၂၀၂၄ ဩဂုတ် ၄
၁၉-၉-၁၉၆၈ မှာ တပ်မ(၇၇)ရဲ့ ခြေမြန်တပ်ရင်း ၁၀၅ ရဲ့ ချေမှုန်းတိုက်ခိုက်မှုကြောင့် ဗကပ (ဗဟို) ပြိုကွဲသွားခဲ့ပါတယ်။ ဥက္ကဋ္ဌသခင်သန်းထွန်းနဲ့ သူ့လူများကတော့ ထွက်ပြေးလွတ်မြောက်သွား ခဲ့ပါတယ်။ ဗကပတွေဟာ ပဲခူးရိုးမရဲ့ မြရာပင်ကြောတစ်နေရာမှာ ပြန်လည်စုစည်းမိကြပါတယ်။ မြရာ ပင်ကြောရဲ့ အရှေ့ဘက်ဆီ ဦးတည်ပြီး ဆုတ်ခွာတိမ်းရှောင်လာခဲ့ကြပါတယ်။ သူတို့မှာ လူအင်အား ၁၄၀ ခန့် ရှိနေပါသေးတယ်။ ]ရိက္ခာကတော့ ဆန်နှစ်ပြည်နဲ့ပဲနို့ဆီဘူး လေးလုံးခန့်သာ ကျန်ပါတော့တယ်။ တပ်မတော် စစ်ကြောင်းထိုးနေချိန်မှာ သူတို့အဖို့ လုံခြုံရေးသည် ပထမ၊ လုံခြုံရေးသည် အဓိက ဖြစ်နေပါတော့တယ်။ ငါးရက်လောက် ခရီးပြင်းနှင်လာရင်း မြရာပင်ကြောရဲ့ ကျောက်ချောင်းကမ်း ပါးတစ်နေရာမှာ စခန်းချ လိုက်ကြပါတယ်။
'သခင်သန်းထွန်းသည် ပွတ်ချွန်းတစ်လိပ်ကို မီးညှိပြီးသောက်နေ၏။ မီးခိုးများကို ရှိုက်၍ ရှိုက်၍ မှုတ် ထုတ်နေလေသည်။ (ဒီမှာကိုမြ၊ ဒီနေရာဟာ ဟိုးဂျပန် တော်လှန်ရေးတုန်းက ခင်ဗျားတို့စခန်းကို မေဂျာကရူးနဲ့ ကျွန်တော်တို့လာတုန်းက စခန်းချခဲ့တဲ့နေရာလေး မဟုတ်လား။ ဒီနေရာလေးဟာ တော်တော်သာယာတဲ့ နေရာလေးပဲဗျ။ အေးအေးဆေးဆေးနဲ့ အတည်တကျစခန်း ချပြီးနေဖို့ အင်မတန်ကောင်းတဲ့နေရာလေးပဲဗျ။) သခင်သန်းထွန်းသည် ပါးစပ်မှ မီးခိုးများကို မှုတ်ထုတ်လျက် ရဲဘော်မြအား ပြောလိုက်လေသည်။' (အိုင်အိုမောင် မောင်သွင် - ဗကပ ဗဟိုဖြိုခွင်းသည့် ပဲခူးရိုးမတိုက်ပွဲစဉ်၊ စာ-၉၅)
တော်တော်သာယာတဲ့ နေရာလေး ...။အေးအေးဆေးဆေးနဲ့ အတည်တကျ စခန်းချပြီးနေဖို့ အင်မတန်ကောင်းတဲ့နေရာလေးလို့ သခင်သန်းထွန်းကိုယ်တိုင် ရှေ့ပြေးနိမိတ်ဖတ်ခဲ့တာ ဖြစ်နေလေ မလား။ ဘာကြောင့်လဲဆိုတော့ ဒီနေရာလေးမှာ သခင်သန်းထွန်းဟာ ထာဝရလဲလျောင်း ခိုနားသွားခဲ့ လို့ပါပဲ။ သခင်သန်းထွန်းဟာ ရဲဘော်မြနဲ့ စကားပြောနေရာက ဗိုက်နာလာတာနဲ့ ချောက်ကမ်းပါးထဲ ဆင်းသွားချိန် ဒိုင်းခနဲသေနတ် သံတစ်ချက် ပေါ်လာတယ်။ အားလုံးက သေနတ်သံ ဘယ်ကလာသလဲ အဖြေရှာနေချိန်မှာ သခင်သန်းထွန်းဟာ ချောက်ကမ်းပါးထဲကနေ ဒယီးဒယိုင်တက်လာတယ်။ သူ့ညာ ဘက်လက်မှာ ဂေါရခါးဓားကောက်ကို စွဲကိုင်လို့ သူ့ကိုယ်မှာ သွေးတွေပေစွန်းလို့ ...။
'ကျွန်တော့်ကို ထိသွားပြီ'
သခင်သန်းထွန်းရဲ့အသံက တိုးနစ်တိမ်ဝင် သွားတယ်။ သခင်ချစ်တို့ ဝိုင်းအုံလာတယ်။ ဆေးမှူး လှမောင်က ပင်နီဆီလင်ဆေးထိုးပေးတယ်။ ဒါပေမဲ့ မရတော့ပါဘူး။ သူ့ရင်အုံက သွေးတွေတစိမ့်စိမ့်စီးကျနေတယ်။ သခင်ချစ်နဲ့ အားလုံးရဲ့ ငိုကြွေးသံတွေ မြရာပင်ကြောကို ဖုံးလွှမ်းသွားတယ်။ ၁၉၆၈ ခု စက်တင်ဘာ ၂၄ ရက် ညနေ ၅ နာရီ မိနစ် ၂၀ သခင်သန်းထွန်းရဲ့ နောက်ဆုံးနေ့၊ သူ့ဘဝကို ရိုင်ဖယ်ကျည်တစ်ထောင့်နဲ့ နိဂုံးချုပ်ပေးခဲ့သူကတော့ ကျုံတိတ်(ခ)လုံတိတ်(ခ)မြကြီး၊ သူဟာ ဗိုလ်ထွန်းငြိမ်းရဲ့ မြစ်ဝကျွန်းပေါ်တိုင်းတပ်ဖွဲ့မှာ ဒု-တပ်စိတ်မှူး၊ ဗိုလ်ထွန်းငြိမ်းက ၅၅ လမ်းစဉ်ကို ကိုင်စွဲကာ အစိုးရနဲ့ စေ့စပ်ဆွေးနွေးလိုသူ၊ သခင်သန်းထွန်းက ဗိုလ်ထွန်းငြိမ်းနဲ့ အင်အား ၇၀ ခန့်ကို မြစ်ဝကျွန်းပေါ် က ပဲခူးရိုးမသို့ ဆင့်ခေါ်ခဲ့ပြီး လက်နက်တွေဖြုတ်သိမ်း လိုက်တယ်။ ဗိုလ်ထွန်းငြိမ်းကို ပါတီဆန့်ကျင်ရေး သမားအဖြစ် စွဲချက်တင်ပြီး ဖြုတ်ထုတ်သတ်ခဲ့တာကို ကျုံတိတ် (ခ)ရဲဘော်မြကြီး လုံးဝမကျေနပ်ခဲ့ဘူး။ ဒါ့ကြောင့် အခွင့်သာတဲ့အချိန်မှာ သခင်သန်းထွန်းကို လုပ်ကြံသတ်ဖြတ် ကာ သူ့ဆရာဗိုလ်ထွန်းငြိမ်းအတွက် ကလဲ့စားချေလိုက် ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ မြကြီးဟာ မြရာပင်ကထွက်ပြေးလွတ်မြောက်ခဲ့ပြီး ၂၅-၉-၆၈ မှာ ကျွဲပွဲမြို့ရှိ ရှေ့ တန်းတပ်မ(၇၇) ဌာနချုပ်မှာ အလင်းဝင်သွားခဲ့ပါတယ်။
သခင်သန်းထွန်းကျဆုံးခဲ့တာနဲ့ ပတ်သက်ပြီး အဲဒီတုန်းက နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်ကြီးနေဝင်းက လွတ်လပ်ရေးအတွက် အတူတိုက်ပွဲဝင်ခဲ့တာတွေ သတိရပြီး နှမြောတသစကားဆိုခဲ့တာ သတိရစရာဖြစ်ပါတယ်။ သခင်သန်းထွန်းနဲ့ပတ်သက်တဲ့ မှတ်စုမှတ်ချက်တွေထဲမှာ ထူးခြားဆန်းကြယ်တဲ့ ဖြစ်စဉ်တစ်ခုကို ၂၀၁၉ စက်တင်ဘာလမှ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့တဲ့ဆရာ မောင်မောင်သိမ်းဟံ(ဖြူး)ရဲ့ ]ဝိဇ္ဇာဓိုရ်တို့၏ ဖိုဝင်ထုံကူးခြင်းနှင့် ဂမ္ဘီရအစုံစုံ ဆန်းကြယ်ပုံများ၊ အတွဲ(၄)' မှာ တအံ့တသြဖတ်မှတ်ခဲ့ရပါတယ်။ အဲဒါကတော့ သခင်သန်းထွန်းမကျဆုံးမီ ခြောက်လလောက်အလိုက ပဲခူးရိုးမ မြရာပင်ကြောဆီ ဝိဇ္ဇာပုဂ္ဂိုလ်နှစ်ပါး ကြွရောက်လာပြီး သခင်သန်းထွန်းကို သရဏဂုံတည်စေခဲ့တယ် (ဝါ) ဗုဒ္ဓဘာသာဝင်ဖြစ်စေခဲ့တယ်ဆိုတဲ့ အကြောင်းအရာပါပဲ။ ဒီအကြောင်းတွေကို ဆရာဝန်ကြီးဒေါက်တာစိန်ရီက မှတ်တမ်းတင်ခဲ့တာဖြစ်ပြီး ဒေါက်တာစိန်ရီရဲ့ ခွင့်ပြုချက် နဲ့ မောင်မောင်သိမ်း ဟံ(ဖြူး)က သူ့စာအုပ်မှာ ပြန်လည်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဆရာဝန်ကြီး ဦးစိန်ရီဟာ ယခုတိုင် သက်ရှိထင်ရှားရှိနေဆဲဖြစ်ပါတယ်။ သူလည်း အစကတော့ ဝိဇ္ဇာဆိုတာကို လုံး၀အယုံအကြည်မရှိပါဘူး။ ဒေါက်တာ စိန်ရီဟာ ၁၉၇၀ ဝန်ကျင်တစ်ဝိုက်က ပုသိမ်မြို့အနောက်တောင်တိုင်း ကျန်းမာရေးဌာနမှာ ငှက်ဖျားဆရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေချိန် ဗဟိုကုန်သွယ်ရေးဌာနဒုအတွင်းဝန် ဦးမောင်မောင်က မင်းဘူးမြို့ မယ်ဘေ့ကုန်းရွာမှာ ဝိဇ္ဇာဓိုရ်ဆရာတော်ကြီးများ သာသနာပြုနေကြောင်း နဲ့ သွားရောက်လေ့လာသင့်ကြောင်း စာရေးတိုက်တွန်းခဲ့ပါတယ်။
ဒေါက်တာစိန်ရီဟာ မိတ်ဆွေကြီး ဦးမောင်မောင်ကို အားနာတာနဲ့ ၁၇-၃-၆၉ မှာ ဦးမောင်မောင်၊ သားမောင်ဇော်ဦးတို့နဲ့အတူ ခရီးထွက်လာခဲ့ပါတယ်။ မင်းဘူးကထွက်လာပြီး လမ်းခွဲညောင်ပင်ကြီးအလွန်မှာ ဘိုးတော်တစ်ပါး ဝေဟင်ခရီးနဲ့ ကြွလာပြီး သူတို့စီးလာတဲ့ ကားအမိုးအပေါ်မှာ ရပ်နားလိုက်ပါတယ်။ ကားက အရှိန်မပျက် မောင်းနေပေမယ့် ဘိုးတော်က ကားစက်ဖုံး ပေါ်ဆင်းလာလိုက်၊ အမိုးပေါ်ပြန်တက်သွားလိုက်နဲ့ သိဒ္ဓိပြပါတော့တယ်။ မကြာခင်မှာ ရဟန်းဝိဇ္ဇာတစ်ပါး ဘွားခနဲပေါ်လာပြီး ကားကိုရပ်ခိုင်းကာ တရားစကားဖြင့် နှုတ်ခွန်းဆက်တော်မူပါတယ်။ လူဝိဇ္ဇာက ဘိုးထွန်းအောင်ဖြစ်ပြီး ရဟန်းဝိဇ္ဇာက ဦးပဏ္ဍိတလို့ ဆိုပါတယ်။ ဒီအကြောင်းတွေကို သာသနာ့အလင်းရောင် ဦးဖေမြင့် ရေးသားပြုစုတဲ့ 'ဝိဇ္ဇာဓရ၊ မဟာထေရ ဘဒ္ဒန္တပဏ္ဍိတ ထေရုပတ္တိနှင့် ဘိုးတော်ဘိန်းထွန်းအောင် အတ္ထုပ္ပတ္တိစာအုပ်မှာ အကျယ်တဝင့်ဖော်ပြထားပါတယ်။ ဒီစာအုပ်ကို ၁၃၃၃ (၁၉၇၂) ခုနှစ်မှာ ရေးသားပြီးစီးခဲ့ပြီး သာသနာရေးဦးစီးဌာန ပုံနှိပ်တိုက်တွင် ရိုက်နှိပ်ခဲ့ပြီး ကမ္ဘာ့အလင်း ရောင်စာပေက ထုတ်ဝေခဲ့တာဖြစ်ပါတယ်။
ဦးဖေမြင့်ဟာ ၁၉၅၈ ခု စက်တင်ဘာလကစပြီး 'ခရိုင်သာသနာရေးအရာရှိအဖြစ်ဖြင့် သာသနာရေးနှင့်ပတ်သက်သည့် ကိစ္စတာဝန်အရပ်ရပ်တို့ကို ဆောင်ရွက် ခဲ့ပါသည်။ မင်းဘူးမြို့သို့ ရောက်စအချိန်ဖြစ်၍ မင်းဘူးခရိုင်အတွင်းရှိ သာသနာရေးနှင့် စပ်လျဉ်းသည့် အကြောင်းကိစ္စအရပ်ရပ်တို့ကို ခရိုင်ဝန်ရုံး မြို့မဝန်ထောက် ကြီးဦးမောင်မောင်နှင့် နိုင်ငံတော်ဗုဒ္ဓသာသနအဖွဲ့ ဒေသကိုယ်စားလှယ်ဦး ပန်တို့ထံ စုံစမ်းမေးမြန်းဆွေးနွေးရပါသည်။ မင်းဘူးခရိုင်အတွင်းရှိ ဆရာတော်သံဃာတော်များအကြောင်း၊ သာသနာရေးအသင်းအဖွဲ့များအကြောင်း၊ သာသနာ့ရိပ်သာများအကြောင်း စသည်တို့ကို ဆွေးနွေးပြောကြားရာမှ ...စကုမြို့နယ် ဝေကုန်းရွာမှ ရတနာဘုံပျံရိပ်သာ၌ တောင်ညိုမှ ဝိဇ္ဇာဓိုရ် ဦးနရိန္ဒ ဓာတ်စီးလျက် တရားပြပုံ၊ မယ်ဘေ့ကုန်းရွာတွင် စနေသားမောင်ထွန်းရင်ကို ဝိဇ္ဇာဓိုရ်ဆရာတော် ဦးပဏ္ဍိတ အရှင်မြတ်နှင့် ဘိုးတော်ထွန်းအောင်တို့ ဓာတ်စီးလျက် တရားဟောပုံ၊ တန်ခိုးပြပုံ} စသည်တို့ကို ထူးခြားဆန်းကြယ် အံ့ဖွယ်လိလိ ယုံတမ်းစကားအသွင် စိတ်ကူးယဉ် ဝတ္ထုဇာတ်လမ်းအစဉ်ကဲ့သို့ အားရပါးရ ပြောကြားကြပါသည်'လို့ နိဒါန်းသွယ်ထားပါတယ်။
ဒီလိုနဲ့ ...ဦးဖေမြင့်ကိုယ်တိုင် မယ်ဘေ့ကုန်း စခန်းသို့ လေ့လာစုံစမ်းဖို့ ရောက်ရှိသွားရာ သိဒ္ဓိပြပုံအမျိုးစုံကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရပါတော့တယ်။ တစ် ကြိမ်မှာတော့ ဘိုးတော်ဘိုးထွန်းအောင်နဲ့ ဆုံခဲ့စဉ်မှာ ဘိုးတော်က..'တပည့်ကြီးဖေမြင့်၊ 'ဝ'တစ်လုံးဖျက်တော့ နှစ်လုံးပေါ်လာသည်။ 'ဝ'နှစ်လုံး ဖျက်တော့ လေးလုံးပေါ် လာသည်'ဆိုတဲ့ ဘိုးဘိုးအောင် သီချင်းရလားလို့ မေးရင်း ဦးဖေမြင့်ဆီက ဖောင်တိန်ကို ယူလိုက်ပြီး ဦးဖေမြင့်ရဲ့ လက်မောင်းပေါ်မှာ ဝလုံးသုံးလုံး ရေးလိုက်ပါတယ်။ 'ကဲပျက်အောင် ဖျက်ကွာ'လို့ ခိုင်းရာ ဘယ်လိုဖျက်ဖျက် (ရေနဲ့ဆွတ်ဖျက်တာတောင်) မပျက်တဲ့အပြင် ဝလုံးလေးတွေ လက်မောင်းတစ်ခုလုံး ပွားများပြည့်လျှံသွားပါတော့တယ်။ ဘိုးတော်က ဦးဖေမြင့်ရဲ့ လက်မောင်းပေါ် လက်ကိုင်ပုဝါလေးအုပ်လိုက်တာနဲ့ 'ဝ'တွေ အကုန်ပျက်သွားပါတော့တယ်။ ဒီလို သိဒ္ဓိအစွမ်းလည်းပြ၊ တရားလည်း ဟောပြလေတော့ ဦးဖေမြင့်ကိုယ်တိုင် ဝိဇ္ဇာတွေကို ယုံကြည်သက် ဝင်လာခဲ့ပါတယ်။ (စာ-၃၀-ရှု)
'စာရေးသူသည် ကိုယ်တိုင် မတွေ့မြင်ရမီအခါက မယုံကြည်ရုံမျှမက လိမ်ညာမှုနှင့် စပ်လျဉ်း၍ တွေ့ရှိပါက သာသနာရေး၊ ဘာသာရေးနှင့်စပ်၍ 'လိုအပ်သလို အရေးယူမည်'ဟူသော ရည်ရွယ်ချက် ဖြင့် စုံစမ်းခဲ့ရာ အမျိုးပေါင်း မမှတ်မိနိုင်လောက်အောင်ပင် ဆန်းကြယ် ထူးခြား အံ့သြဖွယ်ရာတန်ခိုး အစားစားတို့ကို များပြားစွာ အကြိမ်ကြိမ်တွေ့မြင်ရသည်ဖြစ်၍ သံသယကင်းရှင်းစွာဖြင့် သိဒ္ဓိရှင်အစစ် ဝိဇ္ဇာဓိုရ်ဆရာတော်များ ဖြစ်တော် မူကြသည်ကို ယုံကြည်မြတ်နိုးစွာ သဒ္ဓါတရားတိုးပွားစေ ရပါတော့၏။' (စာ-၄၆)
ဦးဖေမြင့်ဟာ မင်းဘူးမှာ ခရိုင်သာသနာရေး အရာရှိအဖြစ် သုံးနှစ်တာဝန်ထမ်းဆောင်ခဲ့စဉ်အတွင်း ဆရာတော်ဦးပဏ္ဍိတနဲ့ ဘိုးထွန်းအောင်တို့ရဲ့ အတ္ထုပ္ပတ္တိကို လေ့လာသိရှိခဲ့သမျှ စာအုပ်ပြုစု ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ စာမျက်နှာသုံးရာကျော်ရှိတဲ့ စာအုပ်ထဲက အကျဉ်းချုပ်ကိုသာ ပြန်လည်တင်ပြရလျှင် ...ဆရာတော် ဟာ ပုဂံခေတ် နရသီဟပတေ့မင်းလက်ထက်၊ သက္ကရာဇ် ၆၁၇ ခု ဝါဆိုလဆန်း ၉ ရက်၊ ကြာသတေးနေ့မှာ ဖွား မြင်၊ ခမည်းတော်ဦးဘိုးသူ + မယ်တော်ဒေါ်ငွေ၊ မိဘနှစ်ပါးမှာ အလွန်ဆင်းရဲ၊ ဦးဘိုးသူက ကြိုးကျစ်သမား၊ ဒေါ် ငွေက ဟင်းသီးဟင်းရွက်ရောင်းသူ၊ ယခု မယ်ဘေ့ကုန်း ရွာနေရာမှာ ယခင်က ရွှေကျောင်းကုန်းရွာမှာ ဖွားမြင်ခဲ့၊ ငယ်မည်မောင်မြတ်စံ၊ ဆင်းရဲ လွန်းလို့ အနှိမ်ခံရ၊ လူရာမဝင်၊ အသက် (၁၃)နှစ်မှာ ဆရာတော်ဦးကောဝိဓကျောင်းမှာ ပညာစသင်၊ အသက်(၁၇) မှာ ကိုရင်သာမဏေဝတ်၊ သက္ကရာဇ် ၆၃၇ မှာ ရဟန်းဘဝစတင်၊ ဘွဲ့တော်အရှင် ပဏ္ဍိတ၊ ဉာဏ်ကောင်း၍ စာပေထူးချွန်၊ ဆရာတော်က အဂ္ဂိရတ်သမား၊ အားလပ်ချိန်မှာ ဖိုထိုးရာတွင် ကူညီ' စသည်ဖြင့် ရဟန်းဘဝကို လျှောက်လှမ်းနေစဉ် လောကဓံလှိုင်းကြမ်းများ ရိုက်ပုတ်ခံရပါတယ်။
ပင်ပန်းဆင်းရဲစွာ အသက်မွေးနေရတဲ့ မိဘနှစ်ပါး ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်တယ်။ ညီငယ် မောင်ဘိုးရွှေကို ရွှေဒေါင်းကြီး မြို့ဝန်ဆီမှာ အပ်နှံပေးခဲ့ တယ်။ မြို့ဝန်မင်းရဲ့သားနဲ့ မောင်ဘိုးရွှေတို့ ရည်းစားလု ဘက်၊ မယားလုဘက်တွေ ဖြစ်လာပြီး မောင်ဘိုးရွှေက နန်းမေဆိုတဲ့ မိန်းမချောလေးကို အပိုင်ရသွားချိန်မှာ မြို့ဝန်မင်း အငြိုးအတေးတွေ ပေါ်ပေါက်လာတယ်။ နန်းမေနဲ့ ကလေးနှစ်ယောက်ရ ပြီးချိန်မှာ မြို့ဝန်မင်းက အကောက်ကြံကာ ရာဇဝတ်မှုထောင်ချောက်ဆင်ပြီး မောင်ဘိုးရွှေကို လှံနဲ့ထိုး သတ်ခဲ့တယ်။ မြို့ဝန်မင်းဟာ အမှုမှန်ပေါ်မှာစိုးလို့ ဦးပဏ္ဍိတကိုပါ အပြစ်ရှာရာ ဦးပဏ္ဍိတဟာ တူလေး မောင်တင်ဆောင်ကိုခေါ်ပြီး 'စွယ်တော်ကုပ်တောကြီး'ဆီ ထွက်ပြေးတိမ်းရှောင်ခဲ့ရ တယ်။ တောထဲမှာ လူမမြင်အောင် မြေတွင်းတူး၊ သစ်ခက်မိုးပြီး အလွန်ခက်ခဲကြမ်းတမ်းစွာ နေထိုင်ခဲ့ရတယ်။ သစ်သီးသစ်ဥသစ်ရွက်တွေသာ စားခဲ့ရတယ်။ တောမြိုင် ကြီးမှာ ခြောက်နှစ်ကြာတဲ့အခါ (သက်တော် (၃၇) နှစ် တွင်) မျက်စိကန်းသွားလုမတက် အမြင်အာရုံတွေ မှုန်ဝါးလာခဲ့တယ်။ မြေကျင်းထဲမှာ နေရတဲ့ဒဏ်ကြောင့် မျက်စိကွယ်မတတ် ဖြစ်ခဲ့ရပါတယ်။
ဆရာတော်ရွာက ထွက်ပြေးသွားစဉ်ကတည်း က ရွာသူရွာသားတွေဟာ စုံစမ်းရှာဖွေကြပေမယ့် ဆရာတော်ရဲ့ သတင်းမရ၊ ဒီလိုနဲ့ မြို့ဝန်မင်းရဲ့ မတရားအနိုင် ကျင့်ပုံကို ပုဂံနေပြည်တော်အထိ သွားရောက်တိုင်တန်းကြရာ ဘုရင့်ညာလက်ရုံး 'အသင်္ခယာ'က ကြားနာစစ်ဆေးပြီး မြို့ဝန်မင်းကို ထောင်သွင်းအကျဉ်းချ အပြစ်ပေးခဲ့တယ်။ အဲဒီနောက် ဆရာတော်ကို ကြေညာမောင်းခတ်ပြီး ရှာဖွေကြတဲ့အတွက် ဆရာတော်ကျောင်းကို ပြန် ရောက်လာတယ်။ ဒါပေမဲ့ မျက်စိဝေဒနာကြောင့် အရာရာကို သဲသဲကွဲကွဲ မမြင်ရတော့ဘူး။ အဲဒီအချိန် ဆေးဆရာကြီးဦးလူတုတ်ဟာ နယ်လှည့်ဆေးကု ဘုရားဖူးရင်း ဆရာတော့်ဆီ ရောက်လာတယ်။ ဦးလူတုတ်ကုသပေးလို့ ဆရာတော်မျက်စိနှစ်ကွင်း အလင်းပြန်ရခဲ့တယ်။ သမထကျင့်၊ ဖိုထိုးနဲ့ သက်တော် (၄၁)နှစ် သက္ကရာဇ် ၆၅၉ မှာ သိဒ္ဓိပေါက် အောင်မြင်တော်မူခဲ့ပါတယ်။ မြေလျှိုးမိုးပျံနိုင်တဲ့ အစွမ်းကိုပါ ရခဲ့ပါတယ်။ ပုဂံခေတ်ကစပြီး သာသ နာပြုလာခဲ့တာ ယနေ့တိုင်အောင်ပဲ ဖြစ်ပါတယ်။
ဆရာတော်ဦးပဏ္ဍိတရဲ့ မျက်စိရောဂါကို ကုသပေးခဲ့တဲ့ ဆေးဆရာကြီးဟာ ဒီဘဝမှာ ဘိုးထွန်းအောင်ဖြစ်လာခဲ့ပါတယ်။ ဘိုးထွန်းအောင်မဖြစ်မီက ဘိန်းကုန်သည်ဘဝ၊ ၁၁၇၂ ခု တပို့တွဲလဆန်း ၁၁ ရက် မှာ ကျိုက်လတ်ရွာကြီးမှာ မွေးဖွားခဲ့၊ မြသန်းရီနှင့် အိမ်ထောင်ကျ၊ သမီးတစ်ယောက်ရခဲ့၊ ကျိုက်လတ်နှင့် ရှမ်းပြည်ကြား ကူးလူးသွားလာကာ ဘိန်းကုန်သည်ဖြစ်ခဲ့ရ၊ တစ်နေ့ ရှမ်းပြည်ကအပြန် ဇနီးသေဆုံး၊ သမီးက လင်နောက်လိုက်သွားနဲ့ သောကပရိဒေဝမီးတောက်လောက်နေချိန် ရဟန်းတစ်ပါးကြွလာပြီး တရားပြ၊ မင်းဟာရှေး ဘဝတစ်ခုမှာ ဆေးဆရာကြီး၊ ငါ့မျက်လုံးရောဂါကို ကုသပေးခဲ့တဲ့ မင်းရဲ့ကျေးဇူးကို ငါဘယ်တော့မှ မမေ့ဘူး။ ခုတော့ မင်းဟာ ဘိန်းကုန်ကူးပြီး လူတွေကို မူးမေ့တွေ ဝေအောင် လုပ်နေပြီ စသည်ဖြင့် ဇာတ်စုံခင်းပြရင်း အလင်းပြတော်မူတယ်။ စောထွန်းအောင်ကို ဓာတ်လုံးထိုး ခိုင်းခြင်းဖြင့် စိတ်တည်ငြိမ်စေခဲ့ပြီးမှ သမထကျင့်စဉ်များ နဲ့ တွဲခေါ်သွားတယ်။ စောထွန်းအောင် အသက် (၅၄) နှစ်မှာ သိဒ္ဓိပေါက်ပြီး ဘိုးထွန်းအောင်အဖြစ်နဲ့ သာသနာပြုခဲ့ပါတယ်။ ဘိန်းစား၊ အရက်သမားတွေကို အထူးသဖြင့် ချေချွတ်ကယ်တင်ကာ ဘိန်းကုန်သည်ဘဝက အကုသိုလ်အကြွေးတွေကို ဆပ်ရတယ်လို့ ဆိုပါတယ်။ ဆရာတော်ဦးပဏ္ဍိတရဲ့ တပည့်ကြီးအဖြစ်နဲ့ မင်းဘူးမယ်ဘေ့ကုန်းစခန်းကို ကြွရောက်လာတတ်ပါတယ်။ ဝိဇ္ဇာဂိုဏ်းချုပ်ဆရာတော်ကြီး ဦးကောဝိဒ၊ အင်းဝခေတ် ကပင်ထွက်ရပ်ပေါက်ခဲ့တဲ့ စာဆိုအကျော်ရှင်ဥတ္တမကျော်၊ ပုဂံခေတ်က ထွက်ရပ်ပေါက်ခဲ့တဲ့ ဆရာရင်းဦးပဏ္ဍိတနဲ့ ဘိုးထွန်းအောင်တို့ဟာ လေးပါးတွဲ ဝိဇ္ဇာကြီးများအဖြစ် သမထလောကမှာ အလွန်ထင်ရှားပါတယ်။ သူတို့ရဲ့ဌာနချုပ်က နဂါးမတောင်မှာရှိပြီး လူ့ပြည်လူ့ရွာသို့အကြောင်း အားလျော်စွာ ရောက်လာပြီး သာသနာပြုလေ့ရှိပါတယ်။
ဆရာကြီးဒေါက်တာစိန်ရီ ပြုစုပြီး ၂၀၁၈ ခုနှစ်က ထုတ်ဝေခဲ့တဲ့ 'ဗုဒ္ဓေါအောင်ပြီး ဝိဇ္ဇာ+ဂမ္ဘီရ ဆောင်းပါးပေါင်းချုပ်' စာအုပ်မှာ ဆရာတော်ဦးပဏ္ဍိတနဲ့ ဘိုးထွန်းအောင်တို့က ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌကြီး သခင်သန်းထွန်းကို ချေချွတ်ခဲ့ပုံကို ဖော်ပြထားပါတယ်။ ဆရာမောင် မောင်သိမ်းဟံ(ဖြူး)က ဒေါက်တာစိန်ရီရဲ့ ခွင့်ပြုချက်နဲ့ သူ့စာအုပ်မှာ ထပ်ဆင့်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ သခင်သန်းထွန်း လုပ်ကြံမခံရမီ ခြောက်လအလိုမှာ ဆရာတော်ကြီးနှင့် ဘိုးထွန်းအောင်တို့ သခင်သန်းထွန်းရှိရာ ပဲခူး ရိုးမသို့ ကြွရောက်တော်မူလာခဲ့ပါတယ်။
ပိတ်ဖြူခေါင်းပေါင်းနဲ့ ပိတ်ဖြူစင်ကြယ်ဝတ် အဘဘိုးထွန်းအောင်ကို ဗကပကင်းအဖွဲ့က တွေ့ သွားပြီး သေနတ်နဲ့ ဝိုင်းချိန်ထားပါတယ်။ ဘိုးထွန်းအောင်က ...'ငါ့ကို မပစ်မီ ဟောဟိုက သစ်ပင်မှာ ချည်ထားတဲ့ တောဝက်ကိုပဲ ပစ်ကြည့်စမ်းပါဦး'လို့ ခနဲ့တဲ့တဲ့ ပြောလိုက်ပါတယ်။ ကွန်မြူနစ်ရဲဘော်တွေက တောဝက်ကို ပစ်ကြရာ ကျည်မထွက်၊ 'ချောက် ...ချောက်'အသံသာ ထွက်နေပြီး ဘိုးတော်အဘဝိဇ္ဇာဦးထွန်းအောင်ကို ပစ်ကြရာ ဘာသံမျှပင် မထွက်တော့။ ထိုအခါ ဘိုးတော်က 'မင်းတို့ကျည်ဆန်တွေ ငါထုတ်ထားတာကွ၊ ဟောဒီမှာကြည့်'ဟုဆိုကာ လက်ထဲဆုပ်ထားတဲ့ ကျည်ဆန်တွေကို ဖြန့်ပြလိုက်တော့သည်။ ရဲဘော်များ ကြောက်လန့်သွားကြပြီး 'ကျည်ဆန်တွေပြန်ပေးပါ' 'အဘဘာအလိုရှိလို့လဲ'ဟု မေးမြန်းစူးစမ်းတော့သည်။' (စာ-၂၀၃)
ဘိုးထွန်းအောင်က 'မင်းတို့ခေါင်းဆောင်ကြီး ရှိရာပို့'လို့ပြောရာ ရဲဘော်တွေက ငြင်းဆိုကြပါတယ်။ ဘိုးတော်ဟာ သခင်သန်းထွန်းရဲ့ တဲကိုရောက်သွားရာ သခင်သန်းထွန်းဟာ အလွန်အံ့သြစွာဖြင့် 'ခင်ဗျားဘာလိုချင်လို့လဲ'လို့ မေးပါတယ်။ ဘိုးတော်က 'ငါတို့ဆရာတော်ကြီးက မင်းကို တွေ့ချင်နေ တယ်'လို့ နိဒါန်းပျိုးလိုက်တာနဲ့ သခင်သန်းထွန်းဟာ သတိဝင်သွားပြီး သေနတ်ကို လှမ်းယူလိုက်ရာ သေနတ်ကထားတဲ့နေရာမှာမရှိ။ ဘယ်ရောက်နေမှန်းလည်းမသိ၊ ဘိုးတော်က 'သေနတ်က ခေါင်မိုးမှာကွ'လို့ ညွှန်ပြလိုက်တယ်။ သခင်သန်းထွန်း သေနတ်ကို ဆွဲယူလိုက်ပြီး ဘိုးတော်ကို ချိန်ထားလိုက်စဉ် ဘိုးတော်ဟာ တဲခေါင်မိုးကို ဖောက်ထွက်ပြီး ဝါးတစ် ပြန်လောက်မြင့်တဲ့ လေထဲမှာ ရပ်နေတယ်။ ခဏကြာ တော့ အောက်ပြန်ဆင်းလာပြီး သခင်သန်းထွန်းရဲ့ အိပ်ရာပေါ်မှာ ဝင်အိပ်နေတော့တယ်။ သခင်သန်းထွန်းက သေနတ်နဲ့ပစ်ပေမယ့် ကျည်မထွက်၊ လက်လျှော့လိုက်ရ ပေပြီ။
'ကဲ ခင်ဗျား ဘုန်းကြီးခေါ်လိုက်'လို့ ပြောရုံရှိသေး သူ့ရှေ့မှာ ဘုန်းကြီးတစ်ပါး ဘွားခနဲပေါ်လာပါ တယ်။ 'ကျုပ်ဆီဘာကိစ္စလာတာလဲ၊ ကျုပ်ဘုန်းကြီးတွေကို အယုံအကြည်မရှိဘူး'လို့ ပြောလိုက်တယ်။
'ဟေ့ သန်းထွန်း မင်းဟာ ဗုဒ္ဓဘာသာ မိဘနှစ်ပါးကမွေးလို့ လူဖြစ်လာပြီးမှ ရုပ်ကြမ်းဝါဒကို ယုံကြည်နေတယ်။ မင်းအတော်မိုက်တာပဲ။ မင်းနဲ့ငါနဲ့က ဘ၀တစ်ခုမှာ ဆွေမျိုးတော်စပ်ခဲ့လို့ ငါလာရတာပဲ'လို့ ဆရာတော်ကြီးက ပြောတော့ 'ခင်ဗျားကျုပ်အကြောင်း ဘာသိလို့လဲ'လို့ သခင်သန်းထွန်းက မေးတယ်။
'၁၉၃၈ မှာ ထောင်ကျခဲ့ပုံ၊ ဂျပန်ခေတ်မှာ ဝန်ကြီးဖြစ်ခဲ့ပုံ၊ ၁၉၄၈ မှာ တောခိုခဲ့ပုံ'တွေကို ဆရာတော်ကြီးက ရက်စွဲအတိအကျနဲ့ ပြောပြလိုက်တော့ သခင်သန်းထွန်းဟာ အလွန်အမင်း အံ့ဩသခြင်းဖြင့် ဆရာတော်ကြီးကို အရိုအသေပြုလိုက်ပါတော့တယ်။ သခင်သန်းထွန်းရဲ့ နှလုံးသားတွေ နူးညံ့သိမ်မွေ့သွားချိန်မှာ ဆရာတော်ကြီးက သရဏဂုံဆောက်တည်ပေးခဲ့တယ်လို့ ဆိုပါတယ်။ (စာ-၂၀၅-ရှု)
သရဏဂုံ တစ်ကြိမ်တည်သော အကျိုးဟာ ဘဝကောင်းတစ်ခုကို ဧကန်မုချပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ အဲဒီဘဝကောင်းမှာပြုခဲ့သမျှ အကုသိုလ်တွေကို ဆေးကြောသန့်စင်ပြီး ကုသိုလ်စွမ်းအားဖြင့် မြင့်သထက်မြင့်အောင် ကျင့်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ လက်ညှိုး တွေဖြတ်၊ လူတွေသတ်ခဲ့တဲ့ အင်္ဂုလိမာလဟာ သူ့ရဲ့ ထုထည်ကြီးမားလှတဲ့ အကုသိုလ်အညစ်အကြေးတွေကို မြတ်ဗုဒ္ဓရဲ့ ဓမ္မရေစင်ဖြင့် ဆေးကြောပစ်ကာ ရဟန္တာ အရှင်မြတ်ကြီးဖြစ်တဲ့အထိ ကုသိုလ်စွမ်းအားတွေ တိုးပွားစေခဲ့တယ် မဟုတ်ပါလား။
ဝိဇ္ဇာဓိုရ်များနှင့် ဂမ္ဘီရအစုံစုံ အတွဲ(၄)မှာဖော် ပြထားတဲ့ သခင်သန်းထွန်းနှင့် ဝိဇ္ဇာနှစ်ပါးတွေ့ဆုံခန်းဟာ အဆန်းတကြယ်ရှိလှတာတော့ အမှန်ပါပဲ။ ဒီစာအုပ်ကို ရေးတဲ့ ဆရာမောင်မောင်သိမ်းဟံ (ဖြူး)ဟာ တစ်ချိန်က စစ်မှုထမ်းဟောင်းတစ်ယောက်ဖြစ်ခဲ့ပြီး ၂၀၁၇ ဇူလိုင်ထုတ် 'ဂမ္ဘီရအစုံစုံ ဆန်း ကြယ်ပုံများ'ပထမအုပ်မှာ သူ့ အကြောင်းကို အခုလို ဖော်ပြခဲ့ပါတယ်။
'၁၉၇၅ ခုနှစ် ယခင် ကချင်(၁) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးမြမောင်က ပြန်ကြားရေးဝန်ကြီးဌာန (ဒုတိယဝန်ကြီး)၊ ဗိုလ်မှူးကြီးမောင်လွင်(နှုတ်ခမ်းမွှေး)က ဝန်ကြီးအဖြစ် တာဝန်ယူရပါသည်။ ကျွန်တော်က ဒုဝန်ကြီးဦးမြမောင်၏ ကိုယ်ရေးအရာရှိ၊ ၁၉၇၇ ခုနှစ် ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီး နှစ်ဌာနကို ဝန်ကြီး ဦးမြမောင်က တာဝန်တိုးမြှင့်ယူသည့်အခါ ကျွန်တော်ကဝန်ကြီး၏ PA (ကိုယ်ရေး အရာရှိ)အဖြစ် တာဝန်ယူခဲ့ပါသည်။' (စာ-၁၃)
အဲဒီလို အဆင့်မြင့်မြင့် တာဝန်ကြီးကြီး ထမ်းဆောင်ခဲ့သူတစ်ယောက်က သခင်သန်းထွန်းနှင့် ဝိဇ္ဇာနှစ်ပါးတွေ့ဆုံခန်းကို ပြန်လည်မှတ်တမ်းတင်ခဲ့တာ မယုံနိုင်စရာအကြောင်းမရှိပါလို့ဘဲ ဆိုချင်ပါတော့တယ်။ ။ ( မြတ်ဘုန်းသစ် )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )