၂၀၂၄ ဩဂုတ် ၃
မဲပေးတော့လည်းသူတို့၊ သံပုံးတီးတော့လည်း သူတို့
သူတို့ပဲ ကောင်းသည်ဟု ဆိုရမလား၊ သူတို့ ထိုက်နှင့်သူတို့ကံဟုပင် ဆိုရမလား ခွဲခြား၍ပင် မပြောတတ်တော့ပေ။ အကြောင်းက အလုပ်မရှိ ကြောင်ရေချိုး၊ ခွေးသန်းရှာဆိုသကဲ့သို့ အားအားရှိ ဆန္ဒပဲပြနေသည့် အမျိုးများအကြောင်းပင် ဖြစ်သည်။ အမျိုးများဟု ဆိုရခြင်းတွင် ကျွန်တော်တို့အညာ ယင်းမာပင်ဒေသက ဆန္ဒပြသူများအကြောင်းပင် ဖြစ်သည်။ ပြလိုက်ရသည့်ဆန္ဒ ကမ္ဘာ့ရက်အရှည်ကြာဆုံး ဆန္ဒပြကြသည့်သူများအဖြစ် ဂရင်းနစ်စံချိန်များပင် ဝင်မလားမသိပေ။
ဇူလိုင် ၂၉ ရက်ကဆိုလျှင် ကျွန်တော်တို့ အညာဇာတိဒေသဖြစ်သည့် ယင်းမာပင်နှင့် ဆားလင်းကြီးဘက်က သပိတ်စစ်ကြောင်းနှစ်ခုပူးပေါင်းပြီး အောင်လံလွှင့်မည့် ရွှေရေကြည်သပိတ်ဆိုပြီး ၁၁၆၃ ရက်ပြည့် ဆန္ဒပြဟုဆိုကာ သပိတ်စစ်ကြောင်းနှစ်ခု ပူးပေါင်းလူအင်အား ၂၀၊ ၃၀ ခန့်ဖြင့်ပြနေလေသည်။ ရက်ပေါင်း ၁၁၆၃ ရက် ဆန္ဒပြခြင်းက ပုံမှန်သပိတ်၊ ပုံမှန်ဆန္ဒပြခြင်း၊ လက်ရှိအစိုးရကို ဆန္ဒပြခြင်း ဟုဆိုရမည်ဖြစ်ပြီး ပုံမှန်မဟုတ်သည့် ဆန္ဒပြမှုများလည်း အနှီယင်းမာပင်မြို့ထဲက နယ်မြေအချို့တွင် ဖြစ်ပေါ်နေပြန်၏။ထိုဆန္ဒပြ သူများက လက်ရှိအစိုးရကို ဆန္ဒပြခြင်းမဟုတ်ဘဲ သူတို့ပဲ ကြိုက်လှပါ ချည်ရဲ့ဆိုပြီး လက်ကမ်းခေါ်ထားသည့် ပအဖ၊ ပလဖ၊ ပကဖ၊ PDF စသည့် အမည်များစွာ ရှုပ် ယှက်ခက်နေသည့် အဖွဲ့များကို ဆန္ဒပြခြင်းဖြစ်သည်။ ဇူလိုင် ၂၆ ရက်က ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ကျေးရွာတွင် PDF လက်နက်ကိုင်များသည် ဂိတ်များဖွင့်လှစ်ကာ အခွန်အခများ မတန်တဆ ကောက်ခံခြင်းဖြင့် ရရှိသည့် ငွေကြေးများကိုလည်း ပွင့်လင်းမြင်သာစွာ ချမပြခြင်း တို့ကြောင့် ဆန္ဒပြခြင်းဖြစ်သည်။ PDF များသည် လည်း ဂိတ်ဖွင့်၍ ငွေကြေးကောက်ခြင်းက တစ်မျိုး၊ အချင်းချင်း မကျေလည်မှုရှိလျှင် သတ်ဖြတ်သည်ကတစ်ဖုံ၊ သစ်ခိုးထုတ်သည်က တစ်သွယ်ဖြင့် ထင်ရာစိုင်းနေခြင်းများကို ဒေသခံများက မကျေနပ်သဖြင့် ဆန္ဒပြကြခြင်းဖြစ်သည် ဟုဆိုကြသည်။ 'ဒါတင်ပဲ လား'ဟုဆိုလျှင် 'ဒီ့ထက်တောင် ပိုသေး'ဆိုသည့် အကြောင်းကလည်း ရှိပြန်သေး၏။
'အမယ်ဘုတ်၏ သူ့ချည်ခင်'ပုံပမာဖြစ်ပြီး နားလည်ရန် တော်တော်ခက်သည်ဟုပင် ဆိုနိုင်ပါသည်။ ထိုအကြောင်းအရာက မြန်မာနိုင်ငံ၏ ထင်ရှားကျော်ကြားသော အလောင်းတော်ကဿပအနီးရှိ ဝင်းကုန်းရွာက ဆန္ဒပြသည့် အကြောင်းပင်ဖြစ်သည်။ ဝင်းကုန်းရွာတွင် ဗိုလ်နဂါး လက်အောက်ခံ တပ်ခွဲ တစ်ခုကို ဦးဆောင်နေသည့် ဗိုလ်မျက်လုံးဆိုသူက ရပ်/ကျေး ပြည်သူ့ကာကွယ် ရေးအဖွဲ့ (ပကဖ)နှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)များကို ရိုက်နှက်ခဲ့သည့်အတွက် တော်လှန်ရေးအဖွဲ့များက ဖမ်းဆီးရန်လုပ်ဆောင်ခဲ့သော်လည်း အောင်မြင်မှုမရ ရှိခဲ့ဟု ဆိုကြလေသည်။ သူတို့ဇာတ်လမ်းက သပွတ်အူထက်ပင် ရှုပ်၏ဟု ဆိုရမည်ဖြစ်သည်။ သူတို့သပွတ်အူ ဇာတ်လမ်းကို နားလည်သလောက် သံခိပ်လုပ်ရ လျှင် ဤကဲ့သို့ဖြစ်၏။
ဗိုလ်သံမဏိ၏တပည့် ဗိုလ်မျက်လုံးဆိုသူသည်ကား ဝင်းကုန်းရွာတွင် ကိုယ်ပိုင်တပ်ခွဲနှင့် နေထိုင်လေသည်။ သူ့တပ်ခွဲနှင့်နေသည့်ရွာတွင် ပသုံးလုံးအဖွဲ့က စီမံအုပ်ချုပ်ခြင်းကို အမြင်မကြည်လင်ဖြစ်ရာက စကြ၏။ ဝင်းကုန်းရွာရှိ မြေယာအမှုခင်းတစ်ခုကို ပသုံးလုံးအဖွဲ့က လာရောက်ဖြေ ရှင်းချိန်တွင် ဗိုလ်မျက်လုံးတပ်ဖွဲ့က ထိုပသုံးလုံးအဖွဲ့ကို ဝမ်းလျားမှောက်ခိုင်းပြီး အပေါ်ကတက်၍ နင်းနှိပ်ပေးသည်ထင်၏။ နင်းပေးနှိပ်ပေးခြင်းအတွက် အားမရသည့်အပြင် တုတ်နှင့်ရိုက်၊ ခြေထောက် အနီးကပ်၍ သေနတ်ပစ်ဖောက်လုပ်ကာ ပသုံးလုံးအဖွဲ့ကို ရေမီးအစုံနှင့် ပြုစုလိုက်သည်ပေါ့။ ထိုဖြစ်စဉ်က ဇူလိုင် ၂၁ ရက်က ဖြစ်ပွားခဲ့ပြီး ရေမီးအစုံနှင့် ပြုစုခံလိုက်ရသည့် ပသုံးလုံးအဖွဲ့ မျက်နှာမငယ်ရဘဲ ပြန်သွားကြရလေသည်။(မျက်နှာမငယ်ရအောင် ထိုးကြိတ်လိုက်သဖြင့် မျက်နှာများ ယောင်ယမ်းသွား ကြခြင်း ဖြစ်သည်)။ သည်ကဲ့သို့ဖြစ်ခြင်းကို ပသုံးလုံးအဖွဲ့ကလည်း ဘယ်ငြိမ်ခံလိမ်မတုန်း။ ယင်းမာ ပင်မြို့နယ်က တော်လှန်ရေးအဖွဲ့အင်အား ၄၀၀ ခန့်ဖြင့် ဝင်းကုန်းရွာက ဗိုလ်မျက်လုံးဆိုသူကို သွား ရောက် ဖမ်းဆီးကြလေသည်။ ဝင်းကုန်းရွာတွင် ဗိုလ်လုပ်နေသူ ဗိုလ်မျက်လုံးကလည်း သည်အတိုင်း ငြိမ်မခံဘဲ ဝင်ကုန်းရွာသား ၂၀ခန့်က ဗိုလ်မျက်လုံးမဖမ်းဆီးရေး ဆန္ဒပြတား ဆီးလိုက်ရာ ယင်းမာပင် တော်လှန်ရေးအင်အား ၄၀၀ ခန့်က ဖမ်းဆီးမှုမအောင်မြင်ဘဲ ပြန်လှည့်သွားကြရကုန်လေသည်။ ဗိုလ်မျက်လုံးဆိုသူသည်လည်း သူ့ကို လူအင် အား ၄၀၀ ခန့်က လာရောက်ဖမ်းဆီးသည့်အချိန်တွင် ရွာက ထွက်ပြေးသွားလေသည်ဟု ဆိုလေသည်။ သပွတ်အူထက်ရှုပ်သည့် ဇာတ်လမ်းက ထိုကဲ့ သို့ဖြစ်ပြီး ပြန်စဉ်းစားကြည့်လိုက်လျှင် 'မဲပေးတုန်းကလည်း မောင်တို့ပဲ၊ သံပုံးတီးတော့လည်း မောင်တို့ ပါပဲလား'ဟု ဆိုရမလိုဖြစ် နေလေသည်။
ပိုးဖလမ်လို လူသားများ
ဗန်းမော် ဆရာတော်ဘုရားကြီး၏ စကားပုံပေါင်းချုပ်ထဲက အကြောင်းအရာလေးတစ်ခုကို အမှတ်ရမိ၏။ ဗန်းမော်ဆရာတော်ဘုရားကြီး၏ စကားပုံပေါင်း ချုပ်ဟုဆိုသော်လည်း မင်းတုန်းမင်းခေတ်က ထင်ရှားကျော်ကြားခဲ့သည့် ဆရာတော်ကြီးများ၏ ဥပမာဥပမေယျဖြင့် ရှင်းလင်းဟောကြားထားသည့် တရားတော်များဖြစ်ရာ မောင်းထောင်ဆရာတော်၊ စံကင်းဆရာတော် အစရှိသဖြင့် ထိုခေတ်က ဆရာတော်ဘုရားကြီးများထဲက တစ်ပါးပါး၏ အဆိုအမိန့်အဖြစ် ဖတ်ဖူးမှတ်ဖူးခဲ့ခြင်းဖြစ်သည်။ လူတစ်ယောက်က ဆရာတော်ထံသို့ မရှင်းလင်း သည့်ကိစ္စကို လာရောက်လျှောက်ထား မေးမြန်းလေ သည်။ အကြောင်းအရာက အရက်ကို ရေအမှတ်ဖြင့် သောက်လျှင် အပြစ်ဖြစ်မဖြစ်ဟု သူသိလိုသည့်အရာကို လျှောက်ထားလေသည်။ ဆရာတော်ဘုရားကြီးက မြွေပွေးကို မြက်လျှော အမှတ်နှင့် တို့ထိကိုင်တွယ်၍ အကိုက်ခံရပါက မြွေဆိပ်မတတ်ဘဲ နေမည်လောဟု ပြန်၍မေး ခွန်း ထုတ်၏။ လာရောက်လျှောက်ထားသူကို အရက်ကို ရေအမှတ်ဖြင့်သောက်လျှင်လည်း ဤသဘော ပင်ဖြစ်၏ ဟုမိန့်၏။
ထို့အတူ ချွန်ထက်သည့်ဆူးငြောင့်ကို ပန်းမွေ့ ရာသဘောထား၍ နင်းကြည့်လျှင် စူးမစူးပြန်မေး ပြန်၏။ လာရောက်လျှောက်ထားသူက စူးပါမည်ဘုရားဟု ပြန်၍လျှောက်ထားရာ ဤသဘောအတိုင်း ပင်ဖြစ်၏ဟု မိန့်သည်။ ပိုးဖလမ်တို့သည်လည်း မီးကို ရွှေအဆင်း မှတ်ထင်၍တိုးပါမူ လောင်ကျွမ်း မသေဆုံးသလောဟု ပြန်၍မေးခွန်းထုတ်ရာ လျှောက်ထားသူက လောင်ကျွမ်းသေဆုံးပါလိမ့်မည်ဟု ပြန်၍လျှောက်ထားရာ ဤသဘောအတိုင်းပင် ဖြစ်သည်ဟု မိန့်ကြားလိုက်သည်။ ထိုပိုးဖလမ်မျိုး မီးကိုတိုးခြင်းဖြင့် လောင်ကျွမ်းပျက်စီးကြရ သည်ကို လူသားများစွာက သိရှိကြပါသည်။ သို့သော် လည်း ငရဲပန်းကို ရွှေပန်းထင်သူများ၊ မီးတောက်မီးလျှံကို ရွှေအဆင်းထင်နေသူများ ဤလောကတွင် များစွာ ရှိကြသည်ကိုမူ လူတို့က သတိမမူကြသည်ကို ပစ္စက္ခ အခြေအနေတွင် တွေ့မြင်နေရလေသည်။ အဝေးကြီးကို ကြည့်စရာမလို လတ်တလော မိုးကုတ်အခြေအနေကိုကြည့်ကြ ပါကုန်ဟုဆိုလျှင် ထိုအခြေအနေကို ကောင်းစွာသဘော ပေါက်ပါလိမ့်မည်ဟု ဆိုရမည်ဖြစ်သည်။ များမကြာသေး မီအချိန်က မိုးကုတ်မြို့လေး အေးချမ်းနေစဉ် မိုးကုတ်မြို့ သူမြို့သား အများစုသည် လက်နက်ကိုင်တော်လှန်ရေးကို များစွာအားပေးကြပြီး မြို့ကကြိုဆိုကြောင်း အုန်းအုန်းကျွက်ကျွက်အသံထွက်ခဲ့၏။ ထိုအချိန်ကတည်းက အသိတရားရှိသူအချို့၏ သတိပေးချက်အဖြစ် "မိုးကုတ်မြို့လေးကို အမှတ်တရ ဓာတ်ပုံများ များ ရိုက်ထားကြပါဗျာ၊ မကြာမီ မြို့ကပြာပုံဖြစ်တော့မှာ PDF ရှိတဲ့မြို့တွေ ပျက်မှာပါ၊ နောင်တမရကြေး ပေါ့ကွာ"ဟု တင်ကြို၍ မလွဲနိုင်သည့် ဟောကိန်းကို ပြောဆိုခဲ့ကြသည်။ ပိုးဖလမ်ဆိုသည်က မီးကိုတိုး ချင်သည့်သဘာဝအတိုင်း ငရဲပန်းကို ရွှေပန်းထင်နေသည့် မိုးကုတ်မြို့သူမြို့သား အများစုသည် တော်လှန်ခြင်း၏ အရသာကို ကိုယ်တိုင်ကြုံတွေ့ နေလိုကြတုန်းပင်ဖြစ်သည်။
ယခုစစ်နှင့်စစ်၏ အနိဋ္ဌာရုံကို မိုးကုတ်ဒေသ ခံများ လက်တွေ့မျက်မြင် ကြုံတွေ့ကြရပြီမဟုတ်လားဟု ထူးပြီးမေးရန် မလိုတော့ပြီ။ နီနီ၊ စိမ်းစိမ်း၊ ကြားနေဖြစ် ဖြစ် အကုန်အတိဒုက္ခလှလှ ရောက်ကုန်ကြရပြီမဟုတ်လား။ နောက်ဆက်တွဲသတင်းများအဖြစ်လည်း အားလုံး ကြားသိပြီးပြီ ဖြစ်ပါလိမ့်မည်။ ကွမ်းယာဆိုင် တစ်လတစ်သိန်းခွဲ၊ ဆီဆိုင် တစ်လ ၁၅ သိန်း၊ ဖုန်းဆိုင် တစ်လ ခြောက်သိန်း လစဉ်ပေးသွင်းရမည်ဟု TNLA က အမိန့်စာ ထုတ်ပြန်ထားသည်ဟု သိရသည်။ သပြေပန်း နှင့်ကြို သည့်သူများ ရက်ရက်ရောရောသာ ပေးကြပါကုန်ဟု အားမနာစကား ဆိုခြင်းမဟုတ်၊ ကိုယ်ချင်း မစာပြောခြင်းမဟုတ်ဘဲ ကိုယ်နှင့်ထိုက်တန်ရာကို ရရှိသည့်သဘောအဖြစ် ပြောရခြင်းဖြစ်ပါသည်။ ထိုအကြောင်းအရာ နှင့်စပ်ဆက်ပြီး ကြားရသည့်သတင်းများလည်း ရှိသေး၏။ "ရှမ်းမြောက်ကိုပို့ဖို့ စစ်ကိုင်းတိုင်းကရွာတွေမှာ တစ်ရွာလေးယောက်နှုန်းနဲ့ လူတောင်းနေပါတယ်။ ရှေ့ပိုင်းက ရခိုင်နဲ့ ရှမ်းမြောက်အတွက် ပို့တာတွေ ပြန်မလာတော့ဘဲ နောက်ထပ်တွေ ထပ်တောင်းနေလို့ ဒုက္ခရောက်နေ ကြပြီ၊ ခေါင်းမပါတဲ့ ဗမာတွေ"ဟု အချင်းချင်းစာပို့လေရာ တစ်ဖက်က မရှင်းလင်းသောကြောင့် "ဘယ်ဘက်က တောင်းတာလဲ"ဟု မေးလေသည်။ အဖြေက "TNLA နဲ့ MNDAA က ခုတိုက်နေတဲ့ မျောက် နှစ်ကောင်အတွက်လို့ ပြောတာပဲ။ မျောက်သုံးကောင်အတွက် လိုသလိုပေးနေရတဲ့ အနေအထားပဲ။ အရာတော်ဘက်ကရွာတွေမှာ ဂူအနီရောင်လေးတွေ တိုးတိုးလာနေတယ်ပြောတယ်"ဟု ကြယ်နီ တို့အကြောင်း ပြောနေကြလေသည်။ ပိုးဖလမ်ဆို သည်ကလည်း မီးကိုမြင်လျှင်တိုးချင်သည့် သဘာ၀က ရှိရဲ့မဟုတ်လား။
NUG ကအလှူခံများကိုဖမ်းမည်
NUG က အလှူခံကြသူများကို ဖမ်းမည်ဟုဆိုလျှင် ပြည်ပြေးနှင့် PDF တို့၊ များစွာ ထိတ်လန့် ချောက်ချား သွားကြမည်မှာ မလွဲမသွေ ဖြစ်ကုန်ကြမည်ဖြစ်သည်။ NUG က အလှူခံသည့်အဖွဲ့ကို ဖမ်းဆီးသည့် ဖြစ်ရပ်တစ်ခု သည်ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့လေသည်။ ဖြစ်စဉ်က ဇူလိုင် ၂၂ ရက် တွင် မင်းကင်းမြို့နယ်ရှိ ပကဖက ဦးထနှောင်းကျေးရွာရှိ ဒေသကာကွယ်ရေးတပ်နဲ့ NUG လက်အောက်ခံမ ဟုတ်သည့် ကျောင်းတစ်ကျောင်းကို ဝင်ရောက်စီးနင်းဖမ်းဆီး သွားခြင်းဖြစ်သည်။ အကြောင်းပြချက်က မင်းကင်းမြို့နယ် ပကဖအဖွဲ့က လှေဆိပ်မှာ အလှူခံမဏ္ဍပ်ထိုးလို့ဟုဆိုကာ လက်နက်ကိုင် အင်အား ၁၅၀ ခန့်ဖြင့် ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
သည်ဇာတ်လမ်းသည်လည်း သပွတ်အူဟုဆို ရမည်ဖြစ်ပြီး မင်းကင်းမြို့နယ် ပကဖအဖွဲ့က Upper Chindwin River Revolution Force (UCRRF) တပ်ဖွဲ့ဝင်များကို ဝင်ရောက်ဖမ်းဆီးခြင်း ဖြစ်သည်။ UCRRF ရဲ့ ကျေးရွာတာဝန်ခံ ကိုဇော်ဝင်းထွဋ်အပါအဝင် ရဲဘော် ၁၇ ယောက်ကို ကြိုးတုပ်ဖမ်းဆီးခဲ့ပြီး လှေဆိပ်တွင် အလှူခံမဏ္ဍပ် ထိုးသောကြောင့်ဟုဆိုကာ ဖမ်းဆီးခြင်းဖြစ်သည်။ ဖမ်းဆီးသည့်အဖွဲ့က အလှူခံသည့်အဖွဲ့ကို ဖမ်းဆီးရုံဖြင့် မပြီးသေးဘဲ ထိုဦးထနှောင်းကျေးရွာတွင်ရှိသည့် ကိုယ်ထူကိုယ်ထ အခြေခံပညာအထက်တန်း ကျောင်းကိုလည်း ဝင်ရောက်စီးနင်း ဖမ်းဆီးသွားလေသည်။ အကြောင်းပြ ချက်က NUG လက်အောက်ခံ စာသင်ကျောင်း မဟုတ်သောကြောင့်ဟုဆိုကာ ဖမ်းဆီးခြင်း ဖြစ်သည်ဟု အချင်းချင်းကိုက်ကုန်ကြပြီဟု ဆိုနိုင်လေသည်။ မင်းကင်းပကဖအဖွဲ့သည် ထိုကျေးရွာကို မည်မျှ အငြိုးအတေးထားသည်မသိ။ ၂၂ ရက်က ဝင်ရောက်ဖမ်းဆီး ရုံမျှအားမရဘဲ ၂၃ ရက်နှင့် ၂၄ ရက်တွင်ပါ ထိုကျေး ရွာရှိ ကျန်းမာရေးတာဝန်ခံကို ထပ်မံဝင်ရောက် ဖမ်းဆီး လေသည်။ ကျန်းမာရေးတာဝန်ခံက လွတ်မြောက်သွားပြီး UCRRF က ဖမ်းဆီးခံရဲဘော် ၁၇ ယောက်သည် ယနေ့အထိ အဆက်အသွယ်မ ရသေးကြောင်း သိရသည်။ ယခု ဖြစ်စဉ်တွင် NUG က လူများ စွပ်စွဲလေ့ရှိသည့် ပျူရွာ ဖြစ်သောကြောင့် ဖမ်းခြင်းလည်းမဟုတ်၊ ပြည်သူ့စစ်ရှိ ခြင်းကြောင့်လည်းမဟုတ်၊ အလှူခံခြင်းနှင့် NUG လက်အောက်မဝင်ခြင်းကြောင့် ဖမ်းဆီးခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုနေလေကြသည်။ NUG နှင့် အပေါင်းအပါများသည် သူတို့သည်သာ အလှူခံမည်ဖြစ်ပြီး အခြားသူအလှူခံလျှင် ဆရာတော်သံဃာတော်များကို လှူဒါန်းလျှင်ပင် အကုသိုလ်ပွားနေသူများသာ ဖြစ်သည်ကို အားလုံးအသိပင် ဖြစ်ကြကုန်၏။
လူကုန်နေပြီလား
သည်ရက်ပိုင်း PDF အဖွဲ့အသီးသီးက လက်နက်ကိုင်တော်လှန်ရေးထဲသို့ဝင်ရောက်ရန် လူစုနေကြသည်ကို မမြင်ချင်မှအဆုံး ဖြစ်နေလေသည်။ မုံရွာခရိုင် တပ်ရင်း(၄) ဆိုသည့်အဖွဲ့ကလည်း ရှိသည့်ရဲဘော်များအတွက် စားသောက်နေထိုင်စရိတ်မရှိကြောင်း အလှူခံ နေပြီး ရှေ့နောက်မညီစွာ လူသစ်များ ထပ်မံဝင်ရောက်နိုင်ကြောင်း စုဆောင်းနေလေသည်။ ရှိသည့်လူပင် ဝလင်အောင်၊ လောက်ငအောင် မကျွေးမွေးနိုင်၊ မဆင်နိုင်၊ မပြင်နိုင်ဘဲ လူသစ်များ စုဆောင်းနေသည်ကလည်း အံ့ဖွယ်ဟု ဆိုချင်ပါသည်။ သူတို့အဖွဲ့ပဲ သိန်းသုံးရာကျော်တန် သေနတ်တစ်လက်ဝယ်လိုသဖြင့် အလှူခံနေသည်မှာ လနှင့်ချီ ကြာမြင့်နေသော်လည်း သေနတ်ဖိုးမပြည့်သေးဟု အစဉ်ညည်းညူးနေပြီး ယခု လူသစ်စုနေလေပြန်သည်။သူတို့နှင့်အတူ အားကျမခံ မန်း PDF ကလည်း တပ်သားသစ်များထပ်မံ ခေါ်ယူနေလေသည်။ ဇူလိုင် ၂၇ ရက်က ဖြစ်သည်။ 'တော်လှန်ရေးရေချိန် မြင့်လာသည်နှင့်အမျှ ပြည်သူများအနေဖြင့် ဆန့်ကျင်တော်လှန်နေသူများ အနေဖြင့် မည်သူမဆို အသက်(၁၈)နှစ်မှ (၃၅) နှစ်ဟု ထုတ်ပြန်ထားလေသည်။ သူတို့က ဆိုထားသေး၏။ Drone ပစ္စည်းများအတွက်လည်း အလှူခံ ထည့်ဝင်ကြရန်ဟု တောင်းဆိုထားလေသည်။ မြို့ပေါ်တွင် စီးပွားရေး အဆင်မပြေသည်ကို နားလည်သော်လည်း တောထဲတွင် ပိုမို ကျပ်တည်းခက်ခဲလာ၍ တပ်သားသစ်ခေါ်ယူခြင်းနှင့် ဒရုန်းပစ္စည်း များ အလှူခံရခြင်းဖြစ်သည်ဟု ဆိုထားလေသည်။ ပြောလိုက်ချင်ပါ၏။ သူတို့တောင် တောထဲငတ် ပြတ်နေသည်ဟုဆိုပြီး လူသစ်လာလျှင်လည်း ကျွေးစရာ မွေးစရာ ရှိပါ့မလားဟူ၍ ဖြစ်သည်။ လက်ရှိ အခြေအနေအရ မန်းပဒက်တို့ အရမ်းခက်နေပုံထောက်လျှင် လူအတော်ကုန်နေပြီထင်။
(ရွှေထီး)
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )