ရွှေတြိဂံရဲ့ အရိပ်အောက်က လောက်ကိုင်သို့ သွားရာလမ်း

၂၀၂၃ ဒီဇင်ဘာ ၁၄

    ၂၀၁၃ ဖေဖော်ဝါရီလထုတ် ဆရာမန်းဖိုးအေး (ဝါးခယ်မ) တရုတ်ဘာသာကနေ တိုက်ရိုက်ဘာသာပြန်ဆိုတဲ့ ]အဆိပ်အတောက် ရွှေတြိဂံ}စာအုပ်မှာ ကိုးကန့်၊ 'ဝ'၊ တရုတ်ဖြူ၊ ဗကပတို့ရဲ့ ဘိန်းလုပ်ငန်းဆိုင်ရာ အရှုပ်တော်ပုံတွေကို အတော်အသင့် ပြည့်စုံအောင် ဖော်ထုတ်ရေးသားထားပါတယ်။ ဒီစာအုပ်ရဲ့ မူရင်းစာရေးဆရာ၊ သတင်းစာဆရာ နှစ်ယောက်ကတော့ တရုတ်လူမျိုး ကျောက်စွတ်လုံနှင့် ကဲ့စုရာတို့ ဖြစ်ပါတယ်။ အသက် အန္တရာယ်ကို ပဓာနမထားဘဲ ရွှေတြိဂံဒေသဆီထိုးဖောက် ဝင်ရောက်ပြီး သတင်းအချက်အလက်များကို စုဆောင်းရယူခဲ့ကြပါတယ်။ ရွှေတြိဂံရဲ့ သမိုင်းနောက်ခံအပေါ်မှာ ခွန်ဆာ၊ ဝေ့ရွှေကန်း၊ လော်စစ်ဟန်၊ ဖုန်ကျားရှင်၊ ရန်မောက်လျှံ။ အောလစ်ဖ်ယန်း စတဲ့ ဘိန်းလောကရဲ့ ထင်ရှားတဲ့ ပုဂ္ဂိုလ်ကျော်များအကြောင်းကိုလည်း တစေ့တစောင်း မီးမောင်းထိုးဖော်ပြထားပါတယ်။ ဒီဆောင်းပါးမှာတော့ ဖုန်ကျားရှင်နဲ့ ကိုးကန့်တပ်ဖွဲ့တို့ရဲ့ ဘိန်းနှင့် မူးယစ်ဆေးဝါး အရေးတော်ပုံဆိုင်ရာ အချက်အလက်များကို မူရင်းအာဘော်အတိုင်း ကောက်နုတ်တင် ပြသွား ပါမယ်။
    'ကိုးကန့်ဒေသမှာ သမိုင်းကြောင်းတစ်လျှောက်လုံး အချင်းချင်းအတွင်း ပဋိပက္ခတွေ အဖန်တလဲလဲဖြစ်ကြပြီး အိမ်ကြက်ချင်း မပြတ်တမ်း ခွပ်ကြတာကြောင့် စစ်ပွဲတွေ အဆက်မပြတ် တိုက်ခိုက်ကြရင်းကနေ တိုက်ပွဲ ဒဿနတွေ အပြည့်အ၀၀ ပေါ်ထွန်းလာလေတယ်။ ဒါ့ကြောင့် လူတကာက 'အကြိမ်ကြိမ်အဖန်ဖန် ဆန့်ကျင်တိုက်ခိုက်ကြတဲ့ နယ်မြေ'ရယ်လို့ သမုတ်ကြလေတယ်။' (စာ-၂၁၉)
    ဖုန်ကျားရှင်ဟာ ၁၁-၃-၁၉၈၉ မှာ ဗကပကို ပုန်ကန်ခြားနားပြီး ကိုးကန့်မဟာမိတ်တပ်ဖွဲ့ကို တည်ထောင်လိုက်တယ်။ ဖုန်ကျားရှင်ဟာ အထူးဒေသ(၁)လို့ သတ်မှတ်ထားတဲ့ ကိုးကန့်နယ်မြေရဲ့ တရားဝင်အရှင်သခင် ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ကိုးကန့်ပလ္လင်ပေါ် တက်ထိုင်တာ ဖင်မပူသေးခင်မှာဘဲ ပြင်းထန်တဲ့ ပုန်ကန် ခြားနားမှုကြီးကို ရင်ဆိုင်ခဲ့ရပါတယ်။ (၁၉၉၂ ခုနှစ် နိုဝင်ဘာလ ကိုးကန့် မဟာမိတ်တပ်အချင်းချင်း ပထမဆုံးအ ကြိမ် အိမ်ကြက်ချင်း ခွပ်ကြတယ်။ လှုံ့ဆော်စိုင်းပြင်းသူကတော့ ထိုစဉ်အခါက လက်ထောက်ဦးစီးချုပ် 'ရန်မောက်လျှံ' အပြင် အခြားညီအစ်ကိုတွေဖြစ်တယ်။ တိုက်ရိုက် ဆက်စပ်တဲ့အကြောင်းအရင်းကတော့ 'အာဏာလုပွဲ'ပါပဲ။) လို့ တရုတ်သတင်းစာ ဆရာများက ပွင့်ပွင့်လင်းလင်း သုံးသပ်ထားပါတယ်။ (စာ-၂၁၉)
    အာဏာလုပွဲ ဘာကြောင့်ဖြစ်ရသလဲဆိုတာကို အောက်ပါအတိုင်း ထိထိမိမိ ဖော်ပြထားပါတယ်။
    'မုန်းကိုးကို စိုးမိုးချုပ်အုပ်ရေးဟာ အရမ်းကာရောကို ကြီးမားလှတဲ့ ညှို့အားပြင်းဆွဲဆောင်မှုကြီးပါပဲ။ အဲဒီနေရာမှာ ဘယ်သူကပဲ အာဏာချုပ်ကိုင်မှုရှိနေပါစေ၊ အဓိကသဘောသကန်လာတော့ ဘိန်းပင်ကို စိုက်ပျိုးနိုင်ခွင့် ရရှိရေး၊ ဘိန်းကို ပြုပြင်မွမ်းမံခွင့် ရရေးနဲ့ ရောင်းဝယ်ဖောက်ကား သယ်ယူပို့ဆောင်ခွင့်ရှိပြီး ငွေကြေးအရင်းအမြစ် ဒီရေစီးဝင်သလို တလိမ့်လိမ့် တအိမ့်အိမ့် ရှိရေးဆိုတာပါပဲ' (စာ-၂၁၉)
    မြန်မာနိုင်ငံရဲ့ အရှေ့မြောက် ရှမ်းပြည်နယ်မှာ ကိုးကန့်ဒေသဆိုတာ နယ်မြေကလေးကျဉ်းသလောက် ဘိန်းကရတဲ့ ဝင်ငွေက အလွန့်အလွန် ကြီးမားကျယ်ပြန့် လှပါတယ်။

    'နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့အစည်းကြီးရဲ့ အသစ်လွင်ဆုံး စစ်တမ်းကောက်ချက် အရ ကနေ့မျက်မှောက်ကာလ ရွှေတြိဂံနယ်မြေဒေသ ဟီးရိုးအင်းဘိန်းဖြူ ဖြန့်ချိရောင်းချမှုက ကမ္ဘာ့နှုန်းထား စာရင်းပေါင်းချုပ်ရဲ့ ရာခိုင်နှုန်း ၇၀၊ ရာခိုင်နှုန်း ၈၀ ရှိနေတယ်။ မျက်မှောက်ကာလ ကမ္ဘာတစ်ဝန်းမူးယစ်ဆေး သုံးစွဲသူပေါင်း သန်းနှစ်ရာကျော်ရှိနေပါတယ်။ ၂၀၀၀ ပြည့်နှစ် ကမ္ဘာတစ်ဝန်း မူးယစ်ဆေးဝါး ကုန်သွယ်မှုတန်ဖိုး ပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း လေးသိန်းရှိပါတယ်။ (၂၀၀၁ မှာ ဒေါ်လာသန်းပေါင်း ငါးသိန်းအထိ တိုးတက်လာတယ်။) ထိုနှစ်ကာလက နိုင်ငံတကာ ကုန်သွယ်ရေးငွေကြေးနှုန်းထား ၈ ရာခိုင်နှုန်းနဲ့ ညီမျှနေပါတယ်။ ကမ္ဘာ့မော်တော်ကား ရောင်းချမှု ကုန်သွယ်ရေး နှုန်းထားကိုတောင် ကျော်လွန်သွားပါတယ်။' (စာ-၇)
    ၂၀၁၅ အောက်တိုဘာထုတ် 'တစ်ကျော့ပြန် ဖုန်ကျားရှင်'စာအုပ်မှာလည်း အောက်ပါအတိုင်း ဖော်ပြ ထားပါတယ်။
    'ကုလသမဂ္ဂမူးယစ်ဆေးဝါး တားဆီးရေး ယန္တရားအဖွဲ့ကြီးရဲ့ အဆိုအရ ၁၉၂၆ ခုနှစ် ရှမ်းပြည်နယ်ရဲ့ ဘိန်းထုတ်လုပ်မှုက တန် ၃၇၀ ရှိပါတယ်။ ၁၉၇၀ ပြည့်နှစ်ကာလ ရွှေတြိဂံမှာ နှစ်စဉ် ဘိန်းထွက်ရှိမှုက တန် ၆၀၀ ကနေ တန် ၇၀၀ ရှိပါတယ်။ ကမ္ဘာ့မူးယစ် ဆေးဝါးထုတ်လုပ်မှုရဲ့ ရာခိုင်နှုန်း ၅၀ ခန့် ရှိပါတယ်။ ၁၉၈၂ ခုနှစ် ရွှေတြိဂံမူးယစ်ဆေးဝါး ထုတ်လုပ်မှုက ရုတ်တရက်စံချိန်ချိုးပြီး တန် ၁၀၀၀ ရှိပါတယ်။ ၁၉၈၇ မှာ ထုတ်လုပ်မှု တန်ချိန် ၁၅၇၅၀ သို့ရောက်လာပြီး ကမ္ဘာ့ထုတ်လုပ်မှုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းဖြစ်ပါတယ်။ ၁၉၉၀ ပြည့်မှာ တန် ၂၅၀၀၀ ရှိလာပြီး ကမ္ဘာ့ထုတ်လုပ် မှုရဲ့ ရာခိုင်နှုန်း ၉၀ရှိပါတယ်။ အဲဒီပမာဏဟာ မီးရထား အတွဲပေါင်း ၅၀ ထဲ ထည့်သွင်းတဲ့ ပမာဏနဲ့ ညီနေပါ တယ်။ နှစ်ဆယ်ရာစုခေတ် ၈၀ ပြည့်နှစ် ခေတ်ကာလတွေ မှာ တစ်ကမ္ဘာလုံး မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုက အမေရိကန်ဒေါ်လာ သန်းပေါင်းငါးသိန်း ဖြစ်တယ်။ ဒီကိန်းဂဏန်းက လက်နက်ရောင်းချခြင်း၊ ငွေကြေးကိန်း ဂဏန်းပြီးရင် မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းက ဒုတိယ လိုက်ပါတယ်။ ရေနံရောင်းရငွေထက်တောင် မြင့်နေပါ သေးတယ်' (စာ-၁၇)

    မူးယစ်ဆေးဝါးရဲ့ တန်ဖိုးအကျိုးအမြတ်ကလည်း အင်မတန်ကြီးပါတယ်။
    '၁၉၈၁ ခုနှစ် ဘိန်းစိမ်း တစ်ကီလိုဂရမ်ရဲ့ဈေး နှုန်းက ရွှေတြိဂံမှာ အမေရိကန်ဒေါ်လာ ၇၀ ကနေ ၄၀၀ ထိရှိပါတယ်။ ပြုပြင်မွမ်းမံပြီး ဖြစ်ပေါ်လာတဲ့ ဟီးရိုးအင်း တစ်ကီလိုဂရမ်ဖြစ်လာဖို့ ဘိန်းစိမ်း ၁၀ ကီလို ဂရမ်လိုအပ်ပါတယ်။ ထိုင်းနိုင်ငံမှာ ဟီးရိုးအင်းတစ်ကီလို ဂရမ် ဝယ်လက်ဈေးက အမေရိကန်ဒေါ်လာ ၈၀၀၀ ရှိ ပါတယ်။ အနောက်ဥရောပဆီရောက်တော့ ဟီးရိုးအင်း တစ်ကီလိုဂရမ်တန်ဖိုးက အဆပေါင်း ၃၇၅၀ ရာခိုင်နှုန်း အကျိုးအမြတ်ရရှိပါတယ်' (စာ-၁၇)
    ဒါ့ကြောင့်လည်း ဘိန်းစစ်ပွဲတွေ၊ ဘိန်းကို အကြောင်းပြုတဲ့ အာဏာလုပွဲတွေ ဖြစ်ပေါ်ခဲ့တာ ငြင်းလို့ မရပါဘူး။ ဘိန်း၊ ဟီးရိုးအင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုဟာ တရားမဝင် ဥပဒေမဲ့လို့ဆိုပေမယ့် ကိုလိုနီခေတ်က ကိုးကန့်မြေမှာ 'ဘိန်းရောင်းဝယ်ရေးပွဲတော်ကြီး'ကို တစ်နှစ်တစ်ခါ ခြိမ့်ခြိမ့်သဲသဲ ကျင်းပပြီး ဈေးကွက်ဖော် ဆောင်ခဲ့တာပါ။
    '၂၀ ရာစုခေတ်အစပိုင်းမှာ ရန်းကိုးကျဲန့် အာဏာရယူ အုပ်ချုပ်စဉ်တုန်းက ဘိန်းဈေးတွေကောင်း ခဲ့ပါတယ်။ ဘိန်းအတွက် အထူးကောင်းမွန်ပြီး ဘိန်း အရည်အသွေးကလည်း တအားကောင်းလွန်းပါတယ်။ အဲဒီကအစပြုပြီး ကိုးကန့်ရဲ့ ကုန်သွယ်မှုလုပ်ငန်း တစ်ဟုန်ထိုး တက်သွားတယ်။ လူနေမှုဘ၀ ဖွံ့ဖြိုးတိုးတက်လာ တယ်။ လူဦးရေလည်း အံ့မခန်း တိုးပွားလာပါတယ်။ ဒါ့ အပြင် ရွှေတြိဂံနယ်မြေတစ်ခွင်လုံးမှာ ဘိန်းအသင်းအဖွဲ့ ကြီးတွေ အများအပြား ထွက်ပေါ်လာပါတယ်။ မြန်မာပြည်မြောက်ပိုင်းမှာ အင်မတန် စည်ကားလှတဲ့ ဘိန်းရောင်းဝယ်ဖောက်ကားမှု ပွဲတော်ကြီး တစ်နှစ်တစ်ကြိမ် ကျင်းပခြင်းဆိုတာမျိုး ပေါ်ပေါက်လာပါတယ်' (အဆိပ်အတောက်ရွှေတြိဂံ၊ စာ-၂၁၀)
    ဘိန်းပွဲတော်ကြီးကို ကိုးကန့်'လောက်ကိုင်'မှာ ကျင်းပတာဖြစ်ပြီး တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဗြိတိသျှစတဲ့ နိုင်ငံတွေက ဘိန်းကုန်သည်တွေနဲ့ အထူးစည်ကားခဲ့တယ် ဆိုပါတယ်။ ကိုးကန့်ဘိန်းပွဲတော်မှာ ဖြေဖျော်ရေး အစီ အစဉ်တွေလည်း ပါရှိပြီး ပွဲတော်ရက်ဟာ ၁၀ ရက်မှ ၁၅ ရက်အထိ ကြာတတ်ပါတယ်။
    'ကိုးကန့်အုပ်ချုပ်ရေး၊ စီးပွားရေး ဗဟိုချက်မ နယ်မြေလောက်ကိုင်ဆိုတာက လမ်းတစ်လမ်းမျှသာရှိ တယ်ဆိုပေမယ့်လည်း ဘိန်းပွဲတော်ကြောင့် နှစ်ကာလ ပေါင်းမြောက်မြားစွာ ရွှန်းရွှန်းဝေလောက်အောင် ထွန်း တောက်ခဲ့ပါတယ်။ နှစ်တစ်ရာဆိုတဲ့ ကာလတွေမှာ ကိုး ကန့်နယ်တစ်ခွင် ထွက်ရှိတဲ့ ဘိန်းပမာဏ အားလုံး လောက်ကိုင်မှာ လာရောက်စုစည်းပြီးမှ နေရာအနှံ့ ဖြန့်ကြက်သွားပါတယ်။ (ရွှေတြိဂံ၊ စာ-၂၁၂)
    နှစ်တစ်ရာ ဆိုတာပိုပြောထားတာ မဟုတ်ပါဘူး။ ကိုးကန့်မှာ ဘိန်းစိုက်လာခဲ့တာ နှစ်ပေါင်းတစ်ရာ ကျောက်ခဲ့ပြီလို့ ဆိုပါတယ်။ မိရိုးဖလာလို အရိုးထဲထိ စွဲနေတဲ့ ဘိန်းကို တိုက်ဖျက်ပစ်ဖို့ မလွယ်ဘူးလို့ ဆိုပါတယ်။ ဒါ့ကြောင့် ၁၉၉၁ ခုနှစ်မှာကတည်းက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ခဲ့ပေမယ့် လုံးဝမအောင်မြင် ခဲ့ပါဘူးတဲ့။
    'ကျွန်တော်တို့ရဲ့ တပ်ကို တိုးချဲ့ဖို့လိုတယ်လေဗျာ။ ကျွန်တော်တို့ လက်နက်နဲ့ စားစရာလိုပါတယ်။ အဲဒီအတွက်ကြောင့် အရပ်သူအရပ်သားတွေကို ပေါ်ပီပင်(ဘိန်း)စိုက်ခွင့်ပြုရတယ်ဗျာ'လို့ ဖုန်ကျားရှင် ကိုယ်တိုင် ဝန်ခံပြောကြားခဲ့ပြီး 'စစ်တပ်က ဘိန်းမစိုက်ပါတဲ့၊ ဘိန်းခွန်သိမ်းတာလောက်ပဲ လုပ်ပါတယ်တဲ့။ ကိုးကန့်မှာ ရာခိုင်နှုန်း ၄၀ အခွန်ငွေက ဘိန်းစိုက်ပျိုးမှုကရတာ ဖြစ်ပါသတဲ့။' (စာ=၂၆၇)
    'ဘိန်းစိုက်တောင်သူတွေက တင်ပြကြတယ်။ အစားထိုးသီးနှံ စိုက်ပျိုးရာမှာ ဥပမာ လက်ဖက်ဗျာ။ ဘိန်းကရတဲ့ငွေနဲ့ ကုန်းနဲ့မြေလောက် ကွာခြားပါတယ်။ ရော်ဘာနဲ့ကြံ၊ တရုတ်ပြည်ဘက်က သကြားဈေးကို ချိုးနှိမ်ထားတယ်။ နန်းစစ်သကြားစက်ကလည်း အဝယ် မလိုက်တော့ပြန်ဘူး။ လက်ဖက်ခြောက်ကလည်း ရောင်း လို့မထွက်ဘူး။ တရုတ်ပြည်ဘက်မှာလည်း လက်ဖက်တွေက ဖောချင်းသောချင်းပဲလေ။ နန်းစစ်စက်ရုံက စီးပွား ဖြစ်ထုတ်လိုက်တာမှာ အရှုံးကြီးရှုံးလိုက်တာဗျာ။ ပြန်ပြီး နာလန်မထူနိုင်တော့ဘူး' (စာ-၂၇၃)
    ဒါကြောင့် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုက ကိုးကန့်ရဲ့ အသက်သွေးကြောဖြစ်နေဆဲ၊ ဥပဒေတွေ၊ အမိန့်တွေနဲ့ တားဆီးထားပေမယ့် လာရောက် စစ်ဆေးသူတွေ ရဲ့ မျက်ကွယ်မှာ ဘိန်းခင်းတွေ ဝေဆာနေဆဲ။ ဒါပေမဲ့ ဘိန်းစိုက်တောင်သူတွေကတော့ ဒုံရင်းဒုံရင်း ငမွဲငခြောက်တွေ ဆက်ဖြစ်ကြတယ်။ ဘိန်းပေါ်ချိန် ငွေမြင် ရတယ်ဆိုရုံပဲလို့ ဖော်ပြထားပါတယ်။ ဒီလိုနဲ့ လောက်ကိုင်ကို ဘိန်းတွေ လှိမ့်ဝင်နေဆဲဖြစ်ပြီး လောက်ကိုင်ဆိုတာ သမိုင်းမှာ ဘိန်းစုစည်းရာ၊ ဖြန့်ချိရာ နေရာဖြစ်တယ်'လို့ တရုတ်သတင်းစာဆရာက ဆိုပါတယ်။ ဟီးရိုးအင်း အလုပ်ရုံတွေ၊ ဘိန်းကို ပြုပြင်မွမ်းမံတဲ့ စက်ရုံအလုပ်ရုံ တွေအားလုံးက အင်မတန်နက်နဲလှတဲ့ တောတောင်တွေ အထဲမှာ တည်ဆောက်ထားကြပါတယ်။ အပြင်လူ လုံး၀ ဝင်လို့မရအောင် စီမံထားတာ ဖြစ်တယ်လို့ သိရပါတယ်။ (စာ-၂၇၅)
    ဘိန်းဟာ ကိုးကန့်ရဲ့ ရတနာသိုက်ကြီးသဖွယ် ဖြစ်လာပေမယ့် ဖုန်ကျားရှင်ဟာ ကိုးကန့်အမျိုးသားရေး ခေါင်းဆောင်အဖြစ် နိုင်ငံတကာကပါ အသိအမှတ်ပြုလာအောင် ဘိန်းပပျောက်ရေး အသံကောင်းဟစ်လာတယ်။ အဲဒီမှာ ဘိန်းလုပ်ငန်းကြောင့် အဆမတန် ချမ်းသာလာတဲ့ ကိုးကန့်တပ်ဖွဲ့ရဲ့ ဒုဦးစီးချုပ် ရန်မောက်လျှံနဲ့ ထိပ်တိုက်တွေ့ခဲ့တော့တာပါပဲ။ ရန်မောက်လျှံတို့မှာ ညီနောင်လေးဦးရှိပါတယ်။ ရန်မောက်လျှံနှင့် ရန်မောက်အန်းတို့က ကိုးကန့်မဟာမိတ်တပ်ဖွဲ့မှာ ဒုဦးစီးချုပ်နဲ့ နိုင်ငံရေး ဝန်ကြီးဌာန ဌာနမှူးရာထူးတွေ ဆုပ်ကိုင်ထားပါတယ်။ ရန်မောက်ရှူးနဲ့ ရန်မောက်စဲန့်တို့ကတော့ မူးယစ်ဆေးဝါး ကုန်သည်ကြီးတွေ ဖြစ်ပါတယ်။ ရန်မောက်လျှံက ဖုန်ကျားရှင်ကို စိန်ခေါ်တိုက်ခိုက်ရာမှာ တပ်မှူးကြီး ဝေ့ချောင်ရင်က ရန်မောက်လျှံတို့ဘက်က ပါဝင်တိုက်ခိုက် ခဲ့ပါတယ်။ တိုက်ပွဲပေါင်း ၁၀ ကြိမ်မက ဖြစ်ခဲ့ရာ ဘယ် ဘက်ကမှ အပြတ်အသတ် မနိုင်ခဲ့ပါ။
    အဲဒီမှာ ရန်ညီနောင်ဟာ အင်အားတောင့်တင်းတဲ့ 'ဝ'တွေဆီ အကူအညီတောင်းပါတယ်။ အဲဒီတုန်းက 'ဝ'တပ်ဖွဲ့ဟာ ထိုင်း-မြန်မာနယ်စပ်မှာ ခွန်ဆာအုပ်စုနဲ့ အကြိတ်အနယ် တိုက်နေကြတဲ့အချိန် ဖြစ်တယ်။
    'ကိုးကန့်ဆိုတာက ခွန်ဆာစိုးမိုးတဲ့ လွယ်မော် တောင်တန်း တိုင်းရင်းသားတို့ရဲ့ အစဉ်အဆက် ကူးလူး ဆက်ဆံရတာဖြစ်တယ်။ ထိပ်ပိုင်းခေါင်းဆောင်အလွှာ အထူးသဖြင့် ဖုန်ကျားရှင်တို့၊ ခွန်ဆာတို့ရဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းကလည်း ဆက်စပ်မှုက ရှိနေပြန်ပါ သေးတယ်။ ခွန်ဆာအုပ်စုနဲ့ မဟာမိတ်ပြုထားတဲ့ ဖုန် ကျားရှင်အုပ်စုကို တိုက်ထုတ်ပစ်မှသာ နောက်ကျောလုံ မယ်လို့ 'ဝ'ခေါင်းဆောင်းတွေသုံးသပ်ပြီး ရန်ညီနောင် ဘက်က ကူတိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ 'ဝ'တပ်ဖွဲ့အင် အား ၁၅၀၀ ခန့်စေလွှတ်ပြီး ရန်ညီနောင်တို့နဲ့အတူ ဖုန်ကျားရှင်တပ်တွေကို တိုက်ပါတော့တယ်။ ဖုန်ကျားရှင် တို့ အရေးနိမ့်ပြီး ကိုးကန့်နယ်မြေကနေ ဆုတ်ခွာလိုက် ကြရတယ်။' (စာ-၂၂၂-ရှု)
    ၁၉၉၃ မေလ ဖုန်ကျားရှင်ကို အောင်နိုင်ပြီးနောက် ရန်မောက်လျှံဟာ ကိုးကန့်တပ်ဖွဲ့ရဲ့ စစ်သေနာ ပတိဖြစ်လာပါတယ်။ သူ့ညီ ရန်မောက်အန်းက ဒုစစ်သေနာပတိ နေရာယူလိုက်ပါတယ်။ ကိုးကန့်အုပ်ချုပ်ရေး အာဏာကို သိမ်းပိုက်ပြီး ဘိန်း၊ မူးယစ်ဆေးဝါး စီးပွား ရေးကို အကြီးအကျယ် မြှင့်တင်လိုက်လာကြပါတယ်။ ရန်ညီနောင်ဟာ ဖုန်ကျားရှင်ကို တိုက်ခဲ့စဉ်က 'ဝ'တပ်ဖွဲ့ ဆီက စစ်စရိတ်ငွေကြေးတွေ ချေးငှားခဲ့ရတော့ အလွန် ကြွေးထူနေပါတယ်။
    'လက်နက်ကိုင် အင်အားကို ထပ်ဆင့်ဖြည့် ဆည်းရတာကြောင့် ရန်ညီနောင်အုပ်စုတို့ အုပ်ချုပ်ရေး ကာလတစ်လျှောက်လုံး 'ဝ' အဖွဲ့အစည်းရဲ့ ကြွေးမြီတွေ အထပ်ထပ် တက်လာပါတယ်။ အချိန်တို အတွင်းမှာ ကြွေးပြန်မဆပ်နိုင်တဲ့ အနေအထားနဲ့ ရင်ဆိုင်တိုးနေပါတယ်။ ရန်မောက်လျှံ အုပ်ချုပ်မှုအောက်က ကိုးကန့်ဟာ 'ဝ'အဖွဲ့အစည်းရဲ့ အာဏာစက်အောက်ကို ကျရောက် နေသလိုဖြစ်ခဲ့ရပါတယ်။ 'ဝ'အဖွဲ့အစည်းရဲ့ ဖိအား အောက်မှာ တပ်ဖွဲ့ကို အသစ်တစ်ဖန်ပြန်လည် ဖွဲ့စည်း ပေးရပါတယ်' (စာ-၂၂၅)
    'ဝ'ခေါင်းဆောင်တွေဖြစ်တဲ့ လီတက်ဟွာ၊ လီနီမဲန်တို့ဟာ ကိုးကန့်တပ်တွေကို ချုပ်ကိုင်လာတယ်။ ရန်မောက်အန်းက မကျေနပ်လို့ တပ်မဟာမှူး လီတက်ဟွာ ရဲ့ နေရာမှာ သူ့သား 'ရန်ခေါရွှင်'ကို အစားထိုးခန့်အပ်တယ်။ 'ဝ'နဲ့ ကိုးကန့်တို့ကြား ပြဿနာတွေ စတင်လာခဲ့ ပြီလို့ ဆိုနိုင်ပါတယ်။ ရန်ညီနောင်တို့ရဲ့ မူးယစ်ဆေးဝါး ကုန်သွယ်မှုကြီးထားလာတာက တရုတ်ပြည်အတွက် အန္တရာယ်ရှိနေပါတယ်။ တရုတ်က ရန်ညီနောင်တို့ကို ပြစ်တင်ရှုတ်ချတဲ့အခါ ရန်ညီနောင်တို့ကလည်း တရုတ်ကို ပြန်လည်တုံ့ပြန်ဝေဖန်ကြပါတယ်။ လီတက်ဟွာတို့က တရုတ်ဘက်က ရပ်တည်ပြောဆိုလာတာကိုလည်း ရန်ညီ နောင်တို့က မကျေနပ်ပါ။
    'ရန်ညီနောင်တို့ဟာ 'ဝ'အဖွဲ့အစည်းရဲ့ ချုပ်ကိုင်မှုကို ဘယ်လိုမှ မလိုလားပါ။ 'ဝ'ခေါင်းဆောင်ပေါင့် ယိုရှန်အပေါ်မှာလည်း မလိုမုန်းထားရှိနေပြီး ၁၉၉၅ ခုနှစ်မှာ ကိုးကန့်ဘက်ကနေ စာတစ်စောင်ထုတ်ပြန်လိုက်ပါတယ်။ ကြေညာချက်စာတမ်းရဲ့ အကြမ်းဖျင်းအဓိပ္ပာယ်ကတော့ 'ကိုးကန့်ဒေသမှာ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားကြသူတွေ (အဓိကက တရုတ်ပြည်တွင်းဆီ  မူးယစ်ဆေးဝါးရောင်းဝယ်မှု) အားလုံးဟာ 'ဝ' အဖွဲ့အ စည်းတွေသာ ဖြစ်ပါတယ်။ ဒီထုတ်ပြန်တဲ့ သတင်းစာလွှာကို လီတက်ဟွာနဲ့ လီနီမဲန်တို့ကတစ်ဆင့် 'ဝ'အဖွဲ့ သို့ပေး ပို့လိုက်ပါတယ်' (စာ-၂၂၆)
    ဒီထုတ်ပြန်ကြေညာချက်ဟာ 'ဝ'အဖွဲ့ကို စစ်ကြေညာလိုက်သလို ဖြစ်သွားပါတယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး တရုတ်က 'ဝ'ကို ဖိအားပေးနေချိန်မှာ ဒီ ကြေညာချက် ပေါ်ထွက်လာတာ ယမ်းပုံပေါ် မီးကျသလို 'ဝ'အဖွဲ့ကို ဒေါသထွက်စေခဲ့တယ်။ ဒါ့ကြောင့် ကိုးကန့် အုပ်ချုပ်ရေးပိုင်းမှာ ရန်ညီနောင်ကို ဖယ်ရှားဖို့ ဆုံးဖြတ် လိုက်တယ်။ 'ဝ'တွေဟာ ကိုးကန့်ကို ကိုယ်တိုင်သွားမတိုက်ဘဲ ရန်ညီနောင်ရဲ့ လက်ချက်နဲ့ ထွက်ပြေးနေရတဲ့ ဖုန်ကျားရှင်ကို ဆက်သွယ် အသက်သွင်းလိုက်တယ်။ ၁၉၉၃ နိုဝင်ဘာလက ဖုန်ကျားရှင်ကို ရန်ညီနောင်နဲ့ ပေါင်းပြီး တိုက်ခဲ့တာလည်း 'ဝ'တွေပါပဲ။ အခု ရန်ညီနောင်ကိုတိုက်ဖို့ ဖုန်ကျားရှင်နဲ့ ပြန်ပေါင်းထုတ်တဲ့ ဇာတ်ရှုပ်ကြီး ဖန်တီးလိုက်တာလည်း 'ဝ'တွေပါပဲ။
    ဖုန်ကျားရှင်ဟာ အခွင့်အရေးကို လက်မလွတ်တမ်း အသုံးချလိုက်ပါတယ်။ သူ့သားမက် လင်ဗိန်စိန့် (စိုင်းလင်း)ရဲ့ တပ်အင်အား ၁၅၀၀ နဲ့အတူ ကိုးကန့်ကို အတင်းဖိတိုက်ပါတော့တယ်။ ရန်ညီနောင်မခံနိုင်တော့ဘဲ တပ်ရင်းတစ်ရင်းက မြန်မာအစိုးရဆီမှာ လက်နက် ချအလင်းဝင်သွားပါတယ်။ အင်အားနည်းသွားပြီဖြစ်တဲ့ ရန်ညီနောင်ဆီက ကိုးကန့်အာဏာကို ဖုန်ကျားရှင် ပြန် ရခဲ့ပါတယ်။
    ကိုးကန့်ရဲ့ အနေအထားကို တရုတ်သတင်းစာ ဆရာ ကဲ့စုရာက ကိုးကန့်မဟာမိတ်တပ်ဖွဲ့ရဲ့ ဒုတပ်မှူး ချုပ်ဝေ့ချောင်ရင်ကို စူးစမ်းမေးမြန်းကြည့်တယ်။ ဗိုလ် ချုပ်ဝေ့က ပွင့်ပွင့်လင်းလင်း ပြောပါတယ်။
    'ကိုးကန့်မှာ နှစ်ပေါင်း ၁၅၀၀ ကျော်တဲ့ ဘိန်းစိုက်ပျိုးရေးသမိုင်းကြောင်း ရှိနေပါတယ်။ ဘိန်းဟာကိုး ကန့်တိုင်းရင်းသားတွေရဲ့ သွေးအရည်ထဲမှာ နက်နက် ရှိုင်းရှိုင်းစိုက်ပျိုးထားပါတယ်။ ဘိန်းဟာ ခေတ်အဆက်ဆက် စားဝတ်နေရေးပြဿနာဖြစ်ပါတယ်။ အကယ်၍များ ဘိန်းမစိုက်ရတော့ဘူးဆိုရင် ဒီတောင်တန်းသား တွေဟာ ဘယ့်နှယ်လုပ်ပြီး ကိုယ့်အသက်ကိုယ်မွေးနိုင် တော့မှာလဲဗျ' (စာ-၂၆၂)
    'မူးယစ်ဆေးဝါး ထုတ်လုပ်မှုအပိုင်းမှာ အထူးဒေသခေါင်းဆောင်တွေမှာ တာဝန်ရှိပါတယ်။ အဓိပ္ပာယ် ကတော့ ခေါင်းဆောင်တွေလည်းပဲ ပါဝင်ထုတ်လုပ်နေပါ တယ်ဆိုတဲ့ သဘောပါပဲ။ လောက်ကိုင်ရဲ့ မြေအောက် လုပ်ငန်းတွေမှာ ဟီးရိုးအင်းပြုပြင်ထုတ်လုပ်တဲ့ စက်ရုံအလုပ်ရုံတွေ ရှိနေပါတယ်' (စာ-၂၆၃)
    တရုတ်သတင်းစာဆရာက ဗိုလ်ချုပ်ဝေ့ကို ဆက်ဗျူးပါတယ်။
    'ခင်ဗျားတို့ဆီမှာ ဘိန်းရောင်းပုံဟာ ဟင်းရွက် စည်းရောင်းသလိုမျိုးပဲလို့ ပြောကြတယ်။ အဲဒါ ဟုတ်ပါ သလား'
    'ခင်ဗျားကိုယ်တိုင် သွားကြည့်လေဗျာ'
    ဒါနဲ့သတင်းစာဆရာ ကဲ့စုရာလည်း မိတ်ဆွေ နှစ်ယောက်နဲ့အတူ လောက်ကိုင်မှာ လှည့်ပတ်ကြည့်ကြ တာပေါ့။ ကိုးကန့်ဘုရားကျောင်းကြီးရဲ့ နံရံဘေးမှာ ဘိန်းရောင်းဝယ်နေတာကို တွေ့လိုက်ကြတယ်။ အဲဒီ မြင်ကွင်းက တကယ့်ကို ဟင်းသီးဟင်းရွက်ရောင်းဝယ် နေကြတဲ့ အတိုင်းပါပဲ။ ဘာကိုမှ အမှုထားမနေဘဲ လုပ်ရိုးလုပ်စဉ်အတိုင်း အဆင်ပြေနေကြတယ်။' (စာ-၂၆၃)
    ကိုးကန့်မှာ မူးယစ်ဆေးဝါးနဲ့အပြိုင် အနိုင် ကြဲနေတာကတော့ လောင်းကစားလုပ်ငန်းများပါပဲ။ တရုတ်သတင်းစာဆရာက သူ့ကိုယ်တွေ့ကို ဒီလိုမှတ် တမ်းတင်ထားပါတယ်။
    'ကိုးကန့်ရဲ့ လမ်းအသွယ်သွယ်ပေါ်မှာလောင်း ကစားတွေက နေရာတကာမှာ တွေ့မြင်ရပါတယ်။ ကိုး ကန့်ရဲ့ လမ်းမကြီးတွေ၊ လမ်းသွယ်လမ်းမြောင်တွေမှာ အရောင်အသွေးစုံလင်လှတဲ့ လောင်းကစားဝိုင်းတွေက စီစီညံလှပါပေ့။ ဆိုင်းသံဗုံသံတညံညံ၊ မီးအိုးဗြောက်အိုး သံတို့ကလည်း ဝေေ၀လျှံလို့ပေါ့။ တစ်အိမ်နဲ့ တစ်အိမ်၊ တစ်ဝိုင်းနဲ့တစ်ဝိုင်း ဆက်လို့နေပါတယ်။ ပြောရမယ်ဆို ရင် အိမ်တိုင်း အိမ်တိုင်းနီးပါး ဝိုင်းတွေ ဖွင့်ထားကြပါ တယ်။ ဖုန်ကျားရှင်ကိုယ်တိုင် တက်ရောက်ပြီး ဖဲကြိုးဖြတ် အခမ်းအနား ဖွင့်ပေးပါတယ်။ လူတွေပြောကြတဲ့ စကားအရ သိရတာက ဥက္ကဋ္ဌဖုန်ကျားရှင်က ဒီလောင်းကစား ဝိုင်းရဲ့ ရာခိုင်နှုန်း ၈၀ ကို စိုးမိုးထားပါသတဲ့။ သူ့ရဲ့သားကြီး ဖုန်တက်ရင်ကလည်း အင်မတန်ခမ်းနားခန့်ထည်တဲ့ 'ရန်ဖုန်း' ပျော်စရာရွှင်စရာ ကစားပွဲကုမ္ပဏီ ကြီးကို ဖွင့်လှစ်ထားပါတယ်။ သူ့ရဲ့ တတိယမြောက်သားကတော့ ကိုးကန့်အထူးဒေသမှာ ဘဏ်တိုက်ဖွင့်ထားပါ တယ်။ ဖုန်မိသားစုတို့ဟာ အင်မတန်ခေတ်မီပြီး ကြီးကျယ်ခမ်းနား တဲ့ ရန်ဖုန်းဟိုတယ်ကြီးကိုလည်း ဖွင့်လှစ်ပြန်ပါ သေးတယ်။ (စာ-၂၄၃)
    'လောင်းကစား ကာစီနိုအဆောက်အအုံကြီး တွေရဲ့ရှေ့မှာ ခေတ်မီကားမျိုးစုံ ရပ်ထားတာကိုပါ တွေ့ မြင်ရမှာဖြစ်တယ်။ တရုတ်ပြည်က လာရောက်ကြသူတွေ လည်း မနည်းမနောပါဘဲ။ ကျားကျားမမ လောင်းကစား ရွှေဧည့်သည်တွေ စားပွဲခုံတွေနံဘေးမှာ အကျအနစတိုင် ထုတ်ကြပြီး ယွမ်ငွေစက္ကူတွေကို အရသာခံပြီး မျက်စိစား ပွဲထိုင်နေကြပါတယ်။ ဒီလမ်းမကြီးဟာဖြင့် အဝါရောင် ကာမဂုဏ်တွေ၊ လောင်းကစားတွေကို အဓိကထားတဲ့ လမ်းမကြီးပါ။ လမ်းမကြီးရဲ့ အစွန်ဆုံးထိပ်မှာတော့ ဖုန်ကျားရှင်ရဲ့ အိမ်ဂေဟာပဲ ဖြစ်ပါတယ်။ အဝင်တံခါးဝမှာ အစောင့်တပ်သားတွေက စောင့်ကြပ်နေကြတယ်။ ဘာ့ကြောင့်များလဲဆိုတော့ အဲဒီလမ်းမကြီးမှာ ဆောင်ကြာမြိုင်တွေကလည်း အများအပြား စုပြုံနေတာကြောင့်လည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်းပဲ အဲဒီဒေသကလူတွေက ဖုန်ကျားရှင်ကို နာမည်ကျော်ပြည့်တန်ဆာ အထိန်းအသိမ်း ကျွမ်းကျင်သူကြီးရယ်လို့ ခေါ်ကြပြန်သေးတယ်' (စာ-၂၄၄)
    တရုတ်သတင်းစာဆရာက 'အဆိပ်အတောက် ရွှေတြိဂံ'စာအုပ်မှာ အထက်ပါအတိုင်း မှတ်တမ်းတင် ဖော်ပြခဲ့ပါတယ်။ ရွှေတြိဂံရဲ့ အရိပ်ထိုးခံနေရတဲ့ ကိုးကန့်နယ်မြေမှာ မူးယစ်ဆေးဝါးနှင့် လောင်းကစားတို့သာ လွှမ်းမိုး မင်းမူနေတဲ့ သရုပ်သဏ္ဌာန်ကို အမှန်အကန် ဖော်ထုတ်တင်ပြသွားပါတယ်။        ။

မြတ်ဘုန်းသစ်
(TREND News ဂျာနယ်အတွဲ(၂)၊ အမှတ်(၄၇)တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။)

Total Views ~ 254

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42849

© 2022 - 2025 News. All Rights Reserved.