၂၀၂၄ ဇန်နဝါရီ ၉
ဤ ငါတို့ မြန်မာနိုင်ငံတော်ကြီးသည် လိုရာမတ ပြည့်စုံလှ၍ ဘူမိနက်သန်မှန်သော မြေထူးမြေမြတ် လည်းဖြစ်၏။ မွန်မြတ်သန့်စင်သော တရားထူး တရား မြတ်တို့တည်ရာ မြေကောင်းမြေမွန်လည်း မှန်၏။ မြေတွင်းမြေပြင်အထူးထူးသော ရတနာအပေါင်းတို့နှင့် ပြည့် စုံသဖြင့် သတ္တဝါအပေါင်းတို့ ဆွတ်ယူစားသုံး ကမ္ဘာဆုံး သော်လည်း မသုဉ်းမကုန်နိုင်သော ပဒေသာစစ် အနှစ်သာရ ကြွယ်ဝပြည့်စုံသော မြေလည်းဖြစ်၏။ ဘူမိနက်သန်မှန်လှ ထူးချွန် ဤမြေမွန်မြေမြတ်၌ ရှမ်း၊ ကချင်၊ ချင်း၊ မွန်၊ မြန်မာစသည်ဖြင့် တစ်သွေးတစ်သား တစ်မိ ဖွား ဖြစ်ကြကုန်သော ငါတို့သည် နှစ်ပေါင်းထောင်ရာ သင်္ချာ ပွားတက် ရေတွက်ခြင်းငှာ မတတ်နိုင်ရာသော ရာဇဝင်ရှည်ဝေး ရှေးပဝေသဏီမှစ၍ တညီတညွတ် တစုတရုံး လွတ်လပ်သော လူမျိုးအဖြစ် တည်ခဲ့ကြ၏။ တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်တို့နောက် မန္တလေးအထိ ငါတို့၏ လွတ်လပ်ရေးသည် နေရောင်လဝါ ပမာကဲ့သို့ တဖြာဖြာတဝင်းဝင်း ကမ္ဘာချဉ်းအောင် ထွန်းလင်းခဲ့ပေ ၏' (၁၉၄၈၊ မြန်မာ့ လွတ်လပ်ရေးကြေညာစာတမ်း၊ အပိုဒ် ၂-မှ)

သို့သော် သမိုင်းတစ်ကွေ့မှာ နယ်ချဲ့အင်္ဂလိပ်တို့ လက်အောက်ကျရောက်ပြီး မြန်မာ့လွတ်လပ်ရေးဆုံး ရှုံးသွားခဲ့တယ်။ (ကမ္ဘာ့တန်ဆာ ကာလအသင်္ချေတည် နေအပ်သော နေမင်းသူရိယ လစန္ဒာတို့ပင် ဆီးနှင်းမြူ တိမ်ဖုံးအုပ်၍ ခေတ္တခဏ အရှိန်အဝါ ညှိုးလျော်နွမ်းလျ မထွန်းမပ ဖြစ်ဘိသကဲ့သို့)လို့ လွတ်လပ်ရေးကြေညာစာတမ်းမှာ အလင်္ကာစကားနဲ့ တင်စားဖော်ပြထားပါတယ်။ (သို့သော် နေမင်းသူရိယ လစန္ဒာတို့ကို ဆီးနှင်းမြူတိမ် တို့သည် မည်သို့ပင် ဖုံးလွှမ်းစေကာမူ နေလတို့၏ အရှိန်အတောက်ကို မခံနိုင်ရကား ခြောက်ဆယ့်တစ်နှစ် တစ် လနှင့် တစ်ရက်သော အခိုက်အတန့်လေးမှာပင် အလိုအလျောက် ပျောက်သွားရသဖြင့် ဤနေ့၊ ဤအခါမှစ၍ ငါတို့သည် အသူရိန်ခံတွင်းမှ ရှင်းရှင်းကြီး လွတ်မြောက် အပ်သော လပြည့်စန်းပမာ သန့်ရှင်းစင်ကြယ် ချမ်းမြေ့ သာယာစွာဖြင့် လုံးဝလွတ်လပ်သော ဘဝထူးဘဝမြတ် ကို လက်ဆုပ်လက်ကိုင် အပိုင်ရရှိကြပြီ'လို့ ဆက်လက် ဥဒါန်းကျူးဖော်ပြထားပါတယ်။
လွတ်လပ်ရေးကြေညာစာတမ်းဟာ အလွန် ခမ်းနားသလောက် လေးနက်ပြောင်မြောက်လှတဲ့ စကား လုံးတွေနဲ့ အမိနိုင်ငံတော်ကြီးကို ဂုဏ်ပြထားပါတယ်။ အမိမြန်မာနိုင်ငံတော်ဟာ သူ့ကျွန်ဘဝမှာ 'ခြောက်ဆယ့် တစ်နှစ် တစ်လနှင့်တစ်ရက်သော အခိုက်အတန့်ကလေးသာ' နေခဲ့ရတယ်လို့ ဆိုပါတယ်။ ၁၈၈၅ နိုဝင်ဘာမှာ အင်္ဂလိပ်တွေ မန္တလေးကို သိမ်းပိုက်ပြီး ၁၈၈၆ ဇန်နဝါရီ ၁ ရက်မှာ မြန်မာနိုင်ငံတော်ကို ဗြိတိသျှအင်ပါယာထဲ သွတ်သွင်းကြောင်း ကြေညာချိန်က စတင်ရေတွက်ရင် မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေးဆုံးရှုံးခဲ့ရတာ နှစ်ပေါင်း ၆၀ ကျော်ပဲ ကြာခဲ့ပါတယ်။ နှစ်ပေါင်း ၆၀ ကျော် ဆိုတာ နှစ်ပေါင်းရာထောင်ချီတဲ့ သမိုင်းရာဇဝင်ခေတ် တွေနဲ့ နှိုင်းစာလိုက်ရင် 'အခိုက်အတန့်ကလေးမျှသာ' ဖြစ်ပါတယ်။ (အိန္ဒိယဆိုရင် ဗြိတိသျှတွေရဲ့လက်အောက်မှာ နှစ်ပေါင်းသုံးရာကျော် နေခဲ့ရတယ်။) မြန်မာတို့ရဲ့ လွတ်လပ်ရေးကြိုးပမ်းမှု အမျိုးသားရေးစိတ်ဓာတ်ကြောင့် အောင်ပွဲဆင်နွှဲခဲ့ပုံကို 'နေလတို့၏ အရှိန်အတောက်ကို မခံနိုင်ရကား ...လို့ ဖော်ညွှန်းထားပါတယ်။
တိုင်းရင်းသားများ၊ ရဟန်းရှင်လူများဟာ လွတ်လပ်ရေး ကြိုးပမ်းမှုတိုက်ပွဲမှာ တစ်ခဲနက် စည်းလုံး ညီညွတ်စွာ ပါဝင်ခဲ့ကြပါတယ်။ သူ့ကျွန်ဘဝမှာ ဘာသာ၊ သာသနာ ညှိုးနွမ်းနိမ့်ကျခဲ့ရပုံတွေကို ခါးသီးနာ ကျင်စွာ ကြုံတွေ့ခံစားခဲ့ရတဲ့ သံဃာတော်များဟာ လွတ် လပ်ရေးအောင်ပွဲအတွက် ဂုဏ်ယူမဆုံးအောင် ရှိခဲ့ကြပါတယ်။ မြန်မာ့လွတ်လပ်ရေးနဲ့အတူ 'နိုင်ငံတော်ပြုပြင် တည်ဆောက်ရေး' ကျမ်းစာအုပ်တစ်အုပ်လည်း သန္ဓေ တည်မွေးဖွားခဲ့ပါတယ်။ သာသနာ့သမိုင်းမှာ နေလပမာ ထင်ရှားတော်မူသော အမရပူရမြို့၊ အရှင်ဇနကာဘိဝံသ ရဲ့ 'အနာဂတ်သာသနာရေး' ကျမ်းစာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ လွတ်လပ်ရေးရဲ့ သက်တမ်းနှင့်အမျှ အ ကြိမ်ကြိမ် ပုံနှိပ်ထုတ်ဝေနေတဲ့ စာအုပ်ဖြစ်ပါတယ်။) အချီနိဒါန်းမှ ပါဠိစကားများကိုဖယ်ပြီး ကောက်နုတ် ဖော်ပြရပါသော် ...
'၆၂ နှစ်မျှ၊ ကျွန်ဝဘမှ လုံးဝမတ်မတ်၊ လွတ်လပ်ခဲ့ပြီးသော၊ မိမွေဘနှစ်၊ ချက်မြှုပ်ဖြစ်၍၊ အသစ် တည်ဖန် ကိုယ့်နိုင်ငံကို တို့ပြည်၊ တို့မြေ၊ တို့အမွေဟု အခြေသိုက်မြိုက် စိုက်တလူလူ၊ အောင်လံထူမြဲသာလျှင် မြေပြင်ရေပြင် ဝေဟင်မလပ် တပ်ပေါင်းကွပ်လျက်၊ အ မြတ်ရတနာ သာသနာလည်း၊ ရောင်ဝါထိန်ညီး လုံစုံပြီးအောင် ချီးမြှောက်နိုင်ကြပါစေသတည်း'တဲ့။ (၁၉၉၅ ဇန်နဝါရီ၊ ဒသမအကြိမ်ထုတ်၊ အနာဂတ်သာသနာရေး)
'အနာဂတ်သာသနာရေး' ကျမ်းကို ပြုစုစဉ်က ဆရာတော်ကြီးဟာ သက်တော် (၅၀) ပင် မပြည့်တတ်သေးပါ။ လွတ်လပ်ရေးရပြီး သုံးနှစ်အကြာ ၁၉၅၁ မှာ နိုင်ငံတစ်ဝန်း လက်နက်ကိုင် ဆူပူသောင်းကျန်းမှုများ ဖြစ် ပေါ်လာချိန် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ဟာ မင်္ဂလာဒုံတပ်မြို့မှာ နိုင်ငံတော်၊ 'စစ်တပ်တရားတော်' ကို ဟောကြားတော်မူခဲ့ပါတယ်။ စစ်တပ်တရားတော် ကြောင့် နိုင်ငံရေးသမားအချို့က ပုတ်ခတ်ဝေဖန်ပြစ်မှား ခဲ့ကြပေမယ့် ဆရာတော်ဘုရားကတော့ လုံး၀ အမှုမထား ခဲ့ပါဘူး။ စစ်တပ်တရားတော် ဟောရခြင်းအကြောင်း ၁၃၁၃ ခု ကဆုန်လဆန်း ၁ ရက်(၁၉၅၁ ခု၊ မေလ ၆ ရက်)နေ့စွဲဖြင့် ဆရာတော်ဘုရားကိုယ်တိုင် အောက်ပါ အတိုင်းရှင်းလင်းရေးသားခဲ့ပါတယ်။
'မြန်မာနိုင်ငံတော် လွတ်လပ်ရေးရတော့မည် ဟု သူသူငါငါ ပြောနေကြသော အချိန်အခါကပင် 'လွတ် လပ်ရေးရလျှင် အဘယ်ဌာနသည် နိုင်ငံတော်အတွက် လိုရင်းပဓာန (အရေးအကြီးဆုံးဌာန)ဖြစ်သနည်းဟု ပြဿနာတစ်ရပ်ကို စဉ်းစားခဲ့ပါသည်။ ထိုအခါ 'စစ်တပ် နှင့်သာသနာ'သည် နိုင်ငံတော်အတွက် လိုရင်းပဓာနဖြစ် ၏'ဟု ဘုန်းကြီးစိတ်မှာ အဖြေတွေ့လာပါသည်။ ရှင်းပြ ပါဦးမည်။ တောင့်တောင့်တင်းတင်းနှင့် အရည်အချင်း ရှိ၍ နိုင်ငံတော်ကို အမှန်ချစ်ခင်စွာ သစ္စာစောင့်သော စစ်တပ်သည် နိုင်ငံတော်တစ်ဝန်းလုံးကို သိမ်းကျုံး၍ ထိန်းသိမ်းထားနိုင်ပါသည်။' ...'ဘုန်းကြီးကား လွတ်လပ်ရေးရတော့မည်ဟု ကြွေးကြော်နေသော အချိန်အခါကပင် နိုင်ငံတော်သားကောင်းများ၏ စစ်တပ်အင်အား ကို အားကိုးလျက်နိုင်ငံတော် တိုးတက်တော့မည်ဟု မျှော်လင့်ခဲ့ပါသည်'
'သာသနာတော်သည် များစွာသော ကျေးရွာတို့၌ ယခုအချိန်တိုင်အောင် သြဇာကောင်းလျက်ရှိ၏။ ထို့ကြောင့် သာသနာ့ဝန်ထမ်း ရဟန်းတော်များသည် စည်းကမ်းကျကျ နည်းကောင်းလမ်းမှန်ကို ညွှန်ပြတော် မူနိုင်ကြလျှင် ကျေးလက်တောရွာအားလုံး တစ်ဟုန်တည်း တိုးတက်လာမည်မှာ မလွဲနိုင်သော မျှော်လင့်ချက်ပင်ဖြစ်ပါသည်။ ဤမျှော်လင့်ချက်ကြောင့် အနာဂတ်သာသနာရေး ကျမ်းစာကို လွတ်လပ်ရေးမရမီကပင် ရေးသားခဲ့ ပါသည်။ ဘုန်းကြီးဖြစ်စေလိုသော သာသနာတော်မှာ ယခုထက် သြဇာကောင်း၍ ယခုထက် တိုင်းသူပြည်သား ကို အကျိုးများစေနိုင်သော သာသနာဖြစ်ပါသည်။'
'တစ်ဖက်တစ်လမ်းမှ စစ်တပ်က နိုင်ငံတော်ကို ထိန်းသိမ်းလျက် တစ်ဖက်တစ်လမ်းမှ သာသနာတော်က နိုင်ငံတော်ကို အသိဉာဏ်တိုးပွားစေ၍ တရားမျှတအောင် ကြိုးစားပေးပါမူ ဤနိုင်ငံတော်သည် နှစ်ပေါင်း အနည်းငယ်အတွင်းမှာပင် ကမ္ဘာက အသိအမှတ်မပြုလျှင် မဖြစ်နိုင်လောက်အောင် တိုးတက်ရပေမည်ဟု မျှော်လင့်ကာ အနာဂတ်သာသနာရေး ကျမ်းစာ၏ အစ ဆုံး ဂါထာ၌ 'အာရာဓယန္တု - မြေပြင်ရေပြင်၊ ဝေဟင်မလပ်၊ တပ်ပေါင်းကွပ်လျက်၊ အမြတ်ရတနာ သာသနာ လည်း၊ ရောင်ဝါထိန်ငြီး၊ လုံးစံပြီးအောင် ချီးမြှောက်နိုင် ကြပါစေသတည်း'ဟု နိုင်ငံတော် တိုးတက်ရေးအတွက် စစ်တပ်နှင့် သာသနာကိုသာ တိုင်တည်ခဲ့ပါသည်။'
လွတ်လပ်ရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ရဲ့ မျှော်လင့်ချက်များဟာ လေးနက်ခိုင်မာလှပါတယ်။
ကျေးဇူးတော်ရှင် တောင်တန်းသာသနာပြု ဆရာတော်ကြီး အရှင်ဦးဥတ္တမသာရဟာလည်း 'လွတ်လပ်ရေး'ကိုဘယ်လောက်တန်ဖိုးထားသလဲဆိုရင် ဘုရားစေတီတည်ပြီးတော့တောင် လွတ်လပ်ရေးကို အထွတ်အမြတ် အမှတ်တရ ဖြစ်စေမယ်လို့ စိတ်ဆန္ဒဖြစ်ပေါ်ခဲ့ပါတယ်။ ဆရာတော်ကြီးဟာ လွတ်လပ်ရေးမရမီကတည်းက နယ်ခြားဒေသ တောင်တန်းတွေပေါ်မှာ ဗုဒ္ဓသာသနာ လင်းရောင်ဖြာဖို့ ကြိုးပမ်းခဲ့သူပါ။ ၁၉၉၃ မေလ တတိယ အကြိမ်ထုတ် ဆရာတော်ကြီးရဲ့ 'ကိုယ်တွေ့မှတ်တမ်းများ အမှတ်စဉ်-၃' စာမျက်နှာ ၇၉ မှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။'
'ဗုဒ္ဓဘာသာ လုံးဝမရောက်သေးသော မြောက်ပိုင်းချင်းတောင်ပေါ်သို့ တက်ရောက်၍ စတင်သာသနာ ပြုရမည့် အလုပ်ကိစ္စသည် အဘက်ဘက်၌ မလွယ်ကူနိုင် ပါ။ သာသနာပြု ပုဂ္ဂိုလ်နေထိုင်ရန် ကျောင်းကန်မရှိ၊ စားနပ်ရိက္ခာမရှိ၊ ဆွမ်းပို့သူမရှိ၊ ဆွမ်းခံစရာမရှိ၊ ပစ္စည်း လေးပါး ထောက်ပံ့သူမရှိ အားကိုးအမှီပြုနေထိုင်ရန် တောင်ပေါ်သားထဲမှ ထိရောက်သော ဒကာမရှိ၊ ထို့ပြင် သာသနာပြု ပုဂ္ဂိုလ်က စိတ်ဓာတ်ခိုင်မာရမည်၊ အရာရာ ဖြစ်သလို သည်းခံနေနိုင်စွမ်းရှိရမည်၊ သူတို့ဒေသ၌ ပြော ဆိုသော ဘာသာစကားကို တတ်အောင် ဦးစွာကြိုးစား ရန်လိုသည်။ ရာသီဥတုဒဏ်ကို ခံနိုင်စွမ်းရှိရမည်။ စိတ် ပျက်လွယ်သူမဖြစ်ရ၊ အောင်မြင်ရေးကို ဦးတည်ချက်ထား ၍ ဇွဲရှိရမည်။ ဤအရှင်သည် မိမိအတွက်ဆိုလျှင် အဆိုပါ အကြောင်းအရာအားလုံးကို ဖြစ်စေနိုင်စွမ်းကြောင်း သိပြီး ယုံကြည်စိတ်ချထားပြီး ဖြစ်သည်။ နောက်ပါ ပုဂ္ဂိုလ်များအတွက်သာ စိတ်မချနိုင်ဖြစ်မိသည်။'
အင်္ဂလိပ်ခေတ်က ဖလမ်းမြို့ကို အရေးပိုင်ရုံး စိုက်ရာမြို့အဖြစ် သတ်မှတ်လိုက်တော့ မြို့သေးသေးလေးမှာ လူမျိုးစုံ၊ ဘာသာစုံရောက်လာကြတယ်။ စစ်မှုထမ်း၊ မင်းမှုထမ်းအများစုက ကုလားတွေဖြစ်တယ်လို့ ဆိုပါတယ်။ ဘာသာအလိုက် ဝတ်ပြုရာကျောင်းဆောင်တွေ ပေါ်ပေါက်လာတယ်။ ဂန့်ဂေါသား မင်းမှုထမ်းများကလည်း ဗုဒ္ဓဘာသာဓမ္မာရုံ ကျောင်းကလေးဆောက်လုပ် ထားပါတယ်။ ချင်းတောင်မှာ အမြဲတမ်းသာသနာပြု ဗဟိုဌာန တည်ထောင်ဖို့ ဆရာတော်ကြီး ကြွတော်မူလာစဉ် ကလေးဝမြို့မှာ ချင်းဝိသေသတိုင်း တိုင်းမင်းကြီး ဦးသိမ်းမောင်နှင့် ချင်းတောင်ရိက္ခာဖြန့်ဝေရေး ဆပ္ပလိုင်း ဝန်ထောက်ကြီး ဦးလူခန့်တို့နဲ့ တွေ့ဆုံခဲ့ရာ 'လွတ်လပ် ရေးစေတီ'နဲ့ 'လွတ်လပ်ရေးသိမ်'တည်ထားဖို့ အားနာနာနဲ့ မရဲတရဲ ပြောကြည့်ရာ သူတို့ကလည်း သဘောတူ လက်ခံလိုက်ပါတယ်။ ဦးညိမ်းမောင်က သိမ်ဒကာ၊ ဦးလူခန့်က ဘုရားဒကာအဖြစ် အားတက်သရော ပါဝင် လာကြပါတယ်။ ဒါနဲ့ တောင်တန်းသာသနာပြုဆရာတော် ကြီးဟာ ကလေးဝမြို့နဲ့ ကလေးမြို့က ဆရာတော်ကြီး များကို ပင့်ဆောင်ကာ ဖလမ်းသို့ ခြေလျင်ခရီးဖြင့် ကြွတော်မူခဲ့ကြပါတယ်။
'လမ်းခရီးတစ်လျှောက်၌ တောတောင်ကန္တာရအလိုက် ဖြစ်သလို ရပ်နားကာ ညအိပ်စခန်းချ၍ ဖြစ်သလို စားသောက်၍ လမ်းခရီးအကြား၌ သုံးညအိပ်ပြီး လေးရက်တောင်တက်ခရီးကြီးကို သည်းခံပြီးခြေလျင်သာ တက်ကြရရှာ၏။ ဤအရှင်၏ သာသနာပြုလုပ်ငန်းကို တကယ်လိုလားစွာ အားပေးကူညီတော်မူခဲ့ကြပုံ ကျေးဇူးတင်မဆုံး ဖြစ်ခဲ့ရသည်။' (စာ-၈၂)
'ဤအရှင်၏ စိတ်ရင်းစေတနာဖြင့် ကြံစည်ခဲ့သော သာသနာတော်၏ ပန္နက်သဲ 'လွတ်လပ်ရေးသိမ်တော်'သည် ၁၃၀၉ ခု ပြာသိုလပြည့်ကျော် ၉ ရက် တနင်္ဂ နွေ(မြန်မာပြည်လွတ်လပ်ရေးရသောနေ့)၏ မွန်းတည့် ၁၂ နာရီအချိန်ကောင်းတွင် အောင်မြင်ပြီးမြောက်သွား လေသည်။ မြောက်ပိုင်းချင်းတောင်၌ ဦးစွာပထမသမုတ်သော သိမ်ဖြစ်၏။} (စာ-၈၃)
'ထိုနေ့ (လွတ်လပ်ရေးရသောနေ့)၌ပင် လွတ်လပ်ရေးသိမ်အနီး၌ အချိန်ကောင်းယူ၍ ဒကာကြီးဦးလူ ခန့်က စေတီတော်အတွက် အုတ်မြစ်ချကာ စတင်တည်သည်။ ... ၁၃၁၀ ခု ဝါခေါင်လပြည့်ကျော် ၁၄ ရက် ကြာသပတေးနေ့တွင် ဓာတ်တော်ဌာပနာပွဲ ကျင်းပနိုင်လေရာ နံနက်မွန်းလတ်ပိုင်း ၈ နာရီအချိန်မှစ၍ ဗုဒ္ဓဘာသာ မင်းမှုထမ်းရှိသမျှ တစ်စုနှင့် ဗုဒ္ဓဘာသာဝင်ချင်း အနည်းငယ်၊ တရုတ်ဗုဒ္ဓဘာသာနှင့် ကုလားစသော လူ မျိုးစုံတို့ပါ 'လွတ်လပ်ရေးစေတီတော်'ကို လာရောက် ပူဇော်ကြသည်။ အားလုံးဝမ်းသာအားရ ဖြစ်ကြရသည်။' (စာ-၈၄)
လွန်ခဲ့သော ၇၆ နှစ်က တောတောင်အထပ်ထပ်ကို ခြေလျင်ခရီးဖြင့် လေးရက်တိုင်တိုင် ဖြတ်ကျော်ကာ ချင်းတောင်မှာ လွတ်လပ်ရေးသိမ်တော်နှင့် လွတ်လပ်ရေးစေတီတော် တည်ထားခဲ့ပုံများဟာ အလွန်အံ့သြစရာ၊ အလွန်ကြည်ညိုစရာ ကောင်းလှပါတယ်။ ကျေးဇူး တော်ရှင် တောင်တန်းဆရာတော်ကြီးလိုပဲ ၁၉၄၈ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ နိုင်ငံတော်ကို မေတ္တာ တရားကြီးမားစွာဖြင့် စောင့်ရှောက်တော်မူခဲ့တဲ့ သံဃာတော်အရှင်မြတ်တစ်ပါးကတော့ ကျေးဇူးတော်ရှင် မိုး ညှင်းဆရာတော်ဘုရားကြီး ဖြစ်ပါတယ်။ မိုးညှင်းဆရာ တော်ကြီးဆိုတာ ငါးသိန်းတစ်သောင်းနှစ်ထောင် နှစ်ကျိပ်ရှစ်ဆူ ဘုရားရှင်တို့ ကိန်းဝပ်ရာ မုံရွာမြို့အနီးက 'ကမ္ဘာ့အံ့ဖွယ် 'သမ္ဗုဒ္ဓေစေတီတော်မြတ်ကြီး'ကို ဦးဆောင်တည်ထားတော်မူတဲ့ ဆရာတော်ကြီးပဲ ဖြစ်ပါတယ်။ ၁၉၇၁ သြဂုတ်လထုတ် နေရင်းဦးကောဝိဒ(ကမ္ဘာ့သာသ နာပြုဓမ္မကထိကချုပ်)ပြုစုတဲ့ 'မိုးညှင်းမဟာထေရုပ္ပတ္တိ' ခေါ် 'မိုးညှင်းမဟာထေရာပဒါန်' ကျမ်းစာအုပ်ကြီးဟာ စာမျက်နှာ ငါးရာကျော်ရှိပြီး စာမျက်နှာတိုင်းဟာ မိုးညှင်းဆရာတော်ကြီးရဲ့ အလွန်အကျူးအထူး ကြည်ညို ဖွယ်ဂုဏ်တော်များကို ဖော်ညွှန်းပြခဲ့ပါတယ်။ ဆရာတော်ကြီးဟာ အောက်ပြည်အောက်ရွာမှ အညာသို့ဆန်လာပြီး မိုးညှင်းတောရမှာ ရွပ်ရွပ်ချွံချွံ အားထုတ်တော်မူခဲ့တယ်။ ကမ္ဘာကျော်လယ်တီဆရာတော်ဘုရားကြီးထံတော်မှာ ဝိပဿနာတရား အားထုတ်နည်းများ သင်ယူခဲ့ရာ လယ်တီ ဆရာတော်ကြီးရဲ့ တင်းကျပ်တဲ့ စည်းကမ်းများကို လိုက်နာကျင့်သုံးခဲ့တဲ့ တပည့်ကောင်းကြီးဖြစ်ခဲ့ပါတယ်။ လယ်တီဆရာတော်ကြီးက '၁၀ နှစ်တိတိ လုံးဝစကားမပြောဘဲ အားထုတ်ရမည်'ဆိုတဲ့ သံမဏိစည်းကမ်းကို လိုက်နာခဲ့ပါတယ်။ 'အသက် (၆၀)ပြည့်မှ တရားဟောရမည်' ဆိုတဲ့ ဆရာ့စကားကိုလည်း အတိအကျ နားထောင်ခဲ့ပါတယ်။
နိုင်ငံအနှံ့ဆရာတော်ကြီးရဲ့ တရားပွဲများ ခြိမ့် ခြိမ့်သဲသဲ ကျင်းပခဲ့ပါတယ်။ ဆရာတော်ကြီးရဲ့ ဝိပဿနာ ကျမ်းစာများမှာလည်း ပညာရှင်များအကြား လှုပ်လှုပ် ခတ်ခတ် ဖြစ်ခဲ့ပါတယ်။ ၁၉၃၉ ခု (၁၃၀၁)ခုနှစ်မှာ စတင်ဖြစ်ပွားခဲ့တဲ့ ဒုတိယကမ္ဘာစစ်မီးကြီး အာရှတိုက်နဲ့ မြန်မာပြည်သို့ ကူးစက်လာချိန်မှာ သတ္တဝါတွေ ကပ်သုံးပါးဘေးရန်က ကျော်လွှားနိုင်ဖို့ 'သမ္ဗုဒ္ဓေကပ်ကျော် စေ တီတော်ကြီး' စတင်တည်ထားတော်မူခဲ့ပါတယ်။ ကမ္ဘာစစ်ကြီးဖြစ်နေချိန်မှာ ဒီလောက်ကြီးကျယ်ခမ်းနား ဆန်းပြားလှတဲ့ ကမ္ဘာ့အံ့ဖွယ် သမ္ဗုဒ္ဓေစေတီတော်မြတ် ကြီးကို တည်ထားတော်မူနိုင်ခဲ့တာဟာ ကျေးဇူးတော်ရှင် မိုးညှင်းဆရာတော်ဘုရားကြီးရဲ့ အနန္တဂုဏ်ရည်ကို ဖော် ညွှန်းနေသလိုပါပဲ။ စစ်အတွင်း မိုးညှင်းကျောင်းတိုက်ကြီးမှာ စစ်ဘေးရှောင် နှစ်ထောင်နီးပါးခန့် ခိုလှုံနေပါတယ်။ ကလေးကအစ ဥပုသ်စောင့်ရပြီး အားလုံးရဲ့ စားဝတ်နေရေး လုံခြုံရေးကို မိုးညှင်းဆရာတော်ကြီးက တာဝန်ယူစောင့်ရှောက်ခဲ့ပါတယ်။
'စစ်အတွင်းဖြစ်သော်လည်း သမ္ဗုဒ္ဓေဘုရား ကြီးကို ဆက်လက်တည်ဆောက်နေလေသည်။ တရားပွဲ ကြီးကိုလည်း နေ့စဉ်၊ ညစဉ် ဆင်နွှဲလျက်ရှိပေသည်။ ပရိသတ်တို့မှာလည်း ကြိုးစားအားထုတ်နေတုန်း တစ်နေ့ သောနေ့ တရားဟောနေချိန် လေယာဉ်ပျံပေါ်မှနေ၍ ဗုံးသုံးလုံးကြဲချလိုက်ရာ ဘုရားကြီးအနီး သဲပုံအတွင်းသို့ ကျရောက်ခဲ့လေသည်။ အံ့သြစရာ ကောင်းလှပါပေ သည်။ အကယ်၍ ထိုဗုံးများသာ ပေါက်ကွဲခဲ့ပါ လျှင် တည်ဆောက်နေသော ဘုရားကြီးလည်း ပြိုပျက်သွား ပေမည်။ လူပေါင်းများစွာတို့မှာလည်း အတုံးအရုံး သေကျေမည်မလွဲပေ။ ထိုသို့သော ဘေးဒဏ်များ မည်သို့ သော အကြောင်းကြောင်းကြောင့် ရှောင်ကွင်းသွားရပါ သနည်း။ သမ္ဗုဒ္ဓေဘုရားကြီး၏ တန်ခိုးတော်၊ မိုးညှင်း ဝိပဿနာတရားတော်၏ တန်ခိုးတော်၊ မိုးညှင်းဆရာ တော်ကြီး၏ မေတ္တာတော်တို့ကြောင့်ဟု တထစ်ချဧကန် မှတ်ယူသင့်ပေသည်' (မိုးညှင်းမဟာထေရာပဒါန်၊ စာ-၄၀၆)
'စစ်အတွင်း လေယာဉ်ပျံတွေ တဝီဝီဝဲနေသော်လည်း ဗုံးကျင်းတူးခွင့်မပြု၊ ဗုံးကျင်းမဝင်ရ၊ တရားဓမ္မကို သာ နာကြားအားထုတ်၍ ဘုရား၊ တရား၊ သံဃာတည်း ဟူသော မှီခိုရာကြီးတွေကိုသာလျှင် ယုံယုံကြည်ကြည် မှီခိုနေကြရမည်။ သို့မှ 'ဗုဒ္ဓံ ဓမ္မံ သံဃံ' သရဏံဂစ္ဆာမိဟူ သော သရဏဂုံကို တကယ်ယုံကြည်အားထားသော သာ ဝကဖြစ်နိုင်မည်ဟု ဆရာတော်ဘုရားကြီးက သြဝါဒပေး ထားလေသည်' (၎င်း၊ စာ-၄၀၆)
စစ်ကြီးပြီးခါနီးမှာ ဆရာတော်ကြီးသက်တော် (၇၀) တွင် မျက်စိနှစ်လုံးကွယ်သွားရှာပါတယ်။ သို့သော် ဆရာတော်ကြီးကား လုံးဝစိတ်ဓာတ်မကျ၊ မျက်စိကွယ်နေသော်လည်း စင်္ကြံလျှောက်၍ တရားမှတ်နေဆဲ... အင်္ဂလိပ်မဟာမိတ်တို့ ပစ်လိုက်သော အမြောက်ကျည်ဆန်ကြီးက ဆရာတော်ကြီးကို တည့်တည့်ထိမှန်လေရာ လဲကျသွားပါသော်လည်း အသက်မသေ၊ သွေးပင်မထွက်၊ ကျောင်းဆောင်ပြိုကျ၍ သံတိုသံစ၊ သစ်တိုသစ်စများ ပိ ကျထိမှန်ထားသော်လည်း ဘာမှမဖြစ်၊ ဒကာဒကာမတို့ အပြေးရောက်လာကြရာ ရွှေတုံးရွှေခဲကြီးတစ်ခုကို တွေ့ ရသကဲ့သို့ ဆရာတော်ကြီးကို တင့်တယ်သပ္ပာယ်စွာ မြင် ရလေရာ ဝိုင်းဝန်းမçချီပြီး ကျောင်းဆောင်အတွင်း သယ် ယူလာခဲ့ကြပါတယ်။ အဲဒီနေ့ကစပြီး မိုးညှင်းကိုယ်တော် ကြီး အမြောက်နဲ့ပစ်တာတောင် မသေးဘူးတဲ့ဟေ့ဆိုတဲ့ စကားတစ်နိုင်ငံလုံးသို့ ကူးစက်ပျံ့နှံ့သွားပါတော့တယ်။ (စာ-၄၁၃)
ဒုတိယကမ္ဘာစစ်ကြီး အပြီးမှာတော့ တပည့် ဒကာများဟာ ဆရာတော်ကြီးကို ဆေးကုပေးဖို့ ရန်ကုန်သို့ အလွန်ခမ်းနားစွာ ပင့်ဆောင်လာခဲ့ကြပါတယ်။ ၁၄-၁၂-၁၉၄၇ မှာ ဝန်ကြီးဟင်္သာတဦးမြ လာရောက်ဖူး မြော်ပြီး ၁၆-၁၂-၄၇ မှာ နိုင်ငံတော်ယာယီသမ္မတကြီး စဝ်ရွှေသိုက်နှင့်ဇနီး၊ တရားဝန်ကြီးဆာမြဘူးနှင့် ဆာဦးသွင်တို့ လာရောက်ဖူးမြော်ကြပါတယ်။ ၁၉-၁၂-၄၇ မှာ မျက်စိခွဲစိတ်ကုသမှု တစ်ဝက်အောင်မြင်တယ် ဆိုရပါမယ်။ မျက်စိတစ်ဖက် ပြန်လင်းလာပြီး တစ်ဖက်ကတော့ ရေတိမ်ရင့်နေလို့ ဖယ်ရှားလို့ မရတော့ပါတဲ့။ မည်သို့ဖြစ် စေ ဆရာတော်ကြီး မျက်စိတစ်ဖက် ပြန်ကောင်းလာခြင်းဟာ လကွယ်ပြီးနောက် နေထွက်လာသကဲ့သို့ အလွန် အားတက်စရာကောင်းလှပါတယ်။ ဆရာတော်ကြီးကား မိမိ၏ မျက်စိဝေဒနာကို လုံးဝမမှု၊ ဆရာတော်ကြီးအာရုံ ပြုနေတာကတော့ မြန်မာနိုင်ငံတော်နဲ့ လွတ်လပ်ရေး။
'၁၉၄၈ ခု ဇန်နဝါရီ ၄ ရက် ဆရာတော်ဘုရား ကြီးသည် ဆေးရုံမှ မဆင်းရသေးပေ။ ဆရာတော်ကြီး သည် နံနက် ၃ နာရီတွင် အိပ်ရာမှ ထတော်မူသည်။ ဘုရားရှိခိုး၊ ပုတီးစိတ်၊ မေတ္တာပွားလျက်နေတော်မူသည်။ လွန်ခဲ့သော ညကပင် ဆေးရုံကြီး အခန်းထဲ၌ စားပွဲတစ်ခု ပေါ်တွင် ဘုရားရုပ်ပွားတော်တစ်ဆူ ပင့်တင်ထားခဲ့သည်။ ဘုရားရှေ့တွင် နံနက် ၃ နာရီမှစ၍ ပန်း၊ ရေချမ်း၊ ဆီ မီးပူဇော်ထားသည်။ ၃ နာရီခွဲတွင် ဘုရားရှေ့တွင် အာ ရုံခံထိုင်နေကာ နတ်တွေကို ပင့်ဖိတ်၍ မေတ္တာပွားလျက် နေတော်မူသည်။ ၄ နာရီတိတိအချိန်တွင် ဆရာတော် ဘုရားကြီးနှင့် ကျွနု်ပ်သည် 'ဇယန္တောဗောဓိယာမူလေ' စသော အောင်ဂါထာများ၊ အတွင်းအောင်ခြင်းရှစ်ပါး၊ အပြင်အောင်ခြင်းရှစ်ပါး ဂါထာများ ရွတ်ဆိုကြကာ' မြန်မာ့လွတ်လပ်ရေး အောင်ဘိသိက်ကို သွန်းတော်မူ သည်။'
'ဤမြန်မာ့ လွတ်လပ်ရေးသည် နှစ်ပေါင်းရာ ထောင်သိန်းသန်းမက တည်ရှိပါစေသား၊ နတ်ကောင်း နတ်မြတ်တို့ စောင့်ရှောက်ပါစေသားဟု သစ္စာပြုတော် မူသည်။' (စာ-၄၁၈)
ကျွန်တော်တို့ မြန်မာ့လွတ်လပ်ရေးဟာ မဟာ ဂန္ဓရုံဆရာတော် အရှင်ဇနကာဘိဝံသ၊ တောင်တန်းသာ သာသနာပြုဆရာတော်ကြီး ဦးဥတ္တမသာရ၊ ကျေးဇူးတော် ရှင်မိုးညှင်းဆရာတော်ဘုရားကြီးတို့လို ပညာရှင်၊ မေတ္တာ ရှင်၊ အရိယာအရှင်သခင် သူတော်ကောင်းကြီးများကိုယ် တော်တိုင် အထူးလေးနက်စွာ မေတ္တာပွား၊ သစ္စာထားခဲ့ တာဖြစ်လို့ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေးဘယ်တော့မှ မဆုံးရှုံးနိုင်၊ ကမ္ဘာတည်သရွေ့ခိုင်မြဲနေမည်လို့ ဥဒါန်း ကျူးလိုက်ရပါတော့တယ်။
ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ ရာဟုထောင့် မှာလည်း ၁၉၄၈ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးရတဲ့ နေ့မှာ လွတ်လပ်ရေး အထိမ်းအမှတ်အဖြစ် ဗောဓိညောင် တော်ကို စိုက်ပျိုးပူဇော်ခဲ့ရာ ယနေ့တိုင် အညွန့်တလူလူ ဖြင့် ခက်လက်ဝေဆာကာ အေးမြသော အရိပ်ကိုပေး လျက် ရှင်သန်နေဆဲ ဖြစ်ပါတယ်။ လွတ်လပ်ရေး ကြေ ညာစာတမ်းမှာ ဖော်ပြထားတဲ့ ]မွန်မြတ်သန့်စင်သော တရားထူးတရားမြတ်တို့တည်ရာ မြေကောင်းမြေမွန်} အမိမြန်မာနိုင်ငံတော်ရဲ့ လွတ်လပ်သော အေးရိပ်ဆာ ယာ အောက်မှာ တိုင်းရင်းသားပြည်သူလူထုကြီး အား လုံးထာဝရ ငြိမ်းချမ်းကြပါစေသတည်းလို့ ၂၀၂၄ ခုနှစ်ရဲ့ (၇၆) ကြိမ်မြောက်လွတ်လပ်ရေး နေ့ထူးနေ့မြတ်မှာ ဆု တောင်းပတ္ထနာပြုအပ်ပါသတည်း။ ။
မြတ်ဘုန်းသစ်
( TREND News ဂျာနယ်အတွဲ(၂)၊ အမှတ် (၅၀) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )