အစိုးရနှစ်ရပ်ကြားက အမေရိကား . . .

၂၀၂၅ ဖေဖော်ဝါရီ ၈
    "ဒုန်း"
    အမေရိကန်သမ္မတကြီး ဒေါ်နယ်ထရမ့်တစ်ယောက် စားပွဲခုံပေါ်သို့ လက်သီးခပ်ပြင်းပြင်း တစ်ချက်ထုလိုက်သည်။ အိမ်ဖြူတော်သို့ ရောက်ရှိနေသော အမေရိကားအစိုးရတစ်ဖွဲ့လုံး အပ်ကျသံပင်မကြား တိတ်ဆိတ်သွားလေသည်။ ခုမှတက်လာသည့် သမ္မတအသစ်ကြီး ဘယ်အရေးကြောင့် ဒေါသအမျက် ချောင်းချောင်းထွက် နေသလဲဆိုတာကိုတော့ မည်သူမှ မမေးရဲကြချေ။ လန်ထွက်နေ သည့် ဆံပင်ဖြူဖြူကို အသာအယာ ပင့်တင်ရင်း သမ္မတသစ်ကြီး ဒေါ်နယ်ထရမ့် အသစ်စက်စက် အစိုးရသစ်အဖွဲ့ကို ငေါက်ငမ်းနေသည်။ အကြောင်းမူကား ၎င်းနိုင်ငံတွင်း အခြေပြုကာ အစိုးရအဖွဲ့ဟု အမည် ပေးထားကာ နေထိုင်ကြသူ လူတစ်စုကြောင့် အမေရိကန်တွင် အစိုးရနှစ်ဖွဲ့ရှိကြောင်း နိုင်ငံတကာက လက်ညှိုးထိုး ကြတာကြောင့် အသစ်စက်စက် သမ္မတကြီး ဒေါ်နယ်ထရမ့်တစ်ယောက် ဟိုကြားခဲညှပ်သလို နေမထိထိုင်မသာ ဖြစ်နေပြန်သည်။ နိုင်ငံတွင်း တရားမဝင်နေထိုင်သူတွေ ပြန်ပို့၊ နိုင်ငံသားအဖြစ် ပေးထားတဲ့သူတွေကို ပယ်ဖျက်၊ လာရာလမ်း ပြန်ခိုင်းနေသော သမ္မတသစ်ကြီးကို ဘယ် နိုင်ငံက မှန်းမသိသော အစိုးရအဖွဲ့ ဆိုသူတွေက နိုင်ငံတွင်း ခန့်ခန့်ကြီး ဝင်ထိုင်နေတာဆိုတော့ နားရွက်တံတွေး အစွတ်ခံလိုက်ရသလိုပင်ဖြစ်သည်။ ဒါတင်မကသေး အမေရိကားက အထောက်အပံ့တွေ ရပ်ဆိုင်းတာတောင် မခန့်လေးစားဆိုသလို အထောက်အပံ့တွေ မရလည်း အေးဆေးပဲဆိုပြီး ပြောကြ တော့ ကိုယ့်အတတ် ကိုယ်စူးသလို နေရခက်နေခြင်းဖြစ်သည်။ 
    "ဂျေဒီဘန့်စ် မင်းဒီကိစ္စကို ဘာမှမသိဘူးလား တစ်ခုခု ငါ့ကိုပြောစမ်း သူတို့က ဘယ်ကလဲ" ဟုဆိုကာ အနီးအနားတွင် ငုတ်တုတ် ထိုင်မှိုင်နေသော ဒုတိယသမ္မတကို မေးခွန်းထုတ်လိုက်လေသည်။ ရုတ်တရက် မေးခွန်းကြောင့် ဒုသမ္မတ ဂျေဒီဘန့်စ် ထိုင်ရာက ထရပ်လိုက်ပြီး ဒါဘိုင်ဒန်ဆိုတဲ့ဘဲ မွှေသွားတာပါ သမ္မတကြီး၊ ဒုက္ခသည်တွေ လက်ခံရာကစပြီး မီယန်မာပြည်က အစိုးရဆိုတဲ့သူတွေပါ ရောပါလာတယ်လို့ပြောပါတယ်"ဟု ပြာပြာသလဲ ထဖြေလေသည်။ "တောက် ဒီလုပ်ရပ်က ရွေးကောက်ပွဲ မဲဆွယ်တုန်းက နားရွက် သေနတ်မှန်တာထက် ဆိုးတယ်ကွာ၊ ဒါနားရွက်ကိုတက်ပြီး တံတွေးဆွတ်တာ။
    မီယန်မာပြည်ဆိုတာ ဟိုအကောင် အိုဘား မားသွားပြီး အာဘွား သွားပေးတဲ့ နိုင်ငံဆိုတာ ငါသိတယ်။ နောက်ပြီး ခုနောက်ပိုင်း ပြဿနာနည်းနည်းရှိ တယ်ဆိုတာ သိတယ်။ ထားပါ သူများနိုင်ငံအရေး ခု ဟာက ငါ့ နိုင်ငံထဲမှာ ခိုလှုံကြတဲ့သူတွေထဲ အစိုးရပါဆိုတဲ့ အုံနဲ့ကျင်းနဲ့ရောက်လာပြီး သမ္မတတွေရော၊ ဝန်ကြီးတွေရော၊ နောက်ပြီး လွှတ်တော်အမတ်တွေရော ရောက်လာကြတာဆိုတော့ နည်းနည်း တော့များတယ်"ဟု ပြောလေသည်။ 
    အမေရိကန်သမ္မတကြီး ဒေါ်နယ်ထရမ့်စိတ် ဆိုးမယ်ဆိုလည်း ဆိုးစရာပင်ဖြစ်သည်။ ဘိုင်ဒန် အစိုးရက ဒုက္ခသည်တွေကို ဖောချင်းသောချင်း လက်ခံခဲ့ရာမှစ၍ မီယန်မာပြည်က တော်လှန်ရေးခေါင်း ဆောင်ကြီးတွေ  အုံနဲ့ကျင်းနဲ့ရောက်လာပြီး အမေရိကန်မှာခပ်တည်တည် အစိုးရဖွဲ့ထားတာ ထရမ့် အစိုးရထက် လေးနှစ်တောင် စောနေသေးသည်။ အခန့်မသင့်ရင် အိမ်ဖြူတော်ကြီးကို ထက်ခြမ်းခြမ်းပြီး မီယန်မာပြည်က သမ္မတကြီးက နေချင်ပါတယ်ဆိုရင် ပေးရမယ့်ပုံ ပေါက်နေတာကြောင့် ဖြစ်သည်။ ဒါတင်မကသေး လွှတ်တော်အမတ်တွေပါ ရောက်နေတာကြောင့် ဝါရှင်တန်ဒီစီက ကာပီတယ်လ် အဆောက်အအုံတွင် ဆီးနိတ်လွှတ်တော်နှင့် အောက်လွှတ်တော်နှစ်ရပ် ကျင်းပတာဖြစ်ပြီး မီယန်မာ လွှတ်တော်အမတ်တွေက လွှတ်တော် တက်ချင်ပါတယ်ဆိုရင် လွှတ်တော်အဆောက်အအုံမှာ ဆီးနိတ်နှင့် အောက်လွှတ်တော်အပြင် မီယန်မာပြည်က အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တွေပါ ကျင်းပပေးနေရရင် လွှတ်တော်ထဲမှာ အိပ်ငိုက်သူအရေအတွက် တိုးလာနိုင်သည်။ ကိစ္စတော့ မရှိချေ။ မီယန်မာ လွှတ်တော်ကိုယ်စားလှယ်တွေက ဇွန်းမီတင်ဆိုတာနဲ့ လွှတ်တော်တက်တာ ကျင့်သားရနေကြသည်။ အမေရိကန် ရောက်ရာနေရာတွေကနေ လွှတ်တော် တက်လို့ရသေးသည်။ 
    ဒေါ်နယ်ထရမ့်ကို ကတုံးပေါ်ထိပ်ကွက်သည့်ဖြစ်ရပ်က နိုင်ငံတကာ အထောက်အပံ့ကိစ္စ ပင်ဖြစ်သည်။ ထရမ့်ကြီးတက်လာပြီး နိုင်ငံတကာ အကူအညီတွေ ဖြတ်တောက်တာတွေ အရင်လုပ်တော့ အမေရိကန်ရောက် မီယန်မာ အစိုးရဆိုသူတွေက အကူအညီတွေ မဖြတ်တောက်ရေး ကြိုးပမ်းမည်ဟု အော်ကြပြန်သည်။ ဒီလိုဆိုရင် အမေရိကန်မှာရှိတဲ့ အစိုးရတစ်ရပ်က နိုင်ငံတကာ အကူအညီ ဖြတ်တောက်ဖို့လုပ်နေချိန် နောက်အစိုးရက မဖြတ်တောက်ဖို့ ကြိုးပမ်းကြတာဆိုတော့ ထရမ့်သိက္ခာက မြောင်းထဲရောက်သွားနိုင်သည်။ နောက်ပြီး ထရမ့်သမ္မတဖြစ်တာ အမေရိကန်နိုင်ငံကြီး ဒီမိုကရေစီ ဆိတ်သုဉ်းသွားသလို အမေရိကန်ရောက် မီယန်မာပြည် အစိုးရကြီးက စွပ်စွဲထားတာကြောင့် အမေရိ ကန်ပြည်သူတွေ မငြိမ်မသက်ဖြစ်မှာလည်း စိုးရိမ်ရသေးသည်။ အမေရိကားရောက် မီယန်မာပြည် အစိုးရဆိုသူတွေက ခေသူမဟုတ်ချေ။ ထရမ့်အစိုးရ ပြုတ်ကျသွားအောင် ၇၂ နာရီ ငြိမ်ခိုင်းတာတွေ လုပ်လာနိုင်သည်။ ဒါ့အပြင် အမေရိကန် စံတော်ချိန် ည ၈ နာရီမှာ သံပုံးတွေတီးခိုင်းချင် တီးခိုင်း နိုင်သည်။ ဒါတင်ပဲလားဆိုတော့ UN တပ်တွေခေါ်လာပြီး ထရမ့်အစိုးရကို ဖြုတ်ချသွားနိုင်သေးသည်။ ဒီကြားထဲ ထရမ့်နိဂုံး ၂၀၂၃ တို့၊ ထရမ့်ထွက်သွား ၂၀၂၅ တို့ ထအော်ရင် အမေရိကန်အစိုးရတစ်ရပ်လုံး ခြောက်လလောက်နဲ့ ပြုတ်ကျသွားနိုင်ပေသည်။ နောက်ပြီး အမေရိကားမှာ သပိတ်ပေါင်းစုံလုပ်ခိုင်းရင် အမေရိ ကားပြည်သူတွေက လိုက်လုပ်ကြရင် အစိုးရအခက်တွေ့နိုင်သည်။ အမေရိကား အစိုးရရုံးရှေ့ တွေသွားပြီး အမေရိကန် ဝန်ထမ်းတွေကို CDM လုပ်ခိုင်းနိုင်တဲ့ မီယန်မာပြည်ကနေ အမေရိကား ရောက်နေသော အနုပညာရှင်တွေ ရန်ကလည်း ကြောက်ရသေးသည်။ 
    ဒေါ်နယ်ထရမ့်တစ်ယောက် လေပူတွေမှုတ် ထုတ်ရင်း "ကျုပ်တို့အစိုးရကို တောက်လျှောက်ဒု က္ခတွေပေးရင် အချိန်မရွေး အစိုးရပြုတ်ကျသွားနိုင်တယ်ဗျ။ ကျုပ်ခုဆိုရင် နိုင်ငံတွင်းမှာ ခိုလှုံနေသူတွေ ရာထောင်ချီ နှင်ထုတ်နေတာ ဒီဗြဟ္မာဦးခေါင်းအစိုးရတွေကို ဘယ်လို နှင်ထုတ်ရမှန်း မသိပါဘူးဗျာ။ အိမ်ပြန်မယ် အိမ်ပြန်မယ်နဲ့ ပြန်ပို့ရင်လည်း ပြန်ကြမှာမဟုတ်ဘူး"ဟု ညည်းတွားလေသည်။ ဟုတ် လည်း ဟုတ်သည်။ ဒေါ်နယ်ထရမ့်ကြီး စိတ်ညစ်ရင်လည်း စိတ်ညစ်စရာ ဖြစ်သည်။ မီယန်မာ ပြည်က အစိုးရဆိုသူတွေက ဆန္ဒပြပွဲတွေ၊ သပိတ်ပေါင်းစုံတွေကို နာမည်မထပ်အောင် ဖန်တီးတတ်သည်။ အခန့်မသင့်ရင် အောင်လံလွှင့်ချီ မိုင်ယာမီတို့၊ နောက်ပြန် မလှည့်ကြေး မယ်ရီလန်း သပိတ်တို့ ဆင်နွှဲရင် အမေရိ ကန်နိုင်ငံကြီး ကမောက်ကမ ဖြစ်နိုင်မည့်အရေးတွေး ကြောက်နေရသေးသည်။ နောက်ပြီး အမေရိကားမှာက မီယန်မာပြည် အစိုးရကြီးက အခိုင်အမာ အမြစ်တွယ်နေသည်။ အမေရိကားမှာ နွေဦးဘဏ်ဆိုတာတွေနဲ့ ရန်ပုံငွေတွေ လည်ပတ်နေသလို၊ အမေရိကားမှာ ရုံးစိုက်ထားတာဆိုတော့ တခြားနိုင်ငံက လာရောက်ခိုလှုံနေသူတွေလို အတင်းမောင်းထုတ်လို့လည်း မလွယ်ကူလောက်ပေ။ နောက်ပြီး စစ်ရေးအရလည်း သွားစမ်းလို့မရပေ။ သူတို့လက်အောက်က အဖွဲ့တွေကို အမေရိကားခေါ် လာပြီးဆော်ပလော်တီးခိုင်းရင် အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ကြီး အလုပ် ရှုပ်သွားနိုင်သည်။ ဒါတင်မကသေး နဂါးပျံ ပရောဂျက်ကြီးနဲ့ ဝယ်ထားတဲ့ လေယာဉ်ပစ်ရန်ကလည်း ကြောက်ရသေးသည်။ မီယန်မာ ပြည်အစိုးရ ဆိုသူတွေရဲ့လက်ထဲ လေယာဉ်ပစ်ကြီး ရှိနေရင် အမေရိကန် လေတပ်အတွက် အန္တရာယ်များလှသည်။ 
    နောက်ပြီး အမေရိကားရောက် မီယန်မာ အစိုးရဆိုသူတွေက အမေရိကား အထောက်အပံ့တွေနဲ့ ရပ်တည်တာမျိုးမဟုတ်ဘဲ ပိုက်ဆံလိုရင် ပရောဂျက်လေး ဆွဲပတ်အလှူခံလိုက်ရင် ဘတ်ဂျက်ရတာကြောင့် အချိန်မရွေး အမေရိကန်အစိုးရကို အလှူခံပြီး တော်လှန်သွားနိုင်သည်။ တော်လှန်ရေး ရန်ပုံငွေဆိုပြီး  အိမ်ဖြူတော်တွေ လက်ညှိုးထိုးရောင်း၊ ပင်တဂွန်ဌာနချုပ်ကို အမေရိကန် နွေဦးကွန်ဒို တွေဆောက် ရောင်းလိုက်ရင် ထရမ့်အစိုးရရော၊ အမေရိကန်စစ်တပ်ပါ အချိန်မရွေး လမ်းဘေး ရောက်သွားနိုင်သည်။ အမေရိကန်ဆိုတာ ကမ္ဘာ့သက် တော်ရှည် ဒီမိုကရေစီနိုင်ငံ ဖြစ်တာကြောင့် ခုလို ဒီမိုကရေစီ အရမ်းလိုလားသော မီယန်မာပြည်အစိုးရဆိုသူတွေပါ ထပ်ရောက်လာနေတော့ ဒီမိုကရေစီ အရမ်းအား ကောင်းသွားမှာလည်း စိုးရိမ်ကြရသေးသည်။ ဒါကြောင့် ထရမ့်တစ်ယောက် ခေါင်းခြောက်ရ သေးသည်။ ဒီကြားထဲ UN ကလူတွေက အမေရိကန်အရေးကို တံခါးပိတ်လိုက်၊ တံခါးဟလိုက်ဆွေးနွေးပြီး စိုးရိမ်ကြောင်း ခဏခဏထုတ်ပြန်ရင် အနေအစား မချောင်ဖြစ်ရနိုင်သည်။ခုတော့ ထရမ့်အစိုးရ ကြီး လေးနှစ်တာကို မီယန်မာပြည်က အစိုးရဆိုသူတွေနဲ့ ဖြတ်သန်းရပေလိမ့်မည်။ ဒီမိုကရေစီ လေးနည်းနည်းလောက် ယိမ်းယိုင်သွားတာနဲ့ ဖေ့စ်ဘုတ်ကနေ လှမ်းဆူလှမ်းဆဲတာလည်း ခံရနိုင်သည်။ ဘာပဲဖြစ်ဖြစ် အမေရိကန်မှာ အစိုးရနှစ်ရပ်ရှိတာကြောင့် အမေရိကန် ဒီမိုကရေစီခရီးလမ်းကတော့ ဖြောင့်ဖြူးသာယာ ပေတော့မည်။ ( ထူးမြတ် )
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 200

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42860

© 2022 - 2025 News. All Rights Reserved.