ရိုးသားမှုကင်းမဲ့နေသည့် မြောက်ပိုင်းသုံးဖွဲ့၏ အယောင်ပြ တွေ့ဆုံဆွေးနွေးရေး

 ၂၀၂၅ ဇန်နဝါရီ ၁၁

    ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာမှစပြီး လက်နက်ကိုင်ပဋိပက္ခနှင့် တိုက်ပွဲများ ဖော်ဆောင်ခဲ့ကြသည့်  မြောက်ပိုင်းသုံးဖွဲ့က  အပစ်အခတ်ရပ်စဲရေးနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း ၂၀၂၄ အတွင်း အသီးသီး ထုတ်‌ပြန်လာသည်။ နယ်မြေအသီးသီးတွင် ၎င်းအဖွဲ့များ၏ တိုက်ပွဲများ ဖော် ဆောင်ခဲ့မှုများကြောင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွား အခြေအနေများကို ပိုမိုဆိုးရွားစေခဲ့ပြီး အပြစ်မဲ့ပြည်သူပေါင်းများစွာ ဆင်းရဲဒုက္ခ ရောက်ခဲ့ကြရသည်။ ဒေသခံပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များပျက်သုဉ်းကာ ဆင်းရဲဒုက္ခ ရောက်ခဲ့ကြရသည်။ ထိုအခြေအနေတွင် လက် နက်ကိုင် တိုက်ခိုက်ခဲ့မှုများ လုပ်ဆောင်ခဲ့သည့်  တစ်နှစ်ကျော်အကြာကာလအတွင်း ယင်းသုံးဖွဲ့က တွေ့ဆုံဆွေးနွေးလိုကြောင်း သဘောထားအသီး သီး ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။       
    မြောက်ပိုင်းသုံးဖွဲ့အနက် MNDAA က  NUG နှင့် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်း ၂၀၂၄ စက်တင်ဘာလ ၄ ရက်က ကြေညာချက်တစ်စောင် ထွက်ပေါ်ခဲ့သည်။ စစ်မြေပြင်များ တိုးချဲ့ခြင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများကို ပြုလုပ်မည် မဟုတ်ကြောင်း၊ ချက်ချင်းအပစ်အခတ်ရပ်စဲပြီး တရုတ်နိုင်ငံနှင့် တက်တက်ကြွကြွ ပူးပေါင်းကာ ပဋိပက္ခများကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးသောလမ်းစဉ်ဖြင့် အဖြေရှာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း MNDAA က ထုတ်ပြန်ခဲ့သည်။ ထိုသို့ ထုတ်ပြန်ခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ တိုက်တွန်းမှုကြောင့် ဒီဇင်ဘာ ၃ ရက်တွင် စတင်အပစ်အခတ် ရပ်စဲမည်ဖြစ်ကြောင်း၊ တရုတ်၏ ကြားဝင်ညှိနှိုင်းမှုအပေါ် တက်တက်ကြွကြွပါဝင်ပြီး လားရှိုးတိုက်ပွဲ အပါအဝင် နှစ်ဖက်တပ်ကြား ဖြစ်နေသည့်ကိစ္စများကို တွေ့ဆုံဆွေးနွေးရေးနည်းဖြင့် ဖြေရှင်းသွားမည်ဟူ၍ MNDAA က ထပ်မံထုတ်ပြန်ခဲ့သည်။
    အလားတူ TNLA ကလည်း နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တိုက်ပွဲရပ်စဲရေးအတွက် တရုတ်အစိုးရ၏ ကြားဝင်ကြိုးပမ်းမှုများနှင့် ဒေသခံပြည်သူလူထုများ စစ်ဘေးဒဏ် ခံနေရခြင်းများကြောင့် နှစ်ဖက်စစ်ရေးပဋိပက္ခများ အဆုံးသတ်နိုင်ရန် တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်တွင် ထုတ်ပြန် ကြေညာခဲ့ပြန်သည်။ ၂၀၂၄ နှစ်ကုန်ပိုင်း ဒီဇင်ဘာလ ၂၉ ရက်တွင်လည်း ပြည်တွင်းရေး အခြေအနေတွေကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးဖြေရှင်းမည်ဟု AA က ထုတ်ပြန်ခဲ့သည်။
    "သူတို့အနေနဲ့ ဒီနယ်မြေကို ဆက်လက်ပြီးထိန်းသိမ်းဖို့ နိုင်ငံတော်အစိုးရဘက်က ပြန်တိုက်တာတွေ မလုပ်ဖို့အတွက်ကို ဆွေးနွေးဖို့ လမ်းကြောင်းကို ဖော်တယ်လို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိမှာက နိုင်ငံတော်အစိုးရ တစ်ရပ်တောင်မှ လက်နက်ခဲယမ်းတွေနဲ့ တိုက်ပွဲတွေ  ဒီလောက် ဖော်ဆောင်တဲ့နေရာမှာ မလွယ်ဘူးလေ။ ကိုယ့်နိုင်ငံမှာ လက်နက်စက်ရုံ၊ ခဲယမ်းစက်ရုံတွေရှိနေတဲ့ နိုင်ငံတော် တပ်မတော်ကြီး တစ်ခုတောင်မှ မလွယ်တာ၊ သူတို့အတွက်လည်း ဒီလောက်တိုက်လာပြီ ဆိုကတည်းက သူတို့ လက်နက်ခဲယမ်းတွေလည်း အားနည်းကောင်း အားနည်းနေမယ်လို့ မြင်တယ်။ ဒါကြောင့်လည်း သူတို့အနေနဲ့ တွေ့ဆုံဆွေး နွေးရေးလမ်းကြောင်း သွားဖို့အတွက် ကြေညာချက်တွေ ထုတ်တယ်ဆိုတဲ့ သဘောဖြစ်နိုင်တယ်"ဟူ၍ လီဆူအမျိုး သားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က ၎င်း၏အမြင်ကို ပြောသည်။
    ဝါရင့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တစ်ဦးက စစ်သွေးကြွချိန်၊ စစ်မာန်တက်နေချိန်တွင် တိုက်ခိုက်နေကြဦးမည်ဖြစ်ပြီး ရပ်တည်မှုခက်ခဲလာမည်၊ လုံခြုံမှုခက်ခဲလာမည်ဆိုလျှင် တွေ့ဆုံဆွေးနွေးရေးနည်း၊ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးကြိုးပမ်းလာကြလိမ့်မည်ဟု မှတ်ချက်ပြုထားဖူးသည်။ မြောက်ပိုင်းသုံးဖွဲ့၏ တွေ့ဆုံဆွေးနွေးရေးရပ်တည်ချက် သဘောထားထုတ်ပြန်မှုများကို ကြည့်မည်ဆိုလျှင် စစ်ပန်းလာသည်၊ လက်နက်ခဲယမ်း အခက်အခဲစသည့် အခြေအနေများအပါအဝင် တရုတ်၏ ဖိအားကြောင့်သာ ထုတ်ပြန်ခြင်းဖြစ်သည်။ ၎င်းတို့လိုအပ်နေသော နယ်မြေများကို တိုက်ခိုက်သိမ်းပိုက်နေမှုများကြောင့် ဖြစ်နိုင်သည်ဟူ၍ အမျိုးမျိုး သုံးသပ်ကြသည်။
    ထိုအခြေအနေများကြောင့်ပင်  တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းသွားရန် ၎င်းတို့က အသံကောင်း ဟစ်လာကြခြင်းဖြစ်သည်ဟု သုံးသပ်ကြနေကြသည်။ ထိုသို့ မြို့ရွာများပျက်စီးအောင် တိုက်ခိုက်ခဲ့ပြီးမှ ပြောလာသည့် ၎င်းတို့၏ တွေ့ဆုံဆွေး‌နွေးရေး စကားအပေါ်  နိုင်ငံတော်အစိုးရအနေ ဖြင့် လိုက်လျောလိမ့်မည်မဟုတ်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက် ရေးပါတီ (T.N.D.P) ဥက္ကဋ္ဌ ဦးဌေးအောင်က သုံးသပ်ပြော ကြားသည်။
    "ဗဟိုအစိုးရအနေနဲ့ အဲဒီကိစ္စတွေကို လိုက်လျောလို့ရှိရင် နယ်မြေရချင်ရင် စစ်တိုက်မှ ရနိုင်တယ်ဆိုတဲ့ အပိုင်းသဘောမျိုး ဖြစ်သွားမှာပေါ့။ ဒါကြောင့် သူတို့တောင်းဆိုတဲ့ တွေ့ဆုံဆွေးနွေးရေးက မဖြစ်နိုင်ဘူးလို့မြင်ပါတယ်။ အစိုးရကလည်း ဒါကို လိုက်လျောမှာမဟုတ်ဘူးလို့မြင်တယ်။ အမှန်ကတော့ သူတို့က အသာစီးရထားတယ်ဆိုတဲ့ သဘောပေါ့ဗျာ။ အဲဒီလို သဘောမျိုးဆိုတော့ အထက်စီးကနေ တွေ့ဆုံစကားပြောမယ်ဗျာ။ သူတို့လိုချင်တာ တောင်းမယ်၊ မရဘူးဆိုရင် သူတို့က ပြန်ပြီးဆက် တိုက်မယ်ဆိုတဲ့ ပုံစံမျိုးတွေ ဖြစ်လာနိုင်တာပေါ့။ သူတို့ပြောတဲ့ တွေ့ဆုံဆွေးနွေးရေး ဆိုတာက ငါတို့ မတွေ့တာ မဟုတ်ဘူး။ တွေ့တယ်။ ဒါပေမဲ့ ဟိုဘက်က ငါတို့ကို လက်မခံတဲ့အတွက် ငါတို့ဆက်တိုက်ရပါတယ်ဆိုတဲ့ ပုံစံမျိုးတွေ အကြောင်းပြလာနိုင်တာပေါ့။ ဒါကြောင့် ဒါက တွေ့‌ဆုံဆွေးနွေးရေးနဲ့ပတ်သက်ပြီး စေတနာမှန်နဲ့ မဖြစ်နိုင်ဘူးလို့ဘဲ မြင်ပါတယ်"ဟု ဦးဌေးအောင်က မှတ်ချက် ပြုသည်။
    မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပေးထားချက်ဖြစ်ပြီး ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံသားအားလုံးအတွက် ပေးထားချက်ပင် ဖြစ်ကြောင်း၊ ထိုပေးထားချက်အရ မိမိတို့၏ ရပိုင်ခွင့်၊ အခွင့်အရေးများကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးသည့် နည်းဖြင့်သာ  စားပွဲပေါ်တွင် စကားပြောကြရမည့် ကိစ္စဖြစ်သည်ဟုလည်း ၎င်းက ဆက်ပြော သည်။
    "အခုက စစ်တိုက်ပြီးမှ နယ်မြေတွေကို သိမ်းတယ်ဆိုပြီး လုပ်ထားပြီးတော့မှ တွေ့‌ဆုံဆွေးနွေးရေး စကားပြောမယ်ဆိုတာ ဖြစ်လာတာပါ။ နောက် AA ကလည်း Confederate ၊ Confederation ထက် မနိမ့်တဲ့ အုပ်ချုပ်ရေးစနစ်ကို ဖော်‌ဆောင်မယ်ပေါ့။ မြန်မာနိုင်ငံမှာက Confederate ဖော်ဆောင်ဖို့ သိပ်မလွယ်ဘူးလေ။ပြီးတော့ ပြည်ထောင်စုကနေ ဘယ်တော့မှ ခွဲမထွက်ဘူး‌ဆိုတဲ့ စကားက Confederate ဖော်ဆောင်မယ်ဆိုရင် ခွဲမထွက်ပါဘူးဆိုတာ ဘယ်သူမှ ယုံမှာမဟုတ်ဘူး။ အဲဒီလိုတွေရှိပါတယ်။ နောက် MNDAA ဆိုရင်လည်း လားရှိုးအထိအောင် တက်တိုက်ခဲ့တာ။ အဲဒီလိုတိုက်ပြီးမှ လားရှိုးကို သူပြန်မပေးချင်ဘူး။ သူ့မှာက အထူးဒေသ(၁)ဆိုပြီး သတ်မှတ်ထားတာရှိပြီးသား။ ကုန်းကြမ်းနဲ့ လောက်ကိုင်ဆိုတာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပေါ့။ အဲဒီအခါကျတော့ ၂၀၀၈ ရဲ့ ပေးထားချက်ကို ကျော်လွန်ပြီးတော့ ထပ်ပေးရမယ်‌ဆိုရင် တိုင်းရင်းသားတွေက နောက်ကျရင် သေနတ်ကိုင်ပြီး တိုက်လို့ရပါတယ်ဆိုတဲ့ အစွဲမျိုးစွဲသွားရင် ဒီဟာကိုကိုင်ပြီး ထပ်တိုက်မှာပဲလေ။ အဲဒီအခါကျရင် သူတို့လိုချင်တာ တောင်းမယ်၊ မပေးဘူးဆိုရင် ထပ်တိုက်မယ် စစ်ဆင်ရေး ပြန်လုပ်မယ်ဆိုတဲ့ သဘောတရားတွေ ဖြစ်လာမှာပဲလို့ မြင်ပါတယ်။ ဒါတွေက ပေးထားချက်ကို ကျော်လွန်ပြီး လုပ်တယ်လို့ မြင်ပါတယ်။ TNLA လည်း ထိုနည်းလည်းကောင်းပါပဲ၊ သူလည်း ၁၀ မြို့နယ်လောက် တိုက်ခိုက်ပြီး သိမ်းတယ်ဆိုပြီး လုပ်ထားတာ။ သူ့မှာလည်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပေးထားပြီးပြီပဲ။ ဒီထက်ကို ကျော်လွန်ပြီးမှ ကိုးကန့်နဲ့အတူတူပဲ သူဆက်လုပ်လာခဲ့တာ။ အခု ပြည်သူက ဒုက္ခဆင်းရဲခံနေရတာက မထူးတော့သလို ဖြစ်နေတယ်။ မိုးကုတ်လိုနေရာမျိုးမှာ‌ဆိုရင်လည်း လုပ်ချင်တိုင်းလုပ်နေပြီးတော့ ပြည်သူတွေ ဒုက္ခရောက်နေကြရပြီ"ဟူ၍ ဦးဌေးအောင်က မှတ်ချက်ပြုသည်။
    မည်သူမဆို၊ မည်သည့် အဖွဲ့အစည်းမဆို မိမိအားသာသည့်အချိန်၊ အသားစီးရရှိသည့် အချိန်မျိုးတွင် အပေါ်စီးမှ စကားပြောတတ်ကြသည့် သဘောသဘာ၀ ရှိပြီး အားနည်းနေချိန်တွင်လည်း  အားမတန်မာန်လျှော့ ကြရသည်၊ ခေါင်းငုံ့နေရကြရသည့် အနေအထားရှိ‌နေလေသည်။ ထိုအခြေ အနေမျိုးကို လူမှုပတ်ဝန်းကျင်တွင် မြင်တွေ့ကြားသိနေရသည့် သဘောသဘာ၀ ဖြစ်သည်။ သို့သော် လူမှုစီးပွား အထွေထွေ အရပ်ရပ်များနှင့် လက်နက်ကိုင်တိုက်ပွဲ ပဋိပက္ခသဘောသဘာဝကို ထပ်တူပြု စဉ်းစားသုံးသပ်၍ မရနိုင်ဟုထင်သည်။ အခြေအနေ၊ အခင်းအကျင်းများ မတူညီကြခြင်းကြောင့် ဖြစ်သည်။ လူမှုကိစ္စအ၀၀ ပြဿနာအရပ်ရပ်တို့တွင် ရှုပ်ထွေးသည့် သဘောရှိနေပြီး ထိုထက်ပို၍ စစ်ရေးဆိုင်ရာကိစ္စများသည် နက်နဲရှုပ်ထွေးသည့်၊ လျှို့ဝှက်သည့် သဘောရှိနေ၍လည်း ခန့်မှန်းတွက်ဆရ လွန်စွာခက်ခဲမည်ဖြစ်သည်။ အသာစီးရပြီအထင်ဖြင့် တွေ့ဆုံဆွေးနွေးရေး အသံကောင်း ဟစ်လာကြသော်လည်း တခြားတစ်ဖက်တွင် ထုတ်ပြန်ရသည့် အကြောင်းရင်းများစွာ ရှိနေနိုင်သည်။ ထို့ကြောင့်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တွေ့ဆုံဆွေးနွေးရေးကိစ္စမှာ ရိုးရှင်းသည်ဟူ ၍ မမြင်ကြောင်း သုံးသပ်နေကြသည်။
    လက်ရှိ နိုင်ငံရေးအခင်းအကျင်း အနေအထားတွင် MNDAA ပဲဖြစ်ဖြစ်၊ TNLA ပဲဖြစ်ဖြစ်၊ AA ပဲ ဖြစ်ဖြစ် လက်ရှိအချိန်တွင် ၎င်းတို့ အပေါ်စီးရထားသည်ဟု ထင်နေကြ၍ တွေ့ဆုံဆွေးနွေးရေး အသံထွက်လာသည့် သဘောဟု အချို့က သုံးသပ်ကြသည်။ AA ၏ တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိကြောင်း ထုတ်ပြန်မှုမှာ နိုင်ငံရေးအမြတ်လိုချင်၍ ဖြစ်နိုင်‌ကြောင်း ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO) ပါတီအတွင်းရေးမှူး(၂) စောခွန်ကျော်ဝင်း မှတ်ချက်ပြုသည်။
    "AA က ရခိုင်က နယ်မြေတော်တော်များများကို တိုက်နေတယ်၊ အဲဒီလိုဆိုတော့ ဒီအချိန်မှာ သူတို့က နယ်မြေစိုးမိုးတယ်၊ သူတို့လိုချင်တာ ရထားတဲ့သဘောမျိုးဖြစ်နေတော့ စစ်ရေးရှုထောင့်၊ နိုင်ငံရေးရှုထောင့်ကကြည့်ရင် နိုင်ငံရေးအမြတ်ရဖို့ ငြိမ်းချမ်းရေးအတွက် စကားပြောကြမယ်ဆိုတာမျိုး ထုတ်လာတာလို့မြင်တယ်။ နောက်တစ်ချက်က အဓိကကတော့ အခုအချိန်မှာ စစ်တွေလည်း ပန်းနေပြီဆိုတော့ နိုင်ငံရေးအရ မဆွေးနွေးရင် ဆုံးရှုံးမှု ပိုများလိမ့်မယ်။ သူတို့လူထုလည်း ပိုထိခိုက်မှာပဲ။ လက်နက်အင်အား၊ လူအင်အားကအစ နယ်မြေတွေလည်း တော်တော်ပျက်စီးဆုံးရှုံးမှုက များနေတယ်။ ဒါကြောင့်လည်း တွေ့ဆုံဆွေးနွေးရေး ထုတ်ပြန်လာတာ။ လက်ရှိမှာကလည်း နိုင်ငံတော်အစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တဲ့အဖွဲ့တွေကို ဆွေး‌နွေးမှာ မဟုတ်ဘူးလို့ ပြောထားတယ်။ တစ်ဖက်ကလည်း သူတို့ ဆွေးနွေးဖို့လုပ်တယ်၊ ဒါပေမဲ့ အစိုးရက လက်မခံဘူးဆိုတာမျိုး၊ ကျွန်တော်တို့ တိုက်ချင်လို့ မဟုတ်ဘူးဆိုတာမျိုး  လုပ်လာမယ်။ ဆိုလိုတဲ့သ‌ဘောက သူတို့ဘက်က အသာစီးရပြီအထင်နဲ့ နိုင်ငံရေးကစားတာပေါ့။ နယ်မြေ စိုးမိုးမှုရထားတယ်၊ သူတို့က အသာစီး ရထားတယ် အထင်နဲ့ တွေ့ဆုံဆွေးနွေးရေးကိစ္စ ထုတ်ပြန်လာကြတာလို့ မြင်တယ်။ ဘာပဲဖြစ်ဖြစ် သူတို့အသာစီးရ သည်ဖြစ်စေ၊ မရသည်ဖြစ်စေ အခုလို တိုက်ပွဲပဋိပက္ခ ကြာလာလေလေ ဒေသခံလူထုတွေရဲ့ ထိခိုက် ပျက်စီးဆုံးရှုံးမှုတွေ ပိုများလေလေဖြစ်‌နေပဲလို့ မြင်ပါတယ်"ဟု စောခွန်ကျော်ဝင်းက မှတ်ချက်ပြုသည်။
    လက်ရှိအချိန်တွင် နိုင်ငံရေးအရ တွေ့ဆုံစကား ပြောကြမည်ဆိုပါက ဥပဒေအရ ညှိနှိုင်းတောင်း ဆိုပိုင်ခွင့် အခွင့်အလမ်းများ ရရှိလာမည်ဟုမြင်ကြောင်း၊ တွေ့ဆုံဆွေးနွေးကြမည်ဆိုလျှင် တိုက်ပွဲပဋိပက္ခအရှိန်များလည်း  လျော့ကျလာမည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆက်ပြောသည်။ "နိုင်ငံရေး အပေးအယူလည်း ဆွေးနွေးလို့ရပြီ၊ ဆွေးနွေးဖို့အချိန်လည်း ကျရောက်လောက်ပြီ၊ ဆွေးနွေးလို့လည်း ရလောက်မယ်ဆိုပြီး လက်နက်ကိုင်အဖွဲ့‌တွေက ထုတ်ပြန်လာကြတာလို့ မြင်ပါတယ်။ ဒီလိုထုတ် ပြန်လာကြပြီဆိုတော့  အစိုးရဘက်က လက်ခံတယ်။ အကြမ်းဖက်အဖွဲ့အစည်းကနေ ဘာပဲဖြစ်ဖြစ် ပယ်ဖျက်ပြီးတော့ ဆွေးနွေးလိုက်မယ်ဆိုရင် အလားအလာက ကောင်းသွားမယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ ဒီနေ့ ဒီအချိန်အထိမှာက အစိုးရဘက်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတာဆိုတော့ တွေ့ဆုံဆွေးနွေးဖို့က ခက်ခဲလိမ့်မယ် ထင်ပါတယ်။ လောလောဆယ် အနေအထားအရ အစိုးရဘက်က ဆွေးနွေးမှာ မဟုတ်ဘူးလို့လည်း မြင်ပါတယ်။ တကယ်လို့ မဆွေးနွေးဘူးဆိုရင် ဆက်ပြီး တိုက်ခိုက်မှုတွေ ဖြစ်လာမယ်ဆိုရင် ပိုပြီးတော့ ပဋိပက္ခ ပိုကျယ်လာမှာ၊ လူထုထိခိုက်မှုပို များလာမှာ မျိုးကိုတော့ စိုးရိမ်မိပါတယ်"ဟု  စောခွန်ကျော်ဝင်းက မှတ်ချက်ပြုသည်။
    နိုင်ငံတော်အား ဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့များအနေဖြင့် လက်နက်ကိုင်အကြမ်း ဖက်တိုက်ခိုက်သည့်လမ်းစဉ်ကို စွန့်လွှတ်ကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းကြ ဖို့ နိုင်ငံတော်အစိုးရက ကမ်းလှမ်းဖိတ်ခေါ်လျက်ရှိသည်။ လက်နက်ကိုင်အကြမ်းဖက် တောင်းဆိုမှုများအပေါ် လိုက်လျောဖြေရှင်းပေးသွားမည် မဟုတ်ကြောင်းကိုလည်း အစိုးရက အတိအလင်းကြေညာခဲ့ ပြီးလည်း ဖြစ်သည်။ "ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် လက်နက်ကိုင်ပဋိပက္ခများနှင့် သဘောထားကွဲလွဲမှုများကို ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်သွားကြရန်" နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်၏ ၂၀၂၅ ခုနှစ် (၇၇) နှစ် မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် တိုက်တွန်းထားသည်။ 
    လူ့အဖွဲ့အစည်းအတွင်းတွင်  ကြုံတွေ့လာရသည့်  ပြဿနာများကို  ဒီမိုကရေစီနည်းလမ်းဖြစ်သည့် တွေ့ဆုံဆွေးနွေး အဖြေရှာသည့်နည်းလမ်းကသာ အောင်မြင်နိုင်မည်ဟု ယုံကြည်ကြောင်း၊ နိုင်ငံရေးအရ  တောင်းဆိုလိုသည်များကို လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍မရဘဲ နိုင်ငံရေးနည်း လမ်းဖြစ်သည့် တွေ့ဆုံဆွေးနွေး အဖြေရှာသည့်နည်းဖြင့်သာ ဖြေရှင်းရမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က တိုက်တွန်းထားသလို လက်နက် ကိုင်လမ်းစဉ်ကို အားလုံးက ဆန့်ကျင်ကြရန်၊ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ပဋိပက္ခများကို လျှော့ချနိုင်သလို လက်နက်ကိုင်အဖွဲ့များကို ဒီမိုကရေစီလမ်းကြောင်း ပေါ်ရောက်အောင် ပြည်သူများက တွန်းအားပေးကြရန် တိုက်တွန်းခဲ့သည်။
    PNO ပါတီအတွင်းရေးမှူး စောခွန်ကျော်ဝင်းကတော့ တိုက်ပွဲဖြစ်နေသည့် ဧရိယာ၊ လက်နက်ကိုင်များရှိနေသော ဧရိယာများတွင် လူထုအနေဖြင့် အကြောက်တရား ရှိနေကြခြင်းကြောင့် လက်နက်ကိုင်အဖွဲ့များကို ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် တွန်းအားပေးရန် ခက်ခဲနိုင်သော် လည်း လက်နက်ကိုင်တိုက်ပွဲ ပဋိပက္ခပြင်ပ ဧရိယာရောက်ရှိနေသူများက တိုက်ပွဲများ ရပ်တန့်ရေး တွန်းအားပေး တောင်းဆိုနိုင်သည်ဟု မှတ်ချက်ပြုသည်။
    "ဥပမာ AA က ရခိုင်ပြည်နယ်မှာ မြို့နယ်တော်တော်များများမှာ တိုက်ပွဲဖော်နေတယ်။ ဖြစ်လာတဲ့အခါကျတော့ အဲဒီမှာရှိနေတဲ့ ပြည်သူလူထုကတော့ AA ကို ပြောဖို့၊ တိုက်ခိုက်မှုတွေရပ်ဖို့ တိုက်တွန်းတာတွေ ခက်လိမ့်မယ်။ ဒါပေမဲ့ အဲဒီလိုမဟုတ်ဘဲနဲ့ ရန်ကုန်မှာ ရောက်နေတဲ့ ရခိုင်လူထု၊ မန္တလေးကို ရောက်နေကြတဲ့ ရခိုင်လူထုတွေက စုပေါင်းပြီးတော့ တိုက်ခိုက်တာတွေရပ်ဖို့ ဆန္ဒထုတ်ဖော်တာမျိုး တွေလုပ်ပြီး AA ကို တိုက်တွန်းလို့ရတယ်။ နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးကြဖို့ သဘောထားတွေ ထုတ်ပြန်တာတွေ လုပ်လို့ရတယ်"ဟူ၍ ၎င်းက ဆက်ပြောသည်။
    ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိနေပြီး အဆိုပါ နှစ်ဖက်ဆွေးနွေးချက်များကို နောင်လာမည့် လွှတ်တော်က အတည်ပြုနိုင်ရန် နိုင်ငံတော်အစိုးရက မှတ်တမ်းတင်ထားသည်။ ၂၀၂၅ ခုနှစ်အတွင်း ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲ၊ ဂုဏ်သိက္ခာရှိသည့် လွှတ်တော်တစ်ရပ် ပေါ်‌ပေါက်လာရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ တွေ့ဆုံဆွေးနွေးမှုများအတွက် အစဉ်အမြဲ ဖိတ်ခေါ်ကြိုဆိုထားပြီး  ငြိမ်းချမ်းရေးတံခါးများ အမြဲဖွင့်ထားကြောင်း အစိုးရက သဘောထား ထုတ်ပြန်ထားပြီးဖြစ်သလို  ငြိမ်းချမ်းရေးအတွက် ဆက်လက်ကြိုးစား ဆောင်ရွက်သွားမည်ဟုလည်း အသိပေးထားသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင် နိုင်ငံရေးအရ ဆွေးနွေးဆောင်ရွက်ပြီး လွှတ်တော်တွင် အတည်ပြုရန် လိုအပ်သည့်အတွက် လက်နက်ကိုင်လမ်း စဉ်ဖြင့် တောင်းဆို၍မရနိုင် ကြောင်းလည်း ၂၀၂၄ ဇန်န ဝါရီလအတွင်း ပြုလုပ်ခဲ့သည့် နိုင်ငံတော်လုံခြုံရေး၊ တည်ငြိမ်အေး ချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီအစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားခဲ့ပြီး ဖြစ်သည်။ 
    သို့သော် လက်ရှိအနေအထားအရ လက်နက်ကိုင်လမ်းစဉ်ဖြင့် တိုက်ပွဲများဖော်ဆောင်နေပြီး တစ်ဖက်က တွေ့ဆုံဆွေးနွေးရေး စကားဆိုနေကြခြင်းဖြစ်သည်။ မြောက်ပိုင်းသုံးဖွဲ့၏ ထုတ်ပြန်ချက်များသည် ထူးခြားမှုမရှိသလို ပြည်သူလူထုအတွက် မဟုတ်ဘဲ ၎င်းတို့၏ အကျိုးစီးပွားအတွက်သာ ဖြစ်နိုင်ကြောင်း၊ တစ်ဖက်က ထုတ်ပြန်နေပြီး အခြားတစ်ဖက်တွင် တိုက်ခိုက်‌နေခြင်းများ လုပ်ဆောင်နေ၍ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ဖြစ်နေသည့် ၎င်းတို့၏ ထုတ်ပြန်ချက်များမှာ ခုတ်ရာတခြား ရှရာတခြား ဖြစ်နေသည်ဟု မြင်ကြောင်း ဦးဌေးအောင်က မှတ်ချက်ပြုသည်။ "အခုမြန်မာပြည်က လက်နက်ကိုင်တွေက အာဏာရှင်ကို တော်လှန်တယ်ပြောရင်းနဲ့ အာဏာရှင်ထက်ကို ယုတ်ညံ့တဲ့လုပ်ရပ်တွေ လုပ်လာကြတယ်။ ပြည်သူ ပြည်သူလို့ ပြောတာလည်း သူတို့ပဲ၊ ပြည်သူကို နှိပ်စက်နေတာလည်း သူတို့ပဲ။ အခုက အာဏာရှင်လို့ပြောတဲ့သူထက် ဆိုးတဲ့လုပ်ရပ်ကို လုပ်လာတာ တွေ့ရတာပေါ့။ ဒါက အတ္တတွေ သူတို့ကိုယ်ကျိုးအတွက်ပဲ လုပ်ကြတယ်လို့ မြင်တယ်။ တွေ့ဆုံဆွေးရေး သူတို့လုပ်မယ်၊ သူတို့လိုချင်တာတောင်းမယ်၊ မဖြစ်နိုင်တာပြောနေရင် တွေ့ဆုံဆွေးနွေးရေးကလည်း အလကားပါပဲ" ဟူ၍ ၎င်းက မှတ်ချက်ပြုခဲ့သည်။
    TNLA ၏ ထုတ်ပြန်ချက်တွင် မိမိကိုယ်ကိုယ် ခုခံကာကွယ်ခွင့် အခွင့်အရေးကို ကိုင်စွဲထားပြီး ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ရန်အတွက် တွေ့ဆုံဆွေးနွေး အဖြေရှာရန် အမြဲတမ်းအဆင်သင့်ရှိသည်ဟူ၍ ဖော်ပြခဲ့သည်ကို တွေ့ရသည်။ အမှန်တကယ်တွင် နိုင်ငံရေးအရ ဆွေးနွေးမည်ဆိုလျှင် ဖက်ဒရယ်အရေး၊ ဖက်ဒရယ်လမ်းစဉ်ကိုသွားမည်ဆိုလျှင် စားပွဲဝိုင်းပေါ် တွေ့ဆုံရေးကိုသာ ဦးစားပေးလုပ်ဆောင်ရမည်ဖြစ်ပြီး ကျန်သည့်အရေးကိစ္စများကို စဉ်းစားစရာမလိုဟု ဆိုကြသည်။ ထိုသို့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်အချက် ထည့်သွင်းထားခြင်းမှာ အဓိပ္ပာယ်နှစ်ခွ ဖြစ်နေသည်ဟုလည်း သုံးသပ်နေကြခြင်း ဖြစ်သည်။
    ယနေ့ အချိန်အခါသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်တာဝန် အရပ်ရပ်ကို နိုင်ငံ့အခြေအနေနှင့် လိုအပ်ချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်ယူဆောင်ရွက်လျက်ရှိသော အရေးပေါ်ကာလဖြစ်ပြီး နိုင်ငံ့တာဝန်ကို စတင်တာဝန်ယူသည့် အချိန်မှစ၍ ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များကို အဆင့်ဆင့်ချမှတ်ဆောင်ရွက်လျက်ရှိသည်။ တပ်မတော် အစိုးရအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာထိန်းထားခြင်းဖြစ်ပြီး ပြည်နယ်တည်ထောင်ခွင့်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များ၏ လိုလားချက်၊ တောင်းဆိုချက်များကို ပေးပိုင်ခွင့်မရှိသေးဟုမြင်ကြောင်း ဒီမိုကရေစီပါတီသစ်(ကချင်) အတွင်းရေးမှူး ဦးခေါတိန့်က မှတ်ချက်ပြုသည်။ 
    "တိုင်းရင်းသား‌တွေ တောင်းဆိုနေတဲ့ ပြည်နယ်ကိစ္စတို့၊ 'ဝ'က တောက်လျှောက်အော်နေတဲ့ ပြည်နယ်တည်ထောင်ရေးတို့ ဒီဟာတွေကိုကျတော့ တပ်မတော်အစိုးရအနေနဲ့ အခြေခံဥပဒေအရ ပေးပိုင်ခွင့်မရှိသေးဘူးလို့ မြင်တယ်။ တကယ်လို့ တပ်မတော်အစိုးရက ရွေးကောက်ပွဲ အောင်အောင် မြင်မြင် ကျင်းပပြီးစီးနိုင်ခဲ့လို့ ပေါ်ပေါက်လာတဲ့ အစိုးရကို နိုင်ငံ့တာဝန်လွှဲအပ်ပြီးပြီဆိုရင်တော့ တက်လာတဲ့အစိုးရက သူ့နည်းသူ့ဟန်နဲ့ ဥပဒေဘောင်အတွင်းမှာ ဒီတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဖြစ်သင့်ဖြစ်ထိုက်တာတွေ ဆွေးနွေးမှုက အဲဒီအခါမှာ ရလဒ်တွေ ထွက်လာနိုင်မယ်လို့ ထင်ပါတယ်" ဟူ၍ ၎င်းက မှတ်ချက်ပြုခဲ့သည်။
    လတ်တလော အနေအထားအရ ထိုသို့သော လက်နက်ကိုင်အဖွဲ့အစည်းများ၏ တွေ့ဆုံဆွေးနွေးရေး သဘောထားထုတ်ပြန်ချက်အသီးသီးများ ထွက်ပေါ်လာခြင်းသည် ဘာကြောင့်ဖြစ်နိုင်သနည်း၊ ၎င်းတို့၏ တွေ့ဆုံဆွေးနွေးရေးများက ဘယ်လို နိုင်ငံရေးအခင်းအကျင်းများ ဖြစ်လာနိုင်သနည်း စသည်ဖြင့် လူထုကြားမေးခွန်း ထုတ်နေမှုများရှိနေသည်။ သို့သော် အဓိပ္ပာယ်နှစ်ခွ ဖြစ်နေသည့် မြောက်ပိုင်းသုံးဖွဲ့၏ ထုတ်ပြန်ချက်များမှာ အယောင်ပြတွေ့ဆုံဆွေးနွေးရေးများသာ ဖြစ်နေပြီး အစစ်အမှန် မဟုတ်နိုင်သလို လက်တွေ့ တွေ့ဆုံဆွေးနွေးရေး မဖြစ်နိုင်ဟု သုံးသပ်နေကြသည်။ အမှန်တကယ် ငြိမ်းချမ်းရေးကို လိုလားသည်ဆိုလျှင် ပစ်ခတ်တိုက်ခိုက်မှုများကို စွန့်လွှတ်ပြီး လုပ်ဆောင်ချက်များဖြင့် သက်သေပြကြရမည်သာ ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ ထုတ်ပြန်ချက်နှင့် လက်တွေ့လုပ်ရပ် တခြားစီဖြစ်နေသည့် အနေအထားတွင် "သူတို့ ဆွေးနွေးဖို့ လုပ်တယ်။ ဆွေးနွေးခွင့်မရလို့ သူတို့ ဆက်တိုက်ရ တယ်ဆိုတာမျိုး" အကြောင်းပြချက် သက်သက်သာ ဖြစ်လာနိုင်ကြောင်း တိုင်းရင်းသားနိုင်ငံရေးပါတီ ခေါင်းဆောင်များက သုံးသပ်နေကြပါသည်။   (ညီသစ်)
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၅၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 295

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42921

© 2022 - 2025 News. All Rights Reserved.