လူတိုင်းသိဖို့လိုတဲ့ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေဆိုတာ ဘာတွေလဲ

၂၀၂၅ ဖေဖော်ဝါရီ ၁
    မြန်မာနိုင်ငံမှာ ကျင့်သုံးခဲ့တဲ့ အခြေခံဥပဒေ သုံးရပ် (၁၉၄၇/၁၉၇၄/၂၀၀၈) လုံးမှာ နိုင်ငံသားတိုင်းဟာ စစ်ပညာသင်ကြားဖို့နဲ့ စစ်မှုထမ်းဆောင်ဖို့ တာဝန်ရှိတယ်ဆိုတဲ့အချက်ကို သတ်မှတ်ထားပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့ပတ်သက်ရင် အတိတ်သမိုင်းကာလ ၁၉၅၉ ခုနှစ်မှာ သမ္မတ မန်းဝင်းမောင်က လက်မှတ်ထိုးပြီး ပြဋ္ဌာန်းခဲ့တာ ရှိခဲ့ဖူးတယ်။ ဒီဘက်ခေတ်မှာတော့ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြင်ဆင်ပြီး ထပ်မံပြဋ္ဌာန်းခဲ့တာ ရှိခဲ့တယ်။ အရင်တစ်ကြိမ်တုန်းကလည်း ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့ပတ်သက်ပြီး ရေးခဲ့ဖူးပါသေးတယ်။ ဒါပေမဲ့ မြေပြင်အတွက် တကယ်တမ်းလိုအပ်တဲ့ နည်းဥပဒေတွေ ထွက်လာချိန်မှာ 'တချို့ကလည်း ပိုပိုသာသာ လေး ကြောက်ရွံ့နေတဲ့ အချက်တွေ သွားတွေ့တယ်။ ဒါကလည်း ဘေးပယောဂတွေကြောင့် အများကြီးပါသလို အကျင့်ပျက် မီဒီယာတွေရဲ့ လိုလိုပိုပို ရေးသားချက်တွေကြောင့်လည်း ဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ တွေးမိတယ်။ ခုတစ်ကြိမ်မှာလည်း မလိုလားအပ်တဲ့ ပြဿနာတွေ မပေါ်ပေါက်စေဖို့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်တာတွေ အနည်းငယ်ထပ်ပြီး ရှင်းပြချင်မိတယ်။ တကယ်တော့ ပြည်သူ့စစ်မှု ထမ်းဆောင်ခြင်းဆိုတာနဲ့ ပတ်သက်ရင် ကမ္ဘာပေါ်မှာ ကျင့်သုံးတဲ့ အမျိုးအစားက လေးမျိုးလောက် ရှိပါတယ်။ တချို့နိုင်ငံတွေမှာ ဆန္ဒအလျောက် စစ်မှုထမ်းဆောင်တာတွေရှိသလို ဥပဒေတွေ သတ်မှတ်ပြီး  မဖြစ်မနေ တာဝန်ထမ်းဆောင် ရတာတွေလည်း ရှိတတ်ပါတယ်။ နောက်တစ်မျိုးကတော့ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းထားပေမယ့် လက်တွေ့ကျင့်သုံးမှု မရှိသေးတဲ့ နိုင်ငံတွေ ရှိနေသေးသလို တချို့နိုင်ငံတွေမှာတော့ ဆန္ဒအလျောက် စစ်မှုထမ်းဆောင်ခြင်းဆိုတဲ့ စနစ်ကို ကျင့်သုံးနေပေမယ့် လိုအပ်ရင် မဖြစ်မနေ စစ်မှုထမ်းဆောင်ခြင်းစနစ်ကို ချက်ချင်း အသွင်ပြောင်းနိုင်တဲ့ 'ပေါင်းစပ် စစ်မှုထမ်းခြင်း'ဆိုတဲ့ အမျိုးအစားတွေကို ကျင့်သုံးနေတတ်ကြပါတယ်။ 
    ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအများစုဟာ ပြည်သူ့ စစ်မှုထမ်း‌ခြင်းဆိုတဲ့ ဥပဒေကို အကြောင်းအမျိုးမျိုးကြောင့် ကျင့်သုံး ဆောင်ရွက်နေကြရပါတယ်။ ဒါကလည်း အကြောင်းပြချက် မျိုးစုံရှိပါတယ်။ ဥပမာ တချို့ နိုင်ငံတွေဟာ ဘေးအိမ်နီးချင်း နိုင်ငံတွေက အချိန်မရွေး ကျူးကျော်တိုက်ခိုက်နိုင်တဲ့ အခြေအနေ ရှိနေလို့ ကျင့်သုံးဆောင်ရွက်နေကြတာဖြစ်သလို တချို့နိုင်ငံတွေကတော့ ကမ္ဘာ့စစ်အင်အားကြီး နိုင်ငံတစ်ခုအဖြစ် တည်ဆောက်လိုတဲ့ ရည်ရွယ်ချက်တွေကြောင့် ဒီဥပဒေကို ကျင့်သုံးကြတဲ့ နိုင်ငံတွေလည်း ရှိတတ်ကြပါတယ်။ နိုင်ငံအများစုကတော့ မိမိနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို အခြားနိုင်ငံတွေက ရိုသေခံ့ညားစေလိုမှုအတွက် ရည်ရွယ်တည်ဆောက်ထားကြတာမျိုး ဖြစ်ပါတယ်။  ဥပမာအမျိုးသားရော၊ အမျိုးသမီးပါ မဖြစ်မနေ စစ်မှုထမ်းဆောင်ကြရတဲ့ အစ္စရေးနဲ့ မြောက်ကိုးရီးယား တို့ဟာ မိမိနိုင်ငံနဲ့ အချုပ်အခြာအာဏာတည်မြဲဖို့နဲ့ အခြားအင်အား ကြီးနိုင်ငံတွေရဲ့ လွှမ်းမိုးချုပ်ကိုင်မှုတွေကို တန်ပြန်ကာကွယ်လိုစိတ်ကြောင့် ဒီဥပဒေကို ပြဋ္ဌာန်းကျင့်သုံးနေကြတဲ့နိုင်ငံတွေ ဖြစ်ပါတယ်။   
    ဆိုတော့ နှစ်ပေါင်း ၇၆ နှစ်ပြည့်လွန်ပြီးခါမှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ အသက်ဝင်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ ဘာကြောင့် မြန်မာနိုင်ငံမှာ ကျင့်သုံးဖို့ ဖြစ်လာခဲ့သလဲလို့မေးရင် နံပါတ်(၁) အချက်က 'တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်ရေး'၊ နံပါတ်(၂)အချက်ကတော့  'ပြည်သူ့လုံခြုံရေးနဲ့ ပြည်သူ့ကာကွယ် ရေးစနစ်'ကို တစ်ပြည်လုံး အတိုင်းအတာနဲ့ တစ်ပြေးညီ အကောင်အထည်ဖော်ဖို့ ခက်တဲ့ အခြေအနေနဲ့ နံပါတ် (၃)အချက်ကတော့ 'ဒို့တာဝန်အရေး (၃) ပါး'ကြောင့်ပဲ ဖြစ်တယ်။ နစက အစိုးရ မျှော်မှန်းတည်ဆောက်နေတဲ့ ရှေ့လုပ်ငန်းစဉ်ငါးရပ်နဲ့ ဦးတည်ချက် ၁၂ ရပ် အောင်မြင် ဖို့ဆိုရင် တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်မှု မရှိဘဲ ဆောင်ရွက်လို့မရတာ တွေ့ရမှာဖြစ်သလို ရှမ်းမြောက် ကနေ အစပြုလိုက်တဲ့ စစ်ပွဲတွေဟာ 'ပြည်ထောင်စု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး'ဆိုတဲ့ နိုင်ငံတော်အတွက် အသက်တမျှ အရေးကြီးတဲ့ အချက်တွေကို ပျက်ယွင်းစေနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေ ရှိလာလို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း ကျင့်သုံးဖို့ လိုအပ်တဲ့ နည်းဥပဒေကိုတော့ ကာကွယ်ရေး ဝန်ကြီးဌာနကနေ ၂၀၂၅ခုနှစ် ဇန်နဝါရီ ၂၃ ရက်မှာမှ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၅)နဲ့ ထုတ်ပြန် ကြေညာလာခဲ့တာဖြစ်လို့ တစ်နှစ်နီးပါး အချိန်ယူခဲ့ရတဲ့ နည်းဥပဒေလို့ သတ်မှတ်ရမှာပဲဖြစ်တယ်။ 
    လက်ရှိ ထုတ်ပြန်ခဲ့တဲ့ နည်းဥပဒေမှာတော့ အခန်း(၁၀)ခန်း၊ နည်းဥပဒေ အပိုဒ်ပေါင်း (၅၉) ပိုဒ်၊ နောက်ဆက်တွဲပုံစံ ၁၂ ခုနဲ့ တိတိကျကျ ဖော်ပြထားတာ တွေ့ရတယ်။ ထုံးစံအတိုင်း အခန်း(၁)ကတော့ အမည်နဲ့အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ၊ အခန်း(၂)မှာတော့ ပြည်သူ့စစ်မှုထမ်းရန် အသက်နဲ့ကာလ တွက်ချက်မှုတွေ၊ အခန်း (၃)မှာတော့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းခြင်းရဲ့ လုပ်ငန်းတာဝန်တွေ၊ အခန်း(၄)မှာတော့ စာရင်းပြုစုခြင်းနဲ့ မှတ်ပုံတင်ခြင်းဆိုတဲ့ ကိစ္စရပ်တွေ၊ အခန်း(၅)မှာ ဆေးစစ်ခြင်းနဲ့ စစ်မှုထမ်းခြင်းကနေ ကင်းလွတ်ခွင့်ပြုဖို့၊ စစ်မှုထမ်းကာလကို လျှော့ပေါ့ ပေးဖို့၊ ဒါမှမဟုတ် ရွှေ့ဆိုင်းပေးဖို့ လျှောက်ထားနိုင်တဲ့ ကိစ္စရပ်တွေ၊ အခန်း(၆)မှာတော့ အမိန့်စာ ဆင့်ခေါ်တဲ့ အပိုင်း၊ အခန်း(၇) မှာတော့ ဆေးစစ်ဆေးရေး ဘုတ်အဖွဲ့တွေ ဖွဲ့စည်းခြင်းနဲ့ လုပ်ငန်းတာဝန်တွေ၊ အခန်း(၈)မှာတော့  ပြည်သူ့စစ်မှုထမ်းတွေရဲ့ ခံစားမှုရပိုင်ခွင့်တွေ အပါအဝင် အခန်း(၉)မှာ တော့ စစ်စည်းရုံးခြင်းဆိုတဲ့အပိုင်းနဲ့ အခန်း (၁၀)မှာတော့ အထွေထွေ ပြဋ္ဌာန်းချက်ဆိုပြီး ပြဋ္ဌာန်း ထားတာ တွေ့ရမှာ ဖြစ်တယ်။
    ဒီနေရာမှာ အခန်း(၃)ရဲ့ အရေးပါမှုကို အရင်စပြီး ရှင်းလင်းပါ့မယ်။ အခန်း(၃)ရဲ့ ဖွဲ့စည်းပုံမှာဆို ရင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ မြို့နယ်အဖွဲ့က အခြေခံအကျဆုံး အဖွဲ့အစည်း ဖြစ်ပါတယ်။ ဒီအဖွဲ့ကပဲ စစ်မှုထမ်းရမယ့် စာရင်းပြုစုရေးအဖွဲ့တွေကို ဖွဲ့စည်းပေးတာဖြစ်သလို စစ်မှုထမ်းရမယ့် အသက်အရွယ်ရောက်သူ နိုင်ငံသားတိုင်းကို မှတ်ပုံတင်ပေးရတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါတွေအပြင် ပြည်သူ့စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူတွေရဲ့ ကျန်းမာရေး ဆေးစစ်တာကို ပူးပေါင်း ဆောင်ရွက်ရတဲ့သူတွေဖြစ်သလို ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်နဲ့ ရွှေ့ဆိုင်းခွင့်တွေအတွက်လည်း အထက်ဌာနဖြစ်တဲ့ ခရိုင်အဆင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသအဖွဲ့ကို တင်ပြဖို့အတွက် သဘောထားမှတ်ချက်ပေးရတဲ့ အခြေခံအကျဆုံးအဖွဲ့ ဖြစ်နေပါတယ်။ ဒုတိယအရေးကြီးဆုံးကတော့ ခရိုင်အဖွဲ့ ရဲ့ လုပ်ငန်းတာဝန် ဖြစ်ပါတယ်။ ဒီအဆင့်တွေကလည်း မြို့နယ်က တင်ပြလာတာတွေကို စိစစ်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အဖွဲ့ကို ထပ်မံတင်ပြ ကြရတာ ဖြစ်ပါတယ်။ တတိယအဖွဲ့ကတော့ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဦးဆောင်တဲ့ နေပြည်တော်အဖွဲ့ ဖြစ်ပါတယ်။ နောက်ဆုံးပိတ် အရေးကြီးတဲ့အဖွဲ့ကတော့ ပြည်ထောင် စုအစိုးရအဖွဲ့ပဲ ဖြစ်ပါတယ်။ ဘာလို့ ဒီလို အဆင့်ဆင့် ရှင်းပြနေရသ လဲလို့မေးရင် 'ပြည်သူ့စစ်မှု ထမ်းခြင်းကနေ ကင်းလွတ်ခွင့်ပြုနိုင်ဖို့၊ ကာလအပိုင်းအခြား လျှော့ပေါ့ပေးနိုင်ဖို့နဲ့ ကာလအပိုင်းအခြားတစ်ခုအထိ ရွှေ့ဆိုင်းပေးဖို့ဆိုတဲ့ အမိန့်အာဏာဟာ ဒီပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်ထဲမှာပဲရှိတယ်ဆိုတဲ့အချက်ကို ပေါ်လွင်စေချင်လို့ ဖြစ်ပါတယ်။ 
    နောက်ထပ် အရေးကြီးတဲ့ အပိုင်းကတော့ အခန်း (၄) ရဲ့ စာရင်းပြုစုခြင်းနဲ့ မှတ်ပုံတင်ခြင်းဆိုတဲ့ အပိုင်းပါပဲ။ ဒီဥပဒေ စတင်အမိန့်အာဏာတည်ပြီး အကျုံးဝင်တဲ့ နိုင်ငံသားတိုင်းမှန်သမျှကို စာရင်းပြုစုဖို့အတွက် ရပ်/ကျေး တာဝန်ရှိသူတွေက မြေပြင်ကွင်းဆင်း ပြီးတော့ ပုံစံ (၁) နဲ့အတူ မြို့နယ်အဖွဲ့ကို တင်ပြကြရမှာ ဖြစ်ပါတယ်။ ဆိုလိုတာက 'တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ နိုင်ငံသားတိုင်းရဲ့ အချက်အလက်မှန်သမျှ Update စာရင်းဟာ ရပ်/ကျေးတွေအပေါ်မှာ လုံးဝမှီခိုနေ တယ်ဆိုတဲ့ အချက်ပါ။ ဒါပေမဲ့ ပြည်သူတွေဘက်က သိဖို့လိုအပ်တဲ့အချက်က မှတ်ပုံတင် စာရင်းပါတိုင်း စစ်မှုထမ်းဖို့ ရွေးချယ်ခံရတာ မဟုတ်ဘူးဆိုတဲ့ အချက်နဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခေါ်ယူတဲ့ ပမာဏာဟာ ရွေးချယ်ခံရဖို့ အတော်လေး အခွင့်အရေး နည်းပါးတယ်ဆိုတဲ့အချက်ကို မဖြစ်မနေ သိထားဖို့ လိုအပ်ပါတယ်။
    အခန်း(၅)ကတော့ ပိုပြီးအရေးကြီးပါတယ်။ ဒီနေရာမှာ စစ်မှုထမ်းအဖြစ် စာရင်းသွင်းခံရတဲ့ အခြေအနေမှာ ကာယကံရှင်ဘက်က စစ်မှုထမ်းတာဝန်ကနေ ကင်းလွတ်ခွင့်ပြုဖို့၊ ဒါမှမဟုတ် စစ်မှုထမ်း ကာလအပိုင်း အခြားကို လျှော့ပေါ့ပေးဖို့နဲ့ ကာလအပိုင်းအခြား တစ်ခုအထိ ရွှေ့ဆိုင်းပေးဖို့ဆိုတဲ့ တောင်းဆိုချက်တွေကို ဥပဒေနဲ့အညီ တောင်းဆိုပိုင်ခွင့်ရှိတာကို ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။ ဒီနေရာမှာတော့ ကင်းလွတ်ခွင့်ရသူအမျိုး အစားက ၁၃ မျိုးအထိ ရှိသလို လျှော့ပေါ့ခွင့်ရှိသူ အမျိုးအစား နေရာမှာလည်း သုံးမျိုးအထိ ပေးအပ်ထားတာ တွေ့ရမှာဖြစ်ပါတယ်။ ရွှေ့ဆိုင်းခွင့် ရှိသူတွေမှာလည်း ယာယီအားဖြင့် ဆေးအဆင့် မမီသူတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ ပညာသင်ကြားနေသူတွေ၊ မိအို၊ ဖအို ပြုစုနေ သူတွေ၊ မူးယစ်ဆေးဝါးကြောင့် ဆေးကုသမှုခံယူနေသူတွေနဲ့ လတ်တလော ထောင်ဒဏ် ကျခံရသူတွေ အပါအဝင် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ရဲ့ သတ်မှတ်ထားတဲ့ ဥပဒေနဲ့ ကိုက်ညီသူတွေကို ပြည်သူ့စစ်မှု ထမ်းဖို့အတွက် ရွှေ့ဆိုင်းခွင့်ပြုပေးမှာ ဖြစ်တာတွေ့ရမှာ ဖြစ်ပါတယ်။ 
    အခန်း(၆)ကတော့ အမိန့်စာပေးပို့ဆင့်ခေါ် ခြင်းဆိုတဲ့ အပိုင်းပဲဖြစ်ပါတယ်။ အထက်မှာပြောခဲ့သလို ပြည်သူ့စစ်မှုထမ်းအတွက် ကင်းလွတ်ခွင့်ပြုတာ၊ ကာလအပိုင်းအခြား တစ်ခုအထိ လျှော့ပေါ့ပေးတာနဲ့ ကာလအပိုင်းအခြားတစ်ခုအထိ ရွှေ့ဆိုင်းပေးတဲ့ကိစ္စတွေကို ပြည်ထောင်စုအစိုးရအဖွဲ့ဆိုတဲ့ ဗဟိုအဖွဲ့ကသာ လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဒီအဖွဲ့ကနေပဲ ကာယကံရှင်ရဲ့ လျှောက်ထား ချက်အပေါ်မှာ ခွင့်ပြုခြင်းနဲ့ ငြင်းပယ်ခြင်းဆိုတာကို ဆောင်ရွက်နိုင်တာ ဖြစ်ပါတယ်။ ဗဟိုအဖွဲ့က ပေးပို့လာတဲ့ အမိန့်ဆင့်ခေါ်စာ ဒါမှမဟုတ် ခွင့်ပြုကြောင်း အကြောင်း ကြားစာ မှန်သမျှဟာ သက်ဆိုင်ရာ မြို့နယ်အသီးသီးထံ တိုက်ရိုက်ရောက်ရှိစေမှာလည်း ဖြစ်ပါတယ်။ ဗဟိုအဖွဲ့က သတ်မှတ် အတည်ပြု ထားသူတွေ ကို မြို့နယ်အဖွဲ့တွေက အမိန့်စာပုံစံ (၁၀) အသုံးပြုပြီး တော့ ကာယကံရှင်ထိ တိုက်ရိုက် ပေးပို့ရမှာလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ မြို့နယ်အဖွဲ့တွေ သတိပြုရမယ့်အချက်က ဆန္ဒပြုသူကို ဦးစားပေးရမယ်ဆိုတဲ့ အချက်ရယ်၊ ဆန္ဒပြုသူ အရေအတွက်က သတ်မှတ်ချက် မပြည့်မီရင် မဲနှိုက်စနစ်နဲ့ ရွေးချယ်ရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ရယ်၊ မိသားစုတစ်စုအတွင်းမှာ အကျုံးဝင်သူ တစ်ဦးထက် ပိုရှိနေရင်အလှည့်ကျ တာဝန်ထမ်းဆောင်စေရမယ်ဆိုတဲ့အချက်တွေကို တိတိကျကျ လိုက်နာပေးရမှာ ဖြစ်ပါတယ်။ ပြည်သူတွေဘက်က အမှတ်မှားနိုင်တဲ့ ကိစ္စကတော့ အမိန့်စာဆင့်ခေါ်တိုင်း စစ်မှုထမ်းဖို့ စာရင်းပါတာမဟုတ်ဘဲ မှတ်ပုံတင် စာရင်းသွင်းဖို့ ဆင့်ခေါ်တာမျိုး ဖြစ်တယ်ဆိုတာ ကွဲကွဲပြားပြားသိဖို့ လိုအပ်ပါတယ်။ ဆိုလိုတာက အိမ်တစ်အိမ်ရဲ့ မိသားစုဝင်တစ်ဦးက ပြည်သူ့စစ်မှုထမ်းအတွက် အသက်အရွယ် အပိုင်းအခြားအရ စာရင်းဝင်နေပြီး နေအိမ်မှာ မရှိနေချိန်မျိုးမှာ (ဥပမာ နိုင်ငံခြား ရောက်နေချိန်မျိုး) မိသားစုဝင်တစ်ဦးဦးက ပြည်သူ့စစ်မှု ထမ်းဥပဒေကို ရှောင်လွှဲနေတာမျိုး မဟုတ်ပါ ဘူးဆိုတာကို ခိုင်လုံတဲ့ အထောက်အထားနဲ့ တင်ပြရမှာဖြစ်သလို ကိုယ်စားမှတ်ပုံတင်စာရင်း သွင်း ပေးဖို့လည်း မဖြစ်မနေ လိုအပ်မှာ ဖြစ်ပါတယ်။
    အခန်း(၈)ကတော့ ပြည်သူ့စစ်မှုထမ်းတွေရဲ့ ခံစားခွင့်ဆိုင်ရာ ဥပဒေသတ်မှတ်ချက်တွေပဲ ဖြစ်ပါတယ်။ ၂၄ လတာ ကာလပဲ တာဝန်ထမ်းဆောင်ကြရမယ့် ပြည်သူ့စစ်မှုထမ်းအဖြစ်နဲ့ အကျုံးဝင်သူ မှန်သမျှဟာ သာမန်တမ်းပြည့် တာဝန်ထမ်းဆောင်နေကြတဲ့ တပ်မတော်သားတစ်ဦး ရရှိနေတဲ့ အခြေခံအခွင့်အရေးတွေ အကုန်လုံးရရှိမှာ ဖြစ်ပါတယ်။ ခြွင်းချက်အနေနဲ့ကတော့ နိုင်ငံ့ဝန်ထမ်းဖြစ်ခဲ့ရင် လက်ရှိရနေတဲ့ လစာနဲ့ တပ်မတော်က ရရှိတဲ့လစာနဲ့ စရိတ်နှစ်ခုအနက်မှာ ကြိုက်နှစ်သက်ရာ တစ်ခုခုကို ရွေးချယ်ရယူနိုင်မှာ ဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းတစ်ဦးအနေနဲ့ ဆန္ဒရှိလို့ တပ်မတော်မှာ ဆက်ပြီး တာဝန်ထမ်းဆောင်ချင်ရင်လည်း လုပ်ထုံးလုပ်နည်းနဲ့အညီ ခွင့်ပြုပေးမှာဖြစ်သလို သတ်မှတ်အရည်အ ချင်းနဲ့ ကိုက်ညီပြန်ရင်လည်း အရေးပေါ် ပြန်တမ်းဝင် အရာရှိအဖြစ်နဲ့ ခန့်အပ်ခြင်းခံရမယ့် အခွင့်အရေး ရှိနေသေးတာ ဖြစ်ပါတယ်။ 
    အခန်း(၉)ကတော့ ဒီနည်းဥပဒေတစ်ခုလုံးရဲ့ အသက်ဖြစ်ပါတယ်။ တိုင်းပြည်အရေးပေါ် ဖြစ်လာချိန်မှာ နိုင်ငံသားတိုင်း စစ်ပွဲတွေရဲ့ သဘောတရားတွေကို သိရှိနိုင်စေဖို့၊ စစ်ဘက် 'အရပ်ဘက် ဆက်ဆံရေးတွေ ပိုပြီးကောင်းမွန်လာစေဖို့နဲ့ နိုင်ငံတော်အပေါ် ကျရောက် နေတဲ့ ဘေးအန္တရာယ်တွေကို နိုင်ငံသားတိုင်း အတူတကွ ရင်ဆိုင်ကျော်လွှားနိုင်ဖို့အတွက်' နိုင်ငံသားတစ်ယောက်ဟာ ပြည်သူ့စစ်မှု ထမ်းဆောင်ခြင်းဆိုတဲ့ ကာလအပိုင်း အခြားတစ်ခု ပြီးဆုံးသွားခဲ့ရင်တောင် နိုင်ငံတော်က အရေးပေါ်ဖြစ်လာချိန်မှာ ကန့်သတ်ချက် ပြည့်မီသူတွေကို အစ္စရေးနိုင်ငံပုံစံ ဆင့်ခေါ်ဆောင်ရွက်သွား မယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ဖြစ်ပါတယ်။ ဆိုလိုတာက စစ်မှုထမ်းဆောင်ခြင်းကို အဂတိတရားတွေနဲ့ မလျော် မမှန်ကန်တဲ့ နည်းလမ်းတွေသုံးပြီး ရှောင်လွှဲတာဟာ ရေရှည်အလုပ်မဖြစ် ဘူးဆိုတဲ့အချက်ကို မီးမောင်း ထိုးပြလိုရင်းဖြစ်ပါတယ်။ ဒီဥပဒေရဲ့ နောက်ဆုံးအခန်းကတော့ လိုက်နာရမယ့် စည်းမျဉ်း ကန့်သတ်ချက် ဖြစ်ပါတယ်။ ကျန်းမာရေးဆေး စစ်ပြီးလို့ ပြည်သူ့စစ်မှုထမ်းအတွက် ကင်းလွှတ်ခွင့်ရသူတွေ၊ ကာလအပိုင်းအခြားအရ လျှော့ပေါ့ပေးထားသူတွေနဲ့ ရွှေ့ဆိုင်းခံထားရတဲ့ သူတွေ အားလုံးဟာ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားကို ထွက်ခွာမယ်ဆိုရင်တော့ ဗဟိုအဖွဲ့ရဲ့ခွင့်ပြုမိန့်ကို မဖြစ်မနေ တောင်းခံရမှာ ဖြစ်ပါတယ်။ 
    အကုန်လုံးကို ခြုံကြည့်လိုက်ရင်တော့ 'ပြည်သူ့စစ်မှုထမ်း နည်းဥပဒေဟာ လိုအပ်တဲ့ ဥပဒေ စည်းမျဉ်း သတ်မှတ်ချက်တွေ ပြဋ္ဌာန်းပေးပြီးတော့ အပြည့်အ၀ ကာကွယ်ပေးထားတာ တွေ့ရမှာဖြစ်ပါတယ်။ တပ်မတော်ဟာ ပြည်သူ့စစ်မှုထမ်းအဖြစ် စာရင်းပါရှိသူတွေကို စစ်အခြေခံ သဘောတရားတွေ ကို သင်ကြားပေးမှာဖြစ်သလို တာဝန်ထမ်းဆောင်စဉ်မှာလည်း ဥပဒေ အကာအကွယ်အရ တပ်မတော် သားတစ်ဦးလိုပဲ'ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို နိုင်ငံတော်က တန်းတူပေးအပ်မှာ ဖြစ်ပါတယ်။  သီးခြား ကျွမ်းကျင်ပညာရှင်တွေကိုတော့ လိုအပ်တဲ့ စစ်အခြေခံပညာတွေ သင်ကြားပေးမှာ ဖြစ်သလို မိမိကျွမ်းကျင် တတ်မြောက်ထားတဲ့ ပညာရပ်နယ် ပယ်တွေမှာသာ တာဝန်ပေးအပ်မှာဖြစ်လို့ ၂၄ လတာ ပဲ တာဝန်ထမ်းဆောင်ရမယ့် အခြေအနေဟာ စိုးရိမ်ဖို့ မလို အပ်ဘူးဆိုတာနဲ့ ငွေကြေးအမြောက်အမြား အဂတိကျူး လွန်ပြီး ရှောင်လွှဲဖို့မသင့်ဘူးလို့ပဲ အဓိကထား ပြောကြားလိုပါတယ်။ ပြီးတော့ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်ရဲ့ ပုဒ်မ (၃၈၅)နဲ့ ပုဒ်မ (၃၈၆) မှာလည်း  'နိုင်ငံသားတိုင်းအနေဖြင့် စစ်ပညာသင်ကြားကြဖို့တာ ဝန်ရှိသည်'လို့ သတ်မှတ်ထားတာဖြစ်လို့ နိုင်ငံတော်ရဲ့ ကာကွယ်ရေးတာ ဝန်ကို နိုင်ငံတော်ကို ချစ်မြတ်နိုးစိတ်နဲ့အတူ သမိုင်းပေးတာဝန်အရ ကျေပွန်စွာ ထမ်းဆောင် နိုင်ဖို့ ကြိုးပမ်း အားထုတ်ကြပါလို့ ပြောကြားလိုသလို တာဝန်ရှိသူ အဆင့်ဆင့်တိုင်းကလည်း တော်တည့်မှန် ကန်စွာ သစ္စာရှိရှိ လုပ်ကိုင်ဆောင်ရွက်ကြပါလို့ပဲ တိုက်တွန်း အကြံပြု ပြောကြားလိုပါတယ်။  ( နရီမိုး)

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 164

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42874

© 2022 - 2025 News. All Rights Reserved.