သံပုံးသံမြိုင်မြိုင် အမေရိကား တန်ဆောင်တိုင်

၂၀၂၄ နိုဝင်ဘာ ၁၄

    "တစ်ယောက်တည်းခံစားနေရ ဟဲရစ်သားတွေ၊ သမီးတွေလက်တွေပြ ပခုံးပေါ်ထမ်းတင်ထားတဲ့ မေမေဟဲ စကားတွေ နားထဲကြားနေရ 'ဟေ့ အမှန်တရားကိုရရင်ရ ပြန်မရရင် အဆုံးထိသွားမှာပါ၊ သံပုံးတွေရှေ့မှာချ တစ္ဆေတစ်ယောက်လို မောင်းထုတ်သွားမှာပါ ...'
    ဒေါ်နယ်ထရမ့် မောင်းထုတ်ကြမယ် အလိုမရှိ အလိုမရှိ၊ ပြည်သူတွေ ကန့်ကွက်ကြမယ် အလိုမရှိ  အလိုမရှိ၊ သံပုံးတွေ တို့အတူတီး အမှန်တရားအတွက် ရဲရင့်ဖို့လိုပြီ ဆန္ဒဖော်ထုတ်ကြမယ် အမေဟဲ ဘက်မှာ ငါတို့ ရပ်တည်မည်'
    ဒီတစ်ချီတော့ ဒေါ်နယ်ထရမ့်ကြီး အနိုင်ရသွားသည်။ သူ့ပြိုင်ဘက် ဟဲရစ်ကတော့ အရှုံးကြီးရှုံး သွားလေသည်။ ဒီတော့ ဒေါ်နယ်ထရမ့်ကြီး သမ္မတဖြစ်ပြီပေါ့။ထူးမြတ်ကတော့ အမေရိကားမှာ ဘယ်သူ သမ္မတဖြစ်ဖြစ် သိပ်စိတ်တော့ မဝင်စားချေ။ သို့သော် ကမ္ဘာ့အရေးက မျက်ခြည်ပြတ်လို့ မရတာကြောင့် စောင့်ကြည့်ရသေးသည်။ ဒေါ်နယ်ထရမ့်ကြီးလည်းတက်ရော မြန်မာနိုင်ငံက တော်လှန်ရေးခေါင်းဆောင်ကြီးတွေ မျက်ကလူးဆန် ပြာ ဖြစ်ကုန်ကြသည်။ တချို့ တော်လှန်ရေးပညာရှင်ကြီး တွေကလည်း ကမ္ဘာမှာ ဒီမိုကရေစီစနစ်လိုလို၊ ဝါဒလို လိုအရာကြီး ပျက်သုဉ်းသွားပြီဟု ပြောကြသည်။ သတင်း ကြားရတာကတော့ အမေရိကားရောက်နေတဲ့ တချို့ တော်လှန်ရေး ခေါင်းဆောင်ကြီးတွေ ငိုင်သွားကြ သည်ဟု ဆိုသည်။ ဒီတော့ အမေရိကားအရေး စိတ်မဝင်စားသည့် မောင်ထူးမြတ်တစ်ယောက် ဖေ့စ်ဘုတ်ပေါ်မှာ 'တောက်တောက် တောက်တောက်'နဲ့ အမေရိကားအကြောင်း ရှာရဖွေရတော့သည်။ ကြားဖူးနားဝအရ အမေရိကားဆိုတာက ကမ္ဘာပေါ်မှာ ဒီမိုကရေစီ သက်တမ်းအရှည်ဆုံးနိုင်ငံပင် ဖြစ်သည်ဟု သိရသည်။ ဒီလိုဆိုတော့လည်း တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ဒီမိုကရေစီ ဆိတ်သုဉ်းသွားမှာ စိုးရိမ်တာ ဖြစ်သည်။ ဒေါ်နယ်ထရမ့်သမ္မတဖြစ်တာနဲ့ ဒီမိုကရေစီ ဆိတ်သုဉ်းတာနဲ့ ဘာဆိုင်လည်းဆိုတော့ ညောင်ဦးကမ်းပါးပြိုတာနဲ့ အမေရိကားက စတိုးဆိုင် ရောင်းကောင်းတာနဲ့ လားလားမျှ မသက်ဆိုင်ချေ။ သို့သော် တော်လှန်ရေးခေါင်းဆောင်ကြီးတွေကတော့ ဆိုင်ကြသည်။ 
    ထရမ့်ဆိုတာကလည်း ခပ်ကြမ်းကြမ်း သမ္မတကြီးဖြစ်သည်။ မဲဆွယ်တုန်းကလည်း သေနတ်ဖြင့် အကြိမ်ကြိမ် လုပ်ကြံတာတောင် ဘေးမသီ ရန်မခ ကံကောင်းလို့မသေ သံချောင်းတို့ အဖေဖြစ်သည်။ နောက်ပြီး သူ့နိုင်ငံတွင်း ခိုလှုံနေသော သူတွေကို သိပ်ကြည်ဖြူပုံမရ။ ဘယ်ကြည်ဖြူနိုင်မလဲ၊ သူ့နိုင်ငံကလူတွေ အနိုင်နိုင် ရှာဖွေစားသောက်နေရချိန် အင်မတန်ရိုးသားဖြူစင်သော မီယန်မာနိုင်ငံသားတွေဆိုရင် အလုပ်တွေ ကြိုးစားလာလိုက်တာ နှစ်ပိုင်းအတွင်း အိုးပိုင် အိမ်ပိုင်၊ စတိုးဆိုင်အပိုင်၊ ငါးကြော်ရောင်းတိုက်ဆောက်၊ ဆူရှီလိပ်အိမ်ဝယ်တွေဖြစ်ကုန်ကြသည်။ ဒါကို ထရမ့်တစ်ယောက်မနာ လိုတာဖြစ်သည်။ ရိုးသားကြိုးစားကြသူတွေကို မနာလိုဖြစ်ပြီး မောင်းထုတ်ဖို့ အကြံဆိုးကြီး ထုတ်တာ ဖြစ်နိုင်သည်။ ဒါတင်မကသေး သကောင့်သား ထရမ့်လက်ထောက် ဒုသမ္မတဆိုသူက နိုင်ငံတွင်း ခိုလှုံနေသူတွေကို အထုပ်အပိုး ပြင်ခိုင်းထားသည်။ ဒီတော့ ကမ္ဘာ့နိုင်ငံ အသီးသီးက ခိုလှုံသူတွေ ဒေါသထွက်ကုန်ကြသည်။တချို့ကလည်း အမေရိကားဆိုတာကြီးကိုသွားဖို့ နှစ်နဲ့ချီစောင့်နေကြရပြီး ထရမ့်တက်လာမှ သွားရမလို၊ မသွားမလို ဖြစ်ကုန်ကြသည်။ ဒါကြောင့် တော်လှန်ရေးခေါင်းဆောင်ကြီးတွေက ကမ္ဘာမှာ ဒီမိုကရေစီစနစ်ဆိတ်သုဉ်းသွားပြီဟု ပြောတာ ဖြစ်နိုင် သည်။
    အမေရိကားဆိုတာက ဒီမိုကရေစီနိုင်ငံဆိုတော့ ထရမ့်ကို မထောက်ခံသူတွေလည်း ဒုနဲ့ဒေး ရှိနိုင်သည်။ ဒီလိုဆိုရင် အမေရိကန်တွေ မပူကြနဲ့တော့ ဆောင်းရောက်ပြီဟု ပြောချင်သည်။ အတည်ပြောရရင် အမေရိကန်တွေ ပူစရာမလိုချေ။ အမေရိကန်မှာ မီယန်မာပြည်က တော်လှန်ရေးပညာရှင်တွေ ရောက်နေပြီ ဖြစ်သည်။ မိုင်ထောင်ချီဝေးတဲ့ မြန်မာနိုင်ငံကိုပင် အမေရိကားက လှမ်းတော်လှန်နေသော ပညာရှင်တွေ အမေရိကားကိုရောက်နေတာ အမေရိကန်ပြည်သူတွေကို နတ်သကြားမတဲ့ ကိန်းဆိုက်တာဖြစ်သည်။ ထရမ့်ကိုအလိုမရှိရင် တော်လှန်ရေးပညာရှင်ကြီးတွေ ခိုင်းတာလိုက်လုပ်ရုံ ပင်ဖြစ်သည်။ မီယန်မာပြည်သူတွေကတော့ တော်လှန်ရေးပညာရှင်ကြီးတွေ ခိုင်းတာလိုက်လုပ်ရုံပင်ဖြစ်သည်။ ၂၄ နာရီငြိမ်ဆိုရင် ငြိမ်လိုက်ကြ၊ ၄၈ နာရီငြိမ်ဆိုရင် ငြိမ် လိုက်ကြ၊ ၇၂ နာရီ ငြိမ်ဆိုရင် ငြိမ်လိုက်ကြရုံပင်ဖြစ်သည်။ ဒါမှ UN တပ်ကြီး ဝင်လာမှာဖြစ်သည်။ ထူးမြတ်တို့ကတော့ တော်လှန်ရေး အတွေ့အကြုံရှိတာဆိုတော့ ဆရာလုပ်တာ မဟုတ်။ အတွေ့အကြုံ ဝေမျှတာဖြစ်သည်။ UN တပ်က နိုင်ငံခြားစစ်သားတွေလာရင် ပန်းပေးတာတို့၊ ရေတိုက်တာတို့ မလုပ်သင့်ပေ။ သူတို့က အဲ့ဒီလိုလုပ်ရပ် တွေ လုပ်တာမကြိုက်ချေ။ UN တပ်ဆိုတာကလည်း ကုန်းကြောင်းလျှောက်လာတာဖြစ်လို့ ထူးမြတ်တို့ဆီတော့ အခုထိ မရောက်လာသေးချေ။ အမေရိကားနဲ့နီးတာဆိုတော့ အမေရိကားကို အရင်ဝင်မည် ထင်သည်။ ဒါကြောင့် အမေရိကားက တော်လှန်ရေးပညာရှင်ကြီးတွေ ပြောတဲ့အတိုင်း တစ်သဝေမတိမ်း လိုက်လုပ်ဖို့သာ ပြင်ထားရမည်ဖြစ်သည်။ 
    အမေရိကားက ထရမ့်ကို အလိုမရှိသည့် ပြည်သူတွေအတွက် အရေးကြီးတာတစ်ခု ပြောရမည်ဖြစ်သည်။ အပေါ်မှာ တော်လှန်ရေးပညာရှင်ကြီး ဆရာထူး မြတ်ရေးပေးထားသည့် သီချင်းကို အလွတ်ကျက်ထားဖို့ လိုသည်။ ပြီးရင် အမေရိကား စံတော်ချိန် ည ၈ နာနီ ကျော် အမေရိကား သတင်းတွေ လာတဲ့အချိန်ရွေးပြီး ပြိုင်တူသံဗုံးတီးရမှာ ဖြစ်သည်။ ရှိသမျှ ဒန်အိုးဒန်ခွက် တွေ သံပုံးတွေ ထိုင်တီးရမှာ ဖြစ်သည်။ အမေရိကားမှာ သံပုံးမရှိရင် မြန်မာပြည်က ဝယ်ယူတင်သွင်းပြီး တီးချင်သပဆိုရင် ထူးမြတ်ကို ဆက်သွယ်နိုင်သည်။ အနည်းဆုံး တစ်အိမ်ကို သံပုံးတစ်ပုံးတော့ ဆောင်ထားသင့် သည်။ ဒါမှလည်း အမေရိကားက တော်လှန်ရေးပညာရှင်ကြီးတွေ သံပုံးတီးခိုင်းရင် အဆင်သင့်ဖြစ်နေမှာ သေချာသည်။ စောစောက သီချင်းကိုလည်း သံပုံးတီးနေရင်း သံပြိုင်ဆို ရမှာဖြစ်သည်။ ဒီလိုဆိုရင် ထရမ့်ကြီး အလိုလို ပြုတ်ကျမှာဖြစ်သည်။ ဒါတင်မရသေး "ကျွန်တော်တို့က အမေရိ ကန်တွေပါ၊ အမေရိကန်မှာ အနာဂတ်ရှိတယ်"၊ "ပြည်သူ့အာဏာ ပြည်သူ့ ပြန်ပေး" ဒီလို ကြွေးကြော်သံတွေကိုလည်း ကျက်ထားကြဖို့လိုသည်။ အင်္ဂလိပ်လိုတော့ "We are Americans.  Americans have a Future" ကျွန်တော်တို့က အမေရိကန်တွေပါ၊ အမေရိကန်တွေမှာ အနာဂတ်ရှိတယ်ဆိုတာမျိုး ထွက်ထွက် အော်ဖို့လိုသည်။
    ဒီလို အော်ရုံဟစ်ရုံနဲ့ မပြီးသေးချေ။ ထရမ့်ကို မလိုလားသူတွေစုပြီး အမေရိကားက အစိုးရရုံးတွေရှေ့သွားပြီး "အမေရိကန်တွေက လမ်းထွက်နေပြီ၊ ခင်ဗျားတို့က ရုံးတက်တုန်းလား"ရုံးမတက်နဲ့ ရုန်းထွက်ဆိုတာမျိုးကို "Don't go to the office" ဟုဆိုကာ အမေရိကန်အသံ ပီပီသသမျိုး အော်ဟစ်ရမည်။ အားလုံးရုံးမတက်ရင်တော့ ထရမ့်ပြုတ်ကြပြီ ဖြစ်သည်။ ထရမ့်ကို မထောက်ခံသူတွေ ခုချိန်မှာ ငြိမ်မခံ သင့်ချေ။ မိတ်ဆွေတို့ နိုင်ငံရောက်နေသော မီယန်မာ တော်လှန်ရေးပညာရှင်ကြီးတွေထံ အမြန်ဆုံး သွားပြီး ပညာဆည်းပူး လေ့လာရမည်ဖြစ်သည်။လမ်းပေါ်ထွက်ပြီး ကားပျက်တဲ့ သပိတ်တွေလုပ်ရမည် ဖြစ်သည်။ ဒါတင်မကသေး လမ်းပေါ်မှာ ဂျုံစေ့တွေချပြီး တစ်စေ့ချင်း လိုက်ကောက်တဲ့ အင်မတန် အနှစ်သာရ ပြည့်ဝသော သပိတ်တွေ ဆင်နွှဲသင့်ရင် ဆင်နွှဲရမည်ဖြစ်သည်။ ဒါတင်မကသေး ထရမ့်စီး ပွားရေးထုတ်ကုန်တွေ မသုံးစွဲရေး ဘွိုင်းကောက် လှုပ်ရှားမှုတွေလုပ်ရမည်။ ပန်းသပိတ်တွေ၊ အပြင်မထွက် သပိတ်တွေ၊ အသံတိတ် သပိတ်တွေ၊ သနပ်ခါးသပိတ် (သနပ်ခါးမလူးတတ်ရင် လိုးရှင်းလူး ကြပေါ့)စတဲ့ ဒီမိုကရေစီပြန်ရရေး အစွမ်းကုန်ကြိုးစားရမည် ဖြစ်သည်။ ဒီတော့ ပညာရှင်ကြီးတွေ ရှေ့ကလမ်းပြရင် အမေရိကန်ပြည်သူတွေ နောက်ကလိုက် လုပ်ဖို့သာ ပြင်ထားစေလိုသည်။ ၂၀၂၅ ခုနှစ်ဟာ အဆုံးသတ်နှစ်တို့၊ အဆုံးအဖြတ်နှစ်တို့ဆိုတာလည်း အော်ဟစ် ဖို့ လိုသည်။ 
    အရေးကြီးတာတစ်ခုတော့ ပြောဖို့ကျန်သည်။ ထရမ့်အစိုးရကို မကြိုက်လို့ တော်လှန်ရင် ဒေါ်လာတွေရှိ ဖို့လိုသည်။ ဒီတော့ ထရမ့်မလိုလားသူတွေ အလှူခံကြဖို့ လိုသည်။ ဒါကလည်း အမေရိကား ရောက် တော်လှန်ရေး ပညာရှင်ကြီးတွေဆီက အလွယ်တကူ သင်ယူရုံပင်ဖြစ်သည်။ ပထမဆုံး အမေရိကားက သမ္မတနေအိမ်အိမ်ဖြူ တော်ကြီးကို အမေရိကား ဆောင်းဦးတော်လှန်ရေး ရန်ပုံငွေဆိုပြီး လက်ညှိုးထိုး ရောင်းလိုက်ရုံပင်ဖြစ်သည်။ အိမ်မရှိလျှင် ဒေါ်နယ်ထရမ့်ကြီးလည်း နေစရာမရှိတော့ အလိုလို ပြုတ်ကျသွားမည်ဖြစ်သည်။ တဖြည်းဖြည်းချင်း  တော်လှန်ရေး ပညာရှင်ကြီးတွေဆီက သင်ယူရုံ ပင်ဖြစ်သည်။ အလှူများများခံလေ တော်လှန်ရေး အောင်လေပင် ဖြစ်သည်။ ကမ္ဘာအရပ်ရပ်ရောက်နေသည့် အမေရိကန်ပြည်သူတွေဆီကနေ ဒေါ်လာတွေ ထွက်လာအောင် အလှူခံရမည်ဖြစ်သည်။ ဒီမိုကရေစီရဖို့ဆိုတာက အလှူခံတာက အစပြုတာဖြစ်သည်။ မီယန်မာ တော်လှန်ရေး ပညာရှင်ကြီးတွေဆိုရင် သုံးနှစ်သုံးမိုးအလှူခံတာ ခေါင်းစဉ်မထပ်ကြပေ။ ဒီလို ကြိုးစားနိုင်မှပဲ လမ်းအားလုံးနယူးယောက်ဆီသို့၊ လမ်းအားလုံး ဝါရှင်တန်ဒီစီသို့ဆိုပြီး ဟစ်ကြွေးနိုင်မှ ဖြစ်သည်။ ထူးမြတ်ကတော့ အမေရိကန် ပြည်သူတွေကို အားပေးစကား ပြောလိုသည်။ တွဲတိုင်းမှာစက်ခေါင်းပါသည်။ များများ အလှူခံလေ စက်ခေါင်း ဆီဖိုးရလေ ဖြစ်သည်။ ဒါကြောင့် ထရမ့်ပြုတ်ကျဖို့အရေး သံပုံးနာနာတီးပေးဖို့လိုသည်။ "သံပုံးသံ မြိုင်မြိုင် အမေရိကား တန်ဆောင်တိုင်"ဖြစ်ရမည်။ ထူးမြတ်

Total Views ~ 259

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42985

© 2022 - 2025 News. All Rights Reserved.