၂၀၂၄ ဒီဇင်ဘာ ၈
ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ)ရဲ့ ဥက္ကဋ္ဌကြီး ဦးသုဝေရဲ့ 'ပါလီမန်ဒီမိုကရေစီနှင့် ကျွန်တော်'စာအုပ်ကို ၂၀၁၂ နိုဝင်ဘာလမှာ လွင်ဦးစာပေက ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်ဟာ မြန်မာ့ခေတ်ပြိုင် နိုင်ငံရေးကို တစ်ထောင့်တစ်ကွေ့က ပုံရိပ်ထင် ရေးသားထားတဲ့စာအုပ် ဖြစ်ပါတယ်။ အဲဒီခေတ်က နိုင်ငံပိုင်သတင်းစာတွေမှာ 'ပြည်ပြေး'အဖွဲ့လို့ တံဆိပ်ကပ်ခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း ဦးနုဦးဆောင်တဲ့ ပါလီမန်ဒီမိုကရေစီပါတီ(PDP)ရဲ့ အတွင်းရေးများကို မှတ်တမ်းတင် ရေးသားထားတာ တွေ့ရပါတယ်။ ထိုင်းနိုင်ငံမှာ အခြေစိုက်လှုပ်ရှားခဲ့တဲ့ PDP မှာ ဦးနု၊ ဗိုလ်လက်ျာ၊ ဗိုလ်ရန်နိုင်၊ ဗိုလ်တီကလစ်၊ ဗိုလ်ချုပ်စောကြာဒိုး၊ ဦးလောရုံ၊ ဦးသွင် စတဲ့ ထင်ရှားသူတွေနဲ့အတူ စာရေးဆရာ ရန်ကုန်ဘဆွေ ပါဝင်လာခဲ့တာကိုလည်း စိတ်ဝင်တစား ဖတ်မှတ်ခဲ့ရပါတယ်။
စာပေအနုပညာလောကမှာ ထင်ပေါ်ကျော်ကြားခဲ့တဲ့ ဆရာရန်ကုန်ဘဆွေဟာ ထူးချွန်တဲ့ စစ်ရေး ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။ ၂၀၀၃ ဧပြီလမှာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေးဦးစီးဌာန(ရုံးချုပ်)စာတည်းအဖွဲ့က စုဆောင်းပြုစုခဲ့တဲ့ 'နှစ်ဆယ်ရာစု မြန်မာစာရေး ဆရာများနှင့် စာစုစာရင်း' စာအုပ်မှာ ဆရာရန်ကုန်ဘဆွေ အကြောင်းကို အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
'၁၉၃၅ ခုနှစ်တွင် သူရေးသောစာများ ပုံနှိပ်စာလုံး ဖြစ်လာသည်။ ၁၉၄၁ တွင် နဂါးနီဂျာနယ်၌ ဘဆွေအမည်တူနှစ်ဦး ဖြစ်နေသဖြင့် ၎င်းင်းက ရန်ကုန်ဘဆွေဟု အမည်ယူခဲ့သည်။ ရန်ကုန်ဘဆွေသည် ဂျပန်တော်လှန်ရေးကာလတွင် ဖျာပုံခရိုင် မြေအောက်တော် လှန်ရေးခေါင်းဆောင် ဖြစ်ခဲ့သည်။ စစ်ပြီးသောအခါ တပ်တွင်လည်း အမှုမထမ်း၊ နိုင်ငံရေးတွင်လည်း မပါဝင်ဘဲ စာပေနှင့် အနုပညာ လောကတွင်သာ ကျင်လည်နေထိုင်သည်။ ရန်ကုန်အစိုးရဖြစ်ချိန်တွင် စစ်တပ်သို့ ခေတ္တမျှ ပြန်လည် ဝင်ရောက်ခဲ့သည်။'
'ရန်ကုန်ဘဆွေသည် စာပေတွင်သာမက ပန်းချီ၊ ပြဇာတ်နှင့် ရုပ်ရှင်တွင်လည်း နှံ့စပ်ပေါက် မြောက်သည်။ သူ၏ ပန်းချီကားများနှင့် ပြဇာတ်များသည် အောင်မြင်ကျော်ကြားသည်။ ရန်ကုန်ဘဆွေသည် တည်မြဲ-သန့်ရှင်း ကွဲချိန်တွင် မီးဒုတ်သတင်းစာကို ဦးစီးထုတ်ဝေပြီး တည်မြဲဘက်မှ ရပ်ခဲ့သည်။ မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။' (စာ-၂၆၉)
ဆရာရန်ကုန်ဘဆွေရဲ့ စစ်မြေပြင် အတွေ့အကြုံဝတ္ထုများကလည်း အလွန်ထင်ရှားခဲ့ပါတယ်။ ၁၉၆၀ ပြည့်နှစ်ထုတ် တိုက်ပွဲဟူသည်၊ ၁၉၆၁ ထုတ် ချီလေသော်လည်း၊ ၁၉၆၃ ထုတ်တိုက်ယူရသည့် မျက်ရည်တစ်ပေါက်စတဲ့ ဝတ္ထုတွေဟာ စစ်ရေးဆိုင်ရာ ထင်ရှားတဲ့ဝတ္ထုများ ဖြစ်ပါသည်။ ၂၀၁၆ မတ်လထုတ် ဆရာလှသောင်းရဲ့ 'အလင်းရောင်စစ်ဆင်ရေး'စာအုပ်မှာလည်း KNDO (ကရင်တပ်ဖွဲ့) တွေရဲ့ လက်ထဲက တိုင်းမှူးဗိုလ်မှူးကြီး မောင်မောင်နဲ့ မြန်မာစစ်အရာရှိ သုံ့ပန်းများကို ကယ်တင်ရာမှာ ရန်ကုန်ဘဆွေရဲ့ ပြောက်ကျားတပ်ဖွဲ့တွေ ပါဝင်ခဲ့ပုံကို မှတ်တမ်းတင်ထားတာ တွေ့ရပါတယ်။ အလင်းရောင်စစ်ဆင်ရေးအကြောင်းကို ၂၀၂၄ ဇူလိုင် ၄-၁၀ ထုတ် TREND ဂျာနယ်မှာ ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
ဆရာရန်ကုန်ဘဆွေဟာ ဖဆပလခေတ်ရဲ့ လူမှုရေးအနိဋ္ဌာရုံတွေနဲ့ နိုင်ငံရေး ညစ်ကွက်တွေကို မကျေနပ်လို့ 'ကိုကြီးကောင်း'ပြဇာတ်ကိုရေးပြီး ဝန်ကြီးချုပ်ဦးနုကို သရော်ခဲ့သူ ဖြစ်ပါတယ်။ ဦးနုကို ဆော်ခဲ့တဲ့ ရန်ကုန်ဘဆွေဟာ ဦးနုတည်ထောင်ခဲ့တဲ့ PDP ကို ရောက်လာတာ ပြောစကား ဖြစ်ခဲ့ပါတယ်။
ဆရာရန်ကုန်ဘဆွေဟာ ဗိုလ်မှူးအောင် (ရဲဘော်သုံးကျိပ်)နဲ့အတူ ပြည်ချစ်အလယ်ပိုင်းတိုင်း (မြဝတီ-မဲဆောက်ဝန်းကျင်) သို့ ၃၀-၇-၇၂ မှာ ရောက်ရှိလာတယ်လို့ ဆိုပါတယ်။
'ပြည်ချစ်တပ်မတော်ဌာနချုပ်က ဗိုလ်မှူး အောင်ရော၊ ရန်ကုန်ဘဆွေကိုပါ နှစ်ဦးလုံးကို ခေါင်းဆောင်များအနေနဲ့ ကြိုဆိုပါတယ်။ ယုံယုံကြည်ကြည် တာဝန်ပေးတယ်။ ရှေးဦးစွာ ပြည်ချစ်တပ်စခန်းတွေကို လိုက်ပြီး လေ့လာခိုင်းတယ်။ လိုအပ်တဲ့ အကြံဉာဏ်ပေး နိုင်အောင်ဆိုတဲ့ သဘောပါပဲ။ နောက်ပြီး စစ်ကောင်စီဌာနချုပ် ဝါဒဖြန့်ချိရေးစာတမ်းတွေကို ရေးသားထုတ်ဝေစေတယ်။ မူလက (PDP) မှာစစ်ရေး၊ နိုင်ငံရေးနှစ်ပိုင်းခွဲ ထားပြီး နိုင်ငံရေးကို ဥက္ကဋ္ဌကြီးဦးနု ဦးဆောင်တယ်။ စစ်ရေးပိုင်းကို ဗိုလ်ချုပ်ကြီးလက်ျာက ဦးဆောင်တယ်။ နိုင်ငံရေးပိုင်းရဲ့အောက်မှာ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ အသံလွှင့်ဌာနရှိတယ်။ အဲဒီမှာ ကျွန်တော်တို့ တာဝန်ယူကြတယ်။ ရန်ကုန်ဘဆွေတို့ ရောက်လာချိန်မှာ ဥက္ကဋ္ဌကြီး ဦးနုအပါအဝင် အမှုဆောင်အချို့နဲ့ ကျန်အမှုဆောင်များ (ပြည်ထောင်စုတွင်းမှ ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်) ပြဿနာအပေါ် သဘောကွဲလွဲပြီး ဥက္ကဋ္ဌရာထူးမှ ထွက်သည်အထိ ဖြစ်နေပြီ။ အဲဒါကြောင့် နိုင်ငံရေးဌာနမှာ တာဝန်ထမ်းဆောင်နေသူများနဲ့ ပြည်ချစ်လူငယ် တပ်ပေါင်းစုကို ဥက္ကဋ္ဌကြီး ဦးနု ဘက်မှာပါပဲ။} (ဦးသုဝေ၊ စာ-၁၄၅)
ဆရာရန်ကုန်ဘဆွေ ရောက်လာချိန်မှာ PDP မှာ အက်ကြောင်းတွေ အစိတ်စိတ်ကွဲနေပါပြီ။ ညီညွတ်ဟန်ဆောင်ထားကြပေမယ့် ပြိုကွဲတော့မယ့် အရိပ်အယောင်တွေ ထင်ဟပ်နေခဲ့ပါပြီ။ (ဒီအကြောင်းတွေ အလျဉ်းသင့်ရင် ဆက်ရေးပါမယ်)
'သို့မို့လို့ ရန်ကုန်ဘဆွေကို သုံးပြီး ပါတီကြေညာချက်တွေ ထုတ်တယ်။ သို့သော် ရှိပြီးသား စိတ်ဓာတ်စစ်ဆေးရေးဌာနနဲ့ ဝိရောဓိမဖြစ်ရလေအောင် ' PDP ပြန်ကြားရေးဌာနမှ ထုတ်ဝေသည်'လို့ သုံးစွဲလိုက်တယ်။ ဒါကို ဘယ်သူမှ အငြင်းမပွားကြပါဘူး။ ရန်ကုန်ဘဆွေဟာ နာမည်ကြီးသတင်း စာဆရာ၊ စာရေးဆရာပဲ၊ တော်လှန်ရေးသမား လက်ဟောင်းတစ်ယောက်ပဲ၊ သူ့အရေး အသားတွေဟာ ပြောင်မြောက်ပါတယ်။'
'အဲဒီနောက် ပြည်ချစ်စစ်တိုင်းတွေကို သူသွားရောက်လေ့လာပြီးဖြစ်လို့ တပ်နဲ့ပတ်သက်တဲ့ လမ်းညွှန်ချက်တွေကို ထုတ်ပြန်လိုက်တယ်။ ၁၉၇၂ ခုနှစ် အကုန်လောက်မှာပဲ စစ်တိုက်ခိုက်ရေးနဲ့ ပတ်သက်ပြီး စစ်ကောင်စီကို တင်ပြတယ်။ ဆိုလိုတာကတော့ ရန်ကုန်ဘဆွေကို (PDP) ဌာနချုပ်နဲ့ ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်တို့မှ အရေးတယူ အခွင့်အရေး ပေးပါတယ်။ သို့သော် စစ်တိုင်းတွေက ဆရာလာလုပ်မယ့် မည်သူကိုမှ လိုချင် ဟန်မရှိဘူး။ ဒါကြောင့် သူကိုယ်တိုင် စစ်တိုက်ပါ့မယ်။ ရှေ့ကနေ တိုက်ပါ့မယ်လို့ အဆိုပြုသော်လည်း ဘယ်တိုင်းကမှ ရန်ကုန်ဘဆွေကို ဖိတ်ခေါ်ခြင်း မရှိပါဘူး။' (စာ-၁၄၆)
'တကယ်တမ်းအားဖြင့်လည်း ဘယ်စစ်တိုင်းကမှလည်း ထိထိရောက်ရောက် မတိုက်ကြဘူးလို့ ဗိုလ်ချုပ်ကြီး လကျ်ာက ယူဆတယ်။ ဒါ့ကြောင့် ရန်ကုန်ဘဆွေကို အထူးတပ်မှူးခန့်ပြီး စစ်ဆင်ရေးတစ်ခုကို ခေါင်းဆောင်စေပါတယ်။ အဲဒီစစ်ဆင်ရေးကို 'နောင်ရိုး' စစ်ဆင်ရေးလို့ အမည်ပေးထား ပါတယ်။ ပြည်ချစ်စစ်တိုင်းတွေ အားလုံးမှ တစ်တိုင်းကို အင်အား ၄-၅၀၀ စီ ထုတ်နုတ်ပြီး အစုစု တပ်သားတစ်ထောင်ကျော်ကို အသုံးပြု ရန်ဖြစ်တယ်။ ဌာနချုပ်ရဲ့ အစီအစဉ်ဆိုတော့ စစ်တိုင်းတွေ အားလုံးကလည်း သူတို့ တာဝန်ကျတဲ့ တပ်အင်အားကို ချိန်းဆိုခေါ်ယူတဲ့ အချိန်မှာ ပို့ပေးပါမယ်လို့ ကတိပြုကြတယ်။ ဒီကတိ ဘယ်လောက်ထိ တည်မယ်၊ ဘယ်လောက် ယုံကြည်အားတက်မှု ရှိတယ်ဆို တာကတော့ တပ်အပ်မပြောနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ စစ်ဆင်ရေးကြီးပျက်ပြီး စစ်တိုက်တဲ့အထိ မရောက်လိုက်လို့ ဖြစ်ပါတယ်။' (စာ-၁၄၆)
'နောင်ရိုးစစ်ဆင်ရေးရဲ့ အဓိက ရည်မှန်းချက်ကတော့ ကော့သောင်း၊ တနင်္သာရီနဲ့ မြိတ်မြို့ကို တစ်ပြိုင်နက်တည်း သိမ်းယူမယ်၊ တပ်သားသစ်တွေ ချက်ချင်းစု၊ အုပ်ချုပ်ရေးနှင့်တကွ အခိုင်အမာ တပ်စွဲနေဖို့ ဖြစ်တယ်။ နောင်ရိုးစစ်ဆင်ရေးကို ခေါင်းဆောင်မှာကတော့ ဗိုလ်ချုပ်ရန်ကုန်ဘဆွေ ယူမယ်။' (စာ-၁၄၇)
ဗိုလ်ချုပ်ကြီးလကျ်ာက စစ်တိုင်းတွေကြား စိတ်ဝမ်းကွဲနေမှုကို နောင်ရိုးစစ်ဆင်ရေးဖြင့် ပြန်ပေါင်းစည်းမိအောင် လုပ်ချင်ပုံရပါတယ်။ ဒါပေမဲ့ ...
၁။ ရန်ကုန်ဘဆွေက တကယ်ရော တိုက်မှာလား။
၂။ တိုင်းခေါင်းဆောင်တွေက ရန်ကုန်ဘဆွေအပေါ်မှာ တကယ်ယုံကြည်သလား။
၃။ တိုင်းခေါင်းဆောင်တွေအနေနဲ့ ဒီစစ်ဆင်ရေးဟာ အောင်မြင်မယ်၊ အကျိုးရှိမယ်လို့ တကယ်ယုံကြည်သလား။
၄။ ရန်ကုန်ဘဆွေကရော တိုင်းခေါင်းဆောင်တွေအပေါ် ယုံကြည်ရဲ့လား။
"ကျွန်တော် အကဲခတ်ကြည့်ရသလောက်ဘယ် စစ်တိုင်းကမှ ရန်ကုန်ဘဆွေအပေါ် ယုံကြည်မှု မရှိဘူး။ ပုဂ္ဂိုလ်ရေးအရ မကြိုက်ဘူး။ အရည်အချင်းရှိတယ်လို့ တကယ် မယုံကြည်ဘူး။ ရန်ကုန်ဘဆွေ ခေါင်းဆောင်လို့ အောင်မြင်သွားမှာကိုလည်း မလိုလားဘူး။ နောင်ရိုးစစ်ဆင်ရေးစခန်းက ဗိုလ်မှူး တင်မောင်ဝင်းရဲ့ အထူးတိုင်း (၁)မှာ ပြုလုပ်ထားတော့ နီးနီးကပ်ကပ် ပိုပြီး ဆက်ဆံကြရတယ်။ အထူး တိုင်း(၁)မှာ လက်နက်ကိုင် တိုက်ခိုက်နိုင်သူ အင်အား ၃၇၅ ယောက် ရှိတယ်။ အမျိုးသမီးနဲ့ ကလေး ၆၀ ရှိတယ်။ အမ်-၁၆ က အလက် ၁၀၀၊ အိတ်ချ်ကေ ၄၇ က အလက် ၃၀၀၊ ကျည်ဆန်က သုံးသိန်းကျော်၊ အမ် ၇၉ က ၁၇ လက်၊ ကာဘိုင်နဲ့ သေနတ်အတိုများ ရှိတယ်။"
'တပ်ခေါင်းဆောင်များဖြစ်တဲ့ ဗိုလ်မှူးတင်မောင်ဝင်းနဲ့ ဗိုလ်မှူးအောင်လက်ျာတို့ကလည်း အခြားတိုင်းမှူးများနည်းတူ ရန်ကုန်ဘဆွေကို သဘောကျဟန် မတူကြဘူး။ ဒါကို ရန်ကုန်ဘဆွေကလည်း သိတယ်။ နောင်ရိုးစစ်ဆင်ရေးကို ရန်ကုန်ဘဆွေ ခေါင်းဆောင်ပြီး ပြင်ဆင်နေချိန်မှာ ဗိုလ်မှူးတင်မောင်ဝင်း၊ ဗိုလ်မှူးအောင် လကျ်ာတို့က စိတ်မပါသကဲ့သို့ ရှောင်တောင်တောင်လုပ် နေကြတယ်။ ရန်ကုန်ဘဆွေကို ပုဂ္ဂိုလ်အရ မကြိုက်လို့လား၊ စစ်ဆင်ရေးမူကို မကြိုက်လို့လား ဆိုတာတော့ မရှင်းဘူး' (စာ-၁၅၁)
အဲဒီမှာ ရန်ကုန်ဘဆွေက တာဝန်ရှိတဲ့ ဗိုလ်မှူးနှစ်ယောက်က ခပ်ရှောင်ရှောင် လုပ်နေတဲ့အတွက် ဗိုလ်ကြီးနှစ်ယောက်ကိုဖဲ့ စည်းရုံးတယ်။ ဒီလိုနဲ့ သံသယတွေ ကြီးထွားလာပြီး ၂၉-၉-၇၃ မှာ အထူးတိုင်း(၁) ဟာ ပြည်ချစ်တပ်မတော်ကနေ ခွဲထွက်သွားတယ်လို့ ဆိုပါတယ်။
'ဘာပဲဖြစ်ဖြစ် ပြည်ချစ်တပ်မတော်ဟာ ထပ်ပြီး ကွဲသွားရပြန်ပါပြီ။ နောင်ရိုး စစ်ဆင်ရေးလည်း ပျက်သွားရတယ်။ မူလကတည်းက ဘယ်သူ့ကြောင့်များ ပျက်မလဲ၊ ဂရုပြုစောင့်ကြည့်နေတုန်း စစ်ဆင်ရေးအတွက်လည်း ရက်လည်း သတ်မှတ်လိုက်ပြီး တပ်တွေကိုလည်း စုရပ်သို့ ချိန်းဆိုလိုက်ပြီ၊ အဖြေ မပေါ်ခင် လက်တွေ့ ဖျက်ဆီးလိုက်တဲ့ တရားခံကတော့ ဗိုလ်မှူးတင်မောင်ဝင်း ဖြစ်သွားတယ်။' (စာ-၁၅၄)
'ဒီစစ်ဆင်ရေးပျက်လို့ တကယ်စိတ်မကောင်း သူကတော့ ဗိုလ်ချုပ်ကြီးလကျ်ာပဲ။ တပ်တွေကို ထိထိရောက်ရောက် တိုက်ခိုင်းတိုင်း ဘယ်သူမှ မလိုက်နာ၊ ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ မကျေမနပ်ဖြစ်ရာက နောင်ရိုးစစ်ဆင်ရေးဟာ တကယ်လုပ်မယ်လို့ အားထား နေခဲ့တာကိုး။ PDP ကို ထောက်ခံ သူများအတွက်လည်း မျက်နှာပန်းလှမယ်။ ရှုံးတာနိုင်တာ အပထားလို့ မိမိတို့တာဝန်ကျေအောင် ကြိုးစားသမှုပြုရာ ကျတယ်။ တပ်အင်အား ၄၀၀ လောက် ထွက်သွားတော့ရော ဘာဖြစ်သလဲ။ ကျန်တဲ့တပ်တွေနဲ့ ဆက်တိုက်ပေါ့။ အခုတော့ ပျက်သွားတဲ့ စစ်ဆင်မှုကိုသာ ရမယ်ရှာပြီး ယခင်အတိုင်း အီးရော အီးရော ဖြစ်သွားကြတယ်။' (စာ-၁၅၆)
'နောင်ရိုးစစ်ဆင်ရေး ပျက်သွားပြီးနောက် ပြည်ချစ်တောင်ပိုင်းတိုင်းကို အခြေခံလို့ စစ်ဆင်ရေး လုပ်ဖို့အတွက် ရန်ကုန်ဘဆွေက ဆက်လက်ကြိုးစားပါတယ်။ သို့သော် အဆင်မပြေဘူးဆိုပြီး ဘန်ကောက် ပြန်ရောက်လာကြတယ်။ အခုလို အဆင်မပြေ ဖြစ်ရတာတွေဟာ တစ်နေရာတစ်ထောင့်က ချွတ်ယွင်းလို့ မဟုတ်ဘူး။ ပါတီတစ်ခုလုံး စနစ်တကျဖြစ်အောင် ပြန်လည်စည်းရုံးဖို့ အရင်လုပ်ကြရအောင်လို့ ကျွန်တော်က ရန်ကုန်ဘဆွေ ကိုပြောတော့ သူယုံကြည်မှု မရှိတော့ဘူးလို့ ဖြေတယ်။ အဲဒီအချိန်ကစပြီး ပန်းချီဆွဲခြင်းဖြင့် စီးပွားရှာမယ်။ သူ့နည်းသူ့ဟန်နဲ့သာ တော်လှန်ရေးဆက်လုပ်မယ်။ PDP နဲ့ ပြည်ချစ်တပ်မတော်ကို စိတ်မဝင်စားတော့ဘူးဆိုတဲ့အတွက် ဘန်ကောက်က ကျွန်တော်တို့အိမ် အနီးအနားမှာပဲ ရန်ကုန်ဘဆွေ၊ မြောင်းမြဘဆွေ၊ ကိုရင်မန်း၊ ကိုမုန်တိုင်းတို့ အိမ်ငှားနေကြတယ်။ တစ်လ ဘတ်(၇၀၀)နဲ့ ၁၉၇၃ ခုနှစ် ဇန်နဝါရီလမှစပြီး ကျွန်တော်ပဲ ငှားပေးပါတယ်။' (စာ-၁၅၈)
ပန်းချီဖြင့် စီးပွားရှာတယ်ဆိုပေမယ့် ရန်ကုန် ဘဆွေဟာ ပါတီကပေးတဲ့ ထောက်ပံ့ကြေးနဲ့ပဲ ရပ်တည် နေရတယ်လို့ ဆိုပါတယ်။ PDP ပါတီရဲ့ ထောက်ပံ့ကြေး ယူထားပေမယ့် ပါတီနဲ့လည်း ကင်းလွတ်နေတယ်။ ၁၀-၆-၇၄ ရက်မှ ၁၂-၆-၇၄ ရက်အထိ ပေါက်ကျိုင်းစခန်းမှာ ကျင်းပတဲ့ PDP ဗဟိုကော်မတီညီလာခံသို့လည်း ဖိတ်ကြားခြင်း မခံရဘူး။ ပါတီညီလာခံအပြီး ၁၄-၆-၇၄ ရက် မှာတော့ ထောက်လှမ်းရေးမှတစ်ဆင့် သူ့ဇနီးဒေါ်မြမြစိန် ပေးပို့လိုက်တဲ့စာ ရောက်လာပါတယ်။ စာထဲမှာ မြန်မာ နိုင်ငံပြန်လာဖို့ သူ့ဇနီးက ရေးထားတယ်။ တစ်ပါတီစနစ် ရှိနေသမျှ မပြန်ဘူးလို့ ရန်ကုန်ဘဆွေက ဆိုတယ်။ PDP က ရန်ကုန်ဘဆွေကို ဘန်ကောက်မှာ မထားတော့ဘဲ 'စန္ဒရ'ကို ပို့လိုက်တယ်။ စန္ဒရမှာ PDP ရဲ့ အသံလွှင့်ဌာန ရှိတယ်။ ရန်ကုန်ဘဆွေက ဆောင်းပါးရေးခြင်း၊ အသံလွှင့်ခြင်းဖြင့် ကူညီတယ်လို့ ဆိုတယ်။ အဲဒီအချိန်မှာ သူ့ဇနီးက ကိုတင်ရွှေနှင့် ကိုလှထွန်းဆိုသူ နှစ်ယောက်ကို လွှတ်ပြီး ဆက်သွယ်လာပြန်တယ်။ သူ့ဇနီးမှာကြားလိုက်တဲ့ အကြောင်းအရာတွေက ကြီးကျယ်လွန်းတဲ့အတွက် ဗိုလ်ချုပ်ကြီး စောကြာဒိုးထံ စာရေးတင်ပြခဲ့တယ်လို့ ဆိုပါတယ်။
သူ့ဇနီးဟာ ဗိုလ်ချုပ်ကြီးနေဝင်းနှင့် နှစ်ကြိမ် တွေ့ခွင့်ရခဲ့ကြောင်း၊ ဗိုလ်ချုပ်ကြီးနေဝင်းက စစ်ဘက်က မဟုတ်သော တာဝန်ခံတစ်ယောက်နဲ့ လွှဲပေးကြောင်း၊ အဲဒီတာဝန်ခံရဲ့ ခွင့်ပြုချက်အရ လူနှစ်ယောက်ကို လွှတ်လိုက်ကြောင်း ရန်ကုန်ဘဆွေ ဦးဆောင်တဲ့ PDP ကိုယ်စားလှယ်များနဲ့ ဆွေး နွေးမည်ဖြစ်ကြောင်း သဘောတူမတူ အကြောင်းပြန်ရန်နှင့် ပုဂ္ဂိုလ်ရေးအားဖြင့် ပြန်လာလျှင် နေထိုင်လုပ်ကိုင် စားသောက်ရေး အဆင်ပြေစေရမည်၊ ရုပ်ရှင်နှင့် စာပေထုတ်လုပ်ရေးများအတွက် အကူအညီ ပေးမည်။ (ပြန်လာမည်ဆိုလျှင် ဂုဏ်သိက္ခာ မထိခိုက်စေရန် အစိုးရအနေဖြင့် 'ဆွေးနွေးညှိနှိုင်းရန်အတွက် ဖိတ်ခေါ်သည်'ဟု တရားဝင်ကြေညာပေးမည်)ဆိုတဲ့အချက်တွေ ပါဝင်ကြောင်း ဖော်ပြထားပါတယ်။ (စာ-၁၆၆)
ရန်ကုန်ဘဆွေရဲ့ ပြန်ကြားချက်ကတော့ တစ်ပါတီစနစ်ရှိနေသမျှ ပြန်မလာဆိုတာပါပဲ။ သူ့သမီးနှစ်ယောက်နဲ့ သမက်တို့လည်း ရောက်လာကြတယ်။ အဲဒီအချိန်မှာ PDP ရဲ့ ထိပ်တန်းခေါင်း ဆောင်တွေဖြစ်တဲ့ ဗိုလ်လကျ်ာ၊ ဗိုလ်ရန်နိုင်၊ ဗိုလ်မှူးအောင်ဆိုတဲ့ ရဲဘော်သုံးကျိပ်ဝင်တွေလည်း အချင်းချင်း အစေးမကပ်တော့ဘဲ ကွဲပြဲနေချိန် ဖြစ်တယ်။ ဗိုလ်ရန်နိုင်ရဲ့ သားအကြီး ရန်မျိုးနိုင်က ငှက်ဖျားရောဂါနဲ့ သေသွားခဲ့ပြီး သားအငယ် ရန် လင်းနိုင်က ဘုရားသုံးဆူ အနီးမှာ စခန်းချထားတဲ့ နဂါးမောက်တပ်မှာ ဗိုလ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတယ်။ ဗိုလ်ရန်နိုင်ရဲ့ တောင်ပိုင်းတိုင်းကို ပြည်ချစ်တပ်မ တော်ထဲက ထုတ်ပယ်လိုက်တာရယ်၊ ဦးလေးဖြစ်သူ ဇာလီမော် (ဒေါက်တာဘမော်ရဲ့ သား) အပြစ်ရှိလို့ ပါတီက နုတ်ထွက်သွားတာရယ်ကြောင့် ရန်လင်းနိုင်ဟာ စိတ်ညစ်ပြီး အရက်သောက်၊ ဖဲရိုက်နဲ့ ဟော့ဟော့ရမ်းရမ်းဖြစ်နေရာက ရန်ကုန်ဘဆွေနဲ့ ပုလင်းတူဘူးဆို့ ဖြစ်လာတယ်လို့ ဆိုတယ်။(စာ-၂၄၀-ရှု)
၂၈-၁-၇၆ မှာ ရန်ကုန်ဘဆွေနဲ့ ကိုရန်လင်းနိုင်တို့ အရက်အတူသောက်ရင်း အချင်းများကြပုံ ရတယ်။ ရန်ကုန်ဘဆွေက လက်ဦးမှုယူပြီး ပစ်သတ်လိုက်တယ်။ ရန်လင်းနိုင် သေနတ်ဒဏ်ရာ လေးချက်နဲ့ သေနေတာ တွေ့ရတယ်။
'ရန်ကုန်ဘဆွေကို ရန်လင်းနိုင်သတ်တဲ့အမှုနဲ့ ၂၉-၁-၇၆ မှာ ထိုင်းရဲက ဖမ်းလိုက်တယ်။ သူ့သမီး အောင်သူမလည်း အတူအဖမ်းခံရတယ်။ သူတို့ကို ကန်ကျနဘူရီက အကျဉ်းထောင်သို့ ပို့လိုက်တယ်။ ဧပြီ ၁၇ ရက်မှာထင်တယ်။ ဗိုလ်ချုပ်ကြီးလကျ်ာက ရန်ကုန်ဘဆွေ လွတ်အောင် ပိုက်ဆံပေးချင်ပေး ရပါစေ သွားပြီးကြိုးစားပါလို့ ကျွန်တော့်ကို ပြောတယ်။ ဌာနချုပ်မှ ငွေ ၃၇၀၀ ပေးပြီး၊ ရန်ကုန်ဘဆွေ လွတ်ရေးအတွက် ၃-၅-၇၆ မှာ သွားလုပ်ခိုင်းပါတယ်။ ရန်ကုန်ဘဆွေတို့ သားအဖကို စန္ဒရမှ ဘုရားသုံးဆူ အဲဒီကမှ KNU အကူအညီနဲ့ တောလမ်းအတိုင်း မဲဆောက်ကို သွားကြရတယ်။ ပြည်ချစ် အလယ်ပိုင်းတိုင်း ရောက်တဲ့အခါ အားသစ်သတင်းစဉ်ကို တာဝန်ယူ လုပ်ကိုင်ပေးတယ်။ အလယ်ပိုင်း တပ်ပျက်တော့ ဘန်ကောက် ပြန်ရောက်ကြတာပေါ့။' (ဦးသုဝေ၊ စာ-၁၆၄)
ပါတီစုံစနစ်ကို ထူထောင်ဖို့ တိုက်ပွဲဝင်နေပါ တယ်ဆိုတဲ့ ပါလီမန်ဒီမိုကရေစီပါတီ(PDP)ဟာ ပါတီတွင်း အားပြိုင်မှုတွေ၊ ခြစားမှုတွေနဲ့ ပြိုကွဲသွားပြီးတဲ့ နောက် ဆရာရန်ကုန်ဘဆွေတစ်ယောက် ဆောက်တည်ရာမဲ့ ဖြစ်လာပါတယ်။ တစ်ပါတီစနစ်ရှိနေသမျှ မြန်မာ ပြည်မပြန်ဘူးလို့ ကြွေးကြော်ခဲ့တဲ့ ဆရာရန်ကုန်ဘဆွေဟာ ၁၉၈၀ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးချိန်မှာ မြန်မာပြည်ပြန်ရောက်လာပြီး တစ်ပါတီစနစ်အောက်မှာပဲ ဘဝနိဂုံး အဆုံးသတ်သွားခဲ့ရှာပါတယ်။
(မြတ်ဘုန်းသစ်)
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )