ရွေးကောက်ပွဲက ပြည်သူ့အတွက်ပါ

၂၀၂၅ မတ် ၂၁

    ယခုရက်ပိုင်းအတွင်းမှာ ရွေးကောက်ပွဲကျင်းပရေးနဲ့ပတ်သက်ပြီး အသံအတော်လေး ထွက်လာတာကို သတိထားမိတယ်။ အယူအဆအမျိုးမျိုး၊ အမြင်အမျိုးမျိုးနဲ့ ပြောဆိုဝေဖန်နေကြတာ တွေ့ရသလို မပျက်ပျက်အောင် ဖျက်မယ်ဆိုတဲ့ အဖွဲ့တွေလည်း ရှိကြတယ်။ အကြောင်းအကျိုး အမျိုးမျိုး ပြနေကြပေမယ့် အကောင်းဘက် ဦးတည်ပြီး ဆွေးနွေးသုံးသပ်ကြတဲ့ အုပ်စုနဲ့ မကောင်းမြင်ဝါဒနဲ့ ပြည်သူတွေ ဝေဝါးသွားအောင် နည်းမျိုးစုံသုံး ဝါဒဖြန့်နေတဲ့ အုပ်စုကိုကြည့်ရင် အပျက်ဖျက် ချင်နေတဲ့အုပ်စုက အသံပိုကျယ်နေတာ တွေ့ရပါလိမ့်မယ်။ 
    ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲဆိုတာ ကင်းကွာလို့မရပါဘူး။ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီ သက်သက်မှာပဲ ရှိတာလားဆိုတော့လည်း မဟုတ်ပါဘူး။ တခြား နိုင်ငံရေးအသိုင်းအဝိုင်းတွေမှာလည်း ရှိကြတာပါပဲ။ ကွန်မြူနစ်မှာ ကွန်မြူနစ်ပုံစံ၊ ဆိုရှယ်လစ်မှာ ဆိုရှယ်လစ်ပုံစံ သူ့နည်းသူ့ဟန်နဲ့ ရွေးချယ်မှုတွေ ရှိကြတာ တွေ့ရမှာပါ။ ပါတီတွင်းမှာ အမှန်တကယ် ရွေးကောက် တင်မြှောက်ကြတာတွေ ရှိကြသလို ဟန်ဆောင်ပန်ဆောင်နဲ့ ရွေးကောက်ပွဲ လုပ်ပြတာတွေလည်း တွေ့ကြရမှာဖြစ်ပါတယ်။ ဝန်ထမ်းအဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေ၊ စီးပွားရေးလုပ်ငန်းတွေမှာတော့ သူ့ယန္တရားနဲ့သူ ဖွဲ့စည်းတည် ဆောက်ထားကြတဲ့အတွက် ရွေးချယ်တင်မြှောက်ခြင်းဆိုတာ များသောအားဖြင့် မရှိတတ်ကြပါဘူး။ ဒါပေမဲ့ တချို့ စီးပွားရေးအဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေမှာ ရှယ်ယာအဖွဲ့ဝင်တွေ အချင်းချင်း ရွေးချယ်တင်မြှောက် ကြတာတွေလည်း ရှိတတ်ကြပါတယ်။ ရွေးချယ်တင် မြှောက်ခြင်းဓလေ့ ဆိုတာ အာဏာရှင်စနစ် ဖြစ်ပေါ် မလာစေဖို့ ရည်ရွယ်တာလည်း တစ်ပိုင်းပါတယ်။ 
    ဒီမိုကရေစီကို ကျင့်သုံးကြတဲ့ နိုင်ငံတွေအများ ကြီးရှိကြပေမယ့် နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးအာဏာကို အပ်နှင်းဖို့အတွက် ရွေးချယ်ကြရာမှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူကြတာ တွေ့ရပါလိမ့်မယ်။ တချို့နိုင်ငံတွေက လွှတ်တော်ကို အခြေခံပြီးမှ နိုင်ငံတော်အကြီးအကဲကို ရွေးချယ်ကြတာ တွေ့ရမှာဖြစ်ပါတယ်။ အဲဒီကမှတစ်ဆင့် အစိုးရအဖွဲ့ကို ဖွဲ့စည်းကြတာပဲ ဖြစ်ပါတယ်။ တချို့နိုင်ငံတွေက လွှတ်တော်ရွေးကောက်ပွဲနဲ့  နိုင်ငံတော်အကြီး အကဲရွေးကောက်ပွဲကို တသီးတခြားစီ ဆောင်ရွက်ကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာဆို လွှတ်တော်ရွေး ကောက်ပွဲနဲ့ သမ္မတရွေးကောက်ပွဲက သီးခြားဆီပါ။ မြန်မာနိုင်ငံမှာကြတော့ လွှတ်တော် ရွေးကောက်ပွဲကတစ်ဆင့် သမ္မတရွေးကောက်ပွဲကို ကျင်းပတာ ဖြစ်ပါတယ်။ သမ္မတကို ပြည်သူတွေ တိုက် ရိုက်ရွေးချယ်ခွင့် မရှိပါဘူး။ 
    မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲစနစ်က ပြည်သူတွေကိုယ်တိုင် မဲပေးခဲ့ကြတဲ့အတွက် သိပြီးသားလို့ဆို နိုင်ပေမယ့် တချို့က ဂဃနဏ မသိကြပါဘူး။ ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီးနောက် ရွေးကောက်တင်မြှောက် ခြင်းကို ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေအရ ဆောင်ရွက်ခဲ့ပါတယ်။ ပါလီမန်မှာ ပြည်သူ့လွှတ်တော်နဲ့ လူမျိုးစုလွှတ်တော် နှစ်ခုရှိပါတယ်။ ပြည်သူ့လွှတ်တော်က မြို့နယ်နဲ့ လူဦးရေကို အခြေခံပြီး ပြည်သူတွေက မဲပေးရွေးချယ်ကြတာပါ။ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေ ယှဉ်ပြိုင်အရွေးခံကြတာပဲ ဖြစ်ပါတယ်။ လူမျိုးစု လွှတ်တော်က လူမျိုးအလိုက် အချိုးကျကိုယ်စားလှယ်ရွေး ချယ်ရတာပါ။ စော်ဘွားတွေအနေနဲ့ ရွေးချယ်ခံစရာ မလိုဘဲ အလိုလို ကိုယ်စားလှယ်အဖြစ် ပါပြီးသားပါ။ အဲဒီလို ပေါင်းစပ်ထားတဲ့ ပါလီမန်က နိုင်ငံတော်သမ္မတကို ရွေးချယ်တင်မြှောက်ပါတယ်။ သမ္မတကို နိုင်ငံတော်အကြီးအကဲအဖြစ် သတ်မှတ်ပါတယ်။ သို့သော် အစိုးရအဖွဲ့ အုပ်ချုပ်မှုအာဏာ မရှိပါဘူး။ နိုင်ငံတော်ကို စီမံခန့်ခွဲပြီး  အမှန်တကယ် အုပ်ချုပ်မှုအာဏာရှိသူက ဝန်ကြီးချုပ်ပါ။ ဝန်ကြီးချုပ်ကို ပြည်သူ့လွှတ်တော်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေထဲက ရွေးချယ်ကြရပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မဟုတ်လည်း ခန့်အပ်လို့ ရပေမယ့် ခြောက်လထက်ပို တာဝန်ထမ်းဆောင်ခွင့်မရှိပါ။ တိုင်းနဲ့ပြည်နယ် လွှတ်တော်သီးခြား မရှိပါ။ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်အတွင်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်ကိစ္စရပ်တွေကို ပြည်သူ့လွှတ်တော်မှာ တင်ပြခွင့် ရှိပါတယ်။ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်ကိုယ်စားလှယ် သုံးပုံနှစ်ပုံက သဘောတူတင်ပြရင် ပြည်သူ့လွှတ်တော်က ဆွေးနွေးဆုံး ဖြတ်ရပါတယ်။ 
    ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ တက်လာပြီး ပါလီမန်စနစ်ကို ဖျက်သိမ်းကာ တစ်ပါတီစနစ်ကို ကျင့်သုံးဖို့  ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို ရေးဆွဲခဲ့ကြပါတယ်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဟာ မြန်မာနိုင်ငံရဲ့ အာဏာအမြင့်ဆုံး အဖွဲ့အစည်းပဲ ဖြစ်ပါတယ်။ ပါတီညီလာခံက ချမှတ်ထားတဲ့မူဝါဒကို ဘယ်အဖွဲ့အစည်းကမှ ကျော်လို့မရပါ။ လွှတ်တော်အနေနဲ့ ပြည်သူ့လွှတ်တော် တစ်ရပ်သာ ရှိပါတယ်။ ဒေသအသီးသီးက မြို့နယ်အလိုက် မဲဆန္ဒနယ်သတ်မှတ်ပြီး ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်အဖြစ် ရွေးချယ်ရတာပါ။ လွှတ်တော်က  နိုင်ငံတော်ရဲ့ အမြင့်ဆုံးအာဏာကို ကိုင်စွဲထားတာပါ။ ပြည်သူ့လွှတ်တော်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ ထဲက ကိုယ်စားလှယ်တွေကို ရွေးချယ်ပြီး နိုင်ငံတော် ကောင်စီကို ဖွဲ့စည်းပေးရပါတယ်။ ရွေးချယ်ခံထားရတဲ့ နိုင်ငံတော်ကောင်စီဝင်တွေက နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကို ရွေးချယ်ရပါတယ်။ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌက နိုင်ငံတော်သမ္မတပါ။ ထိုနိုင်ငံတော် ကောင်စီကပဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တွေထဲက ကိုယ်စားလှယ်တွေကို ဝန်ကြီးအဖြစ် ရွေးချယ်ပေးပါတယ်။ ဝန်ကြီးတွေထဲက တစ်ဦးကို ဝန်ကြီးချုပ်အဖြစ် ဝန်ကြီးအဖွဲ့က ရွေးချယ်ပြီး ပြည်သူ့လွှတ်တော်က အတည်ပြုပါတယ်။ ဘယ်လိုပဲ ရွေးချယ်ပါစေ။ လမ်းစဉ်ပါတီဝင် မဟုတ်ရင် ပြည်သူ့ကိုယ်စားလှယ်အဖြစ် အရွေးခံရနိုင်စရာမရှိသလို ရွေးချယ်ခံရရင်လည်း အဆင့်မြင့်ရာ ထူးတာဝန်တွေ ရစရာမရှိပါ။ 
    ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ  ရွေးချယ်မှုပုံသဏ္ဌာန်က ပြီးခဲ့တဲ့အခြေခံဥပဒေ နှစ်ခုနဲ့ ကွာခြားပါတယ်။ ပါတီစုံဒီမိုကရေစီစနစ် ဖြစ်ပေမယ့် ပါလီမန်စနစ် မဟုတ်ပါဘူး။ အာဏာသုံးရပ်ကို ခွဲခြားထားပေမယ့် အပြန်အလှန် အထိန်းအထေ ရှိပါတယ်။ လွှတ်တော်ကလည်း သုံးရပ် ရှိပါတယ်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော် တွေပဲဖြစ်ကြပါတယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်နှစ်ခုပေါင်းကို ပြည်ထောင်စုလွှတ်တော်လို့  သတ်မှတ်ပါတယ်။ သက်ဆိုင်ရာလွှတ်တော်အလိုက် ဥပဒေပြုခွင့်အာဏာ ပေးထားပါတယ်။ အုပ်ချုပ်မှုအာဏာအတွက် ရွေးချယ်မှုကို လွှတ်တော်ရွေးချယ်မှုတွေက အခြေခံပါတယ်။ နိုင်ငံတော်သမ္မတကို ပြည်ထောင်စု လွှတ်တော်က အခြေခံဥပဒေပါ သတ်မှတ်ထားတဲ့အတိုင်း ရွေးချယ်တင်မြှောက်ပါတယ်။ နိုင်ငံတော်သမ္မတက နိုင်ငံတော်အကြီးအကဲအပြင် အစိုးရအဖွဲ့ရဲ့ အကြီးအကဲ လည်းဖြစ်ပါတယ်။ ရွေးချယ်ခံရတဲ့သမ္မတက ဝန်ကြီးတွေ ကို ရွေးချယ်ပြီး ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြု ချက်နဲ့ အစိုးရဖွဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတော်သမ္မတက  တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေကို ခန့်အပ်ပါတယ်။ ဝန်ကြီးချုပ်အပြင် တိုင်းနဲ့ပြည် နယ် ဝန်ကြီးတွေပါ သမ္မတက ခန့်တာပါ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေရဲ့ အုပ်ချုပ်ရေးမှူးတွေကိုလည်း သမ္မတက ခန့်ပါတယ်။  ဝန်ကြီးချုပ် ကတော့ သက်ဆိုင်ရာလွှတ်တော်ရဲ့ ကိုယ်စားလှယ်ဖြစ်ဖို့ လိုပါတယ်။ 
    ဒါဟာ လက်ရှိကျင့်သုံးခဲ့တဲ့ မြန်မာနိုင်ငံရဲ့ရွေး ချယ်တင်မြှောက်တဲ့ပုံစံတွေရဲ့ အနှစ်ချုပ်ပါပဲ။ ဒါတွေကို ကြည့်ရင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ  ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွေထက်တိုင်းရင်းသား အခွင့်အရေးတွေ ပိုပေးထားတာ တွေ့ရပါလိမ့်မယ်။ တိုင်းနဲ့ ပြည်နယ်လွှတ်တော်တွေ၊ တိုင်းနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဖြစ်မှ ဝန်ကြီးချုပ်ခန့် နိုင်တာတွေ၊ တိုင်းနဲ့ ပြည်နယ်အလိုက် ဥပဒေပြုနိုင်တာတွေ၊  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိတာတွေ၊ ဥပဒေ ပြုနိုင်တာတွေဟာ ပြီးခဲ့တဲ့ အခြေခံဥပဒေနှစ်ခုထက် ပိုလာတာ တွေ့ရပါမယ်။ နိုင်ငံသားအခွင့်အရေးအရတော့ ဥပဒေနဲ့အညီ မည်သူမဆို သမ္မတ ဖြစ်နိုင်ပါတယ်။ မည်သည့်လွှတ်တော်မှာမဆို ဝင်ရောက်အရွေးခံနိုင်သလို မဲပေးရွေးချယ်ပိုင်ခွင့်လည်း ရှိပါတယ်။ ဒီအခြေခံအချက်တွေထဲက ဗဟိုချုပ်ကိုင်မှုလျှော့ချပေးပြီး တိုင်းနဲ့ပြည် နယ်တွေကို ဖြစ်သင့်တဲ့ အခွင့်အာဏာ ပိုတိုးပေးလိုက်ရင် အတော်ကောင်းမွန်တဲ့ အခြေခံဥပဒေလို့ ဆိုနိုင်ပါတယ်။ 
    မြန်မာနိုင်ငံမှာ နိုင်ငံတော်ရဲ့ အာဏာသုံးရပ်ကို အခြေခံဥပဒေအရ ကျင့်သုံးတဲ့အချိန်ကာလ ရှိသလို အခြေခံဥပဒေပကာလမှာ ကျင့်သုံးခဲ့ရတဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်သဘာဝ၊ ကိုယ့်အခြေအနေအရ ကြုံတွေ့ခဲ့ရတာ မှန်ပေမယ့် ကမ္ဘာ့အလယ်မှာ မျက်နှာပန်းမလှတာတော့ ငြင်းလို့မရနိုင်ဘူး လို့ ဆိုရပါလိမ့်မယ်။ သူ့နိုင်ငံ၊ သူ့စနစ်အရ တည်ငြိမ်စွာ ကျင့်သုံးနေနိုင်တာကို Legitimacy လို့ဆိုရမှာ ဖြစ်ပါတယ်။ လက်ရှိ နိုင်ငံတော်ကို အုပ်ချုပ်နေတဲ့ နစက အစိုးရဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ Legitimacy ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ သို့သော် အခြေခံဥပဒေအရ ရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရတော့ မဟုတ်ပါ။ အခြေခံဥပဒေအရ အရေးပေါ်အခြေအနေမှာ ကိုင် တွယ်ပေးရတဲ့ အစိုးရဖြစ်တဲ့အတွက် ကန့်သတ်ချက်တွေ အများကြီး ရှိပါတယ်။ နိုင်ငံတကာ ဆက်ဆံရေး၊ သံတမန်ရေးအရ အမြင်အမျိုးမျိုး ရှိကြတာကိုလည်း မျက်မြင် ကြုံတွေ့နေရတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အဓိကတာဝန်ဟာ  ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်တည့်မတ်ပေးပြီး  ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရေးနဲ့ လွတ်လပ်မျှတ တဲ့ရွေးကောက်ပွဲကတစ်ဆင့် ပေါ်ပေါက်လာတဲ့ အစိုးရ ကို အာဏာပြန်လွှဲပေးရေးသာ ဖြစ်ပါတယ်။ အခြေခံဥ ပဒေအရ နစကကသမ္မတ(သို့မဟုတ်) ကာ/လုံကို အာဏာပြန်အပ်ပြီး ထပ်မံတာဝန်ပေးတဲ့ အစိုးရကသာ ခြောက်လအတွင်း ရွေးကောက်ပွဲပြန်လုပ်ပေးမှာ ဖြစ်လို့  သူနဲ့မဆိုင်ဘူး လို့ ကတ်သတ်ပြီး ငြင်းမယ်ဆိုလည်း ငြင်း လို့ရပါတယ်။ သူက ပြန်အပ်ပြီး သူ့ကို ဆက်တာဝန်ပေး လည်းရနေတဲ့အတွက် အဓိကက ရွေးကောက်ပွဲပြန်လည် ကျင်းပပေးရေးနဲ့ ရွေးကောက်ပွဲကတစ်ဆင့် ပေါ်လာတဲ့ အစိုးရ ပေါ်ပေါက်ရေးပဲ မဟုတ်ပါ လား။ ဒါကြောင့်လည်း နစကဥက္ကဋ္ဌကိုယ်တိုင်က ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို အစောဆုံး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (သို့မဟုတ်) ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ ကျင်းပပေးမယ်လို့ ရည်မှန်းချက်ထား ထုတ်ဖော်ပြောကြားခဲ့တာ ပဲဖြစ်ပါတယ်။ သို့သော် အမှန်တကယ် ကျင်းပမယ့် အချိန်ကို တရားဝင်ကြေညာထားခြင်း မရှိသေးသလို ဒီရည်မှန်းချက်ကို ကတိစကားလို့လည်း ယူလို့မရပါဘူး။ သေချာတာကတော့ ရွေးကောက်ပွဲပြန်လည်ကျင်းပပေးမယ်ဆိုတာပဲ ဖြစ်ပါတယ်။
    ဒီလျာထားချက်အပေါ် တုံ့ပြန်မှုကို ကြည့်ရင် နှစ်ပိုင်းတွေရပါတယ်။ တရားဝင်မှတ်ပုံတင်ထားတဲ့နိုင်ငံရေးပါတီတွေက ၂၀၀၈ခုနှစ် အခြေခံဥပဒေကို မဏ္ဍိုင်ထားပြီး နိုင်ငံရေးကို နိုင်ငံရေးနည်းအရဖြေရှင်းဖို့၊ အဲဒီကမှတစ်ဆင့် ခိုင်မာတဲ့ စနစ်တစ်ခုရဖို့အတွက် ရွေးကောက်ပွဲကျင်းပမှာကို လက်ခံတဲ့သဘော တွေ့ရပါတယ်။ ပြည်တွင်းတည်ငြိမ်ရေးနဲ့ နိုင်ငံရေးစနစ်ခိုင်မာမှန်ကန်ရေးကို လိုလားတဲ့ မိတ်ဆွေနိုင်ငံတွေက ဝမ်းပန်း တသာ ကူညီလိုကြတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။တချို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကလည်း ပူးပေါင်းပါဝင်ကြမယ်လို့လည်း သိရပါတယ်။ ပြည်သူတွေ အမြင်မှန်ပြီး ဝိုင်းဝန်းပါဝင်ဖို့လည်း လိုပါတယ်။ 
    ပြန်လည်ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး ဖျက်လိုဖျက်ဆီး လုပ်နေကြသူတွေက လက်ရှိအချိန် အစိုးရကို ပြန်လည်တိုက်ခိုက်နေကြတဲ့ အုပ်စုပဲဖြစ် ပါတယ်။ နားခါးစရာက 'ပြည်သူက ပြည်သူက'ဆိုတဲ့ စကားကို လှိုင်လှိုင်သုံး နေတာပဲ ဖြစ်ပါတယ်။  အခုဆိုရင် နစကဥက္ကဋ္ဌရဲ့ ရွေးကောက်ပွဲကျင်းပမယ့် စကားသံကြားချိန်ကစပြီး NUCC က အတုအယောင် ရွေးကောက်ပွဲ ဖြစ်ကြောင်း အွန်လိုင်းပေါ်မှာ စကားဝိုင်း ဖန်တီးပြီး တောက်လျှောက် တိုက်ခိုက်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။ နားထောင်ကြည့်တော့လည်း လောက်လောက်လားလား ဘာမှလုပ်ပေးနိုင်တာမရှိဘဲ ဝေဖန်ပုတ်ခတ် နေတာတွေပဲ တွေ့ရပါတယ်။ ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ သဘောမျိုးပါပဲ။ ဒီမိုကရေစီ အနှစ်သာရ ဘာမှမရှိဘူး။ အထူးသဖြင့် ပြည်တွင်းက နိုင်ငံရေးပါတီတွေ၊နိုင်ငံရေးသမားတွေကို ပက်ပက်စက်စက် ဝေဖန်တာက အတော် ဆိုးပါတယ်။ ဝေဖန်တာထက် အပုပ်ချတာက ပိုများတယ် လို့တောင် ဆိုနိုင်တယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ NUG က မပျက်ပျက်အောင် ဖျက်မယ်လို့ ကြွေးကြော်ထား တာလည်းတွေ့ရပါတယ်။ မဲရုံတွေ ဗုံးကွဲရင် စစ်ကောင်စီက ရွေးကောက်ပွဲ မအောင်မြင်တာ၊ သူတို့ကိုပုံချချင်လို့ဆိုတဲ့ စကားသံပါ ပစ်ထားတာ သတိထားမိတယ်။ ဘာကိုရည်ရွယ်ထားတယ်၊ ဘယ်အထိ လုပ်မယ်ဆိုတာကို ကြိုတင်မျှော်မှန်းထားဖို့ လိုပါလိမ့်မယ်။ ပြည်သူပြည်သူ နဲ့ ပြည်သူကိုဒုက္ခပေးမှာ သေချာသ လောက်ရှိတယ်။  
    ကိုယ့်တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနဲ့ စနစ်အမှန်ပေါ်  ပြန်လည်ရောက်ရှိရေး တည့်မတ်ပေးနေတာ၊ စီမံပေးနေတာ အမှားလို့ခေါ်မလား။ ဘယ်သူက ပြုသူ၊ ဘယ်သူက ဖျက်သူလဲဆိုတာ မြင်ကြဖို့တော့ လိုတယ်။ အဓိကက  ရွေးကောက်ပွဲဆိုတာ ဥပဒေနဲ့အညီ မှန်ကန်မျှတစွာ ကျင်းပပေးဖို့ပဲ ဖြစ်ပါတယ်။ (ဇော်နိုင်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 109

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43019

© 2022 - 2025 News. All Rights Reserved.