ရွေးကောက်ပွဲမတိုင်ခင် ကြိုတင်သဘောတူညီချက်တွေ ရှိထားသင့်လား

၂၀၂၄ ဒီဇင်ဘာ ၁၅
    အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများသည် ပြီးခဲ့သည့် ဒီဇင်ဘာ လဆန်းပိုင်းက နှစ်ရက်တာ တွေ့ဆုံခဲ့သည်။ နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာ နတွင် ဒီဇင်ဘာ ၅ ရက်၊ ၆ ရက်များက တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ ထိုတွေ့ဆုံပွဲများတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များအပြင် ရွေးကောက်ပွဲနှင့်လုံခြုံရေးကဏ္ဍဆိုင်ရာကိစ္စ၊ အထွေထွေကိစ္စရပ်များ အပြန်အ လှန်ဆွေးနွေးခဲ့ကြပြီး အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဖက်ဒရယ် စနစ်အပေါ် လေ့လာသုံးသပ်ချက်၊ ညှိနှိုင်းရေးကော်မတီနှင့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီ အစုအဖွဲ့များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပြင်ဆင်နိုင်ရေး သဘောထားစုစည်းရရှိ ချက်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာများနှင့် ရွေးကောက်ပွဲနှင့် လုံခြုံရေးကဏ္ဍ ဆိုင်ရာ ကိစ္စရပ်များအပေါ် နိုင်ငံရေးပါတီများ၏ သဘောထားအမြင်များနှင့် အကြံပြု ဆွေးနွေးချက်များကို NSPNC ဘက်မှ ရှင်းလင်းတင်ပြခဲ့သည်။
    မြန်မာနိုင်ငံ၏ နေရာတိုင်းတွင် တိုင်းရင်းသားလူမျိုးများ ရောနှောနေထိုင်ကြသဖြင့် လူမျိုးကိုအခြေခံသည့် ဖက်ဒရယ်စနစ်ထက် ဒေသကိုအခြေခံသော ဖက်ဒရယ်စနစ်ကို ဦးတည်သင့်ကြောင်း ဆွေး‌နွေးပွဲ ဒုတိယနေ့တွင် NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောကြားခဲ့သည်။ တိုင်းရင်းသားအားလုံးက ပြည်ထောင်စုစိတ်ဓာတ် ရင့်သန်ခိုင်မာစေရန်နှင့် မြန်မာနိုင်ငံသား စိတ်ဓာတ်ကိုမွေးမြူကြရန် အရေးကြီးသကဲ့သို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက်လည်း အထူးအလေးထားပြီး ဆက်လက်ဆွေးနွေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေး ကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး နိုင်ငံရေးပါတီများ၏ အကြံပြုချက်များကို အလေးအနက်ထားစဉ်းစားပြီး လုံခြုံမှု အပြည့်အဝရရှိရေး၊ လွတ်လပ်၍ တရားမျှတမှုရှိစေရေး၊ ပြည်သူများ၏ မဲပေးခွင့် မဆုံးရှုံးစေရေး ဦးတည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြော ကြားခဲ့သည်။ ထို့အပြင် အဆိုပါ နှစ်ရက်တာကာလ ဆွေးနွေးချက်များသည်လည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည် ဆောက် နိုင်ရေးနှင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးတို့အတွက် အထောက်အကူ ဖြစ်စေသည်ဟူ၍ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ထည့်သွင်းပြော ကြားခဲ့သည်။
    NSPNC နှင့် နိုင်ငံရေးပါတီများ ဆွေးနွေးမှုအပြီးတွင် ဖက်ဒရယ်နှင့် ဒီမိုကရေစီကို ဦးတည်သော ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်သည့် သဘောတူ ညီမှုရရှိထားသည်။ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ကြိုတင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး သဘောတူညီမှုများ ရရှိထားသည်ဆိုသော သတင်းတချို့ ထွက်လာသည်။အလားတူ တိုင်းရင်းသားပါတီ ခေါင်းဆောင်တစ်ဦးကလည်း ရွေးကောက်ပွဲမတိုင်ခင် သဘောတူညီချက်ရယူဖို့ကိစ္စမှာ နိုင်ငံအနာဂတ်နှင့်ပတ်သက်ပြီး နိုင်ငံရေးနှင့် ပတ်သက်သည့် သဘောတူညီချက်မျိုး ဖြစ်ကြောင်း၊ တခြား စီးပွားရေးကဏ္ဍ၊ လူမှုရေး၊ ယဉ်ကျေးမှုကဏ္ဍ စသည်ဖြင့် ရှိကြသော်လည်း နိုင်ငံရေးသဘောတူညီ ချက်သည် အရေးကြီးသည်ဟုဆိုသော အမြင်များလည်း ရှိနေသည်။ နိုင်ငံရေးသဘောတူညီချက်နှင့် ပတ်သက်၍ အားလုံးခြုံပြီးတော့မှ ညှိနှိုင်းဆွေးနွေး ကြိုတင်သဘောတူညီချက် ရယူဆောင်ရွက်သွားမည်ဆိုလျှင် လွှတ်တော်အတွင်း သဘောထား၊ အမြင်ကွဲလွဲမှု နည်း ပါးနိုင်ခြေရှိသည်ဟု ယူဆထားကြသည်။ နိုင်ငံရေးသဘောတူညီချက်ဆိုသည်မှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်သွားမည့်လမ်းကြောင်းဖြစ်ပြီး နိုင်ငံရေးပါတီအချင်းချင်း သဘောထားဘယ်လိုရှိလဲ စသည်ဖြင့် သဘောတူညီမှု ရယူဖို့လိုသလို နိုင်ငံရေးပါတီများနှင့် တပ်မတော်၊ နိုင်ငံရေးပါတီများနှင့် သက်ဆိုင်ရာ အစိုးရအဖွဲ့ စသည်ဖြင် သဘောတူညီချက်ရ ယူထားနိုင်မည်ဆိုလျှင် လွှတ်တော်အတွင်း ဆွေးနွေးမှု များ အချေအတင် မဖြစ်၊ ကြန့်ကြာမှု မရှိဘဲ လုပ်ငန်းစဉ်များ မြန်မြန်ရသွားမည်ဟု ထင်မြင်မိသည်ဟု ပအိုဝ်းအ မျိုးသားပါတီ(PNO) အတွင်းရေးမှူး (၂) စောခွန်ကျော်ဝင်းက မှတ်ချက်ပြုသည်။
    "မြန်မာပြည်ရဲ့ ပြဿနာက ဖက်ဒရယ်ကိစ္စ၊ တိုင်းရင်းသားကိစ္စ ဒီပြဿနာကြီးတယ်။ လက်ရှိအနေအထားမှာ တပ်မတော်က ဖွဲ့စည်းပုံပြင်ဆင်ဖို့က လက်ခံထားပြီးသားပဲ။ အဲဒီပြင်ဆင်မှု အပေါ်မှာ ကြည့်ပြီးတော့မှ ညှိနှိုင်း ဆောင်ရွက်လို့ရတယ်။ အလျှော့အတင်းတွေ ကြည့်ပြီး သဘောတူ ညီချက် ရထားတယ်ဆိုရင် လွှတ်တော်ထဲ ရောက်သွားတဲ့အခါ လွယ်ကူသွားမယ်လို့ မြင်ပါတယ်။ လက်ရှိ ရှိတဲ့ ပြည်နယ်နဲ့တိုင်းနဲ့ ဗဟိုနဲ့အာဏာ ခွဲဝေမှုပေါ့။ တိုင်းရင်းသားက အစုံရှိတယ်။ များတဲ့အခါ ကျတော့ လက်ရှိ ပြည်နယ်ရထားပြီးတဲ့ တိုင်းရင်းသားတွေအတွက်ပဲ စဉ်းစားမယ်၊ တခြား တိုင်းရင်း သားတွေအတွက် မစဉ်းစားသေးဘူး ဆိုရင်လည်း ဒါလည်း အဖြေမရနိုင်သေးဘူးလို့ မြင်တယ်။ မြေပြင်မှာရှိတဲ့ အခြားသော တိုင်းရင်းသားတွေအတွက်လည်း ပြည်နယ်ရသင့်ရထိုက်တဲ့ တိုင်းရင်းသား ရှိလား မရှိဘူးလား၊ သူတို့ အတွက်လည်း ထည့်သွင်းစဉ်းစားပေးဖို့ လိုတယ်။ ဒါကြောင့် နိုင်ငံရေး သဘောတူညီချက်မှာ ဗဟိုပြည်နယ် ကိစ္စရယ်၊ တိုင်းရင်းသားအရေးတွေနဲ့ပတ်သက်ပြီး ကြို တင် ညှိနှိုင်းဆောင်ရွက်ဖို့ လိုတယ်။ မဟုတ်ရင် လွှတ်တော်ထဲ ရောက်တဲ့အခါ ဆွေးနွေးတာ အချိန်ကြာသွား ပြီး ပိုပြီး ဝေးသွားနိုင်တယ်။ ပြီးခဲ့တဲ့ NCA ကိစ္စလည်း ကြည့်၊ NCA သဘောတူစာချုပ်က ရပြီးသား။ အကောင်အထည်ဖော် မဖော်နိုင်တဲ့ အခါကျတော့ နောက်ဆုံး သဘောတူညီပြီးသားမှာ လက်မှတ်ထိုးတော့ ထပ်လျော့ သွားတယ်။ အကောင်အထည် ဖော်တာကြာတဲ့ အခါကျတော့ နောက်ဆုံး သဘော တူတဲ့သူတောင် နောက်ထပ် ပြန်ထွက်သွားတယ်ဆိုတော့ ဝေးဝေးသွားတာပေါ့။ အဓိကကတော့ ဆိုင်ရာဆိုင်ရာ သဘောတူညီမှုတွေ ရယူထားမယ်ဆိုရင် အလုပ်ဆက်လုပ်တဲ့အခါ အဆင်ပြေ ချောမွေ့တယ်။ အဲဒီလို ကြိုတင် ညှိနှိုင်းမှုတွေ၊ သဘောတူညီမှုတွေ မရထားဘူးဆိုရင် ဘာပဲလုပ်လုပ် အားလုံးက အစက ပြန်စရမယ့် သဘောရှိတော့ Process က အရမ်းကြန့်ကြာတာပေါ့။ အားလုံးက သဘောတူညီမှုရထားပြီး လွှတ်တော်ထဲမှာ အကောင်အထည်ဖော်ဖို့ပဲ လိုတယ်။ တကယ်လို့ အဲဒီအချိန်မှာ သဘောမတူခဲ့ရင်လည်း အရင်တုန်းက သဘောတူပြီးသားပါဆိုတာကိုထောက်ထား ပြီးတော့ ဆက်သွားရင် ပိုအဆင်ပြေမယ်လို့ မြင်ပါတယ်။ ဒါကြောင့် အဲဒီဖက်ဒရယ်ကိစ္စသွားရင် ဗဟိုရယ်၊ ပြည်နယ်ရယ် အာဏာခွဲဝေမှုကို ဘယ်လို သွားကြမလဲ၊ အဲဒီထဲမှာပါတဲ့ တိုင်းရင်းသားအရေးလည်း ဘယ်လို လုပ်မလဲ၊ ဒါကို ကြိုတင် ညှိနှိုင်းဖို့ လိုတယ်။တကယ်လို့ ဖက်ဒရယ် သဘောတရားအရ ဗဟိုရယ်၊ ပြည်နယ်ရယ် သွားမယ်ဆိုရင် တိုင်းရင်းသားအရေးကိစ္စ မှာလည်း အောင်မြင်တဲ့ လမ်းကြောင်းပေါ် ရောက်နိုင်တယ်။ အားလုံး နွှယ်ပြီးတော့ ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရ၊ တိုင်းရင်းသား အခွင့်အရေးတွေတွဲပြီး ပါလာမှာဖြစ်လို့ အဲဒီသဘောတူညီချက် ရသွားတဲ့အခါ အဆင်ပြေတယ်ပေါ့" ဟူ၍ စောခွန်ကျော်ဝင်းက မှတ်ချက်ပြုသည်။ 
    နိုင်ငံရေးပဋိပက္ခ ဖြစ်ပွားမှုအားလုံးသည် ညှိနှိုင်းဆွေးနွေးမှု၊ သဘောတူညီမှု မရှိခဲ့သည့်အတွက်ကြောင့် ယင်းပြဿနာများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး လက် နက်ကိုင်တောင်မှ ပစ်ခတ်တိုက်ခိုက်မှုများ ပြီးသွားလျှင် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းရကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။ ၁၉၉၀ ရွေးကောက်ပွဲမတိုင်ခင်က တစ်စုံတစ်ရာ ကြိုတင် သဘောတူညီမှု၊ ဆွေးနွေးညှိနှိုင်းမှုမရှိဘဲ ရွေးကောက်ပွဲ ဝင်ခဲ့ကြ၍ နောက်ဆုံး ရွေးကောက်ပွဲရလဒ်လည်း အကောင်အထည်မပေါ်၊ လွှတ်တော်ကိုယ်စားလှယ်များသည်လည်း ပြည်ပရောက်၊ ထွက်ပြေး၊ စင်ပြိုင်အစိုးရ ဖြစ်သွားခဲ့ကြသည့် သာဓကများရှိခဲ့ကြောင်း ၎င်းင်းကထောက် ပြခဲ့သည်။ လာမည့် ရွေးကောက်ပွဲသည် ယခင်ရွေး ကောက်ပွဲများနှင့် မတူဘဲ ရွေးကောက်ပွဲမတိုင်ခင် ကြို တင်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ထားကြမည်၊ သဘောတူညီမှုတချို့ကို ရရှိထားပြီး ရွေးကောက်ပွဲ လွှတ်တော် လမ်းကြောင်းကို သွားမည်ဆိုလျှင် ပွတ်တိုက်မှုနည်းပါးပြီး  သိသာထင်ရှားသည့် ပြုပြင်ပြောင်းလဲမှုများ ဖြစ်လာနိုင်ကြောင်း ဦးကိုကိုကြီးက ဆက်ပြောသည်။
    "၂၀၂၀ ရွေးကောက်ပွဲ မဲကိစ္စမှာလည်းပဲ မဲစာရင်းလို့ပြောပေမယ့် တကယ့်တကယ်က ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ကတည်းက ဘာမှကြိုတင်သ ဘောတူညီချက်၊ ညှိနှိုင်းဆွေးနွေးတာ မရှိဘဲနဲ့ ဝင်သွားတယ်။ ပြီးတော့ ထိပ်တိုက်ဖြစ်မှုတွေ တောက်လျှောက်တစ်ခုပြီးတစ်ခုဖြစ်ပြီး နောက်ဆုံး ၂၀၂၁ တပ်မတော်က အာဏာရယူခဲ့ရတဲ့ အခြေအနေအထိ ဖြစ်သွားတယ်။ အဲဒီတော့ အခုလည်း ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် ပြည်သူတွေရဲ့ အမြင်မှာလည်းပဲ၊ ဘာလဲလာပြန်ပြီ ရွေးကောက်ပွဲ၊ အရင် ရွေးကောက်ပွဲတုန်းကလည်း လုပ်ပြီးတော့ ဘာမှမကောင်အထည် မပေါ်ဘူးလို့ဘဲ မြင်နေ တယ်။ အဲဒီတော့ ကျွန်တော်တို့က ပြည်သူကို ရှင်းပြရမယ်။ နားလည်အောင် လုပ်ရမယ့်ကိစ္စက ဒီရွေးကောက်ပွဲသည် အရင်က ရွေးကောက်ပွဲတွေလိုမျိုး မဟုတ်ဘူး။ ရွေးကောက်ပွဲ မတိုင်ခင်မှာ ကြိုတင်သဘောတူညီချက်တွေ၊ ညှိနှိုင်းဆွေးနွေးမှုတွေရှိပြီးမှ ရွေးကောက်ပွဲကို လုပ်မယ်။ ရွေးကောက်ပွဲ ပြီးသွားရင်လည်း ဆက်လက်ဆွေးနွေးဖို့အတွက် အခြေခံကောင်းတွေ တည်ဆောက်ပြီးသား ဖြစ်ရမယ်။ ဒါကြောင့် ဒီအပေါ်မှာ မူတည်ပြီးတော့ ရွေးကောက်ပွဲကျင်းပမယ်လို့ နစက အစိုးရက ကတိပေး တဲ့အချိန်မှာ ကတည်းက ရွေးကောက်ပွဲမတိုင်ခင်မှာ ကြိုတင်ညှိနှိုင်းမှုတွေ၊ သဘောတူညီချက်တွေ ရှိထားဖို့လိုတယ်။ အဲဒါဆိုရင် ရွေးကောက်ပွဲအလွန် လွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်တဲ့အခါမှာ အလွယ်တကူနဲ့ သဘောတူပြီး အချက်တွေကို ပြင်ဆင်နိုင်မယ်ပေါ့။ ဒီလိုကျွန်တော်တို့ ဆွေးနွေးညှိနှိုင်းခဲ့တာပါ"ဟု ၎င်းက ဆက်ပြောသည်။
    လက်ရှိအခြေအနေများသည် သာမန်အခြေအနေမဟုတ်ဆိုသည်ကို သတိပြုရမည်ဖြစ်သလို သာမန်အခြေအနေမဟုတ်သည့် အခြေအနေတွင် ဆောင်ရွက်ပုံ၊ စဉ်းစားပုံများသည်လည်း သာမန် ခြေအနေမျိုးဖြင့်  စဉ်းစား၍ မရကြောင်း၊ ယင်းအတွက်ကြောင့် ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေး သဘောတူညီချက်များ ရှိထားသင့်သည်ဟုဆိုသည်။ "အဓိကကတော့ ရိုးရိုးလေးပြောရရင် ရွေး ကောက်ပွဲလုပ်မယ့် ဒိုင်လူကြီးနဲ့ ဒီပွဲမှာ ဝင်ရောက်ပြီးတော့ ယှဉ်ပြိုင်ကြမယ့် လူတွေနဲ့ကြားထဲမှာ အဓိက သဘောတူညီချက်ရဖို့ လိုတယ်။ ဘာလို့လဲဆိုတော့ ကစားပွဲ လုပ်တော့မယ်ဆိုရင် ကစားပွဲစည်းမျဉ်း စည်းကမ်းအရ စည်းကမ်း ကတိကဝတ်တွေဆိုတာ လုပ်ပြီးမှ ကစားပွဲထဲကို ဝင်တာကောင်းတယ်။ ကျွန်တော်တို့က ဒါကြောင့် လက်ရှိအခြေအနေမှာ လွှတ်တော်ထဲမှာ ဆိုရင်လည်း ၂၅ ရာခိုင်နှုန်းက တပ်မတော်သားကိုယ် စားလှယ်တွေ ဖြစ်နေတော့ ကြိုတင်သဘောတူထားပြီး သားဆိုရင် အလွယ်တ ကူ ကျွန်တော်တို့က ဒါကို ဆုံးဖြတ်လိုက်ရုံပဲ။ အတည်ပြုလိုက်ရုံပဲ။ အဲဒါကြောင့်မို့လို့ နစကအစိုးရကနေ ဖွဲ့စည်းပေးထားတဲ့ NSPNC နဲ့ မှတ်ပုံတင်ပြုပြီးတဲ့ နိုင်ငံရေးပါတီတွေနဲ့ သဘောတူညီချက်ရဖို့ ဆွေးနွေး ညှိနှိုင်းနေတာ ဖြစ်ပါတယ်။ NSPNC တို့ ဆွေးနွေးနေကြတာတွေလည်း ကျွန်တော်တို့ ကြားသိ နေရပါတယ်။ ကျွန်တော်တို့ကတော့ နိုင်ငံရေးပါတီတွေနဲ့ NSPNC နဲ့ ဆွေးနွေးပြီးတော့ သဘောတူ ညီချက်အချို့ ရရှိထားတယ်။ ဆက်လက် ဆွေးနွေးဖို့လည်း သဘောတူထားတယ်။ UEC ကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးက သူနဲ့ မဆိုင်ဘူး။ သူက ရွေးကောက်ပွဲကျင်းပရေးနဲ့ ဆိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့ သဘောတူညီဖို့ ကြိုးစားနေတာက NSPNC ပေါ့။ NSPNC ဆိုတာလည်း နစကကိုယ်စား ဆွေးနွေးနေတာရှိပါတယ်"ဟု ဦးကိုကိုကြီးက ပြောသည်။


    ဒီမိုကရေစီစံပြဟု ပြောဆိုနေကြသည့် အမေရိကန်ပြည်ထောင်စုကို လေ့လာကြည့်မည်ဆိုလျှင် နှစ်ပေါင်း ၂၀၀ ကျော်အတွင်း ဖွဲ့စည်းပုံပြင်ဆင်ခြင်းများ အကြိမ်ကြိမ် လုပ်ခဲ့ရသလို ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရေးနှင့်ပတ်သက်၍လည်း 'in Order to form a more Perfect Union'  ဟူ၍ အမေရိကန်ဖွဲ့စည်းပုံ နိဒါန်းအပိုင်းတွင် ရေထားသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် ပြည်ထောင်စု တည်ဆောက်သည်ဆိုသည်မှာ  တစ်ရက်၊ တစ်မနက်တည်းဖြင့် ပြီးသွားသည့်ကိစ္စမဟုတ်၍ ပို၍ပို၍ပြည့်စုံသော ပြည်ထောင်စုကြီးကို တည်ဆောက်ရန် အလို့ငှာဆိုသည့် ရည်မှန်းချက်၊ ဦးတည်ချက်များ ခိုင်ခိုင်မာမာ ချမှတ်ကာ အမြဲတမ်းကြိုးစားသွားဖို့လိုသည်ဟု လည်းဆိုသည်။ "ဒါကြောင့် ဒီတစ်ခေါက်မှာကတော့ ဖက် ဒရယ်ကို ဦးတည်တဲ့ ပြုပြင်ပြောင်းလဲမှုတချို့ သဘောတူညီမှုရထားတာဖြစ်တယ်။ နောက်တစ်ခါ ဒီမိုကရေစီနဲ့ အာဏာထိန်းကျောင်းရေး၊ အပြန်အလှန် ထိန်းကျောင်းရေးနဲ့ပတ်သက်တဲ့ သဘောတူညီချက်တချို့လည်း ကျွန်တော်တို့ ရထားတာဖြစ်တယ်။ အဲဒီအချက်တွေဟာ အရင့်အရင် လွှတ်တော်‌တွေမှာတုန်းက မရရှိခဲ့သေးတဲ့ သဘောတူညီချက်တချို့ အခုကျွန်တော်တို့ ကြိုတင်သဘောတူညီချက် ရထားတာဖြစ်တဲ့အတွက်ကြောင့် ဆက်လက်ပြီး ပြုပြင်ပြောင်းလဲဖို့အတွက် အခွင့်အလမ်းပေါ့။ အဲဒါတွေတော့ ပွင့်လာမယ်လို မျှော်လင့်တယ်။ ဒါကြောင့်မို့လို ကျွန်တော်တို့က လက်နက်ကိုင်နည်းလမ်း နဲ့ တိုက်ခိုက်နေတာဟာ ပြည်သူတွေလည်း လေးနှစ်ကျော်၊ စစ်ဘေးရှောင်တွေလည်း သန်းနဲ့ချီ၊ နောက် အိုးအိမ်စွန့်ခွာတွေ တချို့ဆိုလည်း မြိုပေါ်တက်ပြေးတဲ့လူကမှ ပြေးနိုင်သေးတယ်။ တောထဲတောင်ထဲတင် အမိုးအကာမဲ့နေရတဲ့ ပြည်သူတွေလည်း အများကြီးဖြစ်နေ တဲ့အချိန်မှာ အဲဒီနည်းလမ်းဟာ ရလဒ်ကောင်း မထွက်နိုင်ဘူး။ ဒီအနိဋ္ဌာရုံတွေဟာ လက်နက်မဲ့ ပြည်သူတွေပဲ အဓိက ခံစားနေရတာ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က နိုင်ငံရေးနည်းလမ်းနဲ့ ပိုမိုကောင်းမွန်တဲ့ ရလဒ်‌တွေထွက်အောင် ကြိုးစားနေတယ်။ ဒီ့ထက် ဒီ့ထက်ပိုပြီးတော့ ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်ဖို့လည်း ကြိုးစားနိုင်တဲ့ အခွင့်အလမ်းတွေရှိမယ်ဆိုရင် ဘယ်နည်းလမ်းကိုရွေးမလဲ၊ ဘယ်နည်းလမ်းကို ထောက်ခံမလဲဆိုတာ ပြည်သူ တွေကိုယ်တိုင်က ဆုံးဖြတ်ကြရမယ့် အချိန်ရောက်ပြီလို့ ပြောချင်ပါတယ်"ဟု ဦးကိုကိုကြီးက ဆက် ပြောသည်။ 
    NSPNC ကော်မတီသည် NCA ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်များနှင့်လည်း မကြာခဏ တွေ့ဆုံလေ့ရှိသည်။ ပြီးခဲ့သည့် သြဂုတ်လအတွင်း NSPNC ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီ များအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ သုံးပွင့်ဆိုင် တွေ့ဆုံခဲ့သေးသည်။ ထိုသုံးပွင့်ဆိုင်တွေ့ဆုံမှုတွင် ရွေးကောက်ပွဲ ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များ၊ လက်ရှိပကတိ ဖြစ်ပေါ်နေသည့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးရာတွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ဦးစားပေးဆောင်ရွက် စေလိုသည့် အခြေအနေများ၊ တိုင်းရင်းသားလက်နက် ကိုင်ဒေသများအတွင်း ရွေးကောက်ပွဲများ ပြုလုပ်ရာတွင် လိုအပ်သည့် ပူးပေါင်းမှုများ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့်ပတ်သက်ပြီး သဘောထား အမြင်များ ဆွေးနွေးခဲ့ကြသည်။ အလားတူ NSPNC သည် ယခင်က ၁၆ ပါတီနိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့နှင့်သာ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ မှတ်ပုံတင်ကျ ထားပြီးသား နိုင်ငံရေးပါတီများအားလုံးနှင့် တွေ့ဆုံမှု သည် ယခုတစ်ကြိမ်သည် ပထမဆုံးဟု ဆိုရမည်ဖြစ်သည်။ NSPNC နှင့် နိုင်ငံရေးပါတီများ နှစ်ရက်တာ တွေ့ဆုံမှုအပြီးတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မ ရှင်နှင့် ပါတီ ၅၃ ပါတီတို့ ဒီဇင်ဘာ ၇ ရက်က UEC ရုံးတွင် တွေ့ဆုံခဲ့သေးသည်။ ထိုတွေ့ဆုံမှုတွင် ၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲ၊ ဂုဏ်သိက္ခာရှိသည့် လွှတ်တော်ဖြစ်ရေး ကြိုး ပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း UEC ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားခဲ့သည်ကို တွေ့ရသည်။ အလားတူ  အရည်အချင်းပြည့်ဝသည့် ကိုယ်စားလှယ်လောင်းများပေါ်ပေါက်ရေး၊ ပါတီဝင် အင်အားပြည့်မီရေး၊ ပါတီရုံးခန်းများ သတ်မှတ်ချက်နှင့်အညီ ဖွင့်လှစ်နိုင်ရေး၊ ပါတီတွင်းနှင့် ပါတီပြင်ပ စည်းရုံးရေးဆောင်ရွက်မှုကို ပြည်သူလူထုအကျိုး၊ ဒေသအကျိုးများကို တတ်နိုင်သမျှ စည်းရုံးဆောင်ရွက်ကြဖို့ UEC ဥက္ကဋ္ဌက တိုက်တွန်းခဲ့သည်။ ပါတီတာဝန်ရှိသူများကလည်း UEC နှင့်တွေ့ဆုံစဉ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးကိစ္စ ရွေးကောက်ပွဲစနစ်၊ မဲပေးစနစ်နှင့် မဲဆန္ဒ နယ်သတ်မှတ်မှုများတွင် ပါတီများကို လေ့လာခွင့်နှင့် အကြံပြုခွင့်များရဖို့  တင်ပြဆွေးနွေးခဲ့ကြသည်ကို တွေ့ရသည်။ ထိုအခြေအနေများမှာ ရွေးကောက်ပွဲ အောင်မြင်ချောမွေ့စွာ ကျင်းပနိုင်ရေး ရွေး ကောက်ပွဲမတိုင်မီ ကြိုတင်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေခြင်းဖြစ်သည်ဟု နားလည်မိပါသည်။
    သို့သော် နိုင်ငံတော်အစိုးရ၊ NSPNC ကော်မတီ၊ UEC တို့နှင့် နိုင်ငံရေးပါတီများ ကြိုတင်ညှိနှိုင်းဆွေးနွေးများ ပြုလုပ်နေသော်လည်း ရွေးကောက်ပွဲမတိုင်ခင် ကြိုတင်သဘာတူညီချက်များ ရယူထားခြင်းမျိုး မရှိဟု ပါတီတာဝန်ရှိသူများက ပြောသည်။ တစ်စုံတစ်ရာ အပေးအယူလုပ်၊ သဘောတူညီမှု ရယူပြီးမှ ကျင်းပသည့် ရွေးကောက်ပွဲပုံစံမျိုး ဖြစ်သွားမည်ကိုလည်း ၎င်းတို့ စိုးရိမ်နေကြသည့် သဘောတွေ့ရသည်။ လက်ရှိအချိန်အထိ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးတို့နှင့်ပတ်သက် ၍ ဆွေးနွေးနေဆဲသာဖြစ်ပြီး ကြိုတင်သဘောတူညီချက် ရထားခြင်းမရှိကြောင်း နာဂအမျိုးသားပါတီ (NNP)ဥက္ကဋ္ဌ ဦးရှုမောင်က မှတ်ချက်ပြုသည်။ "သဘောတူညီချက် ရှိမထားပါဘူး။ ပြီးတော့ ဆွေးနွေးညှိနှိုင်းမှုတွေထဲမှာ သဘောတူညီချက်ရထား တာမျိုးလည်း မရှိပါဘူး၊ သဘောထားစုစည်းချက်တွေပဲ ရထားတာဖြစ်ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာနဲ့ပတ်သက်ပြီး ပါတီတွေနဲ့ အစိုးရနဲ့ ဘာသဘောတူညီချက်မှ ရှိမထားသေးဘူး။ ဆွေးနွေးနေတဲ့အဆင့်ပဲ ရှိသေးတယ်။နိုင်ငံရေးပါတီတွေနဲ့ UEC တို့၊ အစိုးရအပိုင်းတို့နဲ့က ကြိုတင်သဘောတူညီချက်တွေ လုပ်ဖို့လိုလား၊ မလိုဘူးလား ဆိုတာကတော့ ရွေးကောက်ပွဲဆိုတာ ဥပဒေနဲ့သွားတဲ့ ကိစ္စဖြစ်တယ်။ ဥပဒေနဲ့သွားတာဖြစ်တဲ့အတွက် ကျွန်တော်တို့က လည်း ဥပဒေဘောင်ထဲကနေ ပြောကြဆိုကြမယ်၊ တောင်းစရာရှိရင် ဥပဒေဘောင်ထဲကနေပြီးတော့ ခွင့်ပြုထားနိုင်တဲ့ အနေအထားတစ်ခုကို တောင်းမယ်။အဲဒီဥပဒေကိုလည်း လိုအပ်လို့ ပြင်ဆင်တယ်ဆို ရင် ပြင် ဆင်သင့်တဲ့အကြောင်း အဆိုပြုမှာပဲ။ အစိုးရနဲ့ ကျွန်တော်တို့နဲ့ အပြန်အလှန် Preconditions ဆိုတဲ့ ပုံစံမျိုးတွေက လက်နက်ကိုင်အဖွဲ့အစည်းလည်း မဟုတ်တဲ့ အတွက်ကြောင့်မို့လို့ ပါတီတွေကတော့ မူဘောင်တွေရှိတဲ့အတိုင်း ပြောကြမယ်၊ ဆိုကြမယ်၊ အစိုးရဘက်ကလည်း မူဘောင်ရှိတဲ့အတိုင်း ဘယ်လိုလုပ်ကိုင် ဆောင်ရွက်မယ်ဆိုတာ ရှိမယ်ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဖြစ်ချင်တဲ့ ရွေးကောက်ပွဲပုံစံ၊ ကျွန်တော်တို့ လွှတ်တော်ပုံစံ၊ ကျွန်တော်တို့မြင်ချင်တဲ့ ရွေးကောက်ပွဲ မဲဆန္ဒနယ် သတ်မှတ်ချက်တွေ မဲပေးစနစ်တွေကတော့ ဒါတွေကတော့ ကျွန်တော်တို့ တောက်လျှောက်ဆွေးနွေး ပြောဆိုကြရမှာဆိုတော့ အဲဒီလောက်ပဲ ရှိမှာပါ"ဟု ဦးရှုမောင်က ဆက်ပြောသည်။
    ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ ဦးရန်နိုင်ဝင်းကလည်း လက်ရှိ တပ်မတော်၊ NCA ရေးထိုး ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီတို့တွေ့ဆုံ၍ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်၍ ပြင်ဆင်လိုသည့်အချက်များကို ဆွေးနွေးထားသည့် သဘော ထားများ စုစည်းခြင်းသာ ဖြစ်နေပြီး သဘောတူညီသည့် အဆင့်မဟုတ်သေးဟု မှတ်ချက်ပြုသည်။ လက်ရှိအချိန်အထိ ရွေးကောက်ပွဲ ကိစ္စနှင့်ာ်လည်းကောင်း၊ တခြားကိစ္စများနှင့်သော်လည်းကောင်း ဘာသဘောတူညီချက်မှ တစ်စုံတစ်ရာ မရှိသေးသလို သဘောတူညီထားချက်များသည်လည်း ရွေးကောက်ပွဲနှင့်မဆိုင်ဘဲ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စနှင့်သာ သက်ဆိုင်သည့် သဘောတူညီထားမှုများဖြစ် ကြောင်း ၎င်းကရှင်းပြသည်။
""ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စကိုတပ်မတော် NSPNC ရယ်၊ နိုင်ငံရေးပါတီရယ်၊ EAO အဖွဲ့တွေရယ် ဆွေးနွေးပြီးတော့ ဒီအချက်၊ ဒီအချက်တွေ သဘောတူ ထားတယ်ဆိုပြီး သဘောထားစုစည်းချက် အဆင့်သာ ရှိသေးတယ်။ ၂၀၀၈ အခြေခံဥပ‌ဒေကို အားလုံးက ပြင်ဆင်မယ်လို့ ပြောထားတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ နိုင်ငံရေးရှုထောင့်က ပြင်ဆင်တဲ့အချက်တွေက ဒီအချက်တွေပါ၊ EAO တွေက လည်း EAO တွေဘက်က ပြင်ဆင်လိုတာတွေက ဒီအချက်တွေပါ၊ တပ်မတော်ဘက်ကလည်း တပ်မတော်ဘက်က ပြင်ဆင်လိုတဲ့ အချက်တွေက ဒီအချက်တွေပါဆိုတဲ့ အပြန်အလှန်သဘော တူပြီးတော့ စုစည်းထားတဲ့ အချက်တွေပါ။ အခုသဘော တူညီတယ်ဆိုတာက အခုသဘောတူ အခုလုပ်လို့ရတဲ့ ကိစ္စမဟုတ်ဘူး။ ဥပဒေလည်း မရှိသေးဘူး။ အခု ဖွဲ့ စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီး သဘောထား စုစည်း ချက်ဆိုတာလည်း ပြင်လို့ မရ‌သေးဘူး။ တစ်ချိန်မှာ UPDJC ဆိုတာ ရှိလာမယ်။ အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ EAO ၊ နိုင်ငံရေးပါတီဆိုတဲ့ UPDJC ဆိုတာရှိတယ်။ ဒါက UPDJC ရဲ့ ငါးပွင့်ဆိုင်ပေါ့။ အဲဒီငါးပွင့် ဆိုင်ကမှ National Accord ကို လုပ်လို့ရတာ။ ပြည် ထောင်စုညီလာခံလုပ်မယ်၊ ပြည်ထောင်စုညီလာခံကမှ National Accord ထွက်မယ်။ Accord တွေဖြစ်မှသာ NCA ၂၂(ဃ) အရ လွှတ် တော်မှာ မည်သူတစ်ဦးတစ်ယောက်မှ ကန့်ကွက်ခြင်းမပြုဘဲနဲ့ အတည်ပြုပေးရတာ။ အခုအချိန်မှာက တစ်ချိန်မှာ လုပ်ရမယ့်အလုပ်တွေကို ကြိုလုပ်ထားခြင်းသာ ဖြစ်ပါတယ်"ဟူ၍ ဦးရန်နိုင်ဝင်းက မှတ်ချက်ပြုသည်။
    ရွေးကောက်ပွဲမတိုင်ခင် ကြိုတင်သဘောတူညီ ချက်တွေ ရှိထားသင့်လား နိုင်ငံရေးပါတီ တာဝန်ရှိသူများ၏ အမြင်သဘောထားများ ဖြစ်ပါသည်။ NSPNC နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံ ဆွေးနွေးမှုများအရ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး အပါအဝင်  ဖက်ဒရယ်ကို ဦးတည်သည့် ပြုပြင်ပြောင်း လဲမှုများ၊ ဒီမိုကရေစီဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့်ပတ်သက်၍ သဘောထားတူညီသည့်အချက်များ၊ မူအားဖြင့် တူညီပြီး အသေးစိတ်ဆွေး နွေးရမည့်အချက်များ၊ ထပ်မံဆွေးနွေးရမည့် အချက်များဟူ၍ သဘောထား စုစည်းချက်များ ရှိထားပြီးဖြစ်သည်။သို့သော် ယင်းသဘောထားများမှာ ဆွေးနွေး ညှိနှိုင်းထားသည့် သဘောထား စုစည်းထားချက်သာဖြစ်ပြီး ကြိုတင်သဘောတူညီချက် မဟုတ်ဟု ဆိုကြသည်။ ပါတီခေါင်း ဆောင်များ၏ ဆန္ဒမှာလည်း ရွေးကောက်ပွဲမတိုင်မီ တစ်စုံတစ်ရာ ကြိုတင်သဘောတူညီချက်များ ရယူပြီးမှ ကျင်း ပမည့် ရွေးကောက်ပွဲပုံစံမျိုး  မဖြစ်စေလိုခြင်းဖြစ်သည်။ အချို့ကလည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စ၊ ကြိုတင် သဘောတူညီချက် ရယူထားပြီး ဆောင်ရွက်သွား မည်ဆိုပါက ရွေးကောက်ပွဲအလွန်၊ ပေါ်ပေါက်လာမည့် လွှတ်တော်တွင် ပွတ်တိုက်မှုနည်းသွားမည်ဟု နားလည် ယုံကြည်ထားကြသည်၊ ကြိုတင်သဘောတူညီမှုမရယူဘဲ ကျင်းပခဲ့သည့် ယခင်ရွေးကောက်ပွဲ များတွင် ပေါ်ပေါက်ခဲ့သော နိုင်ငံရေးပဋိပက္ခ ဖြစ်စဉ်များအပေါ် သင်ခန်းစာ ယူခဲ့ကြသည်။ သဘောတူ ညီချက်ဖြစ်စေ၊ သဘောထား စုစည်းချက်ဖြစ်စေ ဖြတ်သန်းခဲ့သည့် ရွေးကောက်ပွဲများအပေါ် သင်ခန်းစာယူပြီး နိုင်ငံ၏ အနာဂတ်အရေးကို ဝိုင်းဝန်းအဖြေရှာ ဆွေးနွေးခြင်းဟု ဆိုပါသည်။
    "တကယ်ကတော့ သဘောထားစုစည်းချက်ပါပဲ။ သဘောထားစုစည်းချက်ထဲမှာ သဘောတူပြီး သား အချက်တွေလည်းပါတယ်။ မူအားဖြင့် သဘောတူတယ်၊ ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေတဲ့ အချက်တွေလည်းပါတယ်။ အဲဒီတော့ တချို့ကိစ္စတွေမှာကျတော့ ရေရှည် ဆက်လက် ဆွေးနွေးသွားရ မယ့် အချက်တွေလည်း ပါတယ်။ ဒါကြောင့် သဘောထား စုစည်းချက်ဆိုတဲ့အထဲမှာ သဘောတူပြီးသားတွေလည်းပါတယ်။ ဒါကြောင့်မို့လို့ သဘောတူပြီးသား အချက်တွေကတော့ လွှတ်တော် ပေါ်ပေါက်လာတဲ့အခါမှာ အလွယ်တကူဆုံးဖြတ်ဖို့ အဆင်သင့်ဖြစ်နေတဲ့ သဘောရှိတယ်။ ဒါကြောင့် သဘောတူညီချက်လို့ ပြောလို့ရတဲ့အချက်တွေပါတယ်။ အဲဒါတွေအပါအဝင် အားလုံးကို သဘောထား စုစည်းချက်အဖြစ် နဲ့ မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။ လွှတ်တော်မပေါ်ပေါက်သေးတဲ့အချိန်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတာကတော့ အခုအချိန်မှာ ဘယ်သူကမှ ဆောင်ရွက်လို့ မရသေးပါဘူး"ဟူ၍ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက မှတ်ချက်ပြုခဲ့သည်။
ညီသစ်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 356

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42974

© 2022 - 2025 News. All Rights Reserved.