၂၀၂၄ မေ ၂၂
၁၀-၄-၂၀၂၄ မှာ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ အန္တိမဈာပနပူဇာပွဲကြီး အောင်မြင်စွာပြီးဆုံးခဲ့ပါပြီ။ ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလာပ်တော်ကို ဘယ်မှာ အပူဇော်ခံထားရှိမလဲဆိုတဲ့ အလွန်ကြီးမားတဲ့ လုပ်ငန်းစဉ်ကြီးတစ်ရပ် ကျန်ရှိနေပါသေးတယ်။ ဆရာတော်ဘုရားကြီး တည်ထောင်တော်မူခဲ့တဲ့ ဇာတိမြေ နတ်တလူတောရမှာပဲ ထားမလား၊ ယခု ခန္ဓာဝန် စွန့်တော်မူရာ ဉေယျဓမ်တောရမှာပဲ ထားမလားဆိုတာ ဝိဝါဒကွဲပြားနေဆဲ ဖြစ်ပါတယ်။ သက်ဆိုင်ရာ သံဃာ့နာယက ဆရာတော်ကြီးများရဲ့ အဆုံးအဖြတ်ကို နာခံပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလာပ်တော်နဲ့ ဆက်စပ်ပြီး သာသနာ့ မိုင်းမှာ အတိုင်းမသိအောင် ထင်ပေါ်ကျော်ကြား သြဇာကြီးမားတော်မူတဲ့ ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလာပ်တော်ပူဇော်ပွဲက အလွန်အံ့သြ အဆန်းတ ကြယ် နိုင်လှသော ထူးခြားဖြစ်စဉ်များကို သတိရလာပါတယ်။ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်ခန့်က တစ်နိုင်ငံလုံးမှာ အုန်းအုန်းကျွက်ကျွက် ဖြစ်ခဲ့ရတဲ့ အံ့ဖွယ်ဆန်းကြယ် သာသနာဝင်မှတ်တမ်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ (ကျေးဇူးတော်ရှင် လယ်တီဆရာတော် ဘုရားကြီးရဲ့ ခန္ဓာဝန်စွန့်ခြင်း နှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် 'လယ်တီဆရာတော်ဘုရားကြီးနှင့် ဘာသာခြားတို့ရဲ့ ရွှေချိန်ခွင်' ဆောင်းပါးကို ၂၀၂၃ ဇူလိုင် ၂၀-ဇူလိုင် ၂၆ ထုတ် TREND ဂျာနယ်အတွဲ-၂၊ အမှတ် ၂၆ မှာ ရေးသားပူဇော် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။)

'ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး၏ ဘဝဖြစ်တော်စဉ်}ကို ဆရာဦးအောင်မွန်(မြတ်ဆုမွန်)က နှစ်ပေါင်း ၃၀ ခန့် အချိန်ယူရေးသားပြုစုခဲ့ပြီး ၂၀၀၇ ဒီဇင်ဘာမှာ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်ကြီးမှာ ပညာရှင်အသီးသီးရဲ့ အမှာစာများကို ဖော်ပြထားရာ ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာ နန္ဒမာလာဘိဝံသက ...'ပရိယတ္တိရှုထောင့်မှ ကျမ်းတတ်အကျော်၊ ကျမ်းပြုအကျော် အဖြစ်လည်းကောင်း၊ ပဋိပတ္တိရှုထောင့်မှ တောရကျောင်းပျော် တရားထူးတရားမြတ်ရရှိပြီး ပုဂ္ဂိုလ်ကျော် အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ၏ နယ်နိမိတ်ကိုကျော်၍ ကမ္ဘာကသိသော ဆရာတော်ကြီး အဖြစ်လည်းကောင်း ထင်ရှားခဲ့သော လယ်တီ ဆရာတော်ကြီး'လို့ ညွှန်းဆိုပူဇော်ထားပါတယ်။ ဆရာ ဦးအောင်ထွတ်(ရန်ကုန်တက္ကသိုလ်)ရဲ့ အမှာစာမှာတော့ ...။
'မြန်မာနိုင်ငံသာသနာသမိုင်း၌ 'လယ်တီဆရာတော်'ဟု ကမ္ပည်းမော်ကွန်းရေးထိုးခံရသော သုတဗုဒ္ဓတစ်ဆူကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ ဘဝပုံရိပ်မှာ အတုမဲ့ဟု ခေါ်ဆိုရလောက်အောင် ကြီးကျယ်ပါသည်။ ထို့ကြောင့် နှစ်ပေါင်းတစ်ရာကျော်ကာလအတွင်း ဆရာတော်ဘုရားကြီးနှင့် စပ်လျဉ်း၍ ထေရုပ္ပတ္တိအစောင်စောင်၊ ကျမ်းအဖုံဖုံ၊ စာတမ်းအထွေထွေပေါ် ပေါက်ခဲ့သည်။ ပေါ်ထွက်ဆဲလည်း ဖြစ်သည်။ မျက်မှောက်ခေတ် ဆယ်စုနှစ်များအတွင်းတွင် လယ်တီဟူ သောအမည်သည် သာသနာရေးလောကတွင်သာမက ပြည်တွင်းပြည်ပတက္ကသိုလ်များရှိ ပညာရှင်လောကတွင်ပါ နေရာယူလာသည်ကို တက္ကသိုလ်အသီးသီးရှိ ပညာရေးအဖွဲ့များသို့ တင်သွင်းသော မဟာဝိဇ္ဇာဘွဲ့ယူကျမ်းများ၊ ဒေါက်တာဘွဲ့ယူ ကျမ်းများက သက်သေခံလျက်ရှိပေသည်။ ဤကား ဆရာတော်ကြီး၏ ဂုဏ်ကျေးဇူး အနန္တမှ ဧကဒေသ တစ်စိတ်တစ်ဒေသမျှသာ ဖြစ်ပါသည်။ ဆရာတော်ဘုရားကြီးဟူသော ပုံရိပ်တွင် ပရိယတ္တိရှေ့ဆောင်၊ ပဋိပတ္တိမီးရှူးတိုင်ကြီး၊ ကျမ်းပြုဆရာတို့၏ အဓိပတိ၊ မြန်မာစာပေဂန္ထဝင်ကျော်ပုဂ္ဂိုလ်၊ မဟာဓမ္မကထိကအကျော်၊ ခေတ်တစ်ခေတ်၏ ပရဟိတရှေ့ဆောင်ကြီး၊ ကဗျာဆရာ မဟာကဝိကြီး၊ ကမ္ဘာကိုသာသနာမျိုးစေ့ချပေးသူ၊ ပြည်တွင်းပြည်ပ သာသနာပြုအဖွဲ့များ၏ ရှေ့ဆောင်ကြီးစသည့်ပုံရိပ်များ ထင်ထင်ရှားရှားကြီးပေါ် လွင်နေပါ သည်။'လို့ ဖော်ပြထားပါတယ်။ (စာ-၃၁)
ကောဇာသက္ကရာဇ် ၁၂၀၈ ခုနှစ် နတ်တော် လဆန်း ၁၃ ရက်(၁၈၄၆ ခု ဒီဇင်ဘာ ၁ ရက်)တွင် ဖွားမြင်တော်မူခဲ့သော လယ်တီဆရာတော်ဘုရားကြီးဟာ ၁၂၈၅ ခု ပထမဝါဆိုလပြည့်(၁၉၂၃ ခုနှစ် ဇွန်လ ၂၇)မှာ ကျောင်းဒါယကာ ဦးလန်းရဲ့ ပျဉ်းမနားမြို့လယ် တိုက်သစ်စံကျောင်းတော်ပေါ်မှာ ခန္ဓာဝန်စွန့်တော်မူခဲ့ ပါတယ်။ လယ်တီဆရာတော်ဘုရားကြီး ခန္ဓာဝန်စွန့်ကြောင်းသတင်းကြားရတဲ့ တစ်နိုင်ငံလုံးက တပည့်ဒကာ ဝေနေယျများ လာရောက်ပူဇော်ကန်တော့ကြတာ ပျဉ်းမနားမြို့ကြီးပင် ကွဲအက်သွားမတတ် များပြားလှတယ်ဆိုပါတယ်။ မုံရွာမြို့ လယ်တီစံကျောင်း ဆရာတော်ကြီး ဉာဏောဘာသ၊ မန္တလေးမစိုးရိမ်တိုက်သစ်ဆရာတော် ဦးသူရိယ၊ သေက္ချတောင်ဆရာတော် ဦးတိလောက စတဲ့ ဆရာတော်ကြီးများ၊ ပျဉ်းမနားမြို့မှ ကျောင်းဒကာကြီး ဦးလန်း၊ ဦးသာဦးစတဲ့ ဒကာကြီးများ၊ မန္တလေး၊ စစ်ကိုင်း၊ မိတ္ထီလာမြို့များမှ ဒကာကြီးများ စုံညီစည်းဝေး၍ ဆရာတော်ဘုရားကြီးရဲ့ အန္တိမဈာပန ကိစ္စအ၀၀ကို တိုင်ပင်ဆွေးနွေးခဲ့ကြပါတယ်။

'ဤအစည်းအဝေးတွင် ပျဉ်းမနားမြို့ လယ်တီစံကျောင်းဆရာတော် ဦးဉေယျနှင့် ကျောင်းဒကာကြီး ဦးလန်း၊ ဦးထွန်းလှိုင် စသော ကိုယ်စားလှယ်အပေါင်းတို့က ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်ကို ပျဉ်းမနားမြို့တွင် ယခုအခါမှစ၍ သက္ကရာဇ် ၁၂၈၅ ခု ပထမဝါဆို လဆုတ် ၇ ရက် (၁၉၂၃ ခု ဇူလိုင်လ ၄ ရက်)အထိ ခုနစ်ရက်တိုင်တိုင် သာဓုကီဠနသဘင်ဆင် ယင်ကျင်းပပူဇော်ပွဲ အမျိုးမျိုးပြု လုပ်၍ ပူဇော်ကြမည်။ ဤသို့ ပူဇော်ကြပြီးနောက် ၁၂၈၅ ခုနှစ် ပထမဝါဆိုလ ဆုတ် ၇ ရက် (၄ ဇူလိုင် ၁၉၂၃) ည ၉ နာရီတွင် မိမိတို့ စရိတ်ဖြင့်ပင် အထူးမီးရထားကြီးဖြင့် မုံရွာမြို့သို့ အရောက်ပို့ဆောင် ပေးကြမည်ဟု ကတိထားပြောဆိုကြပါတယ်။' (ဖြစ်တော်စဉ်၊ စာ-၈၉၀)
ဒီအစည်းအဝေး ဆုံးဖြတ်ချက်အတွက် ကြွရောက်လာကြတဲ့ ရဟန်းရှင်လူအပေါင်းက နှစ် ထောင်းအားရ သာဓုခေါ်ကြပါတယ်။ (ပျဉ်းမနားမှာ ခန္ဓာဝန်စွန့် တော်မူတဲ့အတွက် ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တော်ကို ပျဉ်းမနားမှာပဲ ထားရှိပူဇော်မည်လို့ ဘယ်သူမှမပြော၊ ဆရာတော်ကြီးမူလ သီတင်းသုံးရာ မုံရွာလယ်တီတောရသို့ ပြန်လည်ပို့ဆောင် အပူဇော်ခံမည်ဆိုတာ အလွန်သဘောထားကြီးတဲ့ ဆုံးဖြတ်ချက်လို့ ဆိုနိုင်ပါတယ်။)
ဒီအချိန်မှာ မုံရွာမှာလည်း ဈာပနကော်မတီ အစည်းအဝေးကြီး ကျင်းပကာ လယ်တီဆရာ တော်ဆရာ တော်ဘုရားကြီးရဲ့ ရုပ်တုတော် ထုလုပ်ပူဇော်ရေး၊ ဆရာတော်ဘုရားကြီးရဲ့ ဒီပနီကျမ်းစာများကို ကျောက်ထက် အက္ခရာတင် ကျောက်စာထွင်းထု ပူဇော်ရေးတို့ကို သဘောတူညီခဲ့ကြပါတယ်။ တကယ်တော့ ဆရာတော် ဘုရားကြီးဟာ မိမိခန္ဓာဝန်စွန့်လျှင် မုံရွာလယ်တီတိုက်ကြီးများပဲ ရုပ်ကလာပ်တော်ထားရှိဖို့ ကိုယ်တော်တိုင် စီမံခဲ့ ပြီးဖြစ်တာ တွေ့ရပါတယ်။
'ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး သက်တော်ထင်ရှား ရှိတော်မူစဉ်က ခွင့်ပြုတော်မူချက်အရ နဝရတ်ကိုးပါး ခြယ်စီမံပြီး ရုပ်လုံးပေါ် ဇာတ်စုံခင်း၍ ပြုလုပ်ထားသော မှန်စီရွှေချခေါင်း၊ ရွှေအပြည့်မွမ်းမံထားသော အလောင်းတော်ထားရန် မြေနှင့်အတောင် ၂၀၊ ဘုံခုနစ်ဆင့်၊ အမြင့် အတောင် ၄၀ ရှိ ရွှေအုတ်ပြာသာဒ်တော်၊ အလျားကိုးခန်း၊ အန်လေးခန်းရှိ အတွင်း အပြင် ရွှေအပြည့်ချ အုတ်တိုက်နိဗ္ဗာန်စံ ကျောင်းတော် ကြီးစသော အဖိုးတစ်သိန်းခန့်တန် သင်္ဂြိုဟ်ခြင်းကိစ္စအတွက် ဆရာတော်ဘုရားကြီး သက်တော် ထင်ရှားရှိစဉ်ကပင် ကိုယ်တော်တိုင် ရေစက်သွန်းချ အလှူခံယူပြီး အခမ်းအနားကို အသင့်အပြည့်စုံရှိနေပြီ ဖြစ်သည်။ ထို့ပြင် ဆရာတော်ဘုရားကြီးက 'ငါ့အလောင်း တော်ကို အဂ္ဂိဈာပနမပြုကြဘဲ ဤအုတ်ပြာသာဒ်အတွင်း၌ သွင်း၍ မှန်တံခါးဖြင့် ပိတ်ထားပူဇော်ကြရမည်'ဟူသော အမိန့်တော်မြတ်ကြီးကိုလည်း ထားရစ်တော်မူသော ကြောင့် ထိုအမိန့်တော်မြတ်ကို တော်လှန်ငြင်းဆန်ခြင်းငှာ မဝံ့၊ ကျောက်ထီးကဲ့သို့ အလေးပြုလျက် ရိုသေစွာ နာခံကြရန်တိုင်ပင်ကြ ပါသည်။' (၎င်း၊ စာ-၈၉၈)
ပျဉ်းမနားမြို့ပေါ်မှာတော့ ဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလာပ်တော်ကို ရက်သတ္တတစ်ပတ်မျှ အပူဇော်ခံထားရှိစဉ်အတွင်း မြို့ထဲမှာ လှည့်လည်အပူဇော်ခံဖို့ စီစဉ်နေကြပါတယ်။ ဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလာပ်တော်အပေါ်မှာ စိန်၊ ပုလဲ၊ ကျောက်သန္တာရတနာများ စီခြယ်ထားတဲ့ အဝတ်ကမ္ဗလာကို ဖုံးလွှမ်းပင့်ဆောင်ရန် စီစဉ်ခဲ့ကြပါတယ်။ ပျဉ်းမနားမြို့တွင်းသို့ ပင့်ဆောင်လာစဉ်မှာလည်း လမ်းတစ်လျှောက် နိဗ္ဗာန်ကျောင်းချဂါထာများ သီဆိုကျူးရင့်ခဲ့ကြပါတယ်။
'ပျဉ်းမနားမြို့ရှိ ရဟန်းရှင်လူ ပရိသတ်အပေါင်းတို့သည် ကျေးဇူးတော်ရှင် လယ်တီဆရာတော် ဘုရားကြီး၏ ရုပ်ကလာပ်တော်ကို အမျိုးမျိုးအဖုံဖုံသော နည်းလမ်းတို့ဖြင့် ပူဇော်ကြရငြားသော်လည်း ပူဇော်၍မ၀ အားမရနိုင်ဖြစ်လာခဲ့ကြသည်။ ထို့ပြင် အနယ်နယ်အရပ်ရပ်မှ လာရောက်ပူဇော်ကြသော ရဟန်းရှင်လူ ပရိသတ်ကြီးမှာလည်း တိုးမပေါက်အောင် စည်ကားနေပေရာ (၄ ဇူလိုင် ၁၉၂၃)၌ ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား မုံရွာမြို့သို့ ပင့်ဆောင်ရေးအစီအစဉ်ကို အကောင်အထည်ဖော်ရန်ကိစ္စမှာ ဈာပနကော်မတီ လူကြီးများအဖို့ အခက်အခဲတွေ့လျက် ရှိနေကြလေသည်။' (စာ-၈၉၆)
ဓာတ်ပရိယာယ် လှည့်စားမှုက အလွန်သိမ်မွေ့လှပါတယ်။ ကျောင်းဒါယကာကြီး ဦးလန်းရဲ့သား ဦးမြနှင့် လူငယ်များကလည်း သဒ္ဓါတရားထက်သန်ပြီး ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တော်ကို ပြန်မပို့ချင်တော့ပါဘူး။ ဒီလိုနဲ့ သတ်မှတ်ထားတဲ့ရက်မှာ ရုပ်ကလာပ်တော်ကို ပြန်မပို့နိုင်တော့ဘဲရှိရာ မုံရွာမှာ ၁၉ သြဂုတ် ၁၉၂၃ မှာ မြို့လုံးကျွတ် ဈာပနကော်မတီ အစည်းအဝေးကြီး ကျင်းပခဲ့ပါတယ်။ မန္တလေး၊ မုံရွာ၊ စစ်ကိုင်း၊ ရန်ကုန်၊ ပျဉ်းမနားစတဲ့ မြို့ကြီးများမှ လယ်တီဆရာတော်ဘုရားကြီးရဲ့ တပည့်ရဟန်းများ၊ လူပုဂ္ဂိုလ်များ စုံစုံညီညီ တက်ရောက်ခဲ့လို့ 'နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးကြီး'လို့ တောင် မှတ်တမ်းတင်ခဲ့ကြပါတယ်။ ဒီအစည်းအဝေးကြီးရဲ့ အဓိကဆုံးဖြတ်ချက်များကတော့ ...
လယ်တီဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလာပ်တော်ကို ပျဉ်းမနားမြို့မှ မုံရွာမြို့သို့ ၁၂၈၅ ခုနှစ်မကုန်မီ နေ့ရက်သတ်မှတ် ပို့အပ်ရန်၊ အခြားမြို့ရွာများမှ ပူ ဇော်လိုလျှင်လည်း နေ့ရက်သတ်မှတ်၍ လှည့်လည်ပူဇော် ခွင့်ပြုရန်တို့ဖြစ်ပါတယ်။ မုံရွာမြို့သို့ အလောင်းတော် ပို့ဆောင်ရေးအတွက် ဆွေးနွေးပြောကြားရန် လယ်တီဆရာတော်ဘုရားကြီးရဲ့ ညီတော်အရင်း စိုင်ပြင်ရွာ ကျောင်းမကျောင်းဘုန်းကြီး ဦးကိတ္တိ ဦးဆောင်တဲ့ ကိုယ် စားလှယ်အဖွဲ့ကို ပျဉ်းမနားသို့ စေလွှတ်ခဲ့ပါတယ်။
'...ပျဉ်းမနားမြို့ခံ ဒါယကာအချို့က ဆရာတော်ဘုရားကြီး ရုပ်ကလာပ်တော်ကို စိန်ကျောက်ရတနာ အမျိုးမျိုးတို့ဖြင့် စီခြယ်ထားသော ကမ္ဗလာဖြင့် ဖုံးလွှမ်းပြီး ဘော်ငွေပြာသာဒ်တလား စသည်ဖြင့် ခမ်းနားကြီး ကျယ်စွာ ပူဇော်ထားရှိပုံ စသည်တို့ကို ပြသပြီး ဦးကိတ္တိအား 'ဤသို့ ပူဇော်ထားသည်ကို အရှင်ဘုရား သဘောကျ နှစ်သက်ပါ၏လော'ဟု မေးမြန်းလျှောက်ထားကြကြောင်းနှင့် ထိုအခါ ဘုန်းကြီးဦးကိတ္တိမှာ အလွန်ရိုးသား တော်မူလှသည်ဖြစ်၍ ဤသို အံ့မခန်းအဆန်းတကြယ် ပူဇော်ကြသည်ကို များစွာအားရဝမ်းသာကြောင်း မိန့်ကြားတော်မူလျှင် အချို့သောပုဂ္ဂိုလ်တို့က ဆရာတော်ဦးကိတ္တကိုယ်တော်ကပင် သဘောတူနှစ်သက်ကြောင်း' ကြေညာခဲ့ပါတယ်။(စာ-၉၁၃)
ပျဉ်းမနားဒကာ အချို့က ဆရာတော်ဦးကိတ္တိရဲ့ မှတ်ချက်ကို အသုံးချပြီး လယ်တီဆရာ တော်ကြီးရဲ့ ရုပ်ကလာပ်တော်ကို ပျဉ်းမနားမှာပဲ ထားရှိပူဇော်ဖို့ ဆုံးဖြတ်ရာက ပျဉ်းမနား-မုံရွာ ပဋိပက္ခ အစပျိုးခဲ့ပါတယ်။ မုံရွာဒကာများက အလောင်းတော်ကို ရလိုကြောင်း အစိုးရထံ တောင်းဆိုခဲ့ရာ 'အစိုးရက ဝင်ရောက်စွက်ဖက်ခြင်းမလိုလား'လို့ ပြန်ကြားခဲ့ပါတယ်။ အကျယ်အကျယ် မငြိမ်းဖွယ် တွေဖြစ်လာရာ အစိုးရဆိုင်ရာတို့က ပျဉ်းမနားသို့ လာရောက်စောင့်ရှောက်မည်လို့ အသိပေးခဲ့ပါတယ်။ ပျဉ်းမနားမှာတော့ ဆရာတော်ဘုရားကြီးရဲ့ သာဓုကီဠန ပွဲသဘင်ဆင်ယင် ကျင်းပတော့မှာဖြစ်လို့ လူတိုင်းလာ ရောက်ပူဇော်နိုင်ကြောင်း နှိုးဆော်ထားတယ်လို့ ဆိုပါတယ်။
၁၉၂၄ ခုနှစ် မတ်လ ၈ ရက်နေ့ထုတ် သူရိယသတင်းစာမှာလည်း ဈာပနပွဲအစီအစဉ်ကို တခမ်းတနားဖော်ပြထားပါတယ်။ ကောက်နုတ်ဖော်ပြရပါသော်-
'ပျဉ်းမနားမြို့လယ် ရှမ်းကန်ခေါ် ရေကန်ကြီးအတွင်း၌ အလောင်းတော်မြတ်ကို ပူဇော်ကျင်းပရန် နဂါးနှစ်ကောင် ဖောင်တော်ကြီး၊ ၎င်းဖောင်တော်ကြီးအပေါ်၌ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ တပည့်ရင်း ပျဉ်းမနားမြို့ လယ်တီဦးဉေယျကိုယ်တော်သည် စိန်သားရွှေဒင်္ဂါးအစစ်နှင့် မွမ်းမံခြယ်စီပြုလုပ် ပူဇော်အပ်သော အဖိုးငွေသုံးသောင်းတန် စိန်ခေါင်းတော်အတွင်းသို့ အလောင်းတော်မြတ်ကို ပြောင်းရွှေ့ထည့်သွင်းတော်မူ၍ ညအခါ လျှပ်စစ်ဓာတ်မီး အပွင့်ပေါင်း ငါးရာကျော်ထွန်းပြီးသကာလ အငြိမ့်သဘင်၊ ယိမ်း၊ တူရိယာစုံ လင်စွာဖြင့် ကျင်းပပူဇော်လိမ့်မည်။' (စာ-၉၈၅)
သက္ကရာဇ် ၁၂၈၅ ခု တပေါင်းလဆန်း ၁၅ ရပ် (တပေါင်းလပြည့်)နေ့မှာ ရုပ်ကလာပ်တော်ကို မီးပူဇော်မယ်လို့ သူရိယသတင်းစာမှာ အတိအလင်းဖော် ပြခဲ့ပါတယ်။ ဒါပေမဲ့ နဂါးခံတွင်းက မီးခိုးမီးလျှံ တွေ မှုတ်လွှတ်ပြီး အဂ္ဂိဈာပန ပူဇော်ပွဲကြီး ဆင်နွှဲနိုင်ခြင်း မရှိခဲ့ပါ။ ဘာ့ကြောင့်လဲဆိုတော့ ... 'ဆရာတော်ဘုရားကြီး ရုပ်ကလာပ်တော်ကို အဂ္ဂိဈာပနပူဇော်ရန် ပြင်ဆင်ကြသောအခါ ရုပ်ကလာပ်တော်မှာ ပျော့ပျော့ပျောင်းပျောင်း ပကတိကျိန်းစက်တော်မူနေသည့် အလားသို့ ရှိနေသောကြောင့် အများဆန္ဒအရ အဂ္ဂိဈာပန ပူဇော်ခြင်းမပြုတော့ဘဲ ရုပ်ကလာပ်တော်ကို ဂူပြာသာဒ်အတွင်း သွင်းကာသာ အပူဇော်ခံထားရှိရန် ပြောင်းလဲဆုံးဖြတ်ခဲ့ကြပါသည်။' (စာ-၉၀၇)
ဒီနေရာကစပြီး လူသာမန်တို့ နားမလည်နိုင်၊ ဉာဏ်မမီနိုင်သော အံ့ဖွယ်ဆန်းကြယ်တဲ့ ဖြစ်စဉ် တွေ တွေ့လာရပါတယ်။ 'သို့ဖြစ်၍ သက္ကရာဇ် ၁၂၈၅ ခုနှစ် တပေါင်းလပြည့်ကျော် တစ်ရက်နေ့ (၂၀ မတ်လ ၁၉၂၄)တွင် စစ်ကိုင်းတိုင်းမင်းကြီး၊ ပဲခူးတိုင်းမင်းကြီး၊ ရမည်းသင်းအရေးပိုင်နှင့် နယ်ပိုင်တို့ သည် ဂိုဏ်းပေါင်းစုံဆရာ တော်ဘုရားကြီးတို့၏ ရှေ့မှောက်မှာပင် ဆရာတော်ဘုရားကြီး ရုပ်ကလာပ်တော်ကို မှန်စီရွှေချအခေါင်းအတွင်းသို့ စံမြန်းစေပြီး ပျဉ်းမနားမြို့ ငွေတောင်ထိပ် လယ်တီစံကျောင်း အတွင်းရှိ အသင့်ပြုလုပ်ထားသော အုတ်ဂူပြာသာဒ်ပလ္လင်ပေါ်သို့တင်လျက် အပူဇော်ခံထားရှိခဲ့ကြပါ သည်။'
'ထိုအုတ်ဂူမှာ သံတံခါးနှစ်ထပ်တပ်ထား၍ အာမခံသော့ခလောက်များခတ်ကာ ဂူပေါက်ကိုလည်း အင်္ဂတေတို့ဖြင့် အသေပိတ်ထားလိုက်သည်။ သံတံခါးသော့ကို ရမည်းသင်းအရေးပိုင်နှင့် နယ်ပိုင်တို့က ထိန်းသိမ်းထားကြသည်။ အုတ်ဂူနှင့် မလှမ်းမကမ်းတွင် ဧည့်ခံမဏ္ဍပ်ကြီးကို ဆောက်လုပ်ထားပြီး မဏ္ဍပ်အတွင်း အနယ်နယ်မှ ကြွလာသော ဂိုဏ်းပေါင်းစုံက ဆရာတော်ကြီးများ သီတင်းသုံး၍ လယ်တီဆရာတော်ကြီး၏ ကျေးဇူးတော်များကို ဆွေနွေးမိန့်ကြားနေတော်မူကြပါသည်။' (စာ-၉၀၇)
အဲဒီည သန်းခေါင်ကျော်အချိန်ကစပြီး မြေငလျင်သုံးကြိမ် လှုပ်ပါတယ်။ လယ်တီဆရာတော်ကြီး ရုပ်ကလာပ်တော် စံမြန်းရာ အုတ်ဂူရဲ့ အနောက်ဘက် နေရာပျက်စီးသွားပေမယ့် သော့လည်းမပျက်စီး၊ ခေါင်းတော်လည်း အုတ်ပလ္လင်ပေါ်မှာ မူလအတိုင်းရှိနေတာ တွေ့ရပါတယ်။ ဈာပနပွဲလာ ဆရာတော်ကြီးများက ညက ဒီအုတ်ဂူအနီးမှာ မီးရောင်များ မှိတ်ချည်လင်းချည် ဖြစ်နေတာ တွေ့ရကြောင်း ဒကာများကလည်း ငလျင်လှုပ်ပြီးချိန်၌ ကောင်းကင်မှ တူရိယာသံများကို ကြားရကြောင်း ပြောဆိုနေ ကြပါတယ်။
'ဘုန်းတော်ကြီး ဦးဉေယျသည် သံသယဖြစ်လာကာ နံနက်လင်းလျှင် ချက်ချင်းပင် ကျောင်းဒကာကြီး ဦးလန်း၊ ရမည်းသင်းအရေးပိုင်နှင့် နယ်ပိုင်တို့ကို ခေါ်ယူစေခဲ့ပါသည်။ လူပရိသတ်စုံသော် အုတ်ဂူပြာသာဒ်ရှိ သံတံခါးသော့ကို ဖွင့်ကြည့်သောအခါ အုတ်ပလ္လင်ပေါ်ရှိ မှန်စီရွှေချခေါင်းမှာ လက်ရာခြေရာမပျက် မူလအတိုင်း ရှိနေသော်လည်း ထိုခေါင်းအတွင်းရှိ ဆရာတော်ဘုရား ကြီးရုပ်က လာပ်တော်မှာမူကား တေဇောဓာတ်လောင်ကျွမ်းထားသော ပြာများအဖြစ်သာ တွေ့ ကြရတော့သည်။'
'ဤသို့ လယ်တီဆရာတော်ဘုရားကြီး ရုပ်ကလာပ်တော် တေဇောဓာတ်လောင်ကျွမ်းသည့် သတင်း ချက်ချင်းပင် မြို့လုံးအနှံ့ ပျံ့နှံ့သွားပါသည်။ ဆရာတော် ဘုရားကြီး၏ ရုပ်ကလာပ်တော်ကို ဤသို့ လူမသိသူမသိ တေဇောဓာတ်လောင်ရသည်ကို မကျေမနပ်ဖြစ်ကြသည်။ သက်ဆိုင်ရာ ပုဂ္ဂိုလ်တို့ကလည်း မိမိတို့ကိုယ်တိုင်သော့ကိုင်ထိန်းသိမ်းထားပါလျက် ဤသို့ ဖြစ်ရသည်ကို မကျေနပ်ပေ။' (စာ-၉၀၈)
စုံစမ်းမေးမြန်း စစ်ဆေးမှုတွေ ရှုပ်ရှုပ်ထွေးထွေးဖြစ်ခဲ့ပြီး သုံးလကြာတဲ့အထိ တရားခံမပေါ်တဲ့အတွက် ကျောင်းဒကာကြီး ဦးလန်းနဲ့ ဆရာကြီး ဦးထွန်းလှိုင်တို့ကို ပြစ်ဒဏ်ပေးမယ်လို့ အရေးပိုင်က ဆိုပါတယ်။ အဲဒီမှာ ရဟန်းရှင်လူ ပရိသတ်တွေကြား ရဟန်းတစ်ပါး ပေါ်လာပြီး 'လက်သည်အစစ်က ကျုပ်ပဲ'လို့ ရဲရဲဝံ့ဝံ့ ဝန်ခံလိုက်ပါတယ်။ ဆရာတော်ဦးဉေယျက ...'ဘယ်သူမှ မပြောဘဲ ဘာဖြစ်လို့ မီးသဂြုႋဟ်ပစ်ရတာလဲ'လို့ ဒေါသဖြင့် မေးပါတယ်။
'ဆရာတော်ကြီးက ငါပျံလွန်တော်မူလို့ ခုနစ်ရက်ပြည့်လျှင် မီးသင်္ဂြိုဟ်၊ ဘယ်သူ့ကိုမှ မတိုင်ပင်နှင့်၊ မင်းတစ်ဦးတည်းလုပ်'ဟု မှာကြားခဲ့၍ လုပ်လိုက်ရတာပဲ။ ခုနစ်ရက်ပြည့်တဲ့နေ့ကတည်းက လုပ်မလို့ ကြံစည်သေးတယ်။ မအောင်မြင်တာနဲ့ နောက်မှလုပ်လိုက်ရတာပဲ'
ပရိသတ်ဗိုလ်ပုံအလယ်မှာ ရဲရဲရင့်ရင့် ရှင်းလင်းဖြေကြားနေတဲ့ ရဟန်းတော်မှာ ဘုန်းတော်ကြီး ဦးနု (ခေါ်) ဦးပညာသီဟ ဖြစ်ပါတယ်။ ဦးပညာသီဟဟာ လယ်တီဆရာတော်ဘုရားကြီး သက်တော်ထင်ရှားရှိစဉ်က ဆရာတော်ကြီးကို ဝတ်ကြီးဝတ်ငယ် ပြုစုခဲ့သူဖြစ်ပါတယ်။ ရေစကြိုမြို့အနောက်ဘက် ၁၅ မိုင်အကွာက ရွာငယ်ရွာသားဖြစ်ပြီး ဆရာတော်ကြီးရဲ့ လမ်းညွှန်ချက်အတိုင်း ကျောက္ကာတောင်ရွာနဲ့ လက်ပံတောင်းတောင် စသည်တို့မှာ တစ်ပါးတည်း တရားအားထုတ်ခဲ့ဖူးသူလို့ ဆိုပါတယ်။ ဦးပညာသီဟက ဒီလိုဆက်ပြောပါတယ်။
''ကျေးဇူးရှင်ဆရာတော်ဘုရားကြီး အလိုဆန္ဒအတိုင်း ပြည့်ဝစေရန် သမ္မာဒေဝနတ်ကောင်း နတ်မြတ် များကူညီကြပါလို့ ညဉ့်တစ်နေရာလောက်မှာ ဆုတောင်းပြီး ဂူတံခါးတည့်တည့်မှ ပိတ်ထားသော အင်္ဂတေအုတ်ကို တူရွှင်းဖြင့်ထိုးလိုက်သည်။ သို့ ထိုးလိုက်သည်နှင့် တစ်ပြိုင်နက် မြေငလျင်လှုပ်၍ အုတ်များပြိုကျ တံခါးပွင့်သွားသည်။ ထိုစဉ် ဂူဘေးတွင် ပုံထားသော နံသာထင်းများဖြင့် ပလ္လင်ပေါ်မှာပင် ကျေးဇူးရှင် ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်ကို မီးသင်္ဂြိုဟ်ခြင်းအမှုကို ပြုလုပ်ပါသည်။ မီးစတင်ချိန်တွင် ငလျင်တစ်ကြိမ်၊ ပြာကျချိန်တွင် မြေငလျင်တစ်ကြိမ်၊ သုံးကြိမ်တိုင် လှုပ်ပါသည်။ ဒီကိစ္စကို ဖော်ထုတ်မပြရသေးလို့ ဘုန်းကြီးအခြားသို့ မသွားသေးခြင်းဖြစ်သည်။ ယခုလက်သည်ပေါ် ပြီဖြစ်၍ အပြစ်ပေးလိုက ဘုန်းကြီးကိုပဲပေးပါ'
ထိုအခါတွင် ၎င်းအား အပြစ်မပေးလိုကြောင်း ပြောကြားသည်နှင့် တစ်ပြိုင်နက် သင်္ကန်းသုံးထည်နှင့် သပိတ်တစ်လုံးကိုလွယ်ပြီး ကြွသွားတော်မူသည်မှာ ယခုတိုင် ဘယ်နေရာ၊ ဘယ်ဌာနသို့ ရောက်ရှိနေကြောင်း မသိဟု ဆရာတော်ဦးဉေယျက ရှင်းပြတော်မူ၏။' (စာ-၉၁၀)
တကယ်တော့ ဘုန်းကြီး ဦးပညာသီဟတစ်ပါးတည်းက မီးသဂြုႋဟ်ပူဇော်ခြင်းဆိုတာ လွယ်ကူသော ကိစ္စမဟုတ်ပါ။ ရုပ်ကလာပ်တော်ကြီး မီးဟုန်းဟုန်းတောက်လောင် ကျွမ်းနေတာကို မနီးမဝေးရှိ မဏ္ဍပ်ထဲက ရဟန်းရှင်လူတို့ လုံးဝမသိလိုက်ဘူးဆိုတာလည်း ပဟေဠိတစ်ပုဒ်အဖြစ် ကျန်နေရစ်ပါတယ်။ ဆရာတော် ဘုရားကြီးရဲ့ ရုပ်ကလာပ်တော်ကို မုံရွာမှာ မှန်စီရွှေချခေါင်းနှင့် အပူဇော်ခံထားရှိရန် ဆရာတော်ကြီးကိုယ်တော်တိုင် စီမံထားခဲ့ပါလျက် ပျဉ်းမနားတွင် ဂူသွင်းပူဇော်မှုပြုကြလေရာ ဆန္ဒတော်နှင့် တခြားစီနေရာမှား၍ ဂူသွင်းခဲ့ကြတဲ့အတွက် ဇာတ်ကွက်ပြောင်းသွားခဲ့ပုံရပါတယ်။ 'တစ်မြို့နှင့်တစ်မြို့ တပည့်တစ်စုနှင့်တစ်စု အကျယ်အကျယ် မငြိမ်းဖွယ်ဖြစ်အံ့သော အဓိကရုဏ်းကို အလိုတော်မရှိသည့်အားလျော်စွာ ဆရာတော်ဘုရားကြီးသည် မည်သည့်ပုဂ္ဂိုလ်နှင့်မျှ အကြောင်းမစပ်စေဘဲ ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်သည် သူ့အလိုလိုသာလျှင် တေဇောဓာတ် လောင်ကျွမ်းစေခဲ့ခြင်းဟူသော နောက်ဆုံးအန္တိမဆန္ဒတော်ထားရှိပြန်ရာ ထိုဆန္ဒတော်အတိုင်း သာသနာစောင့်၊ နယ်ပယ်စောင့် ဆိုင်ရာ နတ်များအပေါင်းက ပါဝင်ကူညီကြ၍ ဆရာတော်ကြီး၏ ဆန္ဒတော်ပြည့်ဝစေခြင်းငှာ ဖြည့်ဆည်းပေးကြခြင်းဖြစ် သည်ဟူ၍သာ မှတ်ယူရန် ရှိပါတော့သည်လို့ ဆရာဦး အောင်မွန်(မြတ်ဆုမွန်)က သုံးသပ်ဖော်ပြထားပါတယ်။
သာသနာ့သမိုင်းမှာ အတိုင်းမသိ ကျေးဇူးကြီးလှပါသော လယ်တီဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလာပ်တော်အရေးတော်ပုံမှ သင်ခန်းစာထုတ်ယူကြပြီး ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာ တော်ဘုရားကြီးရဲ့ ရုပ်ကလာပ်တော်ကို ငြိမ်းချမ်းစွာ ပူဇော်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း အပ်ပါတယ်။ မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးရဲ့ ဆန္ဒတော်အစစ်အမှန်ကို သာမန်လူတို့ အလွယ်တကူသိနိုင်မှာ မဟုတ်ပါဘူး။ သမ္မာဒေဝနတ် ကောင်းနတ်မြတ်များ၊ အရိယာဝိဇ္ဇာပုဂ္ဂိုလ် ကြီးများကို တိုင်တည်ပြီးတော့သာ မဟာဗောဓိမြိုင်ဆရာ တော်ဘုရားကြီးရဲ့ ရုပ်ကလာပ်တော်ကို သင့်မြတ်မှန် ကန်စွာ ပူဇော်နိုင်ကြပါစေလို့ ဆန္ဒပြုအပ်ပါတယ်။ ။ ( မြတ်ဘုန်းသစ် )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၁၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )