အချောင်ရက် ၁၀၀

၂၀၂၄ အောက်တိုဘာ ၁၈

    တော်လှန်ရေးခေါင်းဆောင်ကြီးတွေ သုံး၊ လေးနှစ်အတွင်း ကိုယ်တွေ့မှတ်တမ်းမှတ်ရာလေးတွေကို ရေးသားကြပြီး စာအုပ်ကိုယ်စီထုတ်လာကြသည်။ တော်လှန်ရေး အတွေ့အကြုံတွေကိုပဲ ရေးသလား၊ တတိယနိုင်ငံများကြီးဆီသို့ ခက်ခက်ခဲခဲ ထွက်ပြေးကြတာကိုပဲ ရေးသလားဆိုတာကတော့ ထူးမြတ်တို့လည်း မဖတ်ရတော့ မသိရချေ။ ဘာပဲဖြစ်ဖြစ် စာအုပ်စာပေလူ့မိတ်ဆွေဆိုသလို တော်လှန်ရေးခေါင်းဆောင်ကြီးတွေရေးတဲ့ စာအုပ်တွေတော့ ဖတ်ချင်လှသည်။ တော်လှန်ရေးပြီးလို့ (၁၁၁)ကြိမ်မြောက် ပြန်လည်ထုတ်ဝေရင်တော့ ဖတ်ဖြစ်အောင်ဝယ် ဖတ်ရပေဦးမည်။ ဒါမှလည်း ခေါင်းဆောင်ကြီးတွေ နွေဦးတော်လှန်ရေးကြီးမှာ မည်သို့မည်ပုံ ရွပ်ရွပ်ချွံချွံပါဝင်ခဲ့ သလဲဆိုတာ သိရမည် ဖြစ်သည်။ အမေရိကားကို ပြေးရင်းလွှားရင်း ဘယ်လိုရောက်သွားကြသလဲဆိုတာ သိချင်တာကြောင့် လည်းပါသည်။ 
    အခုချိန်မှာ ထူးမြတ်တစ်ယောက်သိလိုသည်က  နွေဦးကာလပြည်သူတွေ ဖုန်ထနေချိန် ခေါင်းဆောင်ကြီးတွေ ဘယ်အပေါက်ကနေထွက်ပြေးပြီး အမေရိကား ရောက်သွားလဲဆိုတာပင်ဖြစ်သည်။ ဒါကလည်း ခေါင်းဆောင်ကြီးတွေ ရေးသားသည့်စာအုပ်များထဲတွင် ပါမည်ဟုထင်သည်။ ထိုစဉ်က လူအုပ်ကြီးတွေကို နောက်ခံထားပြီး ရိုက်ကူးထားသည့် သမိုင်းဝင်မိန့်ခွန်းတွေက ဘယ်လိုရိုက်ကူးတာ လည်းဆိုတာလည်း သိချင်လှပေသည်။ ထူးမြတ်တို့ သိလိုက်ရချိန်တွင် ခေါင်းဆောင်ကြီးတွေမှာ 'ငါတို့မှ ငါတို့ပဲရှိတယ်'ပြောပြီး အမေရိကားခရီး လမ်းကို ကြွမြန်းရောက်ရှိသွားတာကြောင့် ဖြစ်သည်။ ပြည်သူတွေမှာတော့ ငါတို့ခေါင်းဆောင်ကြီးတွေက ငါတို့နဲ့အတူရှိနေတယ်ထင်ပြီး 'ပြည်သူတွေက လမ်းထွက်နေပြီ ခင်ဗျားတို့က ဘာလုပ်နေလဲ'ဘာညာအော်ကြရင်း လမ်းပေါ်မှာ ရေပက်ခံထွက်နေ ကြချိန် ခေါင်းဆောင်ကြီးတွေမှာတော့ တော်လှန်ရေးအတွက် လူသူလက်နက်စုဖို့ အမေရိကားနှင့် သြဇီတို့ကို အပြင်းခရီးနှင်သွားကြ ပြီဖြစ်သည်။ ထူးမြတ်တို့ပြည်သူတွေ အသိနောက်ကျ ကြပေသည်။ နောက်မကျခဲ့ရင် ခုနေများ ခေါင်းဆောင် ကြီးတို့နှင့်အတူ အမေရိကားမှာ ထိုင်၍တော်လှန်လို့ရနေ ပြီဖြစ်သည်။ အချိန်မီသေးရင် ဂျပန်လောက်တော့ သွားချင်မိသေးသည်။ 
    ဘာပဲဖြစ်ဖြစ် ခုချိန်မှာတော့ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ၏ လွတ်လပ်ရေးကြိုးပမ်းမှုစာ အုပ်ကြီးတွေ တစ်အုပ်ပြီးတစ်အုပ် ထွက်လာကြပြီဖြစ်သည်။အချို့ခေါင်းဆောင်ကြီးတွေဆိုရင် အင်္ဂလိပ်ဘာသာ၊ ကိုရီးယားဘာသာနဲ့ ထုတ်ဝေပြီးမှ မြန်မာဘာသာပြန်ကာ ခမ်းခမ်းနားနား ထုတ်ဝေပြီဖြစ် သည်။ အမေရိကားက စတိုးဆိုင်ပိုင်ရှင် ခေါင်းဆောင်မကြီး၏ အမှောင်ရက် ၁၀၀ စာအုပ်ဆိုလျှင် ထူးမြတ်တစ်ယောက် အဖတ်ချင် ဆုံးစာအုပ်ဖြစ်သည်။ ခေါင်းဆောင်မကြီး၏ မြန်မာပြည် အိမ်တော်ကြီး ကနေ မြေလျှိုးမိုးပျံသလို ပျောက်ကွယ်သွားကာ အမေရိကားမှာ ဘွားခနဲပြန်ပေါ်လာတော့ ပြည်သူတွေ အံ့သြမှင်တက်ကုန်ကြသည်အထိ အစွမ်းရှိလှသည်။ လက်ထဲမှာ မြန်မာငွေသောင်းဂဏန်းလောက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း အမေရိကားမှာ ဒေါ်လာသန်းချီတန်အိမ်ကြီးတွေ၊ စတိုး ဆိုင်ကြီးတွေ ဖွင့်နိုင်သည်အထိ မည်မျှခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရသည်ကိုလည်း သိလိုလှသည်။
    တချို့တွေက ခေါင်းဆောင်ကြီးတွေ အလှူငွေတွေများ ခိုးနေကြသလားဟု စွပ်စွဲကြပြန်သည်။ ခေါင်းဆောင်ကြီးတွေရဲ့ သီလသမာဓိကို စော်ကားနေကြတာဖြစ်သည်။   မည်သို့ပင်ဆိုစေကာမူ ထူးမြတ်တစ်ယောက်လည်း တော်လှန်ရေးနွေဦးကာလကအကြောင်း လေးတွေကို စာအုပ်တစ်အုပ်တော့ ရေးချင်မိသေးသည်။ ခေါင်းဆောင်မကြီး၏ စာအုပ်ခေါင်းစဉ်ကို မှီငြမ်းပြီး အမှောင် ရက် ၁၀၀ အစား အချောင် ရက်၁၀၀ ဆိုပြီး စာအုပ်ထုတ် ရမည်ဖြစ်သည်။ ထိုစာ အုပ်ထဲမှာ နွေဦးကာလ မြူထစဉ်က အနေအစားချောင်တာတွေ ထည့်ရေးရမည်ဖြစ်သည်။ ပြန်ပြောင်းပြောရင် အချောင် ရက်၁၀၀ အကြောင်းက ပြောမဆုံးပေါင်တောသုံးထောင်ဖြစ်သည်။ ဆန္ဒတွေထွက် ပြကြတော့ ထူးမြတ်တို့လည်းပါသည်။ ရွေးကောက်ပွဲမှာ ဘယ်ပါတီကိုမဲထည့်ခဲ့ထည့်ခဲ့ ရှေ့ကလူက 'ဘယ်ပါတီကိုမဲထည့်ခဲ့လဲ'လို့တိုင်ရင် 'နံနံဒီကို မဲထည့်ခဲ့တယ်'ဟု အတိုင်အဖောက်ညီမှရသည်။ ဒါမှ လည်း ကြက်ဆီထမင်းတို့၊ ဒံပေါက်တို့ရကာ အနေအစားချောင်မည်ဖြစ်သည်။ ရပ်ကွက်တွေ၊ လမ်းတွေ သဲအိတ်ကာတော့လည်း ထူးမြတ်တစ်ယောက်ပါပြန်သည်။ သဲအိတ်တွေကို ပြန်သိမ်းခိုင်းတော့ အိမ်ထဲ အိတ် ၂၀ လောက်မရွှေ့ရင်း အချိုအချောင် ရလိုက်ပြန်လေသည်။ထိုကာလက အဆက်အသွယ်တွေက ပြတ်တောက်နေတော့ အလုပ်လည်းမသွားရချေ။ ဒီကြားထဲ ခေါင်းဆောင် ကြီးတွေက ၇၂ နာရီငြိမ်တို့၊ ၃၆ နာရီငြိမ်တို့ဆိုတာကြောင့် သာသာယာယာ နေခဲ့ရသည်။ 
    ဒါတင်မကသေး UN တပ်ကြီးတွေလာပြီဆိုတော့ အပြင်မထွက်ရဲတာကြောင့် အလုပ်လည်း မသွားရဘဲ လစာတွေအလကားရပြီး အနေအစားချောင်ခဲ့ရပြန်သည်။ ခေါင်းဆောင်ကြီးတွေက "ငါတို့တော့ လွတ်လပ်ရေးကြိုးပမ်းဖို့ အမေရိကားလစ်ပြီဟေ့၊ မင်းတို့ မီတာခတွေမဆောင်နဲ့ ငါတို့ပြန်လာရင် လျှော်ပေးလိုက်မယ်"ဆိုတာကြောင့် မီတာခခြောက်လလောက် မဆောင်ဘဲ သာသာယာယာနေခဲ့ရသည်။ နောက်တော့ အမေ့နား ကပ်လေးပေါင်ကာ မီတာခသိန်းချီ ဆောင်လိုက်ရသည်။ ဘာပဲဖြစ်ဖြစ် အချောင် ရက်၁၀၀ မှာတော့ ထူးမြတ်တစ် ယောက်အနေအစားချောင်လိုက်သေးသည်။ လမ်းပေါ် ထွက်ပြီး ဝေတဲ့ထမင်းထုတ်လေးတွေစား၊ အအေးလေး တွေသောက်ပြီး 'ရုံးမတက်နဲ့ ရုန်း ထွက်တို့'၊ 'ရုံးမတက်လည်း ဘာအရေးလဲ ပြည်သူတွေက ကျွေးထားမှာပေါ့'ဆိုပြီး အစိုးရရုံးတွေရှေ့ သွားအော်ပေးရုံဖြင့် သာသာယာယာဖြစ်ရသည်။ ပါးစပ်ကသာ ကျွေးထားမယ်အော်တာ ထူးမြတ်တစ် ယောက်တောင် ကြက်ဆီထမင်းဘူးရရေး ဒို့အရေးဆိုပြီး လုခဲ့ရသေးသည်။ 
    အချောင် ရက်၁၀၀ ကာလက ထူးမြတ်တို့တစ်တွေ နေပူကြီးထဲ 'ကျွန်တော်တို့က ပြည်သူတွေပါ ပြည် သူတွေမှာ အနာဂတ်ရှိတယ်'ဆိုပြီး အော်ဟစ်ကြရင်း မြို့ထဲကို သင်္ကြန်လည်သလိုကားကြီးတွေနဲ့ လည်ခဲ့ကြသေးသည်။ စစ်ကားကြီးတွေနဲ့ ဓာတ်ပုံတွေရိုက်၊ အမြောက်ကားကြီးတွေနဲ့ ဓာတ်ပုံတွဲရိုက်ပြီး ဖေ့စ်ဘုတ်ပေါ်တင်ခဲ့ ကြသေးသည်။ အလုပ်လည်းသွားစရာမလိုတာကြောင့် သာသာယာယာ လစာလေးဖြင့် အချောင်နေ အချောင်စားခဲ့ရသေးသည်။ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ကတော့ တတိယနိုင်ငံသံရုံးတွေကို ရုပ်ဖျက်ပြီးသွားကြ၊ ထိုင်းနယ်စပ်ကိုအရောက်ပြေးကြ၊ လေယာဉ်တွေပေါ် ရုပ်ဖျက်ပြီးတက်ကြကာ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက်ကြိုးပမ်းဖို့ ပြည်ပနိုင်ငံများကို အလျှိုလျှို ထွက်ကြတာကြောင့် ပင်ပန်းဆင်းရဲကာ အမှောင် ရက်၁၀၀ ကြုံရတာ ဖြစ်မည်ထင်သည်။ ထူးမြတ်တို့ကတော့ လမ်းပေါ် ထွက်အော်လိုက်၊ စတုဒိသာ ထမင်းဘူးလေးစားလိုက်ဖြင့် အချောင်ရက်၁၀၀ ကို သာသာယာယာ ဖြတ်သန်းခဲ့ရသည်။ တော်လှန်ရေးကြီးပြီးရင် ထူးမြတ်တစ်ယောက် အချောင်ရက် ၁၀၀စာအုပ်တစ်အုပ်တော့ ရေးဖြစ်အောင် ရေးရမည်ဖြစ်သည်။  ထူးမြတ်

Total Views ~ 369

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42996

© 2022 - 2025 News. All Rights Reserved.