ယှဉ်ကျေးမှုအနုပညာနှင့် သမိုင်းရာဇဝင်ဆိုင်ရာ ပေ၊ ပုရပိုက် မှတ်တမ်းတွေအများကြီးကို မီးရှို့ဖျက်ဆီးပစ်ခဲ့ပါတယ်။ ဇာတိမာန် ကြီးလွန်းတဲ့ မြန်မာလူမျိုးတွေရဲ့ သမိုင်းရာဇဝင် အစောင်စောင်ကို အပြောင်ရှင်းကာ မြန်မာတွေ သမိုင်းကွင်းဆက်ပြတ်သွားအောင် သမိုင်းရာဇဝင်မသိရှိတဲ့ လူအçကြီးတွေ ဖြစ်သွားအောင်၊ လူညွန့်တုံးပြီး ကျွန်သဘောက်ဖြစ်သွားအောင် လုပ်ခဲ့ကြတာပါပဲ။ သဘာဝဘေးဒဏ်နဲ့ ဒုတိယကမ္ဘာစစ်လို ပြင်းထန်တဲ့ စစ်ဘေးစစ်ဒဏ်ကြောင့် ပျက်စီးဆုံးရုံးသွားခဲ့တဲ့ ဘာသာ သာသနာနဲ့ သမိုင်းယဉ်ကျေး မှုဆိုင်ရာ ပေ၊ ပုရပိုက်မှတ်တမ်းမှတ်ရာတွေ၊ ရှေးဟောင်း အမွေအနှစ် အမြောက်အမြား ရှိနိုင်ပါတယ်။ ပြီးတော့ မသမာသူတွေ နည်းအမျိုးမျိုးနဲ့ ခိုးယူခိုးထုတ်ပြီး ရောင်းစားသွားတဲ့ ပေ၊ ပုရပိုက်တွေလည်း အများကြီး ရှိနိုင်ပါ တယ်။
    အဲဒီလို များပြားလှတဲ့ ပျက်စီးဆုံးရှုံးမှုတွေရဲ့ အကြွင်းအကျန်များထဲက ရတတ်သမျှ၊ ရနိုင်သမျှကို အပင်ပန်းခံ ကောက်သင်းကောက် ရှာဖွေစုစည်းပေး လိုက်တဲ့အခါ 'မြန်မာရာဇဝင်ကျမ်းများ သမိုင်းနှင့် ရာဇ ဝင်ပေါင်းချုပ်'ရယ်လို့ ဖြစ်လာတာ အံ့သြချီးကျူးဖွယ် ဖြစ်ပါတယ်။
    'သမိုင်းပါမောက္ခဆရာကြီး ဒေါက်တာသန်းထွန်းက 'မြန်မာနိုင်ငံဟာ တခြားနိုင်ငံတွေနဲ့ ယှဉ်ကြည့်ရင် ရှေးကရေးတဲ့ ရာဇဝင်ကျမ်းတွေ များပါတယ်။ အဲဒီအချက်မှာ မြန်မာနိုင်ငံက တခြားနိုင်ငံတွေအပေါ်မှာ ဂုဏ်ယူစရာဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေထဲက အချို့နိုင်ငံတွေမှာဆိုရင် ရှေးကရေး တဲ့ ရာဇဝင်သမိုင်းကျမ်းတွေ မရှိဘူး}ဟူ၍ မိန့်ဆိုဖူးသည်။' (စာ-၂)
    'ဘကြီးတော် စစ်ကိုင်းမင်းလက်ထက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာသော မေဂျာဟင်နရီဘာနေက ၁၈၃၆ ခုနှစ်ထုတ် အရှေ့သုတေသနစာစောင် (Asiatic Reserchs) တွင် မြန်မာရာဇဝင်ကျမ်းများနှင့် ပတ်သက်၍ အောက်ပါအတိုင်း ရေးခဲ့ဖူး၏။
    မြန်မာတို့တွင် မိမိတို့ဘုရင်များအကြောင်း ရေးထားသော ရာဇဝင်များလည်း ရှိကြ၏။ ယင်းရာဇဝင်တို့တွင် ထိုဘုရင်တို့၏ အောင်မြင်မှုကိုရော၊ ကျဆုံးမှုကိုပါ အတော်ပြည့်စုံစွာ ဖော်ပြထား၏။ အများအားဖြင့် ရှေးဟောင်းကျောက်စာတို့ကို ကိုးကားပြုစုထားရကား ယင်းရာဇဝင်တို့၌ ပြည်တွင်းရေး ရာတို့နှင့်ပတ်သက်၍ တိကျမှန်ကန်သည့် အထောက်အထားများ ပါရှိပေသည်'ဟူ၍ ဖြစ်ပေသည်။ နိုင်ငံခြားသားတစ်ဦးဖြစ်သည့် ဘာနေသည်ပင်လျှင် မြန်မာရာဇဝင်များသည် တိကျမှန်ကန်သည့် အထောက်အထားများပါရှိသည်ဟူ၍ ရေးသားထားခဲ့၏။ ထို့အပြင် ဥရောပတိုက်သား ပညာရှိရာဇဝင် ဆရာဒေါက်တာလေဒင်းကလည်း 'အာရှတိုက်တောင် ပိုင်းတွင်ရှိသော တိုင်းပြည်အသီးသီး၌ ရာဇဝင်အရာမှာ မြန်မာလူမျိုးတို့မှာ အပြည့်စုံဆုံးဖြစ်သည်သာမက ၎င်းတို့ရေးသားထားသော ရာဇဝင်များ၊ ၎င်းတို့၏ ရှင်ဘုရင်များအကြောင်းနှင့် ပတ်သက်၍ ငဲ့ကွက်ဖုံးကွယ်ခြင်း မရှိ၊ မကောင်းလျှင်မကောင်း၊ ကောင်းလျှင်ကောင်းသည်ဟု အတိအလင်း ရေးသားဖော်ပြထားကြခြင်းကြောင့် အားကိုးယုံကြည်နိုင်သော ရာဇဝင်များဖြစ်သည်'ဟု ချီးကျူး စကားဆိုထားသည်။' (စာ-၁၅၂)
    မြန်မာရာဇဝင်ကျမ်းတွေက ခိုင်ခံ့ပြည့်စုံအား ကောင်းသလောက် ကျွန်တော်တို့ရဲ့ ညီနောင်တိုင်းရင်းသားများရဲ့ သမိုင်းရာဇဝင်ဟာ မထင်မရှား ဖြစ်နေဆဲ၊ အငြင်းပွားစရာတွေ ရှိနေမြဲ၊ ၂၁ ရာစုသို့ ရောက်လာသည့်တိုင်အောင် တချို့တိုင်းရင်းသားတွေမှာ ခိုင်မာတဲ့သမိုင်းကြောင်းကို မပြနိုင်သေး၊ မရေးနိုင်သေး၊ တချို့ တိုင်းရင်းသားတွေဟာ စစ်တပ်အင်အား ကြီးထွားအောင် နည်းအမျိုးမျိုးနဲ့ လုပ်ဆောင်နေပေမယ့် မိမိတို့လူမျိုးရဲ့ သမိုင်းကို ခြေခြေမြစ်မြစ် ဆစ်ဆစ်ပိုင်းပိုင်း မပြုစုနိုင်သေးတာလည်း အားနည်းချက် ကွက်လပ်ကြီးတစ်ခု ဖြစ်ပါတယ်။ ဥပမာ...၂၀၁၅ မတ်လမှာ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့တဲ့ ဆရာပန်းတနော် ခင်မောင်မြင့်ရဲ့ '၀ တောင်တန်းမှာ ခုနစ်နှစ်ကြာ'စာအုပ် စာမျက်နှာ ၁၃ မှာ 'ဝ'ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးပန်းမြင့်ကိုယ်တိုင်က 'ကျွန်တော်တို့ 'ဝ'ဒေသရဲ့ သမိုင်းကြောင်းဟာ ဘာမှ စာတစ်စောင် ပေတစ်ဖွဲ့ပြုစုထားတာ မရှိပါဘူး'လို့ ဝန်ခံပြောကြားခဲ့တယ် မဟုတ်ပါလား။ 'ဝ'ဒေသကို ရောက်နေတာ နှစ်ပေါင်းဆယ်ချီ ကြာခဲ့ပြီး 'ဝ'အမျိုးသမီးနဲ့ အိမ်ထောင်ကျနေတဲ့ ဗကပဟောင်း ဒေါက်တာရေချမ်းကလည်း 'ဝ'သမိုင်းပြုစုဖို့ ကြိုးစားနေတာ ဟုတ်လောက်တဲ့ အထောက်အထား ဘာမှမရသေးကြောင်း 'ဝ'စာပေယဉ်ကျေးမှုဆိုတာ စာတစ်စောင် ပေတစ်ဖွဲ့မရှိကြောင်း ဒီစာအုပ်ရဲ့ စာမျက်နှာ ၃၇ မှာ ဝန်ခံပြောကြားထားတာ တွေ့ရပါတယ်။
    လူမျိုးတစ်မျိုးဟာ ကိုယ့်သမိုင်းကိုယ် မရေးနိုင်ရင် အခြားလူမျိုးတစ်မျိုးက သူတို့အကျိုးစီးပွားအတွက် သူတို့ဘက်ကို ဖြားယောင်းလုပ်ကြံပြီး သမိုင်းအတုကို ဖန်တီးရေးသားသွားတဲ့ သာဓကလည်း ရှိပါတယ်။ ၂၀၁၄ သြဂုတ်လထုတ် ဦးတင်ဦး(ကျူရှင်)ဘာသာပြန်တဲ့ 'မြန်မာ့တပ်မတော်၏ ပထမဆုံး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်စမစ်ဒွန်း၏ ကိုယ်တွေ့မှတ်တမ်း'စာအုပ်မှာ ဒီလို ဖော်ပြထားပါတယ်။
    'ကရင်များမှာ ဖခင်မှသားသို့ တေးသီချင်းများဖြင့် လုံ့လထုတ်ကာ ဆင့်ကမ်းပေးထားခဲ့သော နှုတ်ပြော သမိုင်းအစဉ်အလာကို ခြေရာခံကြည့်စရာ စာတိုပေစ ဘာမျှမရှိကြပေ။ စာအုပ်ဟူ၍လည်း မရှိပေ။ ဒေါက်တာယုဒသန် (အမေရိကန် သာသနာပြု-၁၈၁၃) မြန်မာနိုင်ငံ အတွင်းသို့ ဝင်လာသော အချိန်၌ သူတို့မှာ အက္ခရာစာ လုံးဟူ၍တောင် မရှိခဲ့သေးပေ။ သို့ရာတွင် တစ်ချိန်က သူတို့သည် ထာဝရဘုရားသခင်၏ စကားကို ပိုင်ဆိုင်ခဲ့ သည်ဟု သူတို့၏ဖခင်များက ပြောကြသည်။ သူတို့သည် သမ္မာကျမ်းစာဟောင်းမှ ဆင်းသက်လာကြောင်း ထင်ရှားသော အယူများရှိကြသည်'။ (စာ-၃၉)
    ကရင်နှင့်လူဖြူ(အင်္ဂလိပ်)တို့သည် ထာဝရ ဘုရားသခင်၏သား၊ ညီအစ်ကိုများဖြစ်ကြကြောင်း ကရင်က အစ်ကိုကြီးဖြစ်ပြီး လူဖြူက ညီငယ်ဖြစ်ကြောင်း ကရင်တွေ သီလဖောက်၍ ကျိန်စာထားခဲ့ကြောင်း။ ဘုရားသခင်ဟာ ကရင်တွေကိုထားခဲ့ပြီး လူဖြူညီငယ်နှင့် အနောက်တိုင်းသို့ ထွက်ခွာသွားရာ ယခု လူဖြူညီ ငယ် (အင်္ဂလိပ်)တွေ ပြန်လာပြီဖြစ်ကြောင်း...ကိုလည်း ဆက်လက် ဖော်ပြထားပါတယ်။ ကရင်နဲ့ လူဖြူ မျိုးရိုးဗီဇ (DNA) ချင်းလည်းမတူ၊ ဘာဆိုဘာမှမတူဘဲ ညီအစ်ကိုရင်းရယ်လို့ သမိုင်းတု သမိုင်းလိမ်ကို ဇွတ်ဖန် တီးထားတာ တွေ့ရပါလိမ့်မယ်။ ဒီအကြောင်းကိုပဲ ဘာ တေးလ်လစ်တနာရေးပြီး စည်သူကျော် မြန်မာပြန်တဲ့ ၂၀၁၇ မတ်လထုတ် 'တော်လှန်မှုများထဲက ဗမာပြည်' စာအုပ်မှာ ဖော်ပြထားတာတွေ့ခဲ့ရပြန်ပါတယ်။
    'ကရင်ရိုးရာ ရှေးစကားတွင် (လူဖြူညီအစ်ကို တော်)နှင့်အတူ မြင့်မြတ်သော ကျမ်းစာအုပ့်ဒတနခေါ် ဘုရားသခင်အကြောင်းကို မထင်မရှား အမှတ်အသားပြု ထားသည်။ 'ကရင်တွေက အစ်ကို ကြီးပါ...ဘုရားသခင်က ငါတို့ညီလေးနဲ့ ထွက်သွားခဲ့တာ လူဖြူများနဲ့ပါ၊ ဘုရားသခင် ခွဲခွာသွားတဲ့အခါ ကရင်တွေလည်း မြန်မာ တွေရဲ့ ကျွန်ဖြစ်ရရှာ...'လို့ စာမျက်နှာ ၈၀ မှာ ရေးသားထားပါတယ်။  အခု ဖော်ပြတာက ကောက်နုတ် ချက်မျှသာပါ။ ဗိုလ်ချုပ်စမစ်ဒွန်းနဲ့ ဘာတေးလ်လစ်တနာတို့ရဲ့ စာအုပ်နှစ်အုပ်လုံးမှာ ကရင်တွေက မြန်မာတွေကို စိတ်နာအောင် ပက်ပက်စက်စက် လုပ်ကြံရေးသားထား ပါတယ်။ အထူးသဖြင့် ဘာသာရေး သွေးခွဲစကားတွေနဲ့ သမိုင်းတုသမိုင်းလိမ်ကို နိုင်ငံခြားသားများက ဖန်တီးခဲ့ ကြပါတယ်။
    ကရင့်သမိုင်းရာဇဝင်ကို ကရင်လူမျိုးဆရာ တော်များကိုယ်တိုင် ဖော်ထုတ်ရေးသားခဲ့တဲ့ စာအုပ်များလည်း ဒီနေ့ခေတ်မှာ ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ 'ကရင်ရာဇဝင်သမိုင်းသစ်'ကို အရှင်ဝိပုလက ပြုစုခဲ့ပြီး ၂၀၁၄ မှာ ပထမတွဲ၊ ၂၀၁၆ မှာ ဒုတိယတွဲတို့ကို ပုံနှိပ်ထုတ်ဝေထားတာ တွေ့ရပါတယ်။ ကရင်လူမျိုးများဟာ နိုင်ငံခြားသားများရေးသလို သမ္မာကျမ်းစာဟောင်းက ဆင်းသက်လာတာ မဟုတ်တဲ့အပြင် ရွှေတိဂုံဘုရားသမိုင်းနဲ့ ဆက်စပ်နေပုံတွေကိုပါ ဖော်ပြထားပါတယ်။ ကျိုက်ထီးရိုး ဘုရားသမိုင်းမှာ အလွန်ထင်ရှားတဲ့ 'နန်းရွှေကျင်'တို့ မျိုးနွယ်ဟုတွေဟာလည်း ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြောင်း တွေ့ရမှာဖြစ်ပါတယ်။ ၂၀၀၂ ဒီဇင်ဘာမှာ ဒုတိယအကြိမ် ထုတ်ဝေခဲ့တဲ့ ဆရာမြိုင်နန်းတွေရဲ့ 'မြိုင်ကြီးငူဆရာတော်ဘုရား၏ ဘဝအချိုးအကွေ့များ'စာအုပ်မှာလည်း ကရင်တိုင်းရင်းသားတို့ရဲ့ နှစ်ပေါင်းရာထောင်ချီတဲ့ ဗုဒ္ဓဘာသာအစဉ်အလာကို မော်ကွန်းတင်ထားတာ တွေ့ရမှာဖြစ်ပါတယ်။
    လူမျိုးတစ်မျိုးဟာ ကိုယ့်သမိုင်းကို မရေးနိုင်ရင် ဘာသာခြား၊ လူမျိုးခြားက သမိုင်းတုသမိုင်းလိမ်ရေးပြီး ပြည်ထောင်စုသား ညီအစ်ကိုများကို သွေးခွဲစကား ဆိုလိမ့်မယ်ဆိုတာကို သတိပြုဖို့ပါ။ မြန်မာတွေကတော့ ကိုယ့်သမိုင်းကိုယ် ရေးနိုင်လိုက်ကြတာ ကမ္ဘာကတောင် အံ့သြစရာဖြစ်ပါတော့တယ်။ ဆရာဗိုလ်ရှိတ်ရဲ့ 'ရာဇဝင်ပေါင်းချုပ်'မှာ မြန်မာရာဇဝင်ကျမ်းများကို ပျူခေတ်ကတည်းက ပြုစုခဲ့ကြောင်း၊ ပျူအရိုးအိုးစာ အထောက်အ ထားများဖြင့် ပြဆိုခဲ့ပါတယ်။ ၄၁ ခု (အေဒီ ၃၆၀) ဟရိဝိကြမမင်း နတ်ရွာစံသည်။ သက်တော် ၅၇ ခုနှစ် ၂  လ၊ ၂၄ ရက်။ ၄၄ ခု (အေဒီ ၃၆၃)တွင် သိဟဝိကြမမင်း နတ်ရွာစံသည်။ သက်တော် ၈၀ နှစ်စသည်ဖြင့် 'မင်း မိဖုရားတို့ရဲ့ နတ်ရွာစံအမှတ်အသားများသည် ရာဇဝင်အပိုင်းအစ၊ သမိုင်းအပိုင်းအစများပင် ဖြစ်သည်။ ထိုသို့သော အပိုင်းအစလေးများကို စုစည်းကိုး ကား၍ မြန်မာရာဇဝင်သည် ပြီးပြည့်စုံသော ရာဇဝင်ကျမ်းကြီး များကို ပြုစုရသည်လို့ ဆိုပါတယ်။ (စာ ၁၁-ရှု)
    ဒါပေမဲ့ နှစ်ပေါင်းနှစ်ထောင်ကျော်ဆိုတဲ့ အချိန်ကာလအတွင်းမှာ ပျူခေတ်က ပြုစုခဲ့တဲ့ ရာဇဝင်ကျမ်းများကို ရှာဖွေတွေ့ရှိဖို့ မဖြစ်နိုင်တော့ပါ။  'ယခုအခါ အစောဆုံးတွေ့ရသော ရာဇဝင်ကျမ်းများအဖြစ် ပညာရှိများ တညီတညွတ်တည်း လက်ခံခဲ့ကြသည်မှာ အင်းဝခေတ် စာဆိုကျော် 'ရှင်မဟာ သီလဝံသ'ပြုစုခဲ့သော 'ရာဇဝင်ကျော်' ကျမ်းဖြစ်သည်။ ရှင်မဟာသီလဝသည် အင်းဝခေတ် ဒုတိယမင်းခေါင် လက်ထက်တွင် ထင်ရှားသော ရဟန်းစာဆိုတော်တစ်ပါးဖြစ်သည်။ မဟာသီလဝံသမထေရ်သည် ဤ'မဟာသမ္မတဝံသကျမ်း' (ရာဇဝင်ကျမ်း)ကို ဖတ်ကျွမ်းမှတ်ကျွမ်းသော သူတို့အား ပစ္စုပ္ပန်သံသရာအစီးအပွားများစေချင်၍ ပြုစုတော်မူသည်။ 'သက္ကရာဇ် ၈၈၂ ခု}ဟူ၍ ရေးသားထား၏။ ဤနိဂုံးအရ ရှင်မဟာသီလဝံသသည် ရာဇဝင်ကျော်ကျမ်းကို အများပြည်သူတို့ ဖတ်ရှုမှတ်သား လေ့လာနိုင်စေရန် မိမိဆန္ဒအလျောက် ပြုစုသော ကျမ်းဖြစ်ကြောင်း ထင်ရှား၏။ ပြုစုပြီးစီးခဲ့သော နှစ်မှာ ၈၈၂ ခုနှစ်ဖြစ်သည်'။ (စာ-၁၂)
    ရာဇဝင်ကျော်ကျမ်းရဲ့ အားနည်းချက်များကိုလည်း ဆရာဗိုလ်ရှိတ်က ထောက်ပြဝေဖန်ထားပါတယ်။ 
    'ရာဇဝင်ကျော်ကျမ်းသည် မဟာသမ္မတမင်း ဆက်နှင့် သီဟိုဠ်မင်းဆက်ကို အဓိကတင်ပြထားပြီး မြန်မာရာဇဝင်ခန်းကို မည်မည်ရရ ဖော်ပြထားသည် မဟုတ်ပေ။ မဟာသမ္မတမင်းနှင့် မြန်မာရာဇဝင်ခန်း မည်မျှကွာအောင် ရေးသားခဲ့သနည်းဆိုလျှင် ယခု ရာပြည့်စာအုပ်တိုက်ထုတ် ရာဇဝင်ကျော်ကျမ်း စာမျက်နှာအရေအတွက်ဖြင့် နှိုင်းယှဉ်ပြပါမည်။ မဟာသမ္မတမင်းနှင့် သီဟိုဠ်မင်းဆက်ကို ၁၁၆ မျက်နှာရေးပြီး မြန်မာရာဇဝင် ခန်းကိုသာ မျက်နှာသာရေးသည်' (စာ-၁၂)
    ရှာဖွေတွေ့ရှိရသမျှ ရာဇဝင်ကျမ်းတွေထဲက အစောဆုံးဖြစ်နေလို့သာ 'ရာဇဝင်ကျော်'ကို အစောဆုံး ရာဇဝင်လို့ သတ်မှတ်ခဲ့ကြပေမယ့် သူ့ထက်စောတဲ့ ရာဇဝင်ကျမ်းတွေ ရှိနိုင်သေးတယ်။ ရှာမတွေ့ သေးလို့သာ ရာဇဝင်ကျော်ကို အစောဆုံးလို့ သတ်မှတ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ ပြောတဲ့အ တိုင်းပါပဲ။ တစ်နေ့မှာ ပခုက္ကူနယ်ဘက်မှ ရာဇဝင်ချုပ်ပေမူတစ်စောင်ရခဲ့တယ်။   ပေတစ်စောင်ထဲမှာ ရာဇဝင်ချုပ်နှစ်စောင်ပါတယ်။ ပထမရာဇဝင်မှာ သရေခေတ္တရာ ပြည်မဟာသမ္ဘဝမင်းမှ ပထမ အင်းဝခေတ် ရွှေနန်းကြော့ရှင် နတ်ရွာစံသည်အထိ အစဉ်အဆက် ဖော်ပြသော ရာဇဝင်ချုပ်လို့ ဆိုပါတယ်။ နောက် ရာဇဝင်တစ်စောင်ကတော့ 'အဝရာဇဝင်၊ တိတ်ရာဇဝင်'လို့ အမည်ပါရှိတယ်။ မင်းစဉ်မင်းဆက်များကို အစဉ်အတိုင်းမဖော်ပြဘဲ မင်းတို့လက်ထက်ဖြစ်ပွား ခဲ့တဲ့ ထင်ရှားတဲ့အကြောင်းအရာများ၊ အတိတ်နိမိတ်များ အကြောင်းကို အဓိကထား ဖော်ပြခဲ့တယ်လို့ ဆိုပါ တယ်။ ဒီရာဇဝင်ချုပ်နှစ်စောင်ကို 'ရာဇဝင်ကျော်'နှင့် 'ဦးကုလားရာဇဝင်ကြီး'တို့ဖြင့် နှိုင်းယှဉ်လေ့လာပြီး ရေးဟန်ရယ်၊ ရွှေနန်းကြော့ ရှင်လက်ထက်အထိ ရေးထားတာ ကိုထောက်ပြီး ပထမအင်းဝခေတ်မှာ ရေးခဲ့တာလို့ အကဲဖြတ်သုံးသပ်ထားပါတယ်။ (သမိုင်းရာဇဝင်ဆိုင်ရာ ဝမ်းစာပြည့်မှသာ ဒီဒီလိုအကဲဖြတ်နိုင်ပါတယ်)။
    ဒီရာဇဝင်ချုပ်နှစ်စောင်ဟာ ရှင်မဟာသီလဝံသရဲ့ ရာဇဝင်ကျော်ထက် စောတာတွေ့ရတဲ့အတွက် 'အစောဆုံးရာဇဝင်များ'လို့ သတ်မှတ်သင့်ကြောင်းလည်း အဆိုပြုထားပါတယ်။ ဒီရာဇဝင်နှစ် စောင်လုံးကို အခန်း (၃) ပေမူမှ ကူးယူသော ရာဇဝင်ကျမ်းများ'ခေါင်းစဉ်အောက်မှာ မူရင်းပေမူသတ်ပုံအတိုင်း ဖော်ပြပေးထားပါတယ်။ 'အဝရာဇဝင်၊ တိတ်ရာဇဝင်'ကို စာမျက်နှာ ၂၆၁ မှ ၂၉၀ အထိ ဖတ်မှတ်လေ့လာရမှာ ဖြစ်ပါတယ်။ ပထမအင်းဝခေတ် ရာဇဝင်ချုပ်ကစပြိး ရာဇဝင်ချုပ်လေးစောင်၊ ဆင်ဖြူရှင်မင်းတရားကြီး မော်ကွန်း၊ အလောင်းစည်သူ နားတော်သွင်းလူးတား၊ သရေခေတ္တရာ ရာဇဝင် အထိ စာမျက်နှာပေါင်းများစွာ (စာ-၂၀၇ မှ စာ-၅၇၁ အထိ) တစ်ဝကြီး ဖတ်မှတ်လေ့လာကြရမှာ ဖြစ်ပါ တယ်။ ပေထုတ်တွေထဲမှာ နစ်မြုပ်နေတဲ့ သမိုင်းရာဇဝင်လာ ဇာတ်ဆောင်များဟာ ပုံနှိပ်စာအုပ်ထဲမှာ တစ်ဖန်ပြန် လည် ရှင်သန်လာကြပြီး ဇာတိသွေး ဇာတိမာန် ပြနေကြ ပြီ ဖြစ်ပါတယ်။ (ပုဂံရာဇဝင်မှသည် ဦးကုလားမဟာရာဇဝင်ကြီး၊ မှန်နန်းမဟာရာဇဝင်တော်ကြီး၊ ဦးထွန်းညို မဟာရာဇဝင်အသစ်၊ ဇေတဝန် မဟာရာဇဝင်တော်ကြီး၊ ကုန်းဘောင်ခေတ် မဟာရာဇဝင်တော်ကြီး၊ မြန်မာမင်းများ အရေးတော်ပုံ စတဲ့ အလွန်ထင်ရှားတဲ့ မြန်မာရာဇဝင်ကျမ်းများရဲ့ အတွင်းသရုပ်ကို ဖော်ထုတ်ဝေဖန်ထားပုံတွေကိုလည်း အချိန်ရရင် ဆက်လက်တင်ပြသွားပါဦးမယ်)။
မြတ်ဘုန်းသစ်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၃၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 219

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42985

© 2022 - 2025 News. All Rights Reserved.