၂၀၂၃ ဒီဇင်ဘာ ၂၂
ဒီမိုကရေစီစနစ်ကိုအခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးသည် လူတစ်ဦး တစ်ယောက်၊ အဖွဲ့အစည်းတစ်ခု၊ တိုင်းရင်းသားတစ်မျိုးတည်းဖြင့် ဆောင်ရွက်၍မရသည်ကို လူတိုင်းနားလည်ကြပါလိမ့်မည်။ သို့သော် လူတစ်ဦးချင်း၊ အဖွဲ့အစည်းတစ်ခုချင်း၊ တိုင်းရင်းသားတစ်မျိုးချင်းကစပြီး ပြည်ထောင်စုစိတ် ဓာတ်မွေးမြူဖို့တော့ လိုပါလိမ့်မည်။ ပြည်ထောင်စုဆို သည့်သဘောမှာလည်း လူမျိုးတစ်မျိုးတည်းဖြင့် တည်ဆောက်၍မရသည့်အတွက် လူမျိုးစု အတန်အသင့်ရှိမှသာ ပြည်ထောင်စုဟူ၍ သတ်မှတ်ခေါ်ဆိုရခြင်းသာ ဖြစ်ပါသည်။ ယူနီယံပဲဖြစ်ဖြစ်၊ ဖက်ဒရယ်ပဲဖြစ်ဖြစ် ပြည်ထောင်စုဆိုသည့် အဓိပ္ပာယ်က အတူတူပင်ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် သဘာဝကပေးသည့် အခြေအနေများအရ တစ်ပြည်ထောင်စနစ် တည်ထောင်၍မရဘဲ ပြည်ထောင်စုစနစ်ကိုသာ ထူထောင်ရမှာဖြစ်ပါသည်။ ခေတ်အဆက်ဆက် ထိုသဘောတရားကို အခြေခံတည်ဆောက်ခဲ့ရာမှာ အင်အားကြီးသည့် ဗမာလူမျိုး များကသာ ပြည်ထောင်စုအတွင်းမှာ အုပ်စိုးသူအဖြစ်ရှိနေတတ်ကြပါသည်။ ဒီသဘာဝကလည်း မြန်မာနိုင်ငံမှာမှ မဟုတ်ဘဲ လူမျိုးစုများသည့်ပြည်ထောင်စုနိုင်ငံများမှာ ဖြစ်လေ့ရှိသည့်သဘာဝပဲ ဖြစ်ပါသည်။ ထိုသဘာဝအပေါ် အခြေခံပြီး လူမျိုးရေးပြဿနာများလည်း ပြည်ထောင်စုနိုင်ငံများမှာ ဖြစ်လေ့ရှိပါသည်။ သို့သော် မှန်ကန်သည့် လူမျိုးကြီးဝါဒအားကောင်းလျှင် ပြည်ထောင်စုအတွင်းမှာ ပြဿနာနည်းပါးပြီး တည်ငြိမ်မှုရှိကြသည်ကိုလည်း တွေ့ရမှာဖြစ်ပါသည်။
မြန်မာနိုင်ငံသည့် အင်္ဂလိပ်ကိုလိုနီလက်အောက်မရောက်ခင်ကပင် ပြည်ထောင်စုနိုင်ငံ တစ်ခုအဖြစ် ဖြစ်တည်ခဲ့ပြီးဖြစ်ပါသည်။ သက်ဦးဆံပိုင်ဘုရင်စနစ်ဖြစ်သည့်အတွက် လူမျိုးကြီးဝါဒ အားကောင်းသည့် ဘုရင်လက်ထက်မှာ တိုင်းပြည် တည်ငြိမ်အေးချမ်းပြီး အားနည်းသည့် ဘုရင်လက်ထက်မှာ ပြည်တွင်းတိုက်ပွဲ များဖြစ်ပွားလျက် စစ်ဘေးစစ်ဒဏ် သင့်ခဲ့ရတာ သမိုင်းမှတ်တမ်းများအရ သိနိုင်ကြမှာဖြစ်ပါသည်။ အနော်ရ ထာမင်းလက်ထက်မှာ မွန်ဒေသကို ပြည်ပကကျူးကျော် ဝင်ရောက်ခဲ့ရာ မွန်-ဗမာ ပူးပေါင်းတွန်းလှန်နိုင်ခဲ့သလို ပြည်တွင်းစစ်အဖြစ် မြန်မာ့သမိုင်းမှာ မွန်-ဗမာ နှစ် ၄၀ စစ်ပွဲလည်း ရှိခဲ့သည်မဟုတ်ပါလား။ ရခိုင်နှင့်ဗမာ စစ်ပွဲတွေဖြစ်ခဲ့သလို ရခိုင်ပြည်ကို ကျူးကျော်လာတဲ့ ပြည်ပကျူးကျော်စစ်ကို ရခိုင်-ဗမာ ပူးပေါင်းကာကွယ်ခဲ့ကြ သည်လည်းရှိခဲ့ပါသည်။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲမှာ စစ်သူကြီး မဟာဗန္ဓုလကိုယ်တိုင်ပင် ရခိုင်ပြည်ကို သွားရောက်တိုက်ခိုက်ခဲ့တာကို တွေ့ရမှာဖြစ်ပါသည်။
လူမျိုးကြီးဝါဒဆိုသည်မှာ လူမျိုးစုငယ်လေးတွေအပေါ် နိုင်လိုမင်းထက်၊ ကြီးနိုင်ငယ်ညှဉ်း ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ ကိုယ်နှင့်တစ်တန်းတည်းထား စောင့်ရှောက်လိုခြင်း၊ လူမျိုးငယ်များ၏ ဘဝကိုမြှင့်တင် ပေးခြင်း၊ လူမျိုးစုများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်မှုများကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပြုခြင်း၊ ကူညီပေးခြင်းများပဲဖြစ်ပါသည်။ အရေးအကြီးဆုံးအချက်မှာ ဒေသတွင်းရှိလူမျိုးစုအချင်းချင်း ကြီးနိုင်ငယ် ညှဉ်းနိုင်လိုမင်းထက် ပြုမူခြင်းမရှိစေရေးမဏ္ဍိုင်အဖြစ် ရပ်တည်ပေးခြင်းဖြစ်ပါသည်။ ပုန်ကန်ခြားနားပြီး ပြည် ထောင်စုပြိုကွဲမည့်အန္တရာယ်ကို ပြုတော့မည်ဆို လျှင်တော့ခွင့်လွှတ်၍မရဘဲ ပြတ်သားစွာ နှိမ်နင်းရမည်သာ ဖြစ်ပါသည်။
အင်္ဂလိပ် ကိုလိုနီလက်ထက်မှာ မြန်မာနိုင်ငံကို လွယ်ကူစွာအုပ်ချုပ်နိုင်စေဖို့ ထိုသို့ လူမျိုးကြီးဝါဒကို မှန်ကန်ကောင်းမွန်စွာ နားလည်ဆောင်ရွက်တတ်သည့် ဗမာလူမျိုးများနှင့် ကျန်တိုင်းရင်းသား များကြား စည်းလုံးမှုပျက်ပြားအောင် သွေးခွဲပေးခဲ့သည်ကို သမိုင်းလေ့လာသူများအနေဖြင့်ထင်ရှားစွာ သတိထားမိမှာဖြစ်ပါသည်။ နှစ်ပေါင်းတစ်ရာကျော် လူ့သက်တမ်းတစ်ဆက်ခန့်သွေး ခွဲအုပ်ချုပ်ခဲ့သည့်အတွက် ရင်းနှီးချစ်ခင်မှုထက်သံသယများက ပိုနေပြီဖြစ်ပါသည်။ သို့အတွက်ကြောင့် လွတ်လပ်ရေးရချိန်ကစပြီး မြန်မာနိုင်ငံသည် တိုင်းရင်းသား စည်းလုံးညီညွတ်မှုပြိုကွဲသည့် အန္တရာယ်ကို ရင်ဆိုင်ခဲ့ရပေသည်။ ဗမာအချင်းချင်းကို ရာထူး၊ နေရာ၊ နိုင်ငံရေး အယူအဆများဖြင့် သွေးကွဲစေခဲ့သလို၊ ဗမာနှင့် တိုင်းရင်းသားများကြားမှာလည်း သီးခြားနယ်မြေရလိုမှုနှင့် သီးခြားရပ်တည်လိုစိတ်ကို ရိုက်သွင်းပေးခဲ့သည့်အတွက် ပြည်ထောင်စုစနစ်သည် စလယ်ဝင် ဖင်မမည်းခင်ကတည်းက ကွဲမည့်ဇာတ်လမ်းများ စခဲ့တာပဲဖြစ်ပါသည်။ ထို့အပြင် လက်နက်ကိုင်လမ်းစဉ်ကိုပါ အသက်သွင်းပေး ခဲ့သည့်အတွက် လွတ်လပ်ရေးရပြီးချိန်မှ ယခုချိန်ထိ နှစ်ပေါင်း ၇၀ ကျော်ကြာလာသည့်အခါမှာ လက်နက်ကိုင်လမ်းစဉ်သည် ခိုင်မာသည့်အမြစ်သဖွယ် တွယ်နေခဲ့ပြီဖြစ်ပါသည်။
လွတ်လပ်ရေးရခါစမှာ ကွန်မြူနစ်က လက်နက်ကိုင်လမ်းစဉ်ဖြင့် အာဏာရရှိရေးစတင်ခဲ့ပြီး ကရင်လူမျိုးများကတော့ သီးခြားနယ်မြေရရှိလိုမှုအရ လက်နက်ကိုင်လမ်းစဉ်နောက်ကို လိုက်သွားခဲ့ခြင်းဖြစ်ပါသည်။ ထိုစဉ်က တာဝန်ယူခဲ့သည့် အစိုးရအနေဖြင့် လက်နက်ကိုင်လမ်းစဉ် စခါစမှာ အမြစ်ပြတ်စေရေး ကရင်လူမျိုးစုအပြင် အများလက်ခံနိုင်မည့် အခြေအနေတစ်ခုရရှိအောင် အပြန်အလှန် ဆွေးနွေးညှိနှိုင်းခြင်းမျိုး ပြုလုပ်ခဲ့ခြင်းမရှိခဲ့သည့်အတွက် တဖြည်းဖြည်းနှင့် ကရင်လူမျိုးတို့၏ လက်နက်ကိုင်လမ်းစဉ်သည် ခိုင်မာသည်ထက် ခိုင်မာလာခြင်းဖြစ်သည်ဟု ဆိုရပေလိမ့်မည်။ ကရင်လူမျိုးများ ဘက် လိုက်ပြောခြင်းမဟုတ်ဘဲ ဖန်တီးပေးနိုင်သူ၏ လျစ်လျူရှုမှုက တာဝန်ပိုမည်ဟု ယူဆခြင်းသာဖြစ်ပါသည်။ထိုမှတစ်ဆင့် ကျန်တိုင်းရင်းသားများဆီကို တဖြည်းဖြည်း ချင်း လက်နက်ကိုင်လမ်းစဉ်ကူးစက်သွားရာမှ ယခုအခါ ခိုင်မာနေပြီဖြစ်ပါသည်။ တစ်ပိုင်းကလည်း ဗကပ၏ အာဏာရရှိရေး လက်နက်ကိုင်လမ်းစဉ်အရ တိုင်းရင်းသား လူမျိုးစုအချို့ကို ကွန်မြူနစ်ဝါဒအောက် သွတ်သွင်းလက် နက်တပ်ဆင်ပေးရာမှ ယခုအခါမှာ အားကောင်းသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအဖြစ် အမြစ်တွယ် နေပြီကိုလည်း တွေ့ရမှာဖြစ်ပါသည်။
မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်ကို တွေ့ရပါသည်။ နေရာအနှံ့မှာ ဖြစ်ပွားနေသည်မှာ မှန်သော်လည်း ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ မျှော်မှန်းချက်များကတော့မတူကြပါ။ သို့သော် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များ၏ အကြမ်းဖျင်း ရည်မှန်း ချက်ကတော့ အနီးစပ်ဆုံးတူညီကြပါလိမ့်မည်။ ဖြစ်ပွားနေသည့် အခြေအနေများအပေါ် NUG ကတော့ စစ်အာဏာရှင်အမြစ်ပြုတ်ရေး ရည်မှန်း ချက်အရ ဆောင်ရွက်နေသည့် နွေဦးတော်လှန်ရေးဟူ၍ သူတို့အလိုကျ လုပ်နေသယောင်ယောင် သိမ်းကျုံးပြောဆိုနေသည်ကို လည်းတွေ့ရပါသည်။
ထိုသို့မဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင် များ၏ ရည်ရွယ်ချက်ကရှင်းပါသည်။ NUG ကြွေးကြော်နေသလို စစ်အာဏာရှင် အမြစ်ပြတ်ရေးမဟုတ်ပါ။ သူတို့ကိုယ်တိုင် နယ်မြေတစ်ခုရယူပြီး လက်နက်ဖြင့်အာဏာ တည်ဆောက်လိုသည့်သဘောကို အထင်အရှားတွေ့နေရသည့်အတွက် သူတို့၏ လိုလားချက်သည် ဒီမိုကရေစီ လည်းမဟုတ်ပါ။ ဖက်ဒရယ်ပြည်ထောင်စု အစစ်လည်း မမည်ပါ။ ကိုယ့်လူမျိုးလွတ်မြောက်ရေး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ရေး ကြွေးကြော်နေပေမယ့် အမှန်တကယ် ရည်ရွယ်ဆောင်ရွက်နေကြတာကတော့ လက်နက်ဖြင့် အာဏာတည်ဆောက်ရေးပဲဖြစ်ပါသည်။ သို့သော် တစ်ဖွဲ့နှင့်တစ်ဖွဲ့ အခြေခံယူဆချက်ချင်း မတူညီမှု၊ သဘာဝချင်း မတူညီမှု၊ လာရာလမ်းကြောင်း မတူညီမှုများကြောင့် ငြိမ်းချမ်းရေးဆောင်ရွက်ရာမှာ စံတစ်ခု၊ မူတစ်ခုဖြင့် ဆောင်ရွက်၍မရ ဖြစ်ခဲ့ရခြင်းသာ ဖြစ်ပါသည်။ ထို့အပြင် ၎င်းင်းတို့ထံတွင် အမှန်တကယ်ငြိမ်းချမ်းရေး ရယူလိုစိတ်ရှိမရှိကလည်း ထည့်သွင်းစဉ်းစားရပေ လိမ့်မည်ထင်ပါသည်။ ရှိတော့ရှိပါလိမ့်မည်။ သို့သော် သူတို့၏ လက်နက်ကိုင်ဆောင်ထားရှိမှု၊ လက်နက်ကိုင် တပ်ဖွဲ့စည်းထားရှိမှုကို အာမခံပြီး သီးခြားရပ်တည်နိုင်သည့် အခွင့်အရေးမျိုးရရှိမှသာ ဖြစ်ပါလိမ့်မည်။
ထိုလိုလားချက်များအရ တိုင်းရင်းသားလက် နက်ကိုင်တပ်ဖွဲ့များအနေဖြင့် လွယ်လွယ်နှင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်လိမ့်မည်မဟုတ်ပါ။ မြန်မာ့တပ်မတော်က အချိန်မရွေးသူတို့ကို တိုက်ခိုက်လိမ့်မည်ဆိုသည့် အမြင်လည်းရှိနေသည့်အတွက် လူအင်အား၊ လက်နက်အင်အားများ လည်း ထပ်မံတိုးချဲ့နေကြမည်မှာသေချာလှပေသည်။ ယခုလက်ရှိကာလ ရှမ်းပြည်(မြောက်ပိုင်း)မှာ ဖြစ်နေသည့်တိုက်ပွဲများအရ ထိုတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၏ လိုလားချက်ကို ရှင်းလင်းစွာ တွေ့မြင်ရမှာဖြစ်ပါသည်။ MNDAA ၏ ပြောရေးဆိုခွင့် ရှိသူ၏ စကားအရ ၎င်းတို့၏လိုလားချက်သည် ကိုးကန့်ဒေသပြန်လည်ရရှိရေးနှင့် ၁၉၈၉ ခုနှစ်က အခြေအနေအတိုင်း အထူးဒေသ ပုံသဏ္ဌာန်မျိုးကို ပြန်လည်ရ ယူလိုခြင်းဖြစ်သည်ကို တွေ့ရှိရပါသည်။ ထိုအခြေအနေ သဘာဝကို အတုယူပြီး TNLA နှင့် AAတို့သည်လည်း လက်နက်ကိုင်တပ်ထားရှိကာ ကိုယ်ပိုင်နေရာ ရယူလိုနေသည်ကို တွေ့ရှိရမှာဖြစ်ပါသည်။
ထိုအခြေအနေ၊ ထိုသဘာဝကိုလိုက်၍သာ ငြိမ်းချမ်းရေး၊ ပြည်ထောင်စုတည်ဆောက်ရေး ကိစ္စရပ်များကို ပြန်လည်ချိန်ဆစဉ်းစားရလိမ့်မည်ဟု မြင်ပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာမှာ ယခုလိုအခြေအနေမျိုးကို ကြုံတွေ့ရလိမ့်မည်ဟု ကြိုတင်မျှော်မှန်းထားရှိခြင်းမရှိဟု ယူဆပါသည်။ ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအပေါ် ထိုက်သင့်သည့် အာဏာခွဲဝေမှုများ ပေးထားသော်လည်း အစိုးရဖွဲ့ စည်းရာတွင် ဗဟိုချုပ်ကိုင်မှုအရ အနိုင်ရသူကသာ နယ်မြေစုံမှာ ဖွဲ့စည်းခွင့်ရနေသည့်အတွက် တိုင်းရင်းသားများ အခွင့်အရေး ဆုံးရှုံးသလိုဖြစ်နေသည်ကို တွေ့ရမှာဖြစ် ပါသည်။ ထိုအခြေအနေ သဘာဝနှင့် တိုင်းရင်းသားများ၏ လိုလားချက်ကို အခြေခံဥပဒေအရ တက်လာသည့် အစိုးရနှစ်ဖွဲ့လုံးက ပြင်ဆင်ပေးဖို့ တိုင်းရင်းသားများ၏ လိုလားချက်ကိုမြှင့်တင်ပေးဖို့ မစဉ်းစားခဲ့ကြဘဲ အာဏာတည်ဆောက်ရေးကိုသာ စဉ်းစားခဲ့ကြသည်ဟု မြင်ပါသည်။ ဒါ့ကြောင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုင်းရင်းသားများက ယုံကြည်မှုနည်းပါးလာခြင်းဖြစ်သည်ဟု မြင်ပါသည်။
လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီအရေး၊ ဈေးကွက်စီးပွားရေး၊ ငွေကြေးနှင့် ပိုင်ဆိုင်မှုအာမခံချက်၊ ပြည်ထောင်စုနယ်မြေတည်ဆောက်မှု၊ နိုင်ငံသားတစ်ဦးချင်းဆီ၏ အခွင့်အရေး၊ လွတ်လပ်စွာ ကိုးကွယ်မှု၊ လူမျိုးရေးခွဲခြားမှုမရှိခြင်း၊ လူ့အခွင့်အရေး၊ ဥပဒေပြုရေး စသည့်ကောင်းကွက်များ အများကြီးရှိပါသည်။ ပြည်သူများ၊ တိုင်းရင်းသားများအနေဖြင့် ထိုဖွဲ့စည်းပုံအခြေခံဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် နားလည်ခြင်းမရှိသလို နိုင်ငံရေးသမားတချို့နှင့် တပ်မတော်မုန်းတီးရေးသမားများ ၏ မလိုလားမှု၊ သွေးထိုးဝါဒဖြန့်မှုများအရ ဝေဖန်ခံနေရခြင်းသာဖြစ်ပါသည်။ လက်ရှိအချိန်အထိ ကြုံတွေ့နေရသည့် အခြေအနေများအရ ပိုမိုကောင်းမွန်သည့် အခြေအနေမျိုးဖြစ်စေရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သင့်တာပြင်ရမည်၊ ဖြည့်စွက်သင့်တာ ဖြည့်စွက်ရလိမ့်မည်ဟု မြင်ပါသည်။ ငြိမ်းချမ်းရေးနှင့် ပြည်ထောင်စုတည်မြဲရေးအတွက် ယာယီအပစ်ရပ် လိုက်၊ တိုက်ပွဲများပြန်ဖြစ်လိုက် ဖြစ်နေသည့် အခြေအနေများကို ထာဝရရပ်တန့်သွားအောင် ခိုင်မာသည့်မူဝါဒနှင့် အခြေအနေတစ်ရပ်ဖန်တီးဖို့တော့ လိုပေလိမ့်မည်။ ပြည့်အင်အားတွေ ဖြစ်လာအောင် မည်သို့ဖန်တီးကြမည်နည်း။ သူတို့သည်လက်ရှိအချိန်မှာ တစ်ဖက်နိုင်ငံနှင့်တိုင်းတစ်ပါး၏ သြဇာခံသဖွယ်ဖြစ်နေပေမယ့် သူတို့၏လက်အောက်မှာ နေလိုသူများမဟုတ်ကြပါ။ ထိုအချက်ကိုအခြေခံပြီး ဝိုင်းဝန်းစဉ်းစားဖန်တီး ကြဖို့လိုပါလိမ့်မည်။ တစ်နိုင်ငံနိုင်ငံရေးစနစ် နှစ်မျိုးကျင့်သုံးသည်သာမက သုံး၊ လေးမျိုးရှိလည်း ပြဿနာရှိမည်မထင်ပါ။ အရေးကြီးသည်က ပြည့်အင်အားသည် ပြည်တွင်းမှာ ရှိနေဖို့သာ လိုပါလိမ့်မည်။
ဇော်နိုင်
( TREND News ဂျာနယ်အတွဲ(၂)၊ အမှတ် (၄၈)တွင်ပါရှိသော ဆောင်းပါးအားတဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။)