၂၀၂၄ ၊ ဇွန် ၁၆
အင်္ဂလိပ်ကိုလိုနီခေတ်အတွင်း ဖွဲ့စည်းခဲ့တဲ့ ကရင်ဗဟို အဖွဲ့ချုပ်(KCO)နှင့် ကရင်လူငယ် အစည်းအရုံး(KYO)တို့ကို နှစ်ဖွဲ့ပေါင်းပြီး 'ကရင်အမျိုးသား အစည်းအရုံး(KNU)'ကို ဖွဲ့စည်းခဲ့ကြပါတယ်။ KNUရဲ့ ပွဲဦးထွက် နိုင်ငံရေးခြေလှမ်းက ဗြိတိသျှနန်းရင်းဝန်ထံ ၁၉၄၇ ဖေဖော်ဝါရီ ၈ရက်မှာ သံကြိုးရိုက်ပြီး အောင်ဆန်း-အက်တလီစာချုပ်ကို ကန့်ကွက်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ပြည်နယ်ပြည်မ အတူတကွ လွတ်လပ်ရေးယူနိုင်အောင် ပင်လုံညီလာခံကျင်းပဖို့ စီစဉ်ပြင်ဆင်နေချိန်မှာ ကဖျက်ယဖျက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ မကြာခင်မှာ ကျင်းပတော့မယ့် တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက် ပွဲကြီးကိုလည်း ဆန့်ကျင်သပိတ်မှောက်ဖို့ KNU က ဆုံးဖြတ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို သဘောမတူသူများက KNU က ခွဲထွက်သွားကြပါတယ်။ KNU ဥက္ကဋ္ဌ စောစံဖိုး သင်၊ အမှုဆောင်များဖြစ်သော မန်းဘခိုင်၊ မန်းဝင်း မောင်၊ စောကျော်စိန်၊ စောစိန်တင်တို့အုပ်စုက KNU က ခွဲထွက်ခဲ့ကြပါတယ်။ (၂၀၁၅၊ သြဂုတ်လထုတ်၊ ကိုကို လေး၊ ကရင်အမျိုးသားတော်လှန်ရေး၊ စာ-၉၀)
စောဘဦးကြီးက စောစံဖိုးသင်ကို နိုင်ငံရေး အရောင်ပြောင်းသွားပြီလို့ ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။ မူလတောင်းဆိုခဲ့တဲ့ ကရင်ပြည်နယ်အစား သီးခြားကရင်နိုင်ငံတော် ထူထောင်ဖို့အထိ ဟောပြောလှုံ့ဆော်လာပါတယ်။ ၁၉၄၇ ဇူလိုင် ၁၉ ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ကရင်အမျိုး သားခေါင်းဆောင် မန်းဘခိုင်တို့ လုပ်ကြံခံရတဲ့နေ့မှာ တစ်နိုင်ငံလုံး ယူကြုံးမရ ဝမ်းနည်းပူဆွေး နေချိန်မှာ စောဘဦးကြီးက ကာကွယ်ရေးသင်တန်းဆင်းပွဲမှာ သီးခြားကရင်နိုင်ငံ ထူထောင်ဖို့ လှုံ့ဆော် ဟောပြောခဲ့တာ ဖြစ်ပါတယ်။ နယ်မှာ ရှိတဲ့ ကရင်အမျိုးသားများကို ကာကွယ်ရေးအဖွဲ့တွေ ဖွဲ့ပေးပြီး 'ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ချုပ် Karen National Defence Organization) (KNDO)လို့ အမည်ပေးခဲ့ပါတယ်။ ကရင်ကာကွယ်ရေးတပ်ဖွဲ့များကို လက်နက်တပ်ဆင်ပေးရန်နှင့် ဒီအဖွဲ့တွေကို အထူးပုလိပ်တပ်ဖွဲ့ အဖြစ် အသိအမှတ်ပြုဖို့ တောင်းဆိုခဲ့ပါတယ်။
တကယ်တော့ ၁၉၄၇ ဧပြီ ၉ ရက် ရွေးကောက်ပွဲကြီးမှာ ကရင်လူမျိုးစုအမတ် ၂၄ နေရာလုံး အနိုင်ရရှိခဲ့ပြီး ဖြစ်ပါတယ်။ သံလွင်ခရိုင်မှ ရွေးချယ်ခံရသော ကိုယ်စားလှယ် နှစ်ဦး၊ ဖဆပလ အမတ်အဖြစ် အရွေးခံရသူ ကရင်သုံးဦး၊ အားလုံးပေါင်း အမတ် ၂၉ ဦးအထိ အနိုင်ရခဲ့ရာ လွှတ်တော်မှာ အားသာချက်ရနေ ခဲ့ပြီဖြစ်ပါတယ်။ သို့သော် KNU က လွှတ်တော်နိုင်ငံရေးထက် လက်နက်ကိုင်တော်လှန်ရေး အကြမ်းဖက်မှုဆီ ဦးတည်နေခဲ့ပြီ ဖြစ်ပါတယ်။ ဗြိတိသျှတို့ကလည်း ပထမနှင့် ဒုတိယကမ္ဘာ စစ်ကြီးနှစ်ခုမှာ ကရင်စစ်သားအများစုကို အားပြုတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ရေးနဲ့ပတ်သက်လာရင် ကရင်ခေါင်းဆောင်တွေဟာ ယုံကြည်မှုလွန်ကဲနေတယ်လို့ ဆိုနိုင်ပါတယ်။ တကယ်တော့ ဗြိတိသျှတို့ ဟာ မြန်မာပြည်သိမ်းပိုက်ရေး စစ်ပွဲတွေမှာပင် ကရင်တိုင်း ရင်းသားတွေကို အသုံးချခဲ့တာ တွေ့ရပါ တယ်။
'၁၈၅၂ ခုနှစ်တွင် ဖြစ်ပွားသော ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲတွင် ကရင်တို့သည် ဗြိတိသျှတို့ကို ကူညီခဲ့ပြန်သည်။ ရွှေတိဂုံကို သိမ်းယူခဲ့သော တပ်တွင် လမ်းပြများအဖြစ်နှင့် ထောက်လှမ်းရေးများ အဖြစ် ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။ ၁၈၈၅ ခုနှစ်တွင် ဖြစ်ပွားသော တတိယစစ်ကာလတွင် ဗြိတိသျှတပ်များရှေ့ သို့ချီနေစဉ် နောက်ပိုင်းမှ ပုန်ကန်ထကြွလျက်ရှိသော ဗမာသူပုန်များကို တိုက်ခဲ့ သည်။ ဗြိတိသျှတို့ သိမ်းပြီး နယ်များတွင် သူပုန်များကို နှိမ်နင်းပေးခဲ့သော ကရင်တို့၏ အကူအညီသည် ဗြိတိသျှတို့ အထက်ဗမာပြည်ကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့ခြင်း၏ အကြောင်းတစ် ကြောင်းဖြစ်ကြောင်း သံသယဖြစ်စရာ မရှိပါ။ ၁၉၂၁ ခုနှစ်တွင် ဘားမားရိုင်ဖယ် တပ်ရင်းကြီး ၂၀၊ တပ်ရင်း(၂) မှ ကရင်စစ်သားများသည် ချင်းနှင့် ကချင်စစ်သားများနှင့်အတူ မာလာဘာ သူပုန်နှိမ်နင်းရေးတွင် ပါဝင်ခဲ့သည်။ ၁၉၃၀-၃၂ တွင် ဆရာစံဦးဆောင်သော သူပုန်များကို နှိမ်နင်းရာတွင် ကရင်စစ်သားများ ပါဝင်ခဲ့ကြပြန်သည်။ ဆရာစံ သူပုန်နှိမ်နင်းရာတွင် ကရင်စစ်ဝန်ထမ်း အမြောက်အမြားကို အသုံးပြုခဲ့ သည်။' (၂၀၁၄၊ သြဂုတ်လထုတ်၊ ဗိုလ်ချုပ်စမစ်ဒွန်း၏ ကိုယ်တွေ့မှတ်တမ်းစာ၊ ၂၉၈)
ဗြိတိသျှတို့ဟာ သွေးခွဲအုပ်ချုပ်ရုံမက နိုင်ငံသားချင်း စစ်ခင်းစေခဲ့တာ ထင်ရှားပါတယ်။ နယ်ချဲ့ ရဲ့ပရိယာယ်ကို နားလည်ပြီး အမြင်ကျယ်တဲ့ ကရင်ခေါင်း ဆောင်များက 'ပြည်ထောင်စုမူ'ကို လက်ခံ ခဲ့ကြပါတယ်။ အစောပိုင်းက သီးခြားကရင်ပြည်နယ်တောင်းရာမှာ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ 'စောစံဖိုးသင်' ကတောင် ...'ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းတွင် ကရင်များသည် သီးခြားကရင် ပြည်နယ်ဟူ၍ ရှိဖို့မလိုကြောင်း၊ ကရင်များ နေထိုင်သည့်ဒေသများကို အုပ်ချုပ်ရန် ကရင်ရေးရာအဖွဲ့ များကိုသာ ထူထောင်မည်၊ ကရင်အများစုသည် ဗမာများနှင့် ပေါင်းစည်းနေထိုင်ရန် ဆုံးဖြတ်ချက် ချပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၁၉၄၇ ခုနှစ် စက်တင်ဘာ ၂၄ ရက်တွင် ကရင်ကိုယ်စားလှယ်များ ပါဝင်သော တိုင်းပြုပြည်ပြုလွှတ်တော်သည် ရေးဆွဲပြီးသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်းကို အတည်ပြု ပြဋ္ဌာန်းလိုက်လေတော့သည်။ (ကိုကိုလေး၊ ကရင်အမျိုးသားတော်လှန်ရေး၊ စာ-၁၃၁)
ကရင်ခေါင်းဆောင် ကရင်ကိုယ်စားလှယ်တွေ ကိုယ်တိုင် အတည်ပြုခဲ့တဲ့ 'ခြေ/ဥ'ကို မျက်ကွယ်ပြုပြီး စောဘဦးကြီးတို့ ကရင်ခေါင်းဆောင်အချို့ဟာ လက်နက်ကိုင်အကြမ်းဖက်ဖို့ KNDO ဖွဲ့ပြီး ကြိုတင်ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ ဗိုလ်ချုပ်စမစ်ဒွန်း ကိုယ်တိုင် ဝန်ခံရေးသားခဲ့တာက လွတ်လပ်ရေးကြိုးပမ်းမှုမှာ ကရင်တွေဟာ တက်တက်ကြွကြွ မပါဝင်ခဲ့ဘူးဆိုတာပါပဲ။ ဒါပေမဲ့ လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံအစိုးရပေါ်လာချိန်မှာ ...'စာရေးသူ(စမစ်ဒွန်း) ဗမာ့တပ်မတော်သစ်တွင် စစ်သေနာပတိ (စစ်ဦးစီးချုပ်) ဖြစ်လာပါသည်။ သို့မဟုတ် ဗြိတိသျှတို့က ထိုသို့ဖြစ်လာအောင် ထားခဲ့သည်ဟုလည်း ဆိုချင်ဆိုနိုင်ပါသည်။ စာရေးသူအပြင် အခြားဘုရင့်ကော်မရှင်ရ အရာရှိမှာ အိပ်ချ်ကြာဒိုး(စောကြားဒိုး) ဖြစ်ပါသည်။ သူ့ကို စာရေးသူ၏ လက်ထောက်အဖြစ် ဗိုလ်မှူးချုပ်ရာထူးဖြင့် ခန့်ထားပါသည်။ စောဒွန်နီက ဗိုလ်မှူးကြီးရာထူးဖြင့် စစ်ထောက်ချုပ်ဖြစ်လာပါသည်။ ဒုတိယဗိုလ်မှူးကြီး ရှစ်ယောက်ရှိရာ သုံးဦးက ကရင်တပ်ရင်းများတွင် တပ်ရင်းမှူးများ ဖြစ်သည်။ ဗိုလ်မှူးချုပ် စောချစ်ခင်သည် မိတ္ထီလာမှာ ခြေမြန်တပ်မဟာမှူး ဖြစ်လာသည်။} (စမစ်ဒွန်း၊ စာ-၃၃၀)
'လွတ်လပ်ရေးရချိန်က ကရင်များမှာ ခြေလျင် တပ်ရင်းသုံးရင်းရှိရာ အခြားသော ဌာနခွဲများတွင်လည်း မြည်းတပ်ခွဲများအထိ ကရင်များရှိကြပါသည်။ အရာရှိရော အခြားအဆင့်ပါ စုစုပေါင်း အရေအတွက်အားဖြင့် တစ်သောင်းနီးပါးလောက် ရှိပါသည်။' (၎င်း၊ စာ-၃၃၃)
လေတပ်ဦးစီးချုပ်ကလည်း ဗိုလ်မှူးကြီးစောရှီရှိုး ကရင်လူမျိုးပဲ ဖြစ်ပါသတဲ့။ တစ်မိုးလုံး ဖျောက်ဆိပ်ဆိုတာလို တပ်မတော်မှာ ကရင်တွေ လွှမ်းမိုးထားတာ တွေ့ရပါတယ်။ UMP (Union Militry Police-UMP) လို့ခေါ်တဲ့ ပြည်ထောင်စု 'စစ်ရဲ'တပ်ဖွဲ့တွေမှာလည်း ကရင်တွေသာ အများစုလို့ဆိုပါတယ်။ အဲဒီလို နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးလှတဲ့ တပ်မတော်ကြီးမှာ 'စစ်ဦးစီးချုပ်၊ ဒုဦးစီးချုပ်နှင့် လေတပ်ဦးစီး ချုပ်တို့မှာ ကရင်လူမျိုး များဖြစ်ကြသည်။ ဤအခွင့်အရေးမျိုးမှာ ကမ္ဘာတွင် မည်သည့်နိုင်ငံတွင်မှ လူနည်းစု တိုင်းရင်းသားလူမျိုးတစ်စုက ရဖူးသော အခွင့်အရေးမျိုးမဟုတ်ပါ'လို့ ဗိုလ်ချုပ်စမစ်ဒွန်းက ဝန်ခံရေးသားထားပါတယ်။ (ကိုယ်တွေ့မှတ်တမ်း၊ စာ-၂၀၇)
စောဘဦးကြီးနှင့် မန်းဘဇံတို့ ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ KNDO တပ်တွေကတော့ သီးခြားကရင် ပြည်နယ်ထူထောင်ရေးကိုပဲ ဦးတည်နေပါတယ်။ ကရင်တပ်ဖွဲ့တွေဟာ သထုံနှင့် မော်လမြိုင်ကို သိမ်းယူလိုက်တဲ့အတွက် ဦးနုအစိုးရ အရှက်ရသိက္ခာကျခဲ့ရပါတယ်။ ဦးနုက စောဘဦးကြီးနဲ့ စေ့စပ်ပြီး မော်လမြိုင်ကို ပြန်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ KNDO တို့ရဲ့ လျှို့ဝှက်ရေဒီယိုကလည်း မြို့တွေသိမ်းဖို့ နှိုးဆော်နေပါတယ်။
'ပုသိမ်တွင် ကရင် UMP (ပြည်ထောင်စုစစ်ရဲ)သည် တောင်ငူကပေးလိုက်သော အချက်ပြလမ်း ညွှန်ချက်အတိုင်း ပုန်ကန်ထကြွကာ ၁၉၄၉ ဇန်နဝါရီ ၂၈ ရက်တွင် ပုသိမ်မြို့၏ အချို့အစိတ်အပိုင်းများကို သိမ်းယူလိုက်သည်။' (၎င်း၊ စာ-၂၀၅)
နိုင်ငံ့တာဝန်ထမ်းဆောင်နေတဲ့ ကရင်စစ်ရဲတွေဟာ ကရင်သူပုန် KNDO နဲ့ ပူးပေါင်းပြီး မြို့တွေကိုသိမ်းယူခဲ့တာပါ။ 'ကရင်လူမျိုးတို့၏ တိုက်ခိုက်ရေးမူဝါဒသည် သီးခြားကရင်ပြည်နယ်ကို လက်နက်နည်းဖြင့် ထူထောင်ယူရမည်ဟူ၍ ဆုံးဖြတ်လိုက်သည့် အချိန်မှစ၍ စတင်ပေါ်ပေါက်လာပေသည်။ သူတို့၏ လက်နက်ကိုင် တော်လှန်ရေးသည် KNDO ကို ဖွဲ့စည်းနိုင်ခဲ့ခြင်း၊ လက်နက်ခဲယမ်းမီးကျောက် စုဆောင်းမိခြင်းနှင့် ဗိုလ်မှူးကြီးတူးလော့နှင့် အပေါင်းအပါတို့လို မသမာသူ နိုင်ငံခြားသားများထံမှ အာမခံချက်များရရှိခြင်းတို့ ဖြစ်လာချိန်မှစ၍ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပေသည်။ အစိုးရသည် ပြည်သူ့ရဲဘော်နှင့် ကွန်မြူနစ်တို့ တော်လှန်ထကြွမှုဖြင့် အလုပ်များလာသည်နှင့် တစ်ပြိုင်နက် လက်ရှိ KNDO တို့၏ တော်လှန်ထကြွခြင်းကလည်း အပြစ်မဲ့ ရွာသူရွာသားများကို သတ်ဖြတ်ခြင်း၊ ဗမာရွာတွေကို မီးရှို့ခြင်းတို့ဖြင့် စတင်ထွက်ပေါ်လာခဲ့ခြင်းဖြစ် ပေသည်။' (စမစ်ဒွန်း၊ စာ-၂၀၄)
မြန်မာ့တပ်မတော်မှာ တာဝန်ထမ်းဆောင်နေတဲ့ ကရင်တပ်ရင်းများဟာလည်း KNDO တွေနဲ့ ပူးပေါင်းလိုက်ကြပါတယ်။ 'တောင်ငူတွင်ရှိနေသော ကရင်သေနတ်ကိုင်တပ်ရင်း(၁)သည် ဖြူးမြို့နှင့် တောင်ငူမြို့ကို စတင်သိမ်းပိုက်ခဲ့ကြသည်။ ၁၉၄၉ ဇန်နဝါရီ ၂၇ ရက်တွင် တောင်ငူမြို့သည် ကရင်သူပုန်တို့ လက်ထဲသို့ လုံးဝကျရောက်သွားပြီဖြစ်သည်။ ဆက်လက်၍ အုတ်တွင်း၊ ထန်းတပင်မြို့များကို သိမ်းပိုက်ခဲ့ကြသည်။ ဇန်နဝါရီ ၃၀ ရက်တွင် အင်းစိန်တစ်ဝိုက်ရှိ သမိုင်း၊ ခဝဲခြံ၊ စော်ဘွားကြီးကုန်း စသော ဆင်ခြေဖုံးရပ်ကွက်များတွင် တိုက်ပွဲများ စတင်ဖြစ်ပွားလာတော့သည်။ ထိုအခြေအနေထိ ရောက်လာသောကြောင့် ဖဆပလအစိုးရသည် တပ်မတော်အတွင်းမှ ကရင်အရာရှိကြီးများကို ယုံကြည် မှုမရှိ သောကြောင့် ၁၉၄၉ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးစမစ်ဒွန်းအား ရာထူးမှထုတ် ပယ်လိုက်ပြီးနောက်တွင် ရဲဘော်သုံးကျိပ်မှ နှစ်ဦးတည်းသာ တပ်မတော်၌ ကျန်တော့သည်။' (ကိုကိုလေး၊ စာ-၁၇၅)
အဲဒီနှစ်ဦးကတော့ ဗိုလ်ချုပ်ကြီးနေဝင်းနှင့် ဗိုလ်မှူးချုပ်ကျော်ဇောတို့ ဖြစ်ကြပါတယ်။ ဗိုလ်ချုပ်စမစ်ဒွန်းကို ထုတ်ပယ်ခဲ့ခြင်းနဲ့ပတ်သက်ပြီး သိသာထင်ရှားတဲ့ အကြောင်းရင်းတစ်ချက်ကို ဆရာ တက္ကသိုလ်မောင် သန့်ဇင်ရေးတဲ့ 'အောင်သာစည်ချစ်မောင်' စာအုပ်မှာ ဒီလိုဖော်ပြထားပါတယ်။
'၁၉၄၈ စက်တင်ဘာ ၁ ရက်မှာ ကရင် UMP (စစ်ရဲ)တွေနဲ့ KNDO က KNDO အတွင်းရေးမှူးကျော်စံကေးရဲ့အမိန့်စာနဲ့ သထုံနဲ့မော်လမြိုင်ကို သိမ်းလိုက်ကြပြီ။ ကရင်ကိုယုံပြီး တွံတေးတူးမြောင်း လုံခြုံရေးတာဝန် ပေးထားတာလည်း ကရင်ကို ကြိုက်သလို လူစုစည်းရုံးခွင့် ပေးလိုက်သလိုပါပဲ။ KNDO တွေက စစ်ဦးစီးချုပ် ဗိုလ်ချုပ်စမစ်ဒွန်းရဲ့ လက်မှတ်နဲ့ တွံတေးတူးမြောင်းထဲမှာ တစ်ကြိမ်ကို လက်နက်ကိုင် ၈၀ နှုန်းနဲ့ အခေါက်ခေါက်အခါခါ မြစ်ဝကျွန်းပေါ်ကနေ အင်းစိန်ကိုပို့ရင်း နောက်ဆုံး အင်းစိန်တိုက်ပွဲကြီး အခြေတည်မိလာတော့တာပဲ။' (စာ-၁၂)
ဒီစာအုပ် ဒီအကြောင်းတွေကိုရေးခဲ့တဲ့ ဆရာ တက္ကသိုလ်မောင်သန့်ဇင်ဆိုတာ စစ်ရုံးချုပ်ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) သုတေသနဌာနက စစ်ဦးစီးမှူးတစ် ဦးဖြစ်ပြီး သူ့စာအုပ်က ၂၀၁၃ မှာ ထုတ်ဝေခဲ့တာပါ။ သုတေသနဌာနကဖြစ်လို့ အချက်အလက်တွေလွဲစရာ အကြောင်းမရှိပါဘူး။ ကရင်လူမျိုးတွေကို တပ်မတော်မှာ ဦးစီးချုပ်နဲ့ ဒုချုပ်ဆိုတဲ့ လုပ်ပိုင်ခွင့်ပေးခဲ့တာ အမှားပဲလို့ ဝေဖန်သုံး သပ်ထားပါတယ်။ တပ်မတော်ဟာ ကွန်မြူနစ်တိုက်ရ၊ ရဲဘော်ဖြူတိုက်ရနဲ့ မနိုင်ဝန်ထမ်းနေရချိန်မှာ ကရင့်အရေးတော်ပုံကို ဝုန်းခနဲ ကြုံလိုက်ရတယ်လို့ ဆိုပါတယ်။
'၁၉၄၈ ဇူလိုင်၊ သြဂုတ်လတွေမှာကတည်းက ပြည်ထောင်စုစစ်ရဲ(UMP)တပ်တွေထဲမှာရှိသမျှ ကရင် တွေဟာ လက်နက်ကောင်းတွေယူပြီး KNDO ကရင်သူ ပုန်တပ်ထဲ ဝင်သွားကြပြီ။ ပြီးတော့ ဖာပွန်နဲ့ ကယားက အစိုးရတပ်တွေကို တရကြမ်းဝင်တိုက်ကြတယ်။ ကယားမှာ Sam Force က ချင်းတပ်ခွဲတစ်ခွဲ ပြုတ်သွားတာလေ။ သထုံနဲ့ မော်လမြိုင်လို ခရိုင်မြို့ကြီးတွေကိုလည်း ဝင်သိမ်းခဲ့ကြတယ်။ ပေါ်ပေါ်တင်တင်နဲ့ လက်ရဲဇက်ရဲ ဇက်ဖွင့်ထွက်လာတဲ့ KNDO တွေဟာ ၁၉၄၉ ဇန်နဝါရီ ၂၇ ရက်မှာတော့ တောင်ငူကို အတင်းဝင်သိမ်း လိုက်ကြ တယ်။ ၁၉၄၉ ဇန်နဝါရီ ၃၁ ရက်ညကျတော့ သမိုင်းနဲ့ ခဝဲခြံမှာ အစိုးရတပ်နဲ့ KNDO တွေ အလုံးအရင်းနဲ့ တိုက်နေကြပြီပေါ့။ အဲဒါ အင်းစိန်တိုက်ပွဲ အစပေါ့လေ} (အောင်သာစည်၊ စာ-၁၄)
အင်းစိန်တိုက်ပွဲအကြောင်းကို 'ဗိုလ်ချုပ်စမစ်ဒွန်း၏ ကိုယ်တွေ့မှတ်တမ်း'စာအုပ်မှာ ဒီလို ဖော်ပြထားပါတယ်။ 'သမိုင်းနဲ့ ခဝဲခြံတို့ရှိ အစိုးရတပ်များနှင့် KNDO တပ်ဖွဲ့များသည် ၁၉၄၉ ခုနှစ် ဇန်ဝနါရီ ၃၁ ရက်ညတွင် တိုက်ပွဲများ ဖြစ်ကြသည်။ သောက်စားထားကြသော KNDO တို့၏ ပစ်ခတ်မှုများကြောင့် အပြစ်မဲ့အရပ်သား ဗမာလူမျိုးတော်တော်များများ သေကြသည်။ သေဆုံးသူများတွင် အမျိုးသမီး များနှင့်ကလေးငယ်များလည်း ပါသည်။} (စာ-၂၀၅)
'သမိုင်းရပ်ကွက်ကို မီးကုန်ယမ်းကုန် တိုက်သည့်တိုက်ပွဲကြီး ဆက်လက်ဖြစ်သွားခဲ့ရာ ကရင်များနှင့် မြန်မာအစိုးရတို့အကြားတွင် ထိုအချိန်မှစ၍ တကယ့် စစ်ပွဲကြီး ဖြစ်သွားပါလေတော့သည်။ သံချပ်ကာကားတွေ၊ တင့်ကားတွေ၊ တိုက်လေယာဉ်တွေ၊ မော်တာတွေ၊ အမြောက်တွေ တစ်နည်းအားဖြင့် အစိုးရမှာ ရှိသမျှသော စစ်အင်အားတွေနှင့် တိုက်ခိုက်သော စစ်ပွဲကြီးဖြစ်သွားခြင်း ဖြစ်ပါလေ၏။' (စာ-၂၂၇)
'သမိုင်းရွာသူရွာသားများ အပြောအရ စစ်ဝန်ထမ်းများသည် ရွာကို နံနက်အရုဏ်တက်ချိန်လောက်တွင် ရုတ်တရက်လာဝိုင်းပြီး သုံးလက်မ စိန်ပြောင်းများအပါအဝင် လက်နက်များဖြင့်ရွာကို ပစ်ခတ်တိုက်ခိုက်၍ ရွာသားများ ထိခိုက်ဒဏ်ရာရသူများ ရကြသည်။ ထိုအချိန်မှစ၍ တိုက်ပွဲဆက်ဖြစ်ရာ ကရင်တပ်ကူများရောက်လာသဖြင့် 'အင်းစိန်တိုက်ပွဲ'ဟု ခေါ်ရလောက်သော အဆင့်ထိတိုက်ပွဲက ကြီးသွားသည်။' (စာ-၂၄၉)
'ကရင်ကလည်း တစ်ပြည်လုံးသိမ်းမယ် တကဲကဲဖြစ်နေပြီ။ အဲဒီအထဲမှာ ပိုဆိုးသွားတာက ဒီအချိန်မှာ တပ်မတော်ရဲ့ အကြီးအကဲဖြစ်တဲ့ အရာရှိကြီးတွေဟာ ကရင်လူမျိုးတွေဖြစ်နေခဲ့တာပဲ။ ဒါ့ကြောင့်လည်း ကရင်တွေက တစ်နိုင်ငံလုံးကို ဒိုးလိုမွှေပြီး နိုင်ငံအစိတ်အပိုင်း အများစုကို တစ်ခဏ ချင်း သိမ်းလိုက်နိုင်တာ။ ၁၉၄၉ ဇန်နဝါရီ ၃၁ ရက်မှာ အစိုးရက တပ်မတော်ထဲက ကရင်ရဲဘော်တွေဆီက သေနတ်လက်နက်သိမ်းဖို့ လျှို့ဝှက်အမိန့်ထုတ်တယ်။ အဲဒီအချိန်မှာ အင်းစိန်တိုက်ပွဲရဲ့ ကနဦးအစဖြစ်တဲ့ သမိုင်းနဲ့ ခဝဲခြံတိုက်ပွဲက စနေပြီလေ။ ကရင်ပြဿနာဖြေရှင်းရင်းနဲ့ ဇန်နဝါရီလကုန်ပြီးချိန်မှာတော့ တပ်မတော်ဦးစီးချုပ်က ဗိုလ်ချုပ်နေဝင်းဖြစ်လာပြီး ကရင်ဦးစီးချုပ်၊ ဒုချုပ်တွေကို အနားပေးလိုက်ပြီ။' (တက္ကသိုလ်မောင်သန့်ဇင်၊ အောင်သာစည်ချစ်မောင်၊ စာ-၁၆)
အဲဒီအချိန်မှာ ဗိုလ်နော်ဆိုင်းရဲ့ ကချင်တပ်ဟာ သာဝတ္ထိမှာ ကရင်တွေနဲ့ပေါင်းပြီး အင်အားကြီး ထွားလာတယ်။ ကရင်တွေဟာ ပဲခူးကိုသိမ်းဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘဲ တောင်ငူကို ပြန်ဆုတ်လာတယ်။ နီးစပ်ရာ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေစဉ် သာဝတ္တိမှာ ဗိုလ်နော်ဆိုင်းရဲ့ ကချင်တပ်တွေနဲ့ ပေါင်းမိသွားပြီး ဖေဖော်ဝါရီ ၁၉ ရက်မှာ ပျော်ဘွယ်ကို သိမ်းလိုက်ကြတယ်။ ပျော်ဘွယ်နဲ့ ၁၉ မိုင်အဝေးမှာ မိတ္ထီလာ၊ မြောက်ပိုင်းတိုင်း နဲ့ မိတ္ထီလာကို အမြန်ဆုံး ကာကွယ်ဖို့ ဗိုလ်ချုပ်နေဝင်းက သူ့တပ်မှူးတွေကို မှာကြားခဲ့ပေမယ့် မြောက်ပိုင်းတိုင်းရော မိတ္ထီလာမှာပါ တပ်အင်အား မရှိဘူးလို့ ဆိုပါတယ်။ အဲဒီတုန်းက မြန်မာပြည်မှာ တောင်ပိုင်းတိုင်းနဲ့ မြောက်ပိုင်းတိုင်းဆိုပြီး စစ်တိုင်း ကြီးနှစ်ခုသာ ရှိပါသေးတယ်။ မြောက်ပိုင်းတိုင်းရဲ့ ခေတ္တတိုင်းမှူးက ဒုဗိုလ်မှူးကြီးမောင်မောင် ဖြစ်ပါ တယ်။
ပျော်ဘွယ်ကနေ မိတ္ထီလာကိုသိမ်းဖို့ ဗိုလ်နော် ဆိုင်းခေါင်းဆောင်တဲ့ ကရင်၊ ကချင်တပ်တွေ စစ်ချီလာချိန်မှာ ကုန်းသာတံတားအနီးက စောင့်တိုက်ဖို့ ပြင်ဆင်ထားပါတယ်။ တိုင်းမှူးနှင့်အဖွဲ့ဟာ ကုန်းသာခံတပ်ကို သွားရောက်စစ်ဆေးဖို့ မိတ္ထီလာမှ ထွက်လာစဉ် လမ်းခုလပ်မှာ ဗိုလ်နော်ဆိုင်းတို့ တပ်တွေရဲ့ ဟန့်တားဖမ်းဆီး ခြင်းခံလိုက်ရပါတယ်။ အဖမ်းခံလိုက်ရသူတွေကတော့ တိုင်းမှူး ဒုဗိုလ်မှူးကြီး မောင်မောင်၊ ဗိုလ်မှူးစောမြသိန်း၊ (ရမည်းသင်းခရိုင် တွဲဖက်ရာဇဝတ်ဝန်ကြီး) ဗိုလ်ကြီးရဲမြင့်(မြောက်ပိုင်းတိုင်းစစ်ဌာန၊ ဒုချုပ်၊ ထောက်လှမ်းရေး အရာရှိ)၊ ဗိုလ်ကြီးထွန်းအုန်း(မိတ္ထီလာတပ်မဟာ ထောက်လှမ်းရေးအရာရှိ)ဗိုလ်ကြီးလူမင်း(Sappers and Miners တပ်မှပါလာသူ)၊ ဗိုလ်ဖိုးကူး(မိတ္ထီလာ စစ်ဝန်ထမ်းတပ် ရင်း)နဲ့ ကိုဘချို(ရွှေကျင်ဆိုရှယ်လစ်ပါတီခေါင်းဆောင်) တို့ ဖြစ်ကြပါတယ်။
တိုင်းမှူးနဲ့ အဖွဲ့ကို ဖမ်းမိသွားပြီဆိုမှတော့ မိတ္ထီလာကို အလွယ်တကူ သိမ်းလိုက်နိုင်တာ အထူးပြောဖို့မလိုတော့ပါဘူး။ မိတ္ထီလာကိုသိမ်းစဉ် ဒါကိုတာ(C-47) လေယာဉ်နှစ်စီးပါရရှိခဲ့ပြီး အဲဒီ လေယာဉ် နှစ်စီးနဲ့ မေမြို့ကိုဆက်သွားပါတယ်။ မေမြို့(ပြင်ဦးလွင်)ဟာ မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်တည်ရှိရာ အရေးပါတဲ့ မြို့ဖြစ်ပါတယ်။ တိုင်းမှူးနဲ့အဖွဲ့ကို ဓားစာခံပြုကာ မေမြို့ကတပ်တွေကို လက်နက်ချစေခဲ့ ပါတယ်။ မေမြို့ကို သိမ်းပြီးတဲ့အခါ လက်နက်၊ ငွေကြေးရိက္ခာ၊ လူအင်အားပိုကြီးထွားလာပြီး မန္တလေးကိုလည်း အလွယ်တကူ သိမ်းခဲ့ပြန်ပါတယ်။ မန္တလေးကို သိမ်းပြီးတဲ့အခါ အဆမတန်အင်အားများလာပြီဖြစ်တဲ့ ကရင်သူပုန်တွေဟာ ရန်ကုန်ကိုသိမ်းဖို့ စီစဉ်ပါတော့တယ်။ စစ်သည်များစွာ၊ လက်နက်ခဲယမ်း နှင့် ရိက္ခာများကို မီးရထားနဲ့ တင်ဆောင်ပြီး မန္တလေးမှ ရန်ကုန်ကို စစ်ချီဖို့ ပြင်ဆင်ကြပါတယ်။ ဒါပေမဲ့ ကရင်စစ်ရထားကြီးဟာ ရန်ကုန်ရောက်ဖို့ မဆိုထားနဲ့ သာစည်ဘူတာကိုတောင် မကျော်နိုင်အောင် သာစည်က ဆီးကြိုခုခံတိုက်ခိုက်နိုင်ခဲ့ပါတယ်။ သာစည်ကို သိမ်းပိုက်နိုင်ရေးအတွက် မိတ္ထီလာကို သိမ်းထားတဲ့ ကရင်တွေက ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာကြပါ တယ်။
သာစည်မှာ မြန်မာ့တပ်တော်က တပ်ခွဲအင်အား အနည်းငယ်ကို ဗိုလ်ချစ်မောင်က ဦးဆောင်ကာ ပြောင်မြောက်စွာ ခုခံပြီး ရန်သူတွေ လန်ကျသွားအောင် တိုက်ထုတ်နိုင်ခဲ့ပါတယ်။ ဘာစစ်ကူမှမလာ၊ သောက် စရာရေတစ်ပေါက်တောင် မကျန်တော့တဲ့ အနေအထားကနေ နာမည်ကျော် ဗိုလ်နော်ဆိုင်း ကိုယ်တိုင်ဦးစီးတဲ့ ကရင်တပ်ကြီး လန်ထွက်သွားအောင် ခုခံတိုက်ထုတ်နိုင်ခဲ့တဲ့အတွက် စစ်သမိုင်းမှာ 'အောင်သာစည်'အဖြစ် ကမ္ပည်းမော်ကွန်း ရေးထိုးခဲ့ရပါတယ်။ မြန်မာပြည်ရဲ့ အရေးပါတဲ့ မြို့ကြီးတွေကို သိမ်းနိုင်ခဲ့ပေမယ့် သာစည်ဆိုတဲ့ မြို့ကလေးကို မသိမ်းနိုင်အောင် ကရင်(KNDO)တွေကို ဘယ်လိုတိုက်ခဲ့တယ်ဆိုတာ ဆရာလှသောင်းက 'အောင်သာစည်'အမည်ဖြင့်လည်းကောင်း၊ ဆရာတက္က သိုလ်မောင်သန့်ဇင်က 'အောင်သာစည်ချစ်မောင်'အမည်ဖြင့် လည်းကောင်း၊ စာတစ်စောင်ပေတစ်ဖွဲ့ ရေးသား မှတ်တမ်းတင်ခဲ့ကြောင်းပါဗျာ။ ။ ( မြတ်ဘုန်းသစ် )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )
Facebook Page Channel . . . . .
Viber Channel . . . . .
Telegram Channel . . . .
Youtube Channel . . . . .
Tiktok Channel . . . . .
Mobile app Download . . . . .