အကျိုးမဲ့လုပ်ရပ်များနှင့် ပြည်ဖျက် EAO တို့၏ စစ်ဘောင်ချဲ့ခြင်း

၂၀၂၄ ဒီဇင်ဘာ ၂၇

    ယနေ့ကာလတွင် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးလိုအပ်နေသော ကိစ္စရပ်မှာ နိုင်ငံရေးဘောင်ကျယ်ပြန့်လာရေးပင်ဖြစ်သည်။ ထို့ကြောင့်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေချိန်တွင် နိုင်ငံရေးလမ်းကြောင်းမှန်ပေါ် ပြန်လည် ရောက်ရှိစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အစိုးရ၏ အဓိက မျှော်မှန်းချက်ဖြစ်သော စစ်မှန်၍ တရားမျှတသော ရွေးကောက်ပွဲတစ်ရပ် ပေါ်ပေါက်လာရေး ကြိုးပမ်းမှုက သက်သေပြချက်ပေါင်းများစွာ ရှိနေသည်။ နိုင်ငံရေးပါတီများ ပြန်လည်မှတ်ပုံတင်နိုင်ရေးနှင့် စနစ်တကျဖွဲ့စည်းထားသော နိုင်ငံရေးပါတီများ ပေါ်ထွက်လာရေး အခွင့်အလမ်းပေါင်းများကို ဥပဒေအရ ခွင့်ပြုပေးထားပြီး တရားဝင်နိုင်ငံရေးပါတီများ ရပ်တည်ခွင့်ပြုထားသည်။ ထို့အပြင် ရွေးကောက်ပွဲကျင်းပရေး နည်းစနစ်များကို တရားဝင်နိုင်ငံရေးပါတီများနှင့် ညှိနှိုင်းကာ ဖက်ဒရယ်ကို အခြေခံသော ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေး တွန်းအားပေးလျက်ရှိသည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်သော ပြည်ထောင်စုဖြစ်သည်နှင့်အညီ တိုင်းရင်းသားတို့၏ လိုလားချက်များကိုလည်း ထည့်သွင်းစဉ်းစားကာ လွှတ်တော်တွင် တိုင်းရင်းသားတို့၏ အသံများ ပိုမိုကြားခွင့်ရရေး ကြိုးပမ်းလျက်ရှိသည်။ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် ငါးရပ်၏ နောက်ဆုံးအချက်တွင် 'ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ အခွင့်အရေးများ နစ်နာမှု မရှိစေရေးနှင့် နည်းလမ်းကျန မှန်ကန်မှုရှိသည့် အထွေထွေ ရွေးကောက်ပွဲတစ်ရပ် ဖြစ်စေရေး ဆောင်ရွက်ခြင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပ၍ ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံ့တာဝန် လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်"ဟူသည့် နိုင်ငံတော်၏ ရည်မှန်းချက်ကို ချမှတ်ထားသည်။
    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ စတင်ကျင့်သုံးချိန်မှစ၍ ကျင်းပခဲ့သော ရွေးကောက်ပွဲများမှာ ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲများကို ကျင်းပခဲ့သည်။ နောက်ဆုံးအကြိမ် ကျင်းပခဲ့ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲသမိုင်း၌ အစွန်းအထင်း ဖြစ်စေခဲ့သည့် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ မဲမသမာမှုကို တာဝန်ယူခဲ့သော အစိုးရက စိုးစဉ်းမျှ တာဝန်ယူခြင်းမရှိဘဲ တပ်မတော်မှ အကြိမ်ကြိမ် ကြားဝင်ဖြေရှင်းပေးရန် ကြိုးစားမှုကိုလည်း မျက်ကွယ်ပြုကာ တပ်မတော်က တိုင်းပြည်တာဝန်ကို ပြန်လည်ထမ်းဆောင်ခဲ့ရသည့် အခြေအနေကို ဆိုက်ရောက်ခဲ့ရသည်။ ယနေ့အချိန်ထိလည်း အစိုးရတာဝန်ယူခဲ့သူများ၊ ပါတီတာဝန်ယူခဲ့သူများက ရွေးကောက်ပွဲ မဲမသမာမှုပြုခဲ့မှုအပေါ် အများပြည်သူ နားလည်လက်ခံစေရန် ပြောဆိုဖြေရှင်းမှု မပြုလုပ်ခဲ့ကြပေ။ သို့သော် တပ်မတော်နှင့် တိုင်းပြည်တာဝန်ထမ်းဆောင်နေသော အစိုးရက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၏ အခြေအနေမှန်များကို ပြည်သူနှင့် နိုင်ငံတကာ သိရှိစေရန် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေး တွေ့ရှိချက်များကို မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ရုရှား၊ ဂျပန် ဘာသာစကား ငါးမျိုးဖြင့် ဖတ်ရှုလေ့လာနိုင်အောင် ဝက်ဘ်ဆိုက်တွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်က လွှင့်တင်ထားပြီးဖြစ်သည်။ ထို့ကြောင့် နောင်လာမည့်ရွေးကောက်ပွဲသည် နိုင်ငံရေး အလှည့်အပြောင်းအတွက်များစွာ အရေးပါသည့်အတွက် 'စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး'ဆိုသည့် အချက်နှင့်ပတ်သက်၍ ၎င်းအပေါ် အခြေခံ၍ မိမိတို့လုပ်ဆောင်နေသည့် လုပ်ငန်းများသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကိုသွားသည့် လုပ်ဆောင်ချက်မျိုး ဖြစ်ရန်လိုကြောင်း' နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာ ၃ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
    အစိုးရ၏ ရည်မှန်းချက်များ အလွယ်တကူ မဖြစ်စေရေးအတွက် တိုင်းပြည်အလုံးစုံ ပျက်သုဉ်းရေးကို ဦးတည်လုပ်ဆောင်နေသူများက အစဉ်တစိုက် ပုံဖော်ခဲ့ကြသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး လှုပ်ရှားမှုသမိုင်းများကို ပြန်လည်လေ့လာရာတွင် နိုင်ငံရေးလှုပ်ရှားသူတို့၏ တပ်မတော်အပေါ် ထားရှိရမည့်အတွေး အမြင်များက တစ်ဖတ်သတ်ဆန်ခဲ့ကြသည်။ တပ်မတော်ကို နိုင်ငံရေးမှ ဖယ်ထုတ် နိုင်ရေးကြိုးပမ်းရာတွင် တပ်မတော်ကို ပြည်သူလူထု မုန်းတီးစေရန်၊ တပ်မတော်အပေါ် အထင်အမြင် လွဲမှားစေရန်တို့ကို အဓိကပစ်မှတ် ထားခဲ့ကြသည်။ ထို့ကြောင့်လည်း မြန်မာ့နိုင်ငံရေးသမားများနှင့် တပ်မတော်ကြား ယုံကြည်မှုတည်ဆောက်ရေးက  မလွယ်ကူခြင်းဖြစ်သည်။
    လွတ်လပ်ရေးနှင့်အပြိုင် ယနေ့အချိန်ထိ လက်နက်ကိုင်အဖွဲ့ပေါင်းများစွာ ပေါ်ပေါက်၍ တောင်းဆိုချက်ပေါင်းစုံ၊ လိုလားချက်ပေါင်းစုံကို လက်နက်ကိုင် ပဋိပက္ခပေါင်းများစွာ ဖန်တီးနေကြသော သူများနှင့် နိုင်ငံရေးသမားတို့က တပ်မတော်ကို ပုံဖျက်ရန် အစဉ်တစိုက် ကြိုးပမ်းခဲ့ကြသည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်ကို နိုင်ငံရေးယဉ်ကျေးမှုမြတ်နိုးသော နိုင်ငံရေးသမားများနှင့် ပြည်သူတို့က အားကိုး အားထားပြုရမည့်အစား အစဉ်အမြဲ တိုက်ခိုက်ရန် အားထုတ်ခဲ့ကြသည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းကာလ နိုင်ငံရေး လှုပ်ရှားသူများအနေဖြင့် တပ်မတော်ကို ရန်သူသဖွယ် ဆက်ဆံကာ တပ်မတော်ကို နိုင်ငံတကာ၏ ဖိအားများ သက်ရောက်စေရန်၊ ပြည်သူများ အထင်အမြင် လွဲမှားစေရန် ပစ်မှတ်ထားသည့် မတော်လောဘထားသည့် ဝိသမနိုင်ငံရေးကို ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ လုပ်ဆောင်ချက်များ၏ မှန်ခြင်း မှားခြင်းက ယနေ့ကာလတွင် ထင်ထင်ရှားရှား အဖြေပေါ်နေပြီ ဖြစ်သည်။
    ဝိသမနိုင်ငံရေးသမားတို့၏ စဉ်းစားချက်အရ တပ်မတော်သည် မြန်မာ့နိုင်ငံရေးကို ကာလရှည် စိုးမိုးထားပြီး အရပ်သားအစိုးရ ပေါ်ပေါက်လာရေးကို လက်တွန့်နေသည်ဟု ထင်မြင်ကြခြင်းဖြစ်သည်။ ထို့ကြောင့်လည်း လက်နက်ကိုင်ပဋိပက္ခ အရေးပေါင်းများစွာကို ဖြေရှင်းနေသည့် တပ်မတော်အပေါ် နိုင်ငံရေးအရ မသမာသော နည်းများဖြင့် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ ထိုသူတို့၏ ကျဉ်းမြောင်းလှသော နိုင်ငံရေးအတွေးအခေါ်အရ စစ်ဘောင်ချုံ့ခြင်းဆိုသည်မှာ တပ်မတော်၏ လုပ်ပိုင်ခွင့်အာဏာများကို ချုပ်ကိုင်ခြင်းဟု လွဲမှားစွာယူဆ၍ တပ်မတော်ကို အစဉ်တစိုက် တိုက်ခိုက်နေသော လက်နက်ကိုင် သောင်းကျန်းသူများကို အားပေးထောက်ခံခြင်း၊ တပ်မတော် အကျပ်အတည်းများ ရောက်စေ ရန် ပြုမူပြောဆို ဆောင်ရွက်ခြင်းများ၊ တပ်မတော်ကို နိုင်ငံရေးမှ အဆောတလျင် ဖယ်ထုတ်ရန် ကြိုးပမ်း ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ထိုလွဲမှားသော နိုင်ငံရေးယဉ်ကျေးမှုကို အသုံးပြုကာ အာဏာရရေး ကြိုးပမ်းခဲ့သော်လည်း ဒီမိုကရေစီလမ်းကို လျှောက်လှမ်းချိန် အချိုးအကွေ့တစ်ခုတွင် အာဏာလက်ဝယ် ရရှိခဲ့သည်။ တပ်မတော်အပေါ် လွဲမှားသော အမြင်ရှိသူတို့၏ လက်ဝယ်အာဏာရချိန်တွင် ၎င်းင်းတို့၏ ဆောင်ရွက်ချက်များမှာ အစိုးရတစ်ရပ် ဆိုခြင်းထက် လက်စားချေလိုမှု၊ စိတ်အခြေခံ မမှန်သည့် နာကြည်းမှုတို့ကို ဆက်လက်မွေးမြူကာ ထင်ရာဆိုင်းခဲ့ကြသည်။ နိုင်ငံအရေးသမား ဖြစ်ရမည့်အစား မုန်းတီး စိတ်အခြေခံထားသော ဝိသမနိုင်ငံရေးသမားများအဖြစ် မြင်တွေ့ခဲ့သည်။
    ထိုသို့သော နိုင်ငံရေးဝိသမသားအများစု နိုင်ငံရေးလောကတွင် ကျင်လည်လာသလို အာဏာ အရသာတွေ့ချိန်တွင် အပြောနှင့်လက်တွေ့ ဆောင်ရွက်ချက်များကများစွာ ကွဲလွဲခဲ့သည်။ နိုင်ငံရေးသည် အပြောနှင့်ဆောင်ရွက်၍ ရသော်လည်း နိုင်ငံ့အရေးသည် ပခုံးထမ်းတာဝန်တစ်ရပ်အဖြစ် လက်တွေ့ ဆောင်ရွက်ရသည့် အခြေအနေတွင် လုပ်ရပ်များက မယ်မယ်ရရ ချပြစရာမရှိ ဖြစ်ခဲ့ရသည်။ နှစ်ပေါင်းများစွာ တိုင်းပြည်က ငတ်မွတ်တောင့်တနေသော ငြိမ်းချမ်းရေး ဆောင်ရွက်ချက်ကလည်း ရေပေါ် အရုပ်ရေးသကဲ့သို့ ဖြစ်ခဲ့ရသည်။
    ထို့အပြင် စစ်ဘက် အရပ်ဘက်ဆက်ဆံရေး ကောင်းများမှတစ်ဆင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရမည့်အစား အတိုက်အခံ စိတ်အခံဖြင့် ဒီမိုကရေစီ ဘူးသီးနုနုကို တစ်ပါတီအာဏာရှင်စိတ်လက်ဖြင့် ဆိတ်ခဲ့ကြသည်။ ထို့ကြောင့်ပင် ပြည်သူထံမှ ဆင်းသက်သည်ဟူသော အာဏာကို တလွဲအသုံးချကာ ၂၀၂၀ နောက်ပိုင်း အာဏာသက်ဆိုးရှည်စေရန် မသမာသောနည်းကို အသုံးချခဲ့ကြသည်။ ထိုသို့သော မသမာသောနည်း အသုံးချခြင်းကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်သည် ပြည်သူများကသာ ရင်စည်းခံခဲ့ရသည်။ နိုင်ငံရေးကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းတတ်သူများက အကြမ်းဖက်နည်းကို ရွေးချယ်ကာ လက်နက်ကိုင် အကြမ်းဖက်လူငယ်များကို မွေးထုတ်ကာ ပြည်သူတို့၏ တည်ငြိမ်အေးချမ်းရေးကို ထိပါးနှောင့်ယှက်ခဲ့ကြသည်။ ပြည်ပသြဇာခံကာ တိုင်းပြည်တည်ငြိမ်အေးချမ်းမှု မရှိအောင် ညာသံပေးခဲ့ကြသူတို့၏ သံယောင်ကို EAO အဖွဲ့အချို့က ငြိမ်းချမ်းရေးကို မျက်ကွယ်ပြုကာ အများပြည်သူ ငြိမ်းချမ်းစွာ နေထိုင်လုပ်ကိုင်နေမှုကို မျက်ကွယ်ပြု၍ မြို့ပျက်ရွာကြေ စစ်ရေးလှုပ်ရှားမှုများကို စတင်လုပ်ဆောင်ခဲ့ကြသည်။
    NUG အမည်ခံအကြမ်းဖက်အဖွဲ့၏ ဒီမိုကရေစီအယောင်ပြ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ထိပါးစေသည့် ဆောင်ရွက်ချက်များ၊ လှုံ့ဆော်မှုများကြောင့် အကြမ်းဖက်လုပ်ရပ်များ အားကောင်းလာချိန် အစိုးရနှင့် တပ်မတော်က တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို အာရုံစိုက်နေချိန် EAO အချို့ကလည်း ပြည်ဖျက်အကြံကို အကောင်အထည်ဖော်ခဲ့ကြသည်။ ၁၀၂၇ ဟူသော စစ်ရေးလှုပ်ရှားမှုကို  ရည်ရွယ်ချက်မဲ့ အကောင် အထည်ဖော်ခဲ့ကြပြီး အကြမ်းဖက်အဖွဲ့များနှင့် ပူးပေါင်းကာ မြို့ရွာများကို ပစ်မှတ်ထားကာ စစ်ရေးအရ ဆောင်ရွက်လာခဲ့ကြသည်။ ထိုဆောင်ရွက်ချက်များ၏ အကျိုးအမြတ်ကို ထုတ်ကြည့်ပါက ၎င်းင်းတို့ ဟစ်ကြွေးနေသော တိုင်းရင်းသားအခွင့်အရေး မပါခြင်း၊ နိုင်ငံရေးရည်ရွယ်ချက်ကောင်းများ မပါဝင်ဘဲ ကိုယ်ကျိုးအတွက်သာ ဖြစ်သည်။ ၎င်းတို့စိုးမိုးရာ ဒေသများရှိ သယံဇာတများကို တရားမဝင် ထုတ်ယူရန်၊ စစ်ဘေးကြောင့် အသက်ရှူ ကျပ်နေသော ပြည်သူတို့ကို လည်မျို တက်နင်းသော အခွန်အခ ဆက်ကြေးများက လက်နက်ကိုင်တို့နှင့်သူတို့၏ မိသားစုတို့၏ အကျိုးရလဒ်များသာ ဖြစ်သည်။ တိုက်ပွဲဖော်ဆောင်ခံရသည့် အရပ်သားပြည်သူတို့အပေါ် နည်းမျိုးစုံ ဖြင့်ကောက်ခံသော အခွန်အတုပ်ဆက်ကြေးများ ကောက်ခြင်းကြောင့် ယင်းဒဏ်ကို ပြည်သူများ အလူးအလဲ ခံခဲ့သည်။ ထို့အပြင် ယင်းဒေသရှိ ပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး စသည့်အခွင့်အလမ်းပေါင်းစုံတို့ ချည့်နဲ့စေခဲ့သည်။ ဒေသအကျိုး၊ လူမျိုးအကျိုး ဟစ်ကြွေးကြပြီး လမ်းတံတားများ၊ အများပြည်သူပိုင် အဆောက်အအုံများ ဖျက်ဆီးခြင်း၊ လုယက်ယူငင်ခြင်း စသည့် သတင်းများက နေ့စဉ် ကြားသိနေရသော စိတ်မကောင်းဖွယ်ရာ သတင်းများပင် ဖြစ်သည်။
    ဤနေရာတွင် ပြည်ဖျက်အကြံရှိသော EAO တို့ မြို့ရွာများကို စစ်ဆင်ခဲ့ပြီးနောက် ၎င်းင်းတို့ စိုးမိုးရာနေရာများရှိ ပြည်သူတို့၏ အသံများကို အများပြည်သူ သိရှိရန် လိုအပ်လာပြီ ဖြစ်သည်။ ၎င်းင်းတို့ လက်နက်ကိုင် ထားခြင်းမှာ ပြည်သူလူထုကို ကာကွယ်ရန် မဟုတ်ဘဲ ပြည်သူကို ဒုက္ခပေးရန်သာဖြစ်ကြောင်း ထင်ရှားစေသည့် ပြည်သူလူထု၏ မှတ်ချက်များပင်ဖြစ်သည်။ ၁၀၂၇ စစ် ရေးလှုပ်ရှားမှုအရ နယ်မြေမတည်မငြိမ်ဖြစ်နေသော မိုးကုတ်ဒေသခံများ စုစည်းကာ လူမှုကွန်ရက်တွင် မြို့အလိုက် စုဖွဲ့ထားသော Group တစ်ခုတွင် ပြည်ဖျက် EAO တို့၏ ဒဏ်ကို အလူးအလဲခံနေရသော ပြည်သူများ၏ မှတ်ချက်များအနက် ထူးခြားသောမှတ်ချက်များမှာ "သူ တို့ ကိုယ်ကျိုးတွက် အဓိကပဲ လုပ်ဆောင်နေကြတာပါ။ ဘယ်ပြည်သူကိုမှလည်း သူတို့ စိတ်မဝင်စားကြပါဘူး။ နောက် ဘုန်းကြီးနှစ်ချက်ခေါက်တာ ခံနေရပါပြီ ကျွန်တော်တို့တွေ မျှော်လင့်ခဲ့ကြတာ ဒီလိုမဟုတ်ဘူးလေဗျာ"
    "ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး ဆိုတဲ့စကားပုံကို အခုမှ ရေရေလည်လည် နားလည်တော့တယ်"
    "မိုးကုတ်မြို့ကို သူတို့စီးပွားအဖြစ် လုပ်စားနေတာပါ ကိုယ်တွေ မြို့သိမ်းပြီးနောက် အောင်ပွဲခံမိတာ အရမ်းကိုနောင်တရပါတယ်၊ နေရာတကာ အခွန်ကောက်တယ်၊ ပြည်သူတွေ ဘယ်လိုတွေ ရင်ဆိုင်နေရလည်းဆိုတာ စိတ်မဝင်စားကြပါဘူး။ ကျောင်းသွားလည်း အခွန်ဆောင်၊ ဆိုင်သွားလည်း အခွန်ဆောင်၊  တွင်းလုပ်လည်း အခွန်ဆောင်၊ ကျောက်လုပ်လည်း အခွန်ဆောင် ဆောင်လိုက်ရတဲ့ အခွန်"
    "ပြည်သူတွေကို ပိုပြီးဒုက္ခပေးနေတယ်။ ပြည်သူတွေ လိုလားတာ ဒီလိုမျိုး မဟုတ်ဘူးလေ၊ ဒီနားပိုက်ဆံတောင်း၊ ဟိုနားပိုက်ဆံတောင်း အခွန်နဲ့မလောက်လို့ တစ်လတစ်ခါ သူ့တို့ကို ထောက်ပံ့ကြေးက တစ်သောင်း၊ တချို့နေရာ နှစ်သောင်း၊ သုံးသောင်းက ပေးရသေးတယ်။ အလုပ်က ပေးမလုပ် ပိုက်ဆံတောင်းဖို့က ဦးဆုံးပဲ အရမ်း စိတ်ပျက်မိပါကြောင်း" အစရှိသော မှတ်ချက်ရေး သားမှုများကို တွေ့မြင်ရသည်။
    ထို့ကြောင့် ပြည်သူအများစုမှာ ၎င်းတို့ စစ်ဆင်ရာဒေသများမှတစ်ဆင့် လုံခြုံစိတ်ချရသော တရားဥပဒေစိုးမိုးမှုရှိရာ ဒေသများသို့ ယာယီတိမ်းရှောင်နေထိုင် လျက်ရှိသည်။ ဤအချက်များကို ထောက်ရှုကြည့်ပါက လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူတို့၏ စစ်ရေးပဋိပက္ခများ ဖော်ဆောင်မှုများသည် ၎င်းတို့၏ ကိုယ်ကျိုးအတွက်သာဖြစ်ပြီး လက်နက်နှင့် စီးပွားရှာကြခြင်းပင် ဖြစ်သည်။ ထိုသို့သော ဒဏ်များကို နေရပ်မစွန့်ခွာလိုသော ပြည်သူများ ခါးစည်းခံနေသော လက်နက်ကိုင်လောကဓံ များပင်ဖြစ်သည်။ ပြည်သူအများစုမှာ ၎င်းတို့ရှိရာဒေသ နယ်မြေများကို ရှောင်ရှား၍ တရားဥပဒေ စိုးမိုးမှုရှိရာဒေသများကို ယာယီတိမ်းရှောင်နေခြင်းကို ကြည့်ရှုပါက ပြည်သူတို့၏ ကိုယ်စိတ် အလုံခြုံမှု အရှိဆုံးနေရာများမှာ နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ လုံခြုံမှုပေးနိုင်သော အရိပ်အာဝါသ အောက်တွင်ဖြစ်ပြီး လက်နက်သည် ဥပဒေ၊ လက်နက်သည် အမိန့်အာဏာ၊ လက်နက်သည်ခြိမ်းခြောက်စရာဟု ထင်မြင်နေကြသူတို့၏ ဝေးရာကိုစွန့်ခွာကြခြင်းသာ ဖြစ်သည်။ ယခုလတ်တလောတွင် ပြည်ဖျက် အကြံရှိသော AA အကြမ်းဖက် သောင်းကျန်းသူများ၏  စစ်ရေးလှုပ်ရှားမှုများကြောင့် မိုခါမုန်တိုင်းဒဏ် အကင်းမသေသေးသော ရခိုင်ပြည်သူ သိန်းနှင့်ချီကာ ငြိမ်းချမ်းရာ အရပ်ဒေသများသို့ ယာယီ တိမ်းရှောင်လာကြသည်ကို တွေ့မြင်ကြားသိရသည်။
    တိုင်းရင်းသားအရေး ဟစ်ကြွေး၊ လူမျိုးရေးအကြောင်းပြ လက်နက်အားကိုး စစ်ဘုရင်ဖြစ်လို သူများ၊ ကိုယ်ကျိုးအတ္တအတွက် လက်နက်ကိုင်ကာ လက်နက်ဖြင့် စီးပွားရှာကာ တိုင်းရင်းသားလူမျိုး အကျိုးကို မငဲ့ကွက်ကြဘဲ မြို့ရွာများကို စစ်ရေးပစ်မှတ်ထားကြသည့် လက်နက်ကိုင်များ၏ အကျိုး အမြတ်သည် ကိုယ်ကျိုးစီးပွားပင် ဖြစ်သည်။
    ထို့ကြောင့် ယနေ့ကာလတွင် တိုင်းရင်းသား ပြည်သူများ အလိုချင်ဆုံးမှာ တည်ငြိမ်အေးချမ်းရေးပင်ဖြစ်သည်။ စစ်ဒဏ်ခံ တိုင်းရင်းသားပြည်သူဘဝများက စစ်ကြောင့် မိမိတို့ အိုးအိမ်များ ဖျက်ဆီးခံရခြင်း၊ အိမ်များ ဖောက်ထွင်းခံရခြင်း၊ အကြောင်းပြချက်မျိုးစုံဖြင့် ရန်ပြုအကြမ်းဖက်ခံရခြင်း၊ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေး နိမ့်ကျရခြင်းများ ကြုံတွေ့နေရသည်။ ဤနေရာတွင် ထိုသို့သော ဖြစ်ရပ်များ ကို မြန်မာ့တပ်မတော်က စတင်ခဲ့ခြင်း မဟုတ်သလို ငြိမ်းချမ်းရေးကို လိုလားသည့် တပ်မတော်က မည်သည့်တိုက်ပွဲမှ မစတင်ခဲ့သလို မည်သို့သော ပြဿနာမျိုးကိုမှလည်း စတင်ဖန်တီးသည့် အဖွဲ့အစည်း မဟုတ်ကြောင်း ပြည်သူများ သိရှိနားလည်ရန် လိုအပ်ပြီဖြစ်သည်။ အစိုးရ၊ တပ်မတော်အနေဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ နိုင်ငံမပြိုကွဲရေး၊ အဆုံးစွန်သော ရည်မှန်းချက်များအတွက် တည်ငြိမ်အေးချမ်းရေးကို ရှေးရှုလုပ်ဆောင်နေဆဲ ဖြစ်သော်လည်း ပြည်ဖျက် EAO များက အများပြည်သူကို ညှာတာထောက်ထားခြင်းမရှိ မြို့ရွာဒေသများကို ဖျက်ဆီးရန် အကြံဖြင့် တပ်မတော်နှင့် ပြည်သူကို စိန်ခေါ်နေခြင်းသာဖြစ်သည်။ (ထူးမြတ်)

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 306

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42940

© 2022 - 2025 News. All Rights Reserved.