အတိတ်နဲ့ပစ္စုပ္ပန် ဆက်စပ်စဉ်းစားရမည့် ရခိုင်ပြည်နယ်အရေး

၂၀၂၄ မေ ၂၆

    ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အချက်အချာကျသော နယ်မြေတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံ၏အနောက်ဘက်ခြံစည်းရိုးဖြစ်သလို ပထဝီမြေ အနေအထားအရလည်း အိန္ဒိယ၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ များအတွက်လည်း အရေးပါသည့် နယ်မြေတစ်ခုဖြစ်ပါသည်။ ရေမြေတောတောင်သဘာဝအရ ချင်းပြည်နယ်နှင့် ဆက်စပ်လျက်ရှိသော ရခိုင်ပြည်နယ်(မြောက်ပိုင်း)ဒေသများသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသလို စားဝတ်နေရေးအတွက် ဆန်ရေစပါးရှားပါးသည့်ဒေသဟု ဆိုနိုင်ပါသည်။ အနောက်ရိုးမတောင်တန်းကြီးကြောင့်လည်း ဟိုးအချိန်အခါက မြန်မာပြည်အတွင်းမှာပင် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဒေသတစ်ခုဟု ဆိုရပေမည်။ ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲ၊ မြန်မာ့နိုင်ငံရေး အပြောင်းအလဲများကြောင့် ယခုအခါမှာ ရခိုင်ပြည်နယ်သည် အရေးပါသည့် နယ်မြေတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်ပါသည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရချိန်ကစပြီး ၁၉၈၈ ခုနှစ်အချိန်အထိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခဲ့သော်လည်း တပ်မတော်အစိုးရလက်ထက် အနှစ်၂၀ အတွင်းမှာ အတော်ပင် ဖွံ့ဖြိုးတိုးတက်ခဲ့သည်ဟု ဆိုရပေလိမ့်မည်။ အထူးသဖြင့် အခြေခံလိုအပ်ချက်ဖြစ်သည့် လမ်း ပန်းဆက်သွယ်ရေးနှင့် လမ်းကွန်ရက်များ ထိုက်သင့်သလောက် ကောင်းမွန်စေခဲ့ခြင်း ဖြစ်ပါသည်။
    ယခုအခါ ရခိုင်ပြည်နယ်အတွင်းမှာ တစ်ကျော့ပြန် ဖြစ်ပွားနေသည့် တိုက်ပွဲများကို ရပ်တန့်သွားစေရန် တပ်မတော်မှ နည်းမျိုးစုံဖြင့် ကြိုးပမ်းလျက်ရှိပါသည်။ စစ်ရေးအရ AA က အားသာလျက်ရှိပြီး ရခိုင်ပြည်နယ်(မြောက်ပိုင်း)ရှိ နယ်မြေအချို့ကို သိမ်းပိုက်ထား လျက်ရှိသည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။ တပ်မတော်က အားနည်းလို့ သိမ်းပိုက်နိုင်သည်ဆိုသည့် အမြင်ထက် အတိုင်းအတာတစ်ခုအထိ သာခုခံပြီး ယာယီနယ်မြေ စွန့်လွှတ်ပေးခဲ့ခြင်းသည် မည်သည့်အတွက်ကြောင့် ဖြစ် မည်ဆိုသည်ကို ဗဗ တို့အနေဖြင့် သတိထားသင့်ပါသည်။ တပ်မတော်က ယခုအချိန်ထိ ရှိသမျှ ဖျက်အားပြင်း လက်နက်များ အသုံးမပြုသေးသည်ကပင်လျှင် AA တို့အတွက် ကံကောင်းသည်ဟု ဆိုရပေမည်။ မေလ ၁၆ ရက်က တပ်မတော်ကိုယ်စားလှယ်အဖွဲ့နှင့် AA တို့ အပစ်အခတ်ရပ်ရေးအတွက် ကူမင်းမှာ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ထူးခြားတိုးတက်သည့် ရလဒ်တစ်ခု ထွက်မလာဘဲ ဆွေးနွေးပွဲပျက်သွားခဲ့သည်ဟု သိရပါသည်။ သတင်းများအရ AA က ရခိုင်ပြည်နယ်အတွင်းမှာ  AA တစ်ဖွဲ့တည်းသာရှိရမှာဖြစ်ပြီး တပ်မတော်က ထွက်ခွာသွားပေးရမည်ဟု တောင်းဆိုခဲ့ရာ တပ်မတော်ကိုယ် စားလှယ်အဖွဲ့က ၂၀၀၈ ခုနှစ်အခြေခံဥပဒေနှင့် ဒို့တာဝန်အရေးသုံးပါး ရှင်းပြခဲ့သည့်အတွက် ပျက်သွားခြင်းဖြစ်သည်ဟု သတင်းများက ဖော်ပြထားပါသည်။
    ရခိုင်ပြည်နယ်သည် ခေတ်အဆက်ဆက်က ပင်ကိုယ်ပိုင်ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားသည့် အစဉ်အလာရှိသည့် နယ်မြေတစ်ခုဖြစ်ပါသည်။ ရခိုင်နှင့် ဗမာသည် ကိုးကွယ်သည့်ဘာသာ၊ ယဉ်ကျေးမှုနှင့် စကားကအစ အင်မတန်နီးစပ်သည့် လူမျိုးများဟုဆိုရ ပေလိမ့်မည်။ ထို့ကြောင့်လည်း ခေတ်အဆက်ဆက်မှာ  ရခိုင်ပြိုလျှင် ဗမာငိုရမည်ဟု ဆိုလိုခဲ့ခြင်းဖြစ်ပါလိမ့်မည်။ သက်ဦးဆံပိုင်ဘုရင်ခေတ်က ရခိုင်ပြည်သည် ကိုယ့်ထီးကိုယ့်နန်းဖြင့် တင့်တယ်စွာ တည်ရှိခဲ့သည့် နိုင်ငံငယ်တစ်ခုလည်း ဖြစ်ခဲ့ပါသည်။ သက်ဦးဆံပိုင်ခေတ်၏သဘာဝအရ ဘာသာမတူ၊ လူမျိုးမတူ၊ စကားမတူဘဲ အင်အားကြီးသည့် အနောက်ဘက်နိုင်ငံများ၏ ကျူးကျော်ခြင်းကိုလည်း မကြာခဏခံခဲ့ရသည်ကိုလည်း တွေ့ရ မှာဖြစ်ပါသည်။ ဗမာဘုရင်များ အင်အားကြီးမားသည့် အချိန်ကာလများတွင်  ရခိုင်ပြည်သည် တည်ငြိမ်အေးချမ်းစွာရှိနေ တတ်သည်ကိုလည်း သတိ ထားမိကြပါလိမ့်မည်။ ဘာသာတူ၊ ယဉ်ကျေးမှုတူသည့် တစ်ပြည်ထောင်စုသားချင်းစိတ်ဖြင့် ဗမာသည် ရခိုင်ကို စောင့်ရှောက်ခဲ့သည်ချည်းသာ ဖြစ်ပါသည်။ ထို့ကြောင့်လည်း ရခိုင်ပြည်သည် ဗမာဘုရင်ပိုင်သည့် နယ်မြေတစ်ခုဖြစ်ခဲ့ခြင်းပင် ဖြစ်ပါသည်။ 
    ၁၈၂၄ ခုနှစ် မှ ၁၈၂၆ ခုနှစ် အထိဖြစ်ပွားခဲ့သည့် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ၏ အစသည် ရခိုင်ပြည်ကိုအင်္ဂလိပ်တို့ အလိုရှိခြင်းကြောင့် ဖြစ်ပါသည်။ ထိုကျူးကျော်စစ်ကို စစ်သူကြီး မဟာဗန္ဓုလဦးစီးသည့် မြန်မာ့တပ်မတော်ကြီးက သွားရောက်ချေမှုန်းခဲ့ရသည်ကို သမိုင်းတွင် အထင်အရှားတွေ့ရမှာ ဖြစ်ပါသည်။ ရခိုင်ပြည်ကာကွယ်ရေးအတွက် မြန်မာ့တပ်မတော်မှ  အသက်သွေးချွေး မြောက်မြားစွာ ပေးဆပ်ခဲ့ရခြင်းသည် ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်အမျိုးကို ထိပါးသည့်အတွက်  ကာကွယ်စောင့်ရှောက်ခြင်းပင် ဖြစ်ပါသည်။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ အဆုံး သတ်ခဲ့သည့် ရန္တပိုစာချုပ်ကို ဖတ်ရှုလေ့လာ ကြည့်လျှင် ရခိုင်ပြည်သည် ဗမာဘုရင်ပိုင် နက်နယ်မြေတစ်ခု ဖြစ်ခဲ့သည်ကို အထင်အရှား တွေ့ရ မှာဖြစ်ပါသည်။
    ၁၈၂၆ ခုနှစ် အင်္ဂလိပ်တို့ ရခိုင်ပြည်ကို အုပ်ချုပ်စဉ်မှာ အိန္ဒိယနိုင်ငံ၏ လက်အောက်ခံတိုင်း အဖြစ်သတ်မှတ်ပြီး ခရိုင်ငါးခုခွဲခြား အုပ်ချုပ်ပါသည်။ စစ်တွေ ခရိုင်၊ အမ်းခရိုင်၊ ရမ်းဗြဲခရိုင်၊ သံတွဲ ခရိုင်နှင့် စစ်တွေမြို့ ဟူ၍ ဖြစ်ပါသည်။ ရခိုင်တိုင်းကိုအင်္ဂလိပ်တို့ အုပ်ချုပ်ခဲ့ရာမှာ ရှမ်းပြည်၊ ကယားပြည်တွေမှာလို စော်ဘွား၊ စောဖျာရာထူးတွေပြန်ပေးပြီး ခန့်အပ်ထားတာ မရှိခဲ့ပါဘူး။ အင်္ဂလိပ်တို့က ဒေသကျယ်ပြန့်ပြီး လူဦးရေနည်းပါးသည့် အတွက် ရခိုင်ပြည်ထဲကို အိန္ဒိယနိုင်ငံ စစ်တကောင်းနယ် (ယခုဘင်္ဂလားဒေ့ရှ်)က ဘင်္ဂါလီမူဆလင်များကို အပြုံ လိုက်သွတ်သွင်းပြီး စိုက်ပျိုးရေးလုပ်ငန်းများကိုဆောင်ရွက်စေခဲ့ပါသည်။ မြေရိုင်းဝေငှပေးသည့် ဥပဒေပြဋ္ဌာန်း လိုက်သည့်အတွက် ဘင်္ဂါလီတွေ အတားအဆီးမရှိ ထပ်မံဝင်ရောက်လာနိုင်ခဲ့ကြပါသည်။ အထူးသဖြင့် လူနေနည်းပါးသည့် ရခိုင်ပြည်(မြောက်ပိုင်း)ဘူးသီးတောင်၊မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ ဒေသများမှာကျေးရွာထူထောင် အခြေချစေခဲ့ပါသည်။ ထိုသို့ နေထိုင်ခဲ့ရာမှ ဘင်္ဂါလီတွေ အခြေကျလာသည့်အခါ ဒေသခံ တိုင်းရင်းသားရခိုင်များကို အနိုင်ကျင့် နယ်မြေသိမ်းလာ တာတွေ ဖြစ်လာခဲ့ပါသည်။ အင်္ဂလိပ်က ထိထိရောက်ရောက်အရေးမယူဘဲ မသိကျိုးကျွန်ပြု မျက်နှာလွှဲထားခဲ့ တာပဲဖြစ်ပါသည်။ ဇာတိမာန်ကြီးသည့် ရခိုင်များကို ဖိနှိပ်ထားခြင်းဖြစ်ပါသည်၊ (ယခုချိန်ထိလည်း ဘင်္ဂလားဒေ့ရှ်သည် အင်္ဂလိပ်၏ မဟာမိတ်စီး ပွားဘက်နိုင်ငံပဲ ဖြစ်ပါသည်။ အိန္ဒိယက ခွဲထွက်နိုင်အောင်လည်း သူတို့ပဲပံ့ပိုးပေးခဲ့တာဖြစ်ပါသည်။ စကားချပ်)
    ဒုတိယကမ္ဘာစစ်အတွင်းက ရခိုင်တိုင်းမှာ ရခိုင်၊ ဘင်္ဂါလီတို့ လက်နက်များ ပြန့်ပွားစွာ ကိုင်တွယ် ထားခဲ့ကြပါသည်။ ရခိုင်နှင့် စစ်တကောင်းသား ဘင်္ဂါလီတို့ကြားမှာ အဓိကရုဏ်းဖြစ်ပွားခဲ့ရာ ရခိုင်အရာရှိ ICS ဦးကျော်ခိုင်လုပ်ကြံခံရပြီး ရခိုင်အမြောက်အမြား စစ်တကောင်းနယ်ထဲသို့ ဒုက္ခသည်အဖြစ် ပြောင်းရွှေ့သွားခဲ့ရပါသည်။ မဟာမိတ်တပ်များ ရခိုင်ပြည်နယ်အတွင်း ပြန်လည်ဝင်ရောက်လာသည့်အခါ ထိုရခိုင်ဒုက္ခသည်များကို တပ်မတော်၏အကူအညီဖြင့် မူလနေရာဟောင်းများ တွင် ပြန်လည်နေထိုင်စေခဲ့ပါသည်။ သို့သော် ဘင်္ဂါလီများက လက်မခံတော့ဘဲ နေထိုင်လို့မရအောင် အနုနည်း၊ အကြမ်းနည်း များသုံးပြီး မနေနိုင်အောင်ဆောင်ရွက်ခဲ့ကြပါသည်။ ထိုလှုပ်ရှားမှုကို အစပြုပြီး လွတ်လပ်ရေးမရမီမှာ ပင် ရခိုင်ပြည်နယ်အတွင်းမှာ မွတ်ဆလင် လက်နက်ကိုင်အဖွဲ့ ပေါ်ပေါက်လာခဲ့ပါသည်။
    ထိုအချိန်ကစပြီး နယ်မြေချဲ့ထွင်လာနေသည့်  စစ်တကောင်းသား ဘင်္ဂါလီတို့သည် မြန်မာနိုင်ငံ လွတ် လပ်ရေးရတော့မှာ သေချာသည့် အချိန်ရောက်တော့ ဘူးသီးတောင်၊ မောင်တော ဒေသများကို မွတ်ဆလင် သီးခြားပြည်နယ် ဖြစ်ထိုက်သည်ဟု ယူဆကာ ဂျနီးရာတူ အူလီမာအဖွဲ့ ဖွဲ့စည်းပြီး သီးခြား ပြည်နယ်ရရှိရေး တောင်းဆိုခဲ့ကြပါသည်။ ထိုအဖွဲ့သည်ပင် နည်းမျိုးစုံဖြင့် ရခိုင်ပြည်သူများ၊ ဝန်ထမ်း များကို သတ်ဖြတ်ခဲ့ကြပြီး မူဂျာဟစ်အမည်ဖြင့် လက်နက်ကိုင်အဖွဲ့များကို ဖွဲ့စည်းခဲ့ကြပါသည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရသည့်အခါ မူဂျာဟစ်အဖွဲ့ အားကောင်းလာပြီး မောင်တော(မြောက်ပိုင်း)ရှိ ရခိုင်ရွာ များကို ဖျက်ဆီးသိမ်းပိုက်ကာ ဘူးသီးတောင်၊ ဘော်လီဘဇာမြို့များကို ခြိမ်းခြောက်လာနေပြီ ဖြစ်သည့် အတွက် ၁၉၄၈ ခုနှစ် နိုဝင်ဘာလမှာ အစိုးရက ထိုဒေသများကို စစ်အုပ်ချုပ်ရေးကြေညာပြီး အမှတ်(၅) ဗမာ့သေနတ်ကိုင် တပ်ရင်းကို စေလွှတ်နှိမ်နှင်းစေခဲ့ရပါသည်။ ထို့အပြင် တပ်မတော်က တစိုက်မတ်မတ်ချေ မှုန်းပေးခဲ့သည့်အတွက် ၁၉၅၄ ခုနှစ်ခန့်ကစပြီး မူဂျာဟစ်အဖွဲ့များ အခိုင်အမာ စခန်းများ ဖွဲ့စည်းနိုင်ခြင်းမရှိတော့ဘဲ နယ်စပ်ဒေသများမှာသာ နေထိုင်ရင်း မူဂျာဟစ်လက်နက်ကိုင်အ ဖွဲ့ မှေးမှိန်သွားခဲ့ရပါသည်။
    ထိုသို့ မွတ်ဆလင်မူဂျာဟစ်များ လက်နက်ကိုင်ပြီး ရခိုင်ပြည်သူလူထုကို ဒုက္ခပေးသတ်ဖြတ်နေချိန်မှာ ရခိုင်နိုင်ငံရေးသမားများနှင့် ရခိုင်လွတ်မြောက်ရေး လက်နက်ကိုင်အဖွဲ့များသည် ထိရောက်သည့်တုံ့ပြန်မှု၊ တိုက်ခိုက်မှုများမလုပ်ခဲ့ကြပါ။ မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးတော့မည့် အချိန်တွင် အင်္ဂလိပ်က သူသိမ်းပိုက်ထားခဲ့သည့်အတိုင်း ရခိုင်ပြည်နယ်ကို ဗမာပိုင်အဖြစ် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ပါသည်။ ထို့အပြင် ရခိုင်နိုင်ငံရေးသမားများ၏ တောင်းဆိုမှု၊ မွတ်ဆလင်များ၏ တိုက် ခိုက်မှုများကို ဘာတစ်ခုမှ ဖြေရှင်းပေးသွားခဲ့ခြင်းမရှိခဲ့ပါ။ 
    ပင်လုံညီလာခံ သဘောတူညီချက် ရရှိပြီးနောက် လွတ်လပ်ရေးရဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲနေချိန်မှာ ရခိုင်အမျိုးသားတို့၏ ပြည်နယ်ရရှိရေးတောင်းဆိုမှုများ စတင်လာခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှားရှိဆဲပါ။ ၁၉၄၇ ခုနှစ် ဇွန်လ ၅ ရက် ရန်ကုန်မြို့ မင်္ဂလာသုခကျောင်း တိုက်မှာ ရခိုင်အမျိုးသားအစည်းအဝေး ကျင်းပခဲ့ကြပြီး ရခိုင်ပြည်အား  လွတ်လပ်သော သီးခြားအုပ်ချုပ်ရေးပေးရန် တောင်းဆိုခဲ့ ကြပါသည်။ လွတ်လပ်ရေးရပြီးနောက် ၁၉၅၃ ခုနှစ် ဇန်နဝါရီလ စစ်တွေမြို့ ဝင်္ကပါကွင်းမှာ ကျင်းပသည့် ရခိုင်ပြည်လုံးဆိုင်ရာ ညီလာခံသဘင်ကလည်း ရခိုင်တိုင်းအား ပြည်နယ်ပေးရန် တောင်းဆိုခဲ့ပါသည်။ ၁၉၅၆ ခုနှစ် ဖေဖော်ဝါရီလ ၂၂ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ရမ်းဗြဲအမတ် ဦးဘမြိုင်က ရခိုင်ပြည် နယ်ပေးရန် အဆိုတင်သွင်းခဲ့ပါသည်။
    ထိုသို့နိုင်ငံရေးအရ တောင်းဆိုခဲ့ကြသလို လက်နက်ကိုင်အဖွဲ့ဖွဲ့စည်းပြီး လက်နက်ကိုင်လမ်း စဉ်အရလည်း ပြည်နယ်ခွဲထွက်ရေးလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြပါသည်။ ရခိုင်ပြည်နယ်အတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ဗကပ၊ အလံနီကွန်မြူနစ်နှင့် ရခိုင်ပြည်သူ့လွတ်လပ်ရေးအဖွဲ့ ဟူ၍ ရှိခဲ့ပါသည်။ ရခိုင်တိုင်းရင်းသားများအဖြစ် ရခိုင်ပြည်ပြောက်ကျားစစ်ကောင်စီဥက္ကဋ္ဌ၊ ပြည်သူ့ လွတ်လပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ရခိုင်တိုင်းလုံးဆိုင်ရာအသင်းဥက္ကဋ္ဌ တာဝန်များကို ယူထားသည့် ဘုံ ပေါက်သာကျော်အဖွဲ့၊ ရခိုင်အလံနီကွန် မြူနစ်ပါတီဥက္ကဋ္ဌ ရဲနီကျော်ဇံရွှီးတို့ပဲ ဖြစ်ကြပါသည်။ ဘုံပေါက်သာကျော်အဖွဲ့က ရခိုင်ပြည်နယ်(တောင်ပိုင်း)မှာ လှုပ်ရှားပြီး ၁၉၅၅ ခုနှစ်မှာ လက်နက်ချ အလင်းဝင်ခဲ့သည့်အတွက် ထိုအချိန်ကစပြီး ရခိုင်ပြည်နယ်(တောင် ပိုင်း)အေးချမ်းသွားခဲ့သည်ဟု ဆိုနိုင်ပါသည်။ ရခိုင်ပြည်နယ်(မြောက်ပိုင်း)သည် ၁၉၇၁ ခုနှစ်မှာ ဆောင်ရွက်သည့် မြန်မာ့တပ်မတော်၏ 'ပြည်သူ့အားမန်စစ်ဆင်ရေး'  နောက်ပိုင်းကာလများမှစ၍ ပဲခူးရိုးမမှာ ဗကပတို့ ချုပ်ငြိမ်းသွား ချိန်နှင့် အလံနီကွန်မြူနစ်အဖွဲ့တို့ လက်နက်ကိုင်လမ်းစဉ် စွန့်ခွာသွားချိန်များကို အခြေခံပြီး တည် ငြိမ်သွားခဲ့ရသည်ဟု ဆိုနိုင်ပါသည်။
    ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ရခိုင်တိုင်းရင်းသားများ အလိုရှိသည့် ရခိုင်ပြည်နယ် ရရှိရေးကို ၁၉၆၂ တော်လှန်ရေးကောင်စီအစိုးရလက်ထက်မှာ စတင်ဆောင်ရွက်ခဲ့ပြီး ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရခိုင်တိုင်းကို ပြည်နယ်အဖြစ် သတ်မှတ် အတည်ပြုပေးခဲ့တာပဲ ဖြစ်ပါသည်။ ဆိုရှယ်လစ်ခေတ်မှာ ဆိုရှယ်လစ်စနစ်၊ တပ်မတော်အစိုးရလက် ထက်မှာ တပ်မတော်အစိုးရ၏ မူဝါဒများအရ ပြည်နယ်အခွင့်အာဏာကို ရရှိကျင့်သုံးစေခဲ့တာ တွေ့ရပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း ရခိုင် ပြည်နယ်တွင် ရခိုင်တိုင်းရင်းသားများ လွတ်လပ်စွာ နိုင်ငံရေးလှုပ်ရှားခွင့်၊ ရွေးချယ်ပိုင်ခွင့်၊ ရွေးချယ်ခံခွင့်များ ရရှိစေခဲ့သည်ကို တွေ့ရပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဗဟိုချုပ်ကိုင်မှုအရ ရခိုင်ပြည်နယ်မှာ မဲနိုင်သည့် ရခိုင်ပါတီက အစိုးရလုပ်ခွင့်မရဘဲ ဗဟို၏ ခန့်အပ်ချက်အရသာ ဖြစ်စေခဲ့သည်ကလွဲ၍ ရခိုင်တိုင်းရင်းသားများအရေးကို လွတ်လပ်စွာ ဆောင်ရွက်နိုင်သည်ကို တွေ့ရမှာ ဖြစ်ပါသည်။ ရခိုင်ပြည်သူများ၏ ထပ်မံလို အပ်ချက်များသည် အခြေခံဥပဒေအရ ပြင်ဆင်နိုင်ခွင့်ရှိသည့်အတွက် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် မဖြစ်လာနိုင်စရာ မရှိဟု ဆိုနိုင်ပါသည်။
    ယခုအခါ ရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပွား လျက်ရှိသည့် AA နှင့် တပ်မတော်၏ တိုက်ပွဲများ သည် တပ်မတော်ကစတင်ခဲ့သည့် ဇာတ်လမ်းမဟုတ်ပါ။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ အတည်ပြုပြီးချိန်မှာ လက်နက်မစွန့်လိုသည့် KIA ၏ တိုင်းရင်းသားဒေသများတွင် လက်နက်ကိုင်အဖွဲ့များ ပေါ်ပေါက်ရေးမူဝါဒအရ မြှောက် ပင့်ပံ့ပိုးပေးမှု၊ တရုတ်နိုင်ငံ၏ Proxy အဖြစ်ထားရှိလိုမှု များအရ ဗဗ ဆိုသည့် အဖွဲ့အစည်း ပေါ်လာခဲ့ခြင်းဖြစ်ပေသည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး ၂၀၀၈ ခုနှစ်အခြေခံ ဥပဒေအရ ပေါ်ပေါက်လာသည့်အစိုးရ၏ မူဝါဒအရသာ တပ်မတော်က လိုက်နာဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ ဖွဲ့စည်း ပုံအခြေခံဥပဒေအရမဟုတ်ဘဲ ပေါ်ပေါက်လာသည့် သူပုန်ထခြင်းကို တပ်မတော်အနေဖြင့်လည်း လက်ခံ၍မရပါ။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရလက်ထက်မှာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် NLD အစိုးရ၏ မူဝါဒအရသာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့သည့် ရခိုင်လူထုအပေါ် အကြမ်းဖက်ခဲ့သည့် ဘင်္ဂါလီများကို တပ်မတော်က နှိမ်နှင်းခဲ့ခြင်းသည် အစိုးရ၏မူဝါဒ အရ အချုပ်အခြာအာဏာနှင့် တိုင်းရင်းသားများအပေါ် စောင့်ရှောက်ခဲ့ခြင်းသာ ဖြစ်ပေသည်။ ၂၀၂၁ ခုနှစ် တပ်မတော်က နိုင်ငံတော်တာဝန်ကို ခေတ္တရယူထားချိန်မှာလည်း AA နှင့် ပတ်သက်၍တပ်မတော်က စတင်ခဲ့ခြင်းမရှိတာ အသိသာကြီးပါ။ ရှမ်းပြည်(မြောက်ပိုင်း)မှာ စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးကစပြီး တစ်ဖက်နိုင်ငံ၏ လိုလားချက်နှင့် AA ၏ တိုက်ပွဲဆင်နွှဲပြီး နယ်မြေအပိုင်ရရှိလို မှုများအရ ဖြစ်သည်ကို လူတိုင်းသိကြပါသည်။ 
    ငြိမ်းချမ်းရေး၊ တိုင်းရင်းသား ပြည်သူများ၏ အရေး၊ တိုင်းပြည်အတွင်း ဒီမိုကရေစီထွန်းကားရေးကိစ္စများကို ရှေးရှုပြီး တပ်မတော်အပိုင်းက အပစ်အခတ် ရပ်ဆဲရေးကို လိုလားနေခြင်းဖြစ်သည်ဆို တာကို AA တို့ နားလည်သင့်သည်။ လက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် နေရာဌာနကိုလိုက်၍ တပ်မတော်က မည်သို့တိုက်ခိုက်သည်ကို AA တို့ အသိဆုံးဖြစ်ပါလိမ့်မည်။ ရခိုင်ပြည်နယ်အတွင်းရှိ ရခိုင်ပြည်နယ်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ၏ အချုပ်အခြာအာ ဏာကိုထိပါးစေမည့် မဟာဗျူဟာ နယ်မြေများကိုမထိစေဖို့တော့ AA တို့ကို သတိပေးလိုသည်။ လက်ရှိရယူ တပ်စွဲထားနိုင်သော ဒေသများကိုလည်း အပိုင်ဟူ၍ သတ်မှတ်မထားစေလိုပါ။ ဆွေးနွေးညှိနှိုင်းခြင်း၊ ဥပဒေအရ သတ်မှတ်ထားခြင်းမရှိပါက ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းရှိ နယ်မြေအားလုံး၏ အချုပ်အခြာအာဏာသည် မြန်မာနိုင်ငံသားအားလုံးနှင့် ဖွဲ့စည်းပုံအခြေ ခံဥပဒေတွင်သာ တည်ရှိ သည်ကို တပ်မတော်အပါအဝင် လက်နက်ကိုင်အဖွဲ့များအားလုံး နားလည်လိုက်နာဖို့လိုပေလိမ့်မည်။     ( ဇော်နိုင် )

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၁၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )
 

Total Views ~ 423

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42975

© 2022 - 2025 News. All Rights Reserved.