သမိုင်းသင်ခန်းစာ ကျေညက်ဖို့လိုတဲ့ တွေ့ဆုံဆွေးနွေးရေး

၂၀၂၅ ဇန်နဝါရီ ၂၅ 

    ရန်ပွဲတွေ ရပ်စဲဖို့၊ နိုင်ငံရေး၊ စစ်ရေးပဋိပက္ခတွေ ပြေပျောက် အဆင်ပြေသွားစေဖို့ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဟာ နည်းလမ်းပေါင်းများစွာထဲက အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ သို့သော် ဒီတွေ့ဆုံ ဆွေးနွေးရေး နည်းလမ်းကပဲ ပြေလည်မှုမရဘဲ အီလည်လည်ဖြစ်နေတာ၊ ရန်ထဖြစ်ပြီး ဆွေးနွေးပွဲပျက်သွားတာတွေလည်း အများကြီးပါ။ တွေ့ဆုံဆွေးနွေးရေးဆိုတာ အပြောလွယ်သလောက် အင်မတန်မှ အလုပ်ခက်တဲ့ ကိစ္စတစ်ရပ်လည်း ဖြစ်ပါတယ်။ အမြဲတမ်းခက်ခဲနေ တာလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ တချို့ကိစ္စတွေက အရမ်းလွယ်နေပြန်ပါရော။ ပြဿနာတွေဖြစ်ပွားရခြင်းရဲ့အဓိကတရားခံက အတ္တ၊ မာနနဲ့ လောဘတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအကြောင်း တရားတွေလျော့ပါးမှသာလျှင် တွေ့ဆုံဆွေးနွေးရေးဟာ အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုလျော့ပါးဖို့၊ တွေ့ဆုံဆွေးနွေးရေးအောင်မြင်စေဖို့ လိုအပ်တာက ရင်းနှီးနွေးထွေးမှုနဲ့ အပြန်အလှန် နားလည် ယုံကြည်မှုပဲ ဖြစ်ပါတယ်။ 
    နိုင်ငံရေးပဋိပက္ခ၊ စစ်ရေးပဋိပက္ခ အများဆုံး နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ထိပ်ဆုံးကများ ရပ်တည်နေမလားမသိ။ တခြားနိုင်ငံတွေလို ကောင်းမွန်တဲ့ ဟိုနေရာ၊ ဒီနေရာတွေမှာသာ ထိပ်ဆုံးမရောက်တာ။ မညီမညွတ်နဲ့ သွေးကွဲတဲ့နေရာ၊ လက်နက်ကိုင် သူပုန်များတဲ့ နေရာမှာတော့ ထိပ်ပဲ။ အဲ့ဒီအခြေအနေတွေအရ တွေ့ဆုံဆွေးနွေးရေးဆိုတာ မြန်မာနိုင်ငံအတွက်တော့ ထူးပြီးမဆန်းတဲ့ ကိစ္စတစ်ခုပဲ ဖြစ်ပါတယ်။ တွေ့လိုက်ရတဲ့ တွေ့ဆုံဆွေးနွေးရေး၊ ပျက်လိုက်ရတဲ့ ဆွေးနွေးပွဲ၊ ရေလို့ပင် ရနိုင်တော့မယ်မထင်။ အကြောင်းအမျိုးမျိုး ရှိကြမှာဖြစ်ပေမယ့် လိုအပ်ချက်ကို ညှိနှိုင်းရလို့ အပြန်အလှန် ဖြစ်တာက ပြဿနာမဟုတ်။ တမင်သက်သက် ညစ်ကပ် ကပ်တာကမှ ပြဿနာ။ ဘယ်လိုမှ ရှေ့ဆက်လို့ရမှာ မဟုတ်တဲ့အတွက် ပျက်သွားရတဲ့ပွဲတွေ မြန်မာနိုင်ငံမှာ မနည်းတာ ဒီလို ညစ်ကပ် ကပ်တဲ့ သူတွေကြောင့်လည်း ပါတယ်။ 
    ဥပမာအားဖြင့် ၁၉၆၃ ခုနှစ်က ဆွေးနွေးပွဲတွေ။ ညစ်ကပ် ကပ်တဲ့အဖွဲ့၊ တစ်ယူသန်ဆန်ပြီး လိုလားချက်ကို အတင်း ဆုပ်ကိုင်ထားတဲ့အဖွဲ့၊ သူများယောင်လို့ လိုက်ယောင်တဲ့အဖွဲ့ဆိုပြီး အမျိုးမျိုးတွေ့ရမှာဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီဆိုရင် ညစ်ကပ်ကပ်တဲ့ အဖွဲ့ထဲမှာ ပါတယ်လို့ ဆိုရမယ်။ သူ့ရဲ့ရည်ရွယ်ချက်က တွေ့ဆုံဆွေးနွေးရေးကနေ နိုင်ငံရေး ပြေလည်ဖို့၊ အလင်းထဲမှာ ရပ်တည်ဖို့ မဟုတ်တဲ့အတွက် ညစ်တွန်းတွန်း တာပဲဖြစ်ပါတယ်။ သူလိုချင်တဲ့ မြို့ပေါ်က အဆက်အသွယ်တွေ ပြန်ဖော်ပြီး ပုံမှန် ဆက်သွယ်နိုင်အောင် စီစဉ်ဖို့၊ တောနဲ့မြို့ အချိန်ကိုက် တိုက်ပွဲဝင်နိုင်အောင် စီစဉ်ဖို့၊ အဝေးရောက်(ဘေဂျင်း) ဗကပ ဗဟိုခွဲကတစ်ဆင့် တရုတ်ကွန်မြူနစ်ပါတီနဲ့ ဆက်ဆံရေး ကောင်းဖို့၊ တိုက်ပွဲအရှိန်မြှင့်တင်နိုင်အောင် စီစဉ်ဖို့ဆိုတဲ့ လိုလားချက်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့တာဆိုတော့ ညစ်ကပ် ကပ်တာ မဆန်းဘူးလို့ ဆိုရမှာမဟုတ်ပါလား။ စကတည်းက မအောင်မြင်နိုင်တဲ့ ဆွေးနွေးပွဲပါပဲ။ ဒါကြောင့်လည်း ဗကပသာ ပြိုကွဲသွားတယ်။ လွတ်လပ်ရေးမရခင် ဖဆပလထဲက ထွက်သွားပြီးကတည်းက တစ်ခါဖူးမျှ အောင်မြင်တဲ့ ဆွေးနွေးပွဲဆိုတာ ဖြစ်မလာခဲ့ဘူး။ 
    KIA ရော ဘာထူးလဲ။ အဲ့ဒီ ၁၉၆၃ ခုနှစ် ဆွေးနွေးပွဲမှာ တစ်ယူသန်ဆန်ပြီး လိုလားချက်ကို တစ်သမတ်တည်း အသေဆုပ်ကိုင်ထားခဲ့တာပဲ ဖြစ်ပါတယ်။ သူ့ရဲ့တောင်းဆိုချက်က သမ္မတနိုင်ငံအဖြစ် ထူထောင်ပြီး သီးခြားရပ်တည်ရေး၊ နိုင်ငံအချင်းချင်း တန်းတူဆက်ဆံပြီး အပြန်အလှန် မကျူးကျော်ရန် စာချုပ်ချုပ်ဆိုထားရေးတို့ပဲ ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ်က ဆွေးနွေးခဲ့တဲ့ ကချင်ခေါင်းဆောင်တွေရဲ့ ပြည်နယ်ရရှိရေးနဲ့ ပြည်ထောင်စုအတွင်းက မခွဲထွက်ရေး သဘောတူညီချက်တွေနဲ့ လားလားမှ မအပ်စပ်တာ တွေ့ရမှာဖြစ်ပါတယ်။ ဘယ်လိုမှ နားချလို့လည်းမရ၊ ညှိနှိုင်းလို့လည်းမရဘဲ ဒါမှဒါ ဖြစ်နေတဲ့အတွက် အဲ့ဒီဆွေးနွေးပွဲ ပျက်သွားခဲ့ရတာ မဆန်းပါ။  ခုချိန်ထိလည်း ဒီအတိုင်း ဆုပ်ကိုင်ထားတဲ့အတွက်  ပြည်ထောင်စုအတွက် တန်ဖိုးရှိ မရှိသာ တွက်ရမယ့်အနေအထားလို့ ဆိုချင်တယ်။ တရားသေ ဆုပ်ကိုင်ထားတာ မပြင်သမျှ၊ ပြည်ထောင်စုအတွင်းမှာ ပြည်ထောင်စုသား စိတ်ဓာတ်နဲ့ နေလိုစိတ် မရှိသမျှ ဆွေးနွေးပွဲ ဘယ်လောက်လုပ်လုပ် ထူးမယ်မထင်ပါ။ 
    ၁၉၈၈ ခုနှစ်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ တပ်မတော်တွေ့ဆုံဆွေးနွေးရေး လုပ်ခဲ့တာ ငြိမ်းချမ်းရေးအတွက် အောင်မြင်မှုရခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ ဘာကြောင့် အောင်မြင်မှုရခဲ့တာလဲဆိုတာကို နမူနာယူရမှာ ဖြစ်ပါတယ်။ အဓိကအားဖြင့် မြင်ရတာက လက်နက် ကိုင်တွေရဲ့ လိုလားချက်နဲ့ ယုံကြည်မှုပါ။ သူတို့ရဲ့ဘဝနဲ့ လိုလားချက်ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးဖို့ လိုအပ်သလို သူတို့ကို ယုံကြည်တယ်ဆိုတာကို အရင်ပြသခဲ့လို့ပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်း စတင်ဖို့ သွားတော့ ငြိမ်းချမ်းရေးလုပ်မယ့် ခေါင်းဆောင်က လုံခြုံရေးမခေါ်ဘဲ သူ့ရဲ့လုံခြုံရေးအတွက် သူနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမယ့်သူတွေရဲ့လက်ထဲကို ဝကွက်အပ်လိုက်တယ်ဆိုတဲ့ အကျိုးဆက်ကြောင့် ကျန်တိုင်းရင်းသားတွေပါ ယုံကြည်မှုကူးစက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။ 
    အခုချိန်မှာ အရင်က တည်ဆောက်ထားခဲ့တဲ့ ငြိမ်းချမ်းရေးဟာ အတော်လေး ပျက်စီး ယိုယွင်းလာနေပြီလို့ မြင်ရပါတယ်။ ဒေသစုံမှာ တိုက်ပွဲတွေဖြစ်ပြီး ငြိမ်းချမ်းရေး မပျက်စီးဘဲ တဲတဲကလေး ကျန်နေတဲ့ အဖွဲ့အစည်းကလည်း အတော်လေး နည်းနေပါပြီ။ အရင်တုန်းက တည်ဆောက်ထားခဲ့ သူတွေက အခုအခါမှာ သေနတ်ပြောင်းတွေ ပြန်လှည့်လာနေကြတာ သတိပြုရမှာပါ။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတာ အဖြေရှာဖို့ လိုပါတယ်။ ဒီအဖြေကို တွေ့မှသာ ထာဝရငြိမ်းချမ်းရေးကတစ်ဆင့် ပြည်ထောင်စုဖွဲ့စည်းမှုဆီ ချဉ်းကပ်နိုင်မှာပဲ ဖြစ်ပါတယ်။ ကျွန်တော့်အမြင် ပြောရရင် ယုံကြည်မှုတည် ဆောက်ရေးပျက်ပြားမှုနဲ့ သူတို့ရဲ့ လိုလားချက်ကို ညှိနှိုင်းဆွေးနွေးခြင်းမပြုခဲ့တဲ့ အကျိုးဆက်ကြောင့်လို့ မြင်ပါတယ်။ စစ်သားကနေ အရပ်သားအစိုးရ အသွင်ပဲ ပြောင်းပြောင်း၊ အရပ်သားစစ်စစ် အစိုးရပဲဖြစ်ဖြစ် ဆောင်ရွက်မှုအနည်းငယ်လွဲချော်တာနဲ့ မြန်မာပြည်တွင်းရေး၊ တိုင်းရင်းသားအရေး ကိစ္စရပ်တွေမှာ ဆိုးကျိုးသက်ရောက်မှုတွေ အများကြီး ကြုံတွေ့ခံစားရတတ်တယ်ဆိုတာ သတိချပ်ဖို့လိုပါတယ်။ လွတ်လပ်ရေးရပြီးကတည်းက ဖြစ်လာတဲ့ အဆင်မပြေမှုတွေဟာ အခုအခါမှာ ထိလွယ်၊ ရှလွယ်၊ ကွဲလွယ်တဲ့ ပါးပါးလေး အခြေအနေမှာ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ အဓိက ပြဿနာဟာ System Failure ပါ။ ဖြည်းဖြည်းချင်း တိမ်းချော်ခဲ့တာကို မပြင်ခဲ့တာလား။ ပြင်တာ မှားခဲ့လို့လား ဆိုတာကတော့ အတော် ပြောရခက်ပါလိမ့်မယ်။ နောက်ဆုံးမှာ သေကြ ကျေကြနဲ့ ဒီဒုက္ခတွေကို ခါးစည်းပြီးခံစားရတာက တပ်မတော်နဲ့ ပြည်သူတွေပဲ ဖြစ်ပါတယ်။ တိုင်းပြည်ကိုကြည့်ရင်လည်း ရှေ့ကိုသွားချင်တယ်၊ သွားချင်တယ်နဲ့ လက်တွေ့မှာတော့ နောက်ကိုချည်းပဲ ရွေ့နေတာ တွေ့ရမှာ ဖြစ်ပါတယ်။ 
    ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်က မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ အလှည့်ကျအာဆီယံဥက္ကဋ္ဌ တာဝန်ယူထားတဲ့ မလေးရှားနိုင်ငံခြားရေး ဝန်ကြီး Mohamad Hasan က မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကို ဦးစားမပေးသင့်ကြောင်းနဲ့ ဦးစားပေးရမှာက တိုက် ခိုက်မှုတွေ ချက်ချင်းရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးမှု လုပ်ရမှာဖြစ်တယ်ဆိုပြီး ပြောထားတာ တွေ့ရပါတယ်။ သူ့အပြောက ဆရာကြီးလိုလို၊ ဘာလိုလိုနဲ့ တကယ်တမ်းရော မြန်မာနိုင်ငံရဲ့အကြောင်းကို ဂဃနဏ သိရဲ့လားလို့ မေးရင် အင်း...အဲနဲ့ ဘာမှ ပြောနိုင်မယ်မထင်ပါ။  ဒီအပေါ်မှာ သံယောင်လိုက်ပြီး တောပြောတောင်ပြောတွေကလည်း ရှိသေးတယ်။ သူပြောတာဟာ ယေဘုယျအားဖြင့် ဖြစ်သင့်တဲ့ အခြေအနေဆိုတာ လက်ခံလို့ရပေမယ့် လက်တွေ့မှာ အတော်မလွယ်တဲ့ကိစ္စ ဆိုတာကတော့ ကိုယ်တိုင်ကြုံမှ သိမယ့်သဘောပါ။  
    မလေးရှားဝန်ကြီးပြောတာက တရုတ်နိုင်ငံက ပြောဆိုကူညီနေတဲ့ အပစ်ရပ်ပြီး တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း လုပ်ရမယ်ဆိုတာကိုနင်းပြီး ပြောတာဖြစ်ပါလိမ့်မယ်။ သို့သော် သဘာဝချင်းက မတူပါ။ တရုတ်ရဲ့ အပစ်ရပ်ပြီး ဆွေးနွေးဆိုတာက သူနဲ့ ဆက်စပ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကိုပါ။ မလေးရှား ဝန်ကြီးပြောတာက NUG နဲ့ PDF တွေ ပါနေတဲ့သဘောပဲ။ ဘယ်လိုပဲဆိုဆိုပါ။ သူပြောပြော မပြောပြော တွေ့ဆုံ ဆွေးနွေးရေးနဲ့ပတ်သက်ပြီး နောကျေနေတဲ့ မြန်မာအစိုးရနဲ့ တပ်မတော်က လိုအပ်ရင် လုပ်ပါလိမ့်မယ်။ တွေ့ဆုံဆွေးနွေးရေးဆိုတာကလည်း အခြေအနေအချိန် အခါပေါ်မှာလည်း မူတည်ပါသေးတယ်။ မလိုအပ်တဲ့အချိန်၊ မလိုအပ်တဲ့ အခြေအနေမှာ သွားလုပ်လည်း ဘာအကျိုးမှ မထူးဘူး။ မလိုအပ်တဲ့သူတွေနဲ့သာ သွားလုပ်လို့ကတော့ ငါးပါးတင်မက သံဃာစင်ပါ မှောက်မယ့်သဘောမှာ ရှိတယ်။  
    လက်ရှိ တည်ဆဲအစိုးရက တွေ့ဆုံ ဆွေးနွေးရေးနဲ့ပတ်သက်ပြီး ဘာသံမှ မဟရသေးဘူး။ NUG က Condition ခြောက်ချက်တောင် ထုတ်ပြီးနေပြီ။ အပေါ်စီးကပဲ ဆွေးနွေးမလိုလို၊ ဘာလိုလိုပေါ့။ မလေးရှား ဝန်ကြီးနဲ့ သူတို့များ ညှိထားကြသလား မသိဘူး။ ရွေးကောက်ပွဲ အောင်မြင်သွားရင် သူတို့က အလိုလိုနေရင်း မြောင်းထဲရောက်သွားမှာ ဆိုတော့လေ။  သူတို့ထုတ်ပြန်ထားတဲ့ တွေ့ဆုံဆွေးနွေးရေး မူခြောက်ချက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးသဘောတူ ထားပြီးပြီလို့လည်း ဆိုထားပါတယ်။ သို့သော် တိုင်းရင်းသားလက်နက်ကိုင်အားလုံးတော့ မဟုတ်ဘူး။ K3C လို့ ပြောနေတဲ့ KIA၊ KNU၊ KNPP နဲ့ CNF တို့ပဲဖြစ်ပါတယ်။ အဲဒီအချက် ခြောက်ချက်ထဲမှာ တပ်မတော်က နိုင်ငံရေးက ထွက်ရမယ်ဆိုတာပါတယ်။ နိုင်ငံရေးက ထွက်ပါမယ်ဆိုတဲ့ ကတိပေးမှ တွေ့မယ်လို့ ပါထားတော့ တွေ့ ဆုံဆွေးနွေးရေးကိစ္စ ဖြစ်လာနိုင်လား၊ မဖြစ်နိုင်ဘူးလားဆိုတာ ဗေဒင်မေးစရာမလို နိုင်ငံရေးပရော ဟိတ်ကြီးတွေရဲ့ ထင်မြင်ချက် တောင်းခံစရာမလိုဘဲ ရှင်းရှင်းလေးသိနိုင်တဲ့ ကိစ္စပဲဖြစ်ပါတယ်။ 
    တပ်မတော်နဲ့ မြန်မာ့နိုင်ငံရေးဟာ အခုချိန်ထိခွဲခြားလို့ မရသေးတာကို နားမလည်တာကတော့ အံ့သြစရာ ကောင်းပါတယ်။ နားလည်ရဲ့သားနဲ့ အတင်းအကျပ် ဖယ်ရှားချင်လို့ ပြည်သူတွေနဲ့ ရန်တိုက် ပေးချင်တာဆိုရင်တော့ မသိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် လောလောဆယ်မှာ မဖြစ်နိုင်တဲ့ ကိစ္စပါ။ တပ်မတော် အပါအဝင်ဆွေးနွေး ပြောင်းလဲပြီးခိုင်မာတဲ့ နိုင်ငံရေးစနစ်ပေါ်လာမှသာ စဉ်းစားရမယ့်ကိစ္စ ဖြစ်တဲ့အတွက် သူတို့ရဲ့ ရည်မှန်းချက်ဟာ လက်တွေ့မဆန်တဲ့ စိတ်ကူးယဉ်သက်သက်ပဲ ဖြစ်ပါလိမ့် မယ်။
    တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်ပြီး ခေါင်းစဉ်တပ်ထားမယ်၊ Precondition ထားမယ်ဆိုရင် အလုပ်မဖြစ်တာများပါတယ်။ ခေါင်းစဉ်ကို မကြိုက်လို့ဘဲဖြစ်ဖြစ်၊ Precondition ကိုပဲ မကြိုက်လို့ဘဲဖြစ်ဖြစ် ဖျက်ချင်ရင်  ညစ်ကပ်ကပ်တဲ့ ဇာတ်လမ်းတွေပါလာမှာ သေချာတယ်။  အခုဟာက NUG နဲ့ K3C က Precondition အပြင် ဒါမရရင် မတွေ့ဘူးဆိုတဲ့ အခြေအနေကို ဖန်တီးထားတာ ဖြစ်နေတော့ မတွေ့ချင်တာကို ရှင်းရှင်းမပြောဘဲ နားလှည့်ပါးရိုက်ထားတဲ့သဘော။ မတွေ့ချင်တာ မဟုတ်ဘူးဆိုရင်တော့ တစ်ဖက်ကို လုံးဝဂရုမစိုက်ဘဲ အပေါ်စီးက ငါတို့စိတ်ကြိုက်လုပ်တာ မင်းနာခံရမယ်ဆိုတဲ့ ပုံစံမျိုး ချိုးထားတာပဲ ဖြစ်ပါလိမ့်မယ်။ ဒီအတွေး၊ ဒီအမြင် မပြောင်းသမျှ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်လာစရာ အ ကြောင်းမရှိပါ။ 
    ဒီအတွေးဒီအမြင် ဘယ်ကရလာသလဲဆိုရင် နဝတ၊ နယက လက်ထက်မှာ နိုင်ငံရေးတိုက်ကွက်ဖော်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကနေ ကူးစက်လာတာလို့ မြင်တယ်။ အဲ့ဒီအချိန်တုန်းက နိုင်ငံရေးအခြေအနေက ပုံစံတစ်မျိုးပါ။ တပ်မတော်အစိုးရ၊ နိုင်ငံရေးသမား အင်အားစုနဲ့ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့တွေပဲဖြစ်ပါတယ်။ တိုင်းရင်းသားအဖွဲ့တွေက တစ်ဖွဲ့ချင်းစီဆွေးနွေးပြီး ငြိမ်းချမ်းရေးကရနေပြီ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေ ဖွဲ့ခွင့်ပေးပြီး အနာဂတ် အရေးအတွက် အမျိုးသားညီလာခံမှာ ဆွေးနွေးပွဲတွေ ကျင်းပနေပြီ။ အဖွဲ့အစည်းအားလုံး ပါဝင်တက်ရောက်လျက် ရှိကြပါတယ်။ Meaningful Dialogue လို့ ဆိုနိုင်ပါတယ်။ အတွေးအမြင် အကန့်အသတ်တော့ ရှိကောင်း ရှိနိုင်ပါတယ်။ အစပိုင်း ၁၉၉၃ ခုနှစ်ကနေ ၁၉၉၆ ခုနှစ်အထိ NLD လည်းတက်ပါတယ်။ ၁၉၉၅ ခုနှစ် ဇူလိုင်လ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်လာပြီးနောက် ၁၉၉၆ ခုနှစ်မှာ NLD တို့ အမျိုးသားညီလာခံက ထွက်သွားပါတယ်။ သူတို့မကြိုက်လို့လို့ ပြောပါတယ်။ အဲဒီမှာ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးဆိုပြီး လိုင်းတင်ပါတယ်။ တည်ငြိမ်နေရင် သူတို့ဖြစ်ချင်တဲ့ကိစ္စ အလုပ်မဖြစ်နိုင်တဲ့အတွက် မတည်မငြိမ်ဖြစ်အောင် လုပ်ခဲ့ရတဲ့ အခြေအနေတွေ ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ၁၉၉၉-၂၀၀၀ လောက်မှာ အပြောင်းအလဲဖြစ်နိုင်တဲ့ အခြေအနေဟာ ၂၀၁၀ အထိ ကြာသွားခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ အခုလည်း သူ့ဟာသူ အဆင်ပြေနေတဲ့ စနစ်ကို ကိုယ့်လောဘနဲ့ မပျက်ပျက် အောင်ဖျက်ပြီး ဖြစ်နိုင် မဖြစ်နိုင် မသေချာတဲ့လမ်းကြောင်းပေါ်ကို ဆွဲတင်နေတာ တွေ့ရမှာဖြစ်ပါတယ်။ 
    မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ နိုင်ငံရေး၊ စစ်ရေး၊ တိုင်းရင်းသားအရေး အခြေအနေတွေကို သေချာမသိဘဲ လမ်းကြောင်းပေး လျှောက်ပြောနေတာက မြန်မာ့နိုင်ငံရေးကို ပိုမိုဆိုးရွားသွားစေနိုင်ပါတယ်။ အာဆီယံရဲ့ Consensus ဆိုတာကလည်း လက်တွေ့မဆန် ဘေးကမြင်နေတဲ့ စိတ်ကူးယဉ်သက်သက်ပါ။ လက်ရှိအခြေအနေအရ အပြောင်းအလဲလုပ်ဖို့ တွေ့ဆုံဆွေးနွေးရေးပြီးမှ ဆောင်ရွက်မယ်ဆိုရင် မမျှော်မှန်းနိုင်တဲ့ အခြေအ နေတွေအထိ ဖြစ်သွားနိုင်တာ ဒီဝန်ကြီးသိပုံမရဘူး။ ငါအာဆီယံဥက္ကဋ္ဌကွ တာဝန်ရှိတယ်ဆိုပြီး နိုင်ငံရေးအမြတ် ထုတ်ချင်တဲ့သဘော ရှိပုံရတယ်။ အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေး ဆွေးနွေးပွဲတွေကတစ်ဆင့် ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်နဲ့ ကြိုးစားနေတာကိုလည်း လုပ်ဖို့လိုသလို၊ တစ်ဖက်ကလည်း တည်ဆဲစနစ်ကို ပြန်လည်အသက်သွင်းပေးဖို့ လိုပါတယ်။ ဒီအခြေအနေကို မြင်အောင် ကြည့်ပြီးမှ ပြောတာက ပိုသဘာဝကျပါလိမ့် မယ်။ ပြေလည်စေချင်တဲ့ စေတနာကိုတော့ လေးစားပါတယ်။ သို့သော် လက်တွေ့မဆန်တဲ့ စိတ်ကူး ယဉ်ပြောဆိုမှုကတော့ မြန်မာတွေအတွက် အကျိုးမရှိနိုင်ဘူးလို့ ဆိုပါရစေ။ တရုတ်နိုင်ငံက အိမ်နီးချင်း ကောင်းပီသစွာ ဝင်ရောက် အကူအညီပေးနေတာ ဒီသဘောပဲ ဖြစ်ပါတယ်။   ဇော်နိုင်

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 145

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42885

© 2022 - 2025 News. All Rights Reserved.