၂၀၂၃ နိုဝင်ဘာ ၁၅
မြတ်ဘုန်းသစ်
ပညာရပ်တွေထဲမှာ ရှေ့ဖြစ်အနာဂတ်ကို အတပ်ဟောရတဲ့ပညာဟာ အလွန်ခက်ခဲနက်နဲ လှတယ်။ နက္ခတ်၊ ဗေဒင်၊ သိုက်စာ၊ တဘောင်၊ အတိတ်နိမိတ် စသည်တို့ကို အခြေခံပြီး အနာဂတ်ကို အနီးစပ်ဆုံးမှန် အောင် ဟောနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒီလိုမလွယ်တဲ့ အလုပ်တွေကို အဟုတ်အမှန် လုပ်ဆောင်သွားတဲ့ ပညာ ရှင်တွေကို မြန်မာသမိုင်းရာဇဝင်မှာ တွေ့ခဲ့ရပါတယ်။ ဘုရင်မင်းမြတ်တွေဟာ မိမိတို့ စွမ်းဆောင်ရည် ပိုမိုမြင့် မားလာအောင် ဒီလိုပညာရှင်တွေကို အားကိုးကြရပါတယ်။ နိုင်ငံ့အရေးနဲ့ ကိုယ်ရေးကိုယ်တာမှာ အခက်အခဲ အကျဉ်းအကျပ်တွေနဲ့ ကြုံလာပြီဆိုရင် နက္ခဗေဒင် အကြားအမြင် စတဲ့ပညာရှင်တွေရဲ့ အကူအညီကို ရယူဖြေ ရှင်းတတ်လေ့ရှိပါတယ်။
ကုန်းဘောင်ခေတ်မှာ ထင်ရှားတဲ့ ပညာရှင်တွေထဲမှာ မိဖုရားကြီးတစ်ပါး ပါဝင်နေတာလည်း ထူး ထူးခြားခြား တွေ့ခဲ့ရပါတယ်။ သူကတော့ မင်းတုန်းမင်း ရဲ့ မိဖုရားခေါင်ကြီး စကြာဒေဝီမိဖုရား ဖြစ်ပါတယ်။ စကြာဒေဝီဟာ သာယာဝတီမင်းရဲ့ သမီးတော်ဖြစ်ပြီး (ငယ်စဉ်ကပင် အကျင့်သီလသိက္ခာနှင့် ပြည့်စုံလျက် အထူးသဖြင့် ဗေဒင်ကျမ်းများကို မွှေနှောက်ချောက်ချား နိုင်သည်)လို့ ဆရာဦးညိုမြရဲ့ 'ကုန်းဘောင်ရှာပုံတော်' မှာ ဖော်ပြထားပါတယ်။ ခမည်းတော် သာယာဝတီမင်း ဟာ ခက်ထန်ကြမ်းတမ်းတယ်ဆိုပေမယ့် သမီးတော်ရဲ့ စကားကို နားထောင်ပြီး သမီးတော်အခါပေးတဲ့အတိုင်း လိုက်နာဆောင်ရွက်ခဲ့တာတွေဟာ ထူးလည်းထူးခြားပြီး အံ့သြစရာလည်း ကောင်းပါတယ်။ စကြာဒေဝီဟာ သာယာဝတီမင်းအလွန် ပုဂံမင်းလက်ထက်မှာ မင်းတုန်းမင်းသားနဲ့ ချစ်ကြိုးသွယ်နှောင်ခဲ့ကြတယ်။
မင်းတုန်းနှင့် ကနောင်ညီနောင်ကို ဘုရင်က အပြစ်ရှာနေရာ မင်းတုန်းမင်းသားဟာ ဘာတွေဖြစ်လာ နိုင်သလဲဆိုတာ စကြာဒေဝီဆီမှာ မေးမြန်းရတော့တယ်။ (မောင်ဘုရားတို့အတွက် အသက်အန္တရာယ်မြင်ပါ သည်။ ပုဂံမင်းလည်း ထီးသက်နန်းသက် ပြတ်တော်မူနေပါပြီ။ မောင်ဘုရားအနေနှင့် ရွှေဘိုကိုအောင်မြေနင်းပြီး ကြံ တော်မူပါက အရေးတော်လှနိုင်ပါကြောင်း) အဖြေရတယ်။ ဒီလိုနဲ့ ပုဂံမင်းကို အောင်တော်မူခဲ့ပြီး မင်းတုန်း မင်းရယ်လို့ ဖြစ်လာတဲ့အခါ ချစ်သူစကြာဒေဝီဟာလည်း မိဖုရားကြီးဖြစ်လာပါတော့တယ်။ တိုင်းရေးပြည်ရေး၊ ထီး ရေးနန်းရေးတွေမှာ စကြာဒေဝီပညာရှိ မိဖုရားကြီးရဲ့ အကြံÓဏ်တွေ အများကြီးရယူ လုပ်ဆောင်နိုင်ခဲ့ပါတယ်။
မင်းတုန်းမင်းကြီးဟာ သက္ကရာဇ် ၁၂၁၄ ခုနှစ်မှာ နန်းတက်ပြီး ၁၂၂၈ ခုနှစ်မှာတော့ မြင်ကွန်း၊ မြင်းခုံတိုင်မင်းသား နှစ်ပါးနဲ့ နောက်တော်ပါများရဲ့ လုပ်ကြံပုန် ကန်မှုနဲ့ ကြုံခဲ့ရပြီး အသက်ဘေးက သီသီလေး လွတ်ခဲ့တယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ၁၂၂၈ ခုနှစ်မှာပဲ ပတိမ်းစားမင်းသားရဲ့ ပုန်ကန်မှုဆက်လက် ပေါ်ပေါက်ပါတယ်။ (ယခုအရေးတွင် သိက္ခာကျစရာ၊ နန်းကျစရာ လုံးဝမမြင်၊ တပ်တော်များကို တက်ကြွစွာ ခုခံတွန်းလှန်နိုင်အောင် အားပေးရန် လိုအပ်ပါသည်)လို့ စကြာဒေဝီ မိဖုရားခေါင် ကြီးက တိုက်တွန်းပါတယ်။ တကယ်တော့ ပတိမ်းမင်းသားဟာ အင်အားကောင်းကောင်းနဲ့ မန္တလေးနန်းမြို့တော်ကို ဝိုင်းထားခဲ့ပါပြီ။ ပြည်သူတွေလည်း စစ်မက်ကာလမို့ ပင်ပမ်းဆင်းရဲရုံမက ချောက်ချားနေကြခဲ့လေပြီ။ မင်းတုန်းမင်းကြီးရဲ့ သဘောထားကတော့ ပြည်သူ့ဒုက္ခကို မကြည့်ရက်လို့ ထီးနန်းလွှဲပေးဖို့အထိတောင် စိတ်အကြံဖြစ်တော်မူတယ်။ ဒီအကြောင်းတွေကို ဆရာ ကြီး မြကေတုရဲ့ 'နန်းဓလေ့မှတ်တမ်းများ' (၂၀၁၀၊ စက် တင်ဘာ၊ ဒုတိယအကြိမ်ထုတ်) စာအုပ်မှာ အောက်ပါ အတိုင်း ဖော်ပြရေးသားခဲ့ပါတယ်။
'မင်းတုန်းမင်းတရားကြီးလည်း ပြည်သူပြည်သားတို့ အဆင်းရဲမရှိစေရန် ထီးနန်းကိုသော်မျှ လွှဲပေးသင့်ကလွှဲပေးမည်ဟု ကြံစည်တော်မူလေသည်။ ရှေ့အဖို့အရေးတော် မည်သို့ရှိမည်ကိုလည်း သိလိုသဖြင့် ဗေဒင်တတ်ကျွမ်းသော ဗြဟူစန္ဒာပုဏ္ဏားပညာရှိ တစ်ယောက်၊ ကန္ဒီမြို့ဝန် မင်းလှသီရိသင်္ခယာ ဦးဝိုက်တစ်ယောက်၊ နာရီတော်မှူး ဆင်တဲရွာစား မင်းလှသီရိစည်သူ ဦးပေတစ်ယောက်၊ ဤသုံးယောက်တို့အား ရှေ့တော်သို့ ခေါ်ယူ စေလျက် ယခုအရေးတော်ပုံ ရှေ့တွင်မည်သို့ ရှိမည်ကို မှန်ကန်စွာ တင်ဝံ့လျှင် တင်ရမည်။ မတင်ဝံ့လျှင် မတင်နှင့်၊ တင်သည့်အတိုင်း မမှန်လျှင် အသက်ဆုံးအောင် စီရင်မည်၊ အကယ်၍ မှန်ကန်လျှင် အလိုရှိရာ ရာထူးတွင် မြှောက်စားသနားတော်မူမည်ဟု အမိန့်တော်ရှိ သည်။'
'ပညာရှိသုံးဦးသည် ခေါင်းချင်းဆိုင် တွက်ချက်ကြည့်ရာ အရေးတော်အောင်မည့်ရက်မှာ အချိန်မျှသာ ကွဲလွဲသော်လည်း တစ်ရက်လည်း တိုက်ဆိုင်ကိုက်ညီနေကြသည်။ ဤသို့ ပညာရှိများ တိုင်ပင်ပြီးနောက်... ' မမှန်လျှင် အသက်ကို အဆုံးစီရင်ပါဘုရား၊ မှန်ပါက အလိုရှိရာတွင် ချီးမြှင့်မြှောက်စား အသနားခံရပါမည့် အကြောင်း' လျှောက်ထားကြလေ၏။ (စာ-၂၈၂)
ပညာရှင်များဟာ မိမိတို့ရဲ့ ပညာရပ်အပေါ် အသက်နှင့်ထပ်တူ မြတ်နိုးယုံကြည်ကြောင်း ပေါ်လွင်လှ ပါတယ်။ အသက်ကို လောင်းကြေးတင်ပြီး ပညာရှင်တို့ရဲ့ ဂုဏ်ပုဒ်ကို ဖော်ထုတ်လိုက်တာပဲလို့ ဆိုနိုင်ပါတယ်။ မင်းတုန်းမင်းကြီးကလည်း သူတို့လျှောက်ထားသမျှကို ပုရပိုက်ဖြူပေါ်မှာ လေးလေးစားစား ရေးသားမှတ်သား ထားပါတယ်။ ပုဏ္ဏားက ပုဏ္ဏားဝန်၊ ကန္ဒီမြို့စားက ရွှေ နန်းတော်အတွင်းဝန်၊ နာရီတော်မှူးက လွှတ်တော်ဝန် ရာထူးများကို အဆိုပြုလျှောက်တင်ကြပါတယ်။ အဓိက လျှောက်တင်ချက်ကတော့...'ပတိမ်းမင်းသားရဲ့ ပုန် ကန်မှုကျရှုံး၍ မင်းတုန်းမင်းကြီး အောင်ပွဲခံမည်'ဆိုတာ ပါပဲ။ နေ့ရက်အချိန် နာရီနဲ့တကွ အတိအကျ ဟောလိုက်တာ အချိန်နာရီလွဲပေမယ့် နေ့ရက်အားဖြင့် မှန်ကန်ကာ မင်းတုန်းမင်းကြီး အောင်တော်မူခဲ့ပါတယ်။
မင်းတုန်းမင်းကြီးကလည်း ကတိအတိုင်း သူတို့ တင်ပြထားတဲ့ ရာထူးများကို ခန့်အပ်ပေးနိုင်ခဲ့ပေမယ့် နာရီတော်မှူး ဦးပေတောင်းဆိုတဲ့ 'လွှတ်တော်ဝန်'ရာထူးပေးဖို့ အခက်တွေ့ခဲ့ပါတယ်။
'အတွင်းတော်ရာထူးနေရာ ခန့်ထားရေးနှင့် ပတ်သက်လျှင် ဘုရင်မင်းမြတ်သည် မိမိ၏ အမိန့်အာဏာကို သုံး၍ သဘောကျခန့်ထားနိုင်သည်။ လွှတ်တော် ကြီး၌မူကား တိုင်းပြည်၏ ကိုယ်စားလှယ်ဖြစ်သော ဝန်ကြီးတို့နှင့် သက်ဆိုင်သဖြင့် ဝန်ကြီးတို့ သဘောကျနှစ် သက်သူကို ဘုရင်မင်းမြတ်ထံ အမိန့်တော်ခံ၍ ခန့်ထား ထမ်းရွက်စေနိုင်သည်။ ဘုရင်က လွှတ်တော်အတွက် ခန့်ထားသော်လည်း လွှတ်တော်ဝန်ကြီးတို့က လက်မခံ သော် တရားမဝင်ဟု ဆိုသင့်မည်' (စာ-၂၈၃)
နာရီတော်မှူးကို လွှတ်တော်ဝန်အဖြစ် ခန့်အပ်ရေးမှာ လွှတ်တော်တွင် သြဇာကြီးမားသော ပခန်းဝန်ကြီးဦးရန်က သဘောမတူတဲ့အတွက် မင်းတုန်းမင်းကြီး လက်လျှော့လိုက်ရပါတယ်။ နာရီတော်မှူးကို နန်းတွင်းမှာပဲ အတွင်းဝန်ခန့်အပ်ကာ နှစ်သိမ့်ကျေနပ်စေခဲ့ပါတယ်။ ဘုရင်ဟာ နန်းတွင်းမှာ စေတစ်လုံးပိုင်ပေမယ့် လွှတ်တော်ကို မလွှမ်းမိုးနိုင်ပါဘူး။ ဒါဟာ ရှေးပဒေသရာဇ်ခေတ်က မြန်မာ့ဒီမိုကရေစီ လက္ခဏာတစ်ရပ်လို့ ဆိုနိုင်ပါတယ်။
ပညာရှင်တွေဟာ မိမိတို့ရဲ့ ပညာရပ်အတွက် အသက်ကို လောင်းကြေးထပ်ခဲ့ကြသလို၊ သူရဲကောင်း စစ်သည်တွေဟာလည်း မိမိတို့ အသက်ကိုလောင်းကြေး ထပ်ပေးဆပ်ပြီးတော့ နိုင်ငံတော်အတွက် အောင်ပွဲများ ရယူပေးခဲ့ကြပါတယ်။ မင်းတုန်းမင်းကို ပုန်ကန်ပြီး နိုင်ငံ တော်ကို ကမောက်ကမ ဖြစ်အောင်လုပ်ခဲ့တဲ့ ပတိမ်းမင်း သားနဲ့ နောက်လိုက်သူပုန်များကို ရွပ်ရွပ်ချွံချွံ နှိမ်နင်းခဲ့ သူတွေထဲမှာ လှေတော်အုပ် မောင်ရွှေမောင်လည်းပါဝင် ခဲ့ပါတယ်။ ဒါကြောင့် မင်းတုန်းမင်းကြီးက မောင်ရွှေမောင်ကို 'မဟာမင်းလှသင်္ခယာ'ဘွဲ့ဖြင့် ဆောင်တော်ဝန် ရာထူးသို့ တိုးမြှင့်သူကောင်းပြုခဲ့ပါတယ်။
မောင်ရွှေမောင်ဟာ နောင်အခါမှာ နယ်ချဲ့အင်္ဂလိပ်တွေကို ရဲဝံ့ပြောင်မြောက်စွာ ခုခံခဲ့တဲ့ 'လှေသင်း အတွင်းဝန်'အဖြစ် မြန်မာ့သမိုင်းမှာ မော်ကွန်းတင်ခဲ့ရသူ ဖြစ်ပါတယ်။ 'သူ့ကျွန်မခံပြီ' ရုပ်ရှင်ဇာတ်ကားကြီးမှာ ဦးညွှန့်ဝင်းက လှေသင်းအတွင်းဝန်အဖြစ် သရုပ်ဆောင်ခဲ့ရာ ဇာတ်ရုပ်ပီပြင်လှတဲ့အတွက် အကယ်ဒမီဆုချီးမြှင့် ခဲ့ရပါတယ်။ သမိုင်းဝါသနာမပါသူတွေတောင် ရုပ်ရှင် ကြည့်ပြီး လှေသင်းအတွင်းဝန်ဆိုတာ ဘယ်လိုလူမျိုးလဲ ဆိုတာ လေးစားဂုဏ်ယူဖွယ် သိမြင်နိုင်ကြပါတယ်။
လှေသင်းအတွင်းဝန်ရဲ့ ဘဝတစ်သက်တာဟာ နိုင်ငံတော်ကာကွယ်ရေးအတွက်ပဲ ဖြစ်ခဲ့ပါတယ်။ သူ့ဘဝရဲ့ ရုပ်ပုံလွှာအပိုင်းအစကို ဆရာကြီးမြကေတုကပဲ ရေးခဲ့ပြီး ၁၉၇၉ ခု စက်တင်ဘာလထုတ် စစ်ပြန်မဂ္ဂဇင်း မှာ ဖော်ပြခဲ့ပါတယ်။ ဆရာကြီးရဲ့ 'လှေသင်းအတွင်းဝန်နှင့် ခွေးရူး'ဆိုတဲ့ ဆောင်းပါးကို ၁၉၉၈ နိုဝင်ဘာလ ထုတ် 'မြကေတု စာပေါင်းချုပ်'မှာလည်း ပြန်လည်ပုံနှိပ်ဖော်ပြ ခဲ့ပါတယ်။ မင်းတုန်းမင်းလက်ထက်မှာ မြင်ကွန်း၊ မြင်း ခုန်တိုင်နဲ့ ပတိမ်းစားအရေးအခင်းတွေကို အောင်မြင်စွာ နှိမ်နင်းခဲ့တဲ့ လှေသင်းအတွင်းဝန် ဦးရွှေမောင်ဟာ သီ ပေါမင်းလက်ထက်မှာလည်း နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကို ထိပါးနှောင့်ယှက်လာတဲ့ သူပုန်ငလှဦး အ ရေးအခင်းကြီးကို တစ်စစီ ပြိုကွဲချုပ်ငြိမ်းသွားအောင် နှိမ်နင်းဖြိုခွဲခဲ့ပြန်ပါတယ်။
သက္ကရာဇ် ၁၂၄၅ ခုနှစ်တွင် ဓားပြဗိုလ် ငလှဦးနှင့် ညီငရွှေဘုန်း၊ ငရွှေပွင့်၊ ငကျော်လှိုင်တို့ အပေါင်းပါ လူ ၂၀၀ တို့သည် သင့်ရာ တောတောင်နေရာတို့တွင် ခေါင်းစည်းတိုင်ပင်ကြပြီး ကျေးသိမ်ရွာငယ်များကို သွား ရောက်ကာ သောင်းကျန်းလျက်ရှိလေသည်။ ဓားပြဗိုလ် ငလှဦး အမှူးပြုသော ဓားပြအင်အားသည် ကြီးမားတိုး တက်လာသဖြင့် နေပြည်တော်မှ စစ်သည်အင်အားများ စွာ စေလွှတ်ပြီး တိုက်ခိုက်နှိမ်နင်းစေသော်လည်း အောင် မြင်ခြင်းမရှိဘဲ ဓားပြများကသာ စစ်သည်တော်များထံမှ လက်နက်ခဲယမ်း၊ မီးကျောက်များကို လုယူသောင်းကျန်း ကြလျက် ဓားပြဦးရေမှာလည်း တစ်ထောင်ကျော်မျှ တိုးပွားလာသဖြင့် မင်းနှင့်တကွ မှူးမတ်အပေါင်းတို့ မျက် လုံးပြူးလာကြရပေတော့သည်။ ယင်းဓားပြ ဗိုလ်ငလှဦးအား နေပြည်တော်ရှိ တိုင်တားမင်းကြီးကိုယ်တော်တိုင်က အကာအကွယ်ပေးနေသဖြင့်သာ ဓားပြများကို ဖမ်းမမိနိုင်ဘဲ သူတို့ကပင်လျှင် အရေးသာလျက်ရှိနေကြရတော့ သည်။ ထို့ကြောင့် သီပေါမင်းလက်ထက်က လူဆိုးများသည် "တိုင်တစ်လုံးကွယ်ရုံနှင့် ပျောက်ကြပါသည်ဘုရား" ဟူ၍ ကင်းဝန်မင်းကြီးက လျှောက်ထားခြင်းဖြစ်ပေသည်။' (စာ-၁၄၆)
"ဒီဓားပြလူဆိုးတွေကို နှိမ်နင်းမည့်သူ မရှိတော့ဘူးလား"လို့ သီပေါမင်းက ညည်းတွားမေးမြန်းလိုက် တဲ့အခါ အရှေ့ကနေဝန်းထွက်သည့်ပမာ လှေသင်းအ တွင်းဝန် ပေါ်လာပြီး "ကျွန်တော်မျိုး နှိမ်နင်းနိုင်ပါကြောင်း" ရဲရဲဝံ့ဝံ့ လျှောက်ထားလိုက်တယ်။ ဘုရင်မင်းမြတ်လည်း လွန်စွာ အားရတော်မူလျက် လက်သုံးတော်ကျောက်စီ ဓားကို ချီးမြှင့်အပ်နှင်းကာ သူပုန်ဖြိုခွင်းရေး လုပ်ဆောင် စေခဲ့တယ်။ တကယ်တိုက်ပြီဆိုတော့ လူဆိုးဓားပြတွေ ထွက်ပြေးကုန်တာပါပဲ။ ငလှဦးသည် ရွှေမြို့တော်သို့ ထွက်ပြေးလွတ်မြောက်လာလျက် တိုင်တားမင်းကြီးအိမ် ၌ ခိုဝင်ပုန်းအောင်းနေလေတော့သည်"လို့ ဆိုပါတယ်။ တိုင်တားမင်းကြီးဆိုတာ ကင်းဝန်မင်းကြီးနဲ့ အပြိုင်သြဇာ ကြီးမားနေသူမို့ သူ့အိမ်ထဲ ငလှဦးဝင်ပုန်းနေတာ ဘယ်သူမှ မတို့မထိရဲဘူး။ ဒါပေမဲ့ လှေသင်းအတွင်းဝန်ကတော့ ရန်သူကို ချေမှုန်းရမှာ ရေဆုံးရေဖျားအထိ လိုက်လေ့ရှိတယ်။ တိုင်တားမင်းကြီး အိမ်ထဲရဲရဲဝင်ရောက်ကာ ပုန်းနေတဲ့ ငလှဦးကို ဆွဲထုတ်ကာ တောတွင်းတစ်နေရာ ခေါ်သွားပြီး ခေါင်းဖြတ်ပြီး သတ်လိုက်တော့တယ်။ ငလှ ဦးရဲ့ ကိုယ်ကောင်ကြီးကို ပညာပင်ခြေရင်းမှာ ကားကြက် ကာ စာဆွဲထားခဲ့တယ်။ စာမှာ "နင်တို့ ခေါင်းဆောင် ဗိုလ်ကဲ့သို့ မသေလိုလျှင် အလျင်အမြန် ငါ့ထံသို့ အလင်း ဝင်ရောက်ကြရမည်။ သို့မဟုတ်ပါက ခုနစ်ရက်အတွင်း လူဆိုး၊ သူခိုးမှန်သမျှကို မျိုးပြုတ်အောင် နှိမ်နင်းမယ်"လို့ ပါရှိတယ်။(စာ-၁၄၇-ရှု)
'ထိုအချိန်ကစ၍ ဓားပြလူဆိုးများသည် မထဝံ့ကြတော့ဘဲ တဖွဲဖွဲလာရောက်၍ အညံ့ခံကြလေတော့သည်။ ဦးရွှေမောင်သည် လာသမျှ၊ ဝင်သမျှ ဓားပြလူဆိုးတို့အား အေးချမ်းငြိမ်သက်စွာလျှင် နေထိုင်လုပ်ကိုင် စားသောက်ကြရန်၊ ယနေ့မှစ၍ မဆိုးသွမ်းရန်တို့ကို တရားဟောပြော ဆိုဆုံးမပြီး လူဆိုးသုံးထောင်ကျော်တို့ ၏ လက်ကောက်ဝတ်နှစ်ဖက်လုံးတွင် "ငြိမ်ငြိမ်နေ၊ မဆိုး နှင့်"ဟူသော စာတန်းများ ထိုးပေးလျက် ဆိုင်ရာမြို့ချုပ်၊ ရွာသူကြီး၊ ရွာအုပ်တို့ထံ စာရင်းနှင့် အပ်နှံလျက်ကောင်း မွန်စွာ လုပ်ကိုင်စားသောက်နေထိုင်ကြစေသည်' (စာ-၁၄၇)
'ယင်းလှေသင်းအတွင်းဝန်မင်းကား သီပေါဘုရင်လက်ထက်တွင် ရာထူးအဆင့်ဆင့် တိုးမြှင့်ခံရပြီး အတွင်းဝန်အရာ၊ သမီးတော်ဝန်အရာ၊ ရေကြောင်းဗိုလ်ချုပ်အရာ၊ အလုပ်ဌာနဝန်ချုပ်အရာ၊ ရာဇဝတ်ဌာနချုပ် အရာတို့နှင့်တကွ ဇေယျကျော်ထင်ဘွဲ့ဖြင့် စလေမြို့ကို အပိုင်စားချီးမြှင့်သနားတော်မူခြင်း ခံရသည်' (စာ-၁၄၈)
အင်္ဂလိပ်တွေ မန္တလေးကို သိမ်းပိုက်ဖို့ ဧရာ ဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ် မြင်းခြံခံတပ်၊ အင်းဝခံတပ်တို့ကနေ ခုခံတိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ကင်းဝန်မင်းကြီးရဲ့ 'အင်္ဂလိပ်ကို မခုခံနှင့်၊ ခုခံလျှင် သူပုန်' ဆိုတဲ့ အမိန့်စာချွန်ရောက်လာတဲ့အတွက် ရင်ထုမနာနဲ့ ဆုတ်ခွာခဲ့ရပါတယ်။ သီပေါမင်း ပါတော်မူပြီးနောက် သူ့ကျွန်မခံလိုသဖြင့် မဇ္ဈိမဒေသကို ထွက်ခွာသွားခဲ့ရာ ဗုဒ္ဓဂယာကိုလည်း ရောက်ရှိခဲ့ပြီး ကာလကတ္တားမှာအခြေ ချရာထိုင်ခဲ့ပါတယ်။ ကင်းဝန်မင်းကြီး ပြန်ခေါ်တာနဲ့ မြန်မာပြည်ပြန်ရောက်ခဲ့စဉ် အင်္ဂလိပ်တွေက ရာထူးဌာန န္တရများ ပေးအပ်ပြီး စေ့စပ်ဖြားယောင်းခဲ့ပေမယ့် လုံးဝလက်မခံဘဲ ဇာတိရွာ စစ်ကိုင်းဝါးချက်သို့ ပြန်လာပြီး ဘုရားကျောင်းကန်များကို ပြုပြင်တည်ထားခဲ့ပါတယ်။
တစ်နေ့မှာ ဗေဒင်အရာမှာ တစ်ဖက်ကမ်းခပ် တတ်မြောက်မှန်ကန်တယ်ဆိုတဲ့ မဟာဘုံသာကျောင်း ဆရာတော် ဦးသောမကို သွားရောက်ဖူးမြော်ပါတယ်။ ဆရာတော်က အတွင်းဝန်မင်းရဲ့ ဇာတာကို တွက်ချက် ကြည့်ပြီး ဓားလှံလက်နက်၊ အမြောက်သေနတ်တို့ဖြင့် မသေနိုင်သော်လည်း အဆိပ်ရှိသော သတ္တဝါတစ်ကောင် ကိုက်၍ သေတတ်သည်လို့ ဟောပါတယ်။ အဆိပ်ရှိ သတ္တဝါဆိုတာ ပျားကအစ၊ မြွေ၊ ကင်းစသည်ဖြင့် များ ပြားလှပေရာ ဘယ်လိုသတ္တဝါမျိုးလဲလို့ ပြန်လည်လျှောက်ထားရာ ...'အကောင်းပကတိကနေ ရူးသွပ်သွား တတ်တဲ့ အကောင်ကြီးကြီးကို သတိထားရမည်'လို့ ဆရာတော် မိန့်လေရာ 'ခွေးရူး'ပဲ ဖြစ်ရမည်လို့ လှေသင်း အတွင်းဝန် သဘောပေါက်ခဲ့ပါတယ်။ ဆရာတော်ရဲ့ သီလနှင့်ပညာကို ယုံကြည်တဲ့အတွက် အလေးအနက်ထား ကာ ပြင်ဆင်ဆောင်ရွက်ခဲ့ပါတယ်။
မန္တလေး မဟာမြတ်မုနိဘုရားကြီးရဲ့အနောက် မုခ်ရဲ့ အနောက်ဘက် တက်သေးအင်းချောင်းကြီး အနောက်ဘက်မှာ မိမိပိုင် ၁၅ ဧကရှိ ဥယျာဉ်ကြီးအတွင်း မှာ အိမ်ကြီးတစ်ဆောင် ဆောက်ပြီး မိသားစုနဲ့အတူ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ ခြံမြေအတွင်း ရေမြောင်းများ ဖောက်လုပ်ဆက်သွယ်ကာ ရေမပြတ်အောင် စီမံကာ ရေပတ်လည်ဝိုင်းတဲ့ မြေပေါ်မှာ အိမ်ဆောက်နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ ဧည့်သည်တွေလာရင်တောင် လှေနဲ့ လာရတယ်။ အဆိပ်ရှိတဲ့ ခွေးရူးလိုအကောင်မျိုး လာနိုင်မှာမဟုတ်ဘူးဆိုပြီး စိတ်ချလက်ချနေခဲ့တယ်။ ဒါပေမဲ့ ၁၂၇၃ ခုနှစ် ဝါခေါင်လဆုတ် ၁၂ ရက် တနင်္ဂနွေနေ့၊ နံနက် အရုဏ်မတက်မီအချိန်မှာ အိပ်ပျော်နေတဲ့အစောင့် လေးယောက်ကို ဖြတ်ကျော်ပြီး ခွေးရူးတစ်ကောင် အိမ် ထဲဝင်လာတယ်။ ဆွမ်းချက်ဖို့ ပြင်နေတဲ့ အိမ်စေမိန်းမက ခွေးရူးကို မြင်လို့ လန့်အော်ရာ လှေသင်းမင်းကြီးနိုးလာ ပြီး ခွေးကို မောင်းထုတ်စဉ် ခွေးရူးဟာ လှေသင်းအတွင်း ဝန်မင်းထံ စွတ်ပြေးလာပြီး ခြေသလုံးကို ကိုက်ပါတော့တယ်။ ကိုက်ပြီးတာနဲ့ ရေထဲခုန်ဆင်းပြီး အမှောင်ထဲမှာ တစ်ဖက်ကမ်းဆီ ကူးခပ်ပျောက်ကွယ်သွားပါတယ်။
'ခွေးရူးတို့မည်သည် ရေကိုအလွန်ကြောက် တတ်ပါလျက် ဤမျှရေရှိသော ချောင်းကမ်းပါးကို ကူး လာဝံ့သည်မှာ ကြမ္မာဂြိုဟ်ဆိုးက တွန်းပို့ပေးခြင်း ဖြစ်ပေ လိမ့်မည်}လို့ ဆရာကြီး မြကေတုက သုံးသပ်ထားပါ တယ်။ ဒါပေမဲ့ ခွေးရူးကိုက်လို့ ချက်ချင်းမသေ၊ ဆေးကုသလို့ သက်သာလာတာနဲ့ မဟာမြတ်မုနိဘုရားပွဲ တော်ကျင်းပ ရေးကို ဦးဆောင်စီစဉ်ပါတယ်။ ခွေးရူးကိုက်နာနဲ့ ပွဲလမ်းသဘင်မတည့်ဘူးဆိုတဲ့ ရှေးစကားလည်း မှန်တယ်ဆိုရ ပါမယ်။ ဘုရားပွဲတော်ကျင်းပနေချိန် ခွေးရူးကိုက်ဒဏ်ရာမှ ကိုက်ခဲနာကျင်လာပြီး သွားရည်တွေ တဖွားဖွားကျ လာခဲ့ပါတယ်။ အတွင်းဝန်မင်းဟာ ရေကိုပင်ကြည့်လို့ မရတော့ပါဘူး။ ဒါကြောင့် ဆွေမျိုးမိတ်သင်္ဂဟတွေ တိုင်ပင်လာပြီး ရေပတ်လည်ဝိုင်းတဲ့ အိမ်ကြီးမှသည် ဒေးဝန်း ရပ်ရှိ နေအိမ်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့ပါတယ်။ လှေသင်းမင်းကြီးဟာ ဘုရားလူကြီးတစ်ဦး ဖြစ်တာမို့ ဘုရားပွဲမှာ ထည့်သွင်းကျင်းပလျက်ရှိတဲ့ လှေပြိုင်ပွဲများကိုလည်း သွားရောက်ကြီးကြပ်ခဲ့ပြန်ပါတယ်။ ရေနဲ့မတည့်သော ခွေးရူးကိုက်ဝေဒနာကို မချိမဆန့်ခံစား လျက်က ကုသိုလ်ရေးဘက်မှာလည်း တာဝန်သိသိ လုပ်ဆောင်ပေးခဲ့ပါတယ်။
လူမမာမေးလာသူတွေထဲမှာ အင်္ဂလိပ်မိတ် ဆွေတချို့လည်းပါပါတယ်။ ဝန်မင်းက မိမိလက်ဟာ အလိုလို တုန်နေတတ်ကြောင်း ပြောပြရင်း ရေတစ်ခွက်ကို ကိုင်ပြပါတယ်။ အင်္ဂလိပ်တစ်ယောက်က လက်တုန်နေတာ ရေကြောင့် မဟုတ်ဘဲ အင်္ဂလိပ်မျက်နှာကိုမြင်လို့ အလိုလိုကြောက်ရွံ့ပြီး လက်တုန်နေတာလို့ အမှတ်မထင် ပြောလိုက်ပါတယ်။
'ထိုအခါ ဝန်မင်းသည် များစွာဒေါသဖြစ်လျက် မိမိသည် မည်သည့်လူမျိုးကိုမျှ မကြောက်ကြောင်း၊ အ ကယ်၍ ရင်ဆိုင်တိုက်ခိုက်ယှဉ်ပြိုင်လိုပါက ယခုချက်ချင်းပင် သဘောတူ လက်မှတ်ရေးထိုး၍ ကြိုက်ရာလက်နက်ဖြင့် ယှဉ်ပြိုင်တိုက်ခိုက်မည်ဖြစ်ကြောင်း' (စာ-၁၅၁)
အဲဒီလို စိန်ခေါ်လိုက်တော့မှ အင်္ဂလိပ်မိတ် ဆွေတွေက ပြောမှားဆိုမှားရှိတာကို တောင်းပန်ကြပါတယ်။
လှေသင်းအတွင်းဝန်မင်းဟာ ဒီလောက် ရောဂါဒေသနာ သည်းထန်စွာ ခံစားနေရချိန်မှာတောင်မှ ဇာတိမာန်ပြဆိုနိုင်ခဲ့တာ အလွန်အံ့သြဖွယ်၊ ရိုသေလေးမြတ်ဖွယ် ဖြစ်ပါတော့တယ်။ အင်္ဂလိပ်ကို ဘဝရဲ့ နောက်ဆုံးအချိန်အထိ စိန်ခေါ်နိုင်ခဲ့ပေမယ့် ခွေးရူးကိုက် ဝေဒနာကိုကား မလွန်ဆန်နိုင်ရှာတော့ပါ။ ၁၂၇၃ ခုနှစ် သီတင်းကျွတ်လဆန်း ၉ ရက် အသက် (၆၈) နှစ်နှင့် လေးရက်အရမှာ ကွယ်လွန်သွားရှာခဲ့ပါတယ်။ ဆရာ တော် ဦးသောမရဲ့ ရှေ့ဖြစ်ဟောချက်ကလည်း ရာနှုန်းပြည့်မှန် နေပါရောလား။
ခွေးရူးမလာနိုင်အောင် ဘယ်လိုပင် စီမံထား ပါသော်လည်း ခွေးရူးဟာ ရေကူးပြီး လှေသင်းအတွင်း ဝန်မင်းထံ တည့်တည့်ကြီး ရောက်လာ တိုက်ခိုက်ကိုက်ခဲခဲ့ပုံကလည်း အတော်ပဟေဠိဆန်နေပါတယ်။ ကျွန်တော့် အမြင်ကတော့ ဒီခွေးရူးဟာ အတွင်းဝန်မင်းခေါင်းဖြတ် သတ်ခဲ့တဲ့ သူပုန်ဗိုလ် ငလှဦးဝင်စားပြီး ကလဲ့စားချေသွားတာ၊ ကံကြွေးဆပ်သွားတာလို့ ထင်မြင်မိပါတယ်။ ဘယ်လိုပဲဖြစ်စေ တိုက်တိုင်းအောင် စစ်ဗိုလ်ချုပ်တစ်ယောက် ခွေးရူးကိုက်ပြီးသေမယ်လို့ ဟောလိုက်တဲ့ ဆရာတော်ရဲ့ ပညာကိုလည်း အံ့သြခြင်းကြီး စွာဖြင့် ဂါရဝပြုလိုက်မိပါတော့တယ်။
မြတ်ဘုန်းသစ်
TREND News Journal အတွဲ(၂)၊ အမှတ်(၄၃) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်သည်။