၂၀၂၅ ဇန်နဝါရီ ၁၉
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ တည်ငြိမ်အေးချမ်းရေးသည် အလွန်ပင်အရေးကြီးပါတယ်။ သယံဇာတ ဘယ်လောက်ပေါပေါ၊ ရေခံမြေခံ ဘယ်လောက်ကောင်းကောင်း၊ ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှာ ဘယ်သို့ပဲ နေရာအချက်အချာကျကျ တည်ငြိမ်အေးချမ်းမှုမရှိပါက တဖြည်းဖြည်းချင်း စုံးစုံးမြုပ်သွားမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရာသီဥတု၊ ရေမြေသဘာ၀ ကောင်းမွန်ခြင်း၊ သယံဇာတ ပေါများခြင်း၊ ပတ်ဝန်းကျင်ဈေးကွက်ကြီးမားသလို ပင်လယ်ထွက်ပေါက် ကောင်းမွန်ခြင်း စတဲ့ အခြေအနေကောင်းတွေကို ပိုင်ဆိုင်ထားပေမယ့် ယခုအချိန်ထိ တဖြည်းဖြည်းချင်း စုံးစုံးမြုပ်နေတာကို တွေ့ရမှာ အမှန်ပဲဖြစ်ပါတယ်။
အစိုးရအဆက်ဆက်အနေနဲ့ သူ့နည်းသူ့ဟန်နဲ့ နည်းမျိုးစုံသုံး ကြိုးစားခဲ့ကြတာ တွေ့ရပေမယ့် ထင်သလောက် တိုးတက်မှု မရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ သမင်မွေးရင်း ကျားစားရင်းဆိုသလို တည်ဆောက်လိုက်၊ ပြန်ဖျက်လိုက်နဲ့ လုံးချာလည်နေခဲ့တာ၊ အပြန်အလှန်တိုက်နေကြတာ အခုဆိုရင် စိန်ရတုကာလပင် ကျော်လာနေပြီဖြစ်ပါတယ်။ ဒီအတိတ်က သမိုင်းကြောင်းတွေကိုသင်ခန်းစာယူဖို့ လိုပါတယ်။ အဓိကအကျဆုံးက ငြိမ်းချမ်းရေးပါ။ ဘယ်စနစ်နဲ့ပဲသွားသွား အပြန်အလှန်ချနေကြတာထက်တော့ သာမှာ အမှန်ပါ။
ပြည်တွင်း စည်းလုံးညီညွတ်မှုပြိုကွဲရင် ပြည်ပပယောဂဆိုတာ ဝင်လာစမြဲ မဟုတ်ပါလား။ မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံရေးမှာ နိုင်ငံတစ်နိုင်ငံကို လွှမ်းမိုးချင်ရင်၊ ဒေသတစ်ခုကို ထိန်းချုပ်လိုရင် အဲဒီနိုင်ငံ၊ အဲဒီဒေသကို သွားရောက် သိမ်းပိုက်စရာမလိုတဲ့ Proxy နည်းကို ကျင့်သုံးနေကြတာ တွေ့ရမှာပါ။ မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီးကတည်းက လက်ဝဲ၊ လက်ယာလွှမ်းမိုးလိုတဲ့ ပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံတစ်နိုင်ငံပဲ ဖြစ်ပါတယ်။ ပြည်တွင်းရေး အခြေအနေကို ကြည့်ရင်လည်း လက်ဝဲ၊ လက်ယာ အယူအဆရှိတဲ့ သဘာဝဖြစ်တဲ့အတွက် ပြည်ပပယောဂဝင်ပူးဖို့ လွယ်ကူတဲ့အခြေအနေပဲ ဖြစ်ပါတယ်။
ပြည်တွင်းစည်းလုံးညီညွတ်မှုက လွတ်လပ်ရေး မရခင်ကတည်းက ကွဲနေတဲ့အနေအထားပဲ ဖြစ်ပါတယ်။ လက်ဝဲ၊ လက်ယာ အကွဲမပြောနဲ့ လက်ဝဲလက်ဝဲချင်းလည်း ကွဲခဲ့တာပဲ မဟုတ်ပါလား။ အဲဒီကစခဲ့တဲ့ လက်နက်ကိုင် လမ်းစဉ်ဟာ ခေတ်အဆက်ဆက် ခေါင်းဆောင်တွေသာ ပြောင်းသွားတယ် လက်နက်ကိုင်လမ်းစဉ်ကတော့ အခုအခါမှာ ခိုင်မာတဲ့အမြစ် ဖြစ်နေပါပြီ။ လူပြောင်းသွားတဲ့အခါ မပြောင်းလဲတဲ့ အခြေအနေလေးတစ်ခု သတိထားမိတယ်။ အဲ့ဒါကတော့ လက်နက်ကိုင်လမ်းစဉ်နဲ့ ငြိမ်း ချမ်းရေးအပေါ်မှာထားတဲ့ အမြင်မပြောင်းလဲတာပဲ ဖြစ်ပါတယ်။ လိုချင်တဲ့ လမ်းခရီးပန်းတိုင်ကို ရောက်ဖို့ ငြိမ်းချမ်းရေးကို ခုတုံးလုပ် အသုံးချခဲ့ကြတာ ခေတ်အဆက်ဆက်ကလို့ ဆိုနိုင်ပါတယ်။
၁၉၆၃ ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ပြန်ကြည့်ပါ။ ဗမာပြည်ကွန်မြူနစ်ပါတီဟာ အဆက်အသွယ်ပြတ်နေတဲ့ အဝေးရောက် ဗကပ ဗဟိုကော်မတီနဲ့ ပြန်လည်အဆက်အသွယ်ရပြီး ပြည်ပလမ်း ညွှန်ချက်အရ ပြည်တွင်းတော်လှန်ရေးကို ဆက်လက်ဆင်နွှဲဖို့၊ မြို့ပေါ်မှာရှိတဲ့ ယူဂျီတွေနဲ့ အဆက်အသွယ်ရပြီး မြေပေါ်မြေ အောက်တိုက်ပွဲဝင်ဖို့ကို အဓိကထားပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်သွားခဲ့ရတာလို့ ဆိုနိုင်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ လက်နက်ကိုင်တော်လှန်ရေး ရည်ရွယ်ချက်က တန်းတူအခွင့်အရေးရရှိရေးလို့ ကြွေးကြော်နေကြပေမယ့် အဓိကလို ချင်ကြတာက သီးခြားပြည်နယ် ရရှိရေးပါ။ ဖက်ဒရယ်လို့ကြွေးကြော်နေကြပေမယ့် တကယ်လိုချင်ကြတာက အနိမ့်ဆုံးအဆင့် ကွန်ဖက်ဒရေးရှင်းပါ။ ကိုယ့်ပြည်နယ်ကို ကိုယ်တိုင် ဒီမိုကရေစီနည်းအရ စီမံခန့်ခွဲမယ်လို့ကြွေးကြော်နေ ကြပေမယ့် တကယ်တမ်းက လက်နက်နဲ့ ဒီမိုကရေစီတည်ဆောက်မှာပဲ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုကြည့်ရင် ပါတီ(သို့မဟုတ်) အဖွဲ့အစည်းတစ်ခုခုကို အမည်ခံထားပြီး လက်နက်ကိုင်တပ် မတော်အဖြစ် ဖန်တီးထားကြတာ တွေ့ရမှာပါ။ ပုံသဏ္ဌာန်အားဖြင့် လက်ဝဲနိုင်ငံတွေရဲ့ ဖွဲ့စည်းမှု ပုံစံမျိုးပဲ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး တကယ်တန်ဖိုးထားတာက တပ်မတော်ပါ။ နိုင်ငံရေးသမားတွေ မဟုတ်ကြပါဘူး။ ငြိမ်းချမ်းရေးပျက်ပြားပြီး သေကျေပျက်စီးကြတာ၊ ဒုက္ခခံစားရတာတွေကို ကိုယ်တိုင်ကြုံတွေ့ခံစားရတဲ့အတွက်လည်း ဖြစ်ပါတယ်။ အမှားအမှန်ထက် မြန်မာ့တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ နိုင်ငံရေးသမားများရဲ့ သဘာဝကိုကြည့်ပါ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင် ဘယ်သူက လိုလားချက် ပိုနေကြပါသလဲ။ တပ်မတော်ကတော့ ရှင်းတယ်။ သူ့ပေးထားတဲ့ တာဝန်အရ သူ့အလုပ်သူလုပ်နေတာပဲ ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေးအရ မပစ်နဲ့ဆို မပစ်ဘူး။ ငြိမ်းချမ်းရေး ပျက်ပြားရခြင်းရဲ့ သဘာဝကိုကြည့်ရင် လိုလားချက်တွေအပေါ်မှာ အခြေခံကြတာကို တွေ့ရပါတယ်။ ခေတ်အ ဆက်ဆက်က စွဲကိုင်ခဲ့တဲ့ အစွဲတွေအပေါ်မှာလည်း မူတည်ပါတယ်။ တိုးတက်လာတဲ့ သမိုင်းကြောင်းရဲ့ အခြေအနေကို မချိန်ဆဘဲ သူတစ်လူ ငါတစ်မင်း ဖြစ်ချင်တဲ့ ဆန္ဒအတ္တတွေ မလျှော့သမျှ ထာဝရငြိမ်းချမ်းရေး ရနိုင်လိမ့်မယ်မထင်ပါ။
၂၀၂၄ ခုနှစ် နိုဝင်ဘာလထဲမှာ TNLA က နိုင်ငံရေးဆွေးနွေးပွဲအတွက် အသင့်ရှိပြီဖြစ်တယ်လို့ ကြေညာခဲ့တယ်။ အခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၆၂) နှစ်မြောက် တအာင်းပလောင် တော်လှန်ရေးနေ့ အခမ်းအနားအပြီး ထုတ်ပြန်ချက်မှာတော့ ဒတိုင်းရင်းသားလက် နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေးအင်အားစုများ စုပေါင်းရုန်းကန်ပြီး တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးလွှင့်တင်ကာ တော်လှန်ရေး အောင်ပွဲ ရယူရန် အချိန်အခါကောင်း ဖြစ်သည်ဓဟု ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ဒီကြေညာချက်နှစ်ခုကို ကြည့်ခြင်းအားဖြင့် TNLA ရဲ့ ငြိမ်းချမ်းရေးအပေါ် မှာထားတဲ့ သဘောထားကို ရှင်းရှင်းလင်းလင်းတွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ပြန်ပေးဖို့ ရည်ရွယ် ချက်မရှိဘဲ ကိုယ်ပိုင်နယ်မြေအဖြစ် ထူထောင်သွားရန် ရည်ရွယ်ထားပုံရတာကိုလည်း တွေ့ရပါတယ်။
TNLA ရဲ့ ရည်မှန်းချက်ဟာ ဒီကြေညာချက် မထုတ်ခင်မှာကတည်းက မူဝါဒအဖြစ် ချမှတ်ထား ခဲ့ကြတယ်ဆိုတာကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက TNLA အတွင်းရေးမှူး တာဘုန်းကျော်ကို BBC က မေးမြန်းထားတဲ့ ထုတ်ပြန်ချက်အရ တွေ့ရမှာဖြစ်ပါတယ်။ အဲဒီတုန်းက တာဘုန်းကျော်ပြောတာက ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး အလျှော့အတင်းရှိမှာဖြစ်ကြောင်း၊ သူတို့ချမှတ်ထားတဲ့စည်းကို ကျော်လို့မရကြောင်း၊ နယ်မြေကိစ္စနဲ့ပတ် သက်ပြီး စစ်ကောင်စီတပ်ကို မောင်းထုတ်ပြီး သူတို့ရဲ့ အုပ်ချုပ်ရေးကို စနေပြီဖြစ်ကြောင်း၊ နယ်မြေသိမ်းရာမှာ တခြားပူးပေါင်းအဖွဲ့အစည်းများလည်း ပါတဲ့အတွက် လွယ်လွယ်နဲ့တော့ အလျှော့ပေးမှာ မဟုတ်ကြောင်း ပြောခဲ့တာတွေ့ရပါတယ်။
(၆၂) နှစ်မြောက် တအာင်းအမျိုးသားတော် လှန်ရေးနေ့ အခမ်းအနားမှာ TNLA ဥက္ကဋ္ဌ တာအိုက် ဘုန်းက အခု ၂၀၂၅ ခုနှစ်အတွင်း ယိုင်နဲ့နေတဲ့ စစ်အာဏာရှင်အုပ်စုကို ဖြိုချဖို့ စုစည်းညီညွတ်အားနဲ့ ဆက်ကြိုး ပမ်းရမှာ ဖြစ်ကြောင်း၊ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့ နယ်မြေအတွင်း စစ်အာဏာရှင် နောက်ထပ် အခြေမစိုက်နိုင်အောင် အစွမ်းကုန် ကာကွယ်သွားရမှာ ဖြစ်ကြောင်း၊ ဒါ့အပြင် တခြားတိုင်း ရင်းသားအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေတွေကိုလည်း အသိအမှတ်ပြုရမှာ ဖြစ်ကြောင်း၊ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ တိုင်းပြည်သစ်အတွက် တခြား တော်လှန်ရေး အင်အားစုတွေနဲ့ ဟန်ချက်ညီညီ ဆက်လက် တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းဆိုပြီး ပြော ကြားခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် ကြေညာချက်မှာလည်း သိမ်းပိုက်ထားပြီးတဲ့ နယ်မြေများကို အစိုးရတစ်ရပ် ပေါ်ပေါက်တဲ့အထိ ဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာ မြန်မာပြည်တစ်ဝန်းရှိ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး နစကကို အပြီးတိုင် တော်လှန်ချေမှုန်းသွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားတာ တွေ့ရှိရပါတယ်။
လက်ရှိ TNLA သိမ်းပိုက်ထားတဲ့နယ်မြေတွေဟာ သမိုင်းအစဉ်အဆက်အရ ပလောင်ဒေသ မဟုတ်တာ TNLA လည်းသိပါတယ်။ BBC နဲ့အမေးအဖြေကဏ္ဍမှာပဲ တာဘုန်းကျော်က "သိမ်းပိုက်ထားတဲ့မြို့တွေမှာ ပလောင်တွေနေကြသလို ကျန်တိုင်းရင်းသားတွေပါ နေထိုင်ကြကြောင်း၊ တချို့မြို့တွေမှာ ရှမ်းတွေအများစု နေထိုင်ကြကြောင်း၊ နှစ်ကြာရှည်လာတာနဲ့အမျှ လူမျိုးတွေစုံလာပြီး စုစည်း နေထိုင်လာကြခြင်းဖြစ်ကြောင်း" ပြောခဲ့တာတွေ့ရပါတယ်။ သူ့အပြောအရ သူ့ဒေသမဟုတ်ဘဲ "လက်နက်နဲ့ သိမ်းပိုက်ထားနိုင်တဲ့ နယ်မြေဟာ ငါ့မြေ" အဖြစ် သတ်မှတ်ထားပုံရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တည်ဆဲဖွဲ့စည်းပုံ အခြေခံဥပဒေအရပဲ ကြည့်ကြည့်၊ ယခင်ရေးဆွဲ အသုံးပြုခဲ့ပြီးတဲ့ အခြေခံဥပဒေတွေအရပဲ ကြည့်ကြည့် လက်ခံလို့မရတဲ့ အခြေအနေပါ။ ဒါ့အပြင် သမိုင်းကြောင်းအရပဲဖြစ်ဖြစ်၊ ဒေသခံ တိုင်းရင်းသားတွေရဲ့ဆန္ဒအရပဲဖြစ်ဖြစ် မသင့်တော်တဲ့ အခြေအနေလို့ဆိုရပါမယ်။ ၁၉ ရာစုမှာ စစ်တိုက်ပြီး ကိုလိုနီအဖြစ် သွတ်သွင်းသလို ဖြစ်နေတာ သတိထားဖို့ လိုပါမယ်။ ၂၁ ရာစု ကိုလိုနီနယ်မြေသိမ်းပိုက်ရေးလို့ ဆိုရမလိုပါ။ လက်ရှိအချိန်မှာ TNLA ရဲ့ တွက်ကိန်းအရ အဆင်ပြေသလို ရှိကောင်းရှိနေမှာဖြစ် ပေမယ့် တစ်ချိန်ချိန်မှာ ပြန်လည်ပေးဆပ်ရမှာ အသေအချာပဲလို့ ဆိုရပါလိမ့်မယ်။ စစ်အာဏာရှင်စနစ်တို့၊ တန်းတူအခွင့်အရေးတို့ ကြွေးကြော်နေသူတွေက သူများနယ်မြေကို မတရားရယူထားတာ ဖြစ်သင့်ပါရဲ့လား။ သူတို့ရဲ့ လက်နက်ကိုင်လမ်းစဉ်နဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ အဖြေပေးနေတာပဲလို့ ဆိုရမှာပါ။
ထိုတအာန်းတော်လှန်ရေး (၆၂)နှစ်မြောက်အခမ်းအနားကို MNDAA နဲ့ AA တို့က ပူးတွဲသဝဏ်လွှာ ပေးပို့ခဲ့ပြီး သဝဏ်လွှာမှာ TNLA အနေနဲ့ ညီနောင်မဟာ မိတ်နှစ်ဖွဲ့နဲ့အတူ လက်တွဲဖော် ဆောင်နေတဲ့ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တွေဟာ ပြီးပြည့်စုံသည်အထိ အထမြောက်နိုင်ပြီဟု ပြော၍မရသော်လည်း အတိုင်းအတာတစ်ခုအထိ အထမြောက်ပြီဖြစ်ကြောင်း၊ ဘုံရန်သူအား တော်လှန်တိုက်ထုတ်ကြရာတွင် မဟာမိတ်စိတ် ဓာတ်အပြည့်ဖြင့် နှစ်ကာလများစွာ အတူတကွ လက်တွဲတိုက်ပွဲ ဝင်နိုင်ခဲ့သောကြောင့် ယခုကဲ့သို့ အောင်မြင်မှုအချို့ ရရှိခဲ့ကြခြင်းဖြစ်ကြောင်း၊ အောင်ပွဲနှင့်အတူ ပါရှိလာသော အခက်အခဲ၊ အတားအဆီးများကိုလည်း ညီနောင်မဟာမိတ်စိတ်ဓာတ်အပြည့်ဖြင့် ဝိုင်းဝန်းဖြေရှင်းရန် အမြဲတမ်း အသင့်ရှိနေကြောင်းဟူ၍ ဖော်ပြထားတာ တွေ့ရပါတယ်။
လက်ရှိ အခြေအနေ ထုတ်ပြန်ချက်များအရ ညီနောင်မဟာမိတ်သုံးဖွဲ့အနေနဲ့ လက်ရှိသိမ်းပိုက်ရရှိထားတဲ့နယ်မြေတွေကို အပိုင်ရဖို့ NUG ရည်မှန်းထားတဲ့ လမ်းကြောင်းအတိုင်းလိုက်ရန် ရည်ရွယ်ထားပုံရပါတယ်။ NUG ကို အလုံးစုံ ယုံကြည်ထားခြင်းမျိုးမဟုတ်ဘဲ လက်ရှိ တပ်မ တော်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ရှိနေသမျှ ၎င်းင်းတို့ရည်မှန်းထားတဲ့အတိုင်း ဖြစ်လာမှာမဟုတ်ဘူးလို့ မြင်နေပုံရပါတယ်။ လက်ရှိတည်ဆဲအုပ်ချုပ်ပုံယန္တရား ပြိုကွဲပျက်စီးသွားပြီး တစ်စစီဖြစ်သွားရင် ၎င်းတို့ လိုချင်တဲ့အတိုင်း ဖြစ်လာမယ်လို့ ထင်နေခြင်းဖြစ်ပါတယ်။ လက်ရှိ နိုင်ငံရေးဆွေးနွေးမှုတွေဟာလည်း တရုတ်ကို မလွန်ဆန်နိုင်လို့ အယောင်ပြဆောင်ရွက်နေခြင်းသာဖြစ်ပါတယ်။ တာဘုန်းကျော်နဲ့ BBC အင်တာဗျူးမှာ တရုတ်ကို မလွန်ဆန်နိုင်လို့ ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊ တရုတ်အနေနဲ့ သူတို့ရဲ့ အခက်အခဲနဲ့ ရပ်တည်ချက်ကို စာနာနားလည်လာရင် အဆင်ပြေသွားမှာဖြစ်ကြောင်း ပြောကြားခဲ့တာကို ကြည့်ခြင်းအားဖြင့်သော်လည်းကောင်း၊ AA နဲ့ MNDAA တို့ရဲ့ ကြေညာချက်များကို ကြည့်ခြင်း အားဖြင့်သော်လည်းကောင်း တရုတ်ကို အယုံသွင်း အကြိုက်လိုက်ပြီး NUG အလိုကျ ဆက်လက်တိုက် ခိုက်သွား ကြမှာဖြစ်တယ်လို့ ထင်မြင်သုံးသပ်ရပါတယ်။ တိုင်းပြည်ရဲ့ကံကြမ္မာဟာ တိုင်းသူပြည်သား အားလုံးမှာ တာဝန်ရှိပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ်ဟာ ပြည်ထောင်စုသား အားလုံးမှာ တာဝန်ရှိကြ တဲ့အတွက် အခြေအနေမှန်ကို သုံးသပ်ပြီး ဝိုင်းဝန်း ကာကွယ်စောင့်ရှောက်မှသာလျှင် တိုင်းပြည်အနာဂတ် သာယာလှပါမှာ ဖြစ်တယ်ဆိုတာ သိထားဖို့ လိုပါလိမ့်မယ်။ ( ဇော်နိုင်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )