၂၀၂၄ ဧပြီ ၂၈
မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ပတ်သက်ပြီး အယူအဆအမျိုးမျိုးရှိကြတာ တဖြည်းဖြည်းနှင့် ပိုမိုထင်ရှားလာနေပြီဖြစ်ပါသည်။ လွတ်လပ်ရေးရပြီးစ အချိန်ကာလမှာ အယူအဆ အနည်းငယ်သာ ရှိခဲ့သော်လည်း ယခုအခါမှာ အယူအဆအမျိုးမျိုးရှိနေ ကြပြီဖြစ်ပါသည်။ ကိုယ့်နိုင်ငံ၏ ရေမြေသဘာဝကို အခြေခံပြီး စဉ်းစားတည်ဆောက်ကြသူများရှိသလို စိတ်ခံစားချက်အရ စိတ်ကူးယဉ်တည်ဆောက်လိုသူများ၊ လူမျိုးရေးအမြင်အရ တည်ဆောက်လိုသူများ၊ လက်နက်ဖြင့် အာဏာတည်ဆောက်ပြီး သီးခြားခွဲထွက်လိုသူများ၊ တိုင်း တစ်ပါးလွှမ်းမိုးမှုအပေါ် အခြေခံသူများ စသဖြင့် တွေ့ရှိရမှာဖြစ်ပါသည်။ ထို့အပြင် သမိုင်းကြောင်းအရ ဖြစ်တည်လာခဲ့ကြသည့် ပြည်ထောင်စုတိုင်းရင်းသားများအရေးတင်မကဘဲ ဘာသာရေးအပေါ်အခြေခံပြီး ကျူးကျော်ဝင်ရောက်လာသူများ၏ တိုင်းရင်းသားဖြစ်ရေး၊ နယ်မြေရရှိရေး ဖန်တီးကြိုးစားလာနေမှုများလည်းတွေ့ ရမှာဖြစ်ပါသည်။
၂၀၂၄ ခုနှစ် ဧပြီလ ၄ ရက်မှ ၉ ရက်အထိ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို National Unity Consultative Council (NUCC) က ဦးဆောင်ကျင်းပခဲ့သည်ဟု သိရပါသည်။ ထိုညီလာခံမှာ CRPH အပါအဝင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီကိုယ်စားလှယ်များ၊ နွေဦးတော်လှန်ရေး အင်အားစုများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အင်အားစုများမှ ကိုယ်စားလှယ်များ၊ ကြားကာလ ပြည်နယ်၊ ဖက်ဒရယ် ယူနစ်ကောင်စီများမှ ကိုယ်စားလှယ်များ စုစုပေါင်းကိုယ်စားလှယ် ၂၀၄ ဦး၊ ညီလာခံတွင်ဆွေးနွေးရန် အထူးဖိတ်ကြားထားသူ ၁၀၄ ဦး၊ လေ့လာသူ ၁၂၈ ဦးတို့ပါဝင်ခဲ့ကြသည်ဟု NUCC ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
သုံးနှုန်းထားသည့် အသုံးအနှုန်းက ပြည်သူ့ညီလာခံဟု ဆိုထားသော်လည်း အမှန်တကယ်တက်ရောက်ဆွေးနွေးသူများဟာ ပြည်သူလူထုကို တကယ်ပဲ ကိုယ်စားပြုပါသလား။ စဉ်းစားစရာရှိပါသည်။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီသည်ပင်လျှင် ပြည်သူလူထုက တင်မြှောက်ထားသည့် ပြည်သူကို ကိုယ်စားပြုသည့်အဖွဲ့အစည်းဟုတ်ပါရဲ့လား။ NUCC ကို စတင်ဖွဲ့စည်းခဲ့သည်မှာ ၂၀၂၁ ခုနှစ် မတ်လ ၈ ရက်ဖြစ်ပါသည်။ ရွေးကောက်ပွဲမှတစ်ဆင့် ရရှိထားသောပြည်သူ့ထောက်ခံမှုအရ တရားဝင်မှု (De jure Legitimacy)၊ အခြားနည်း လမ်းများဖြင့်ရရှိထားသော ပြည်သူ့ထောက်ခံမှုအရ တရားဝင်မှု (Defacto Legitimacy) နှစ်ခုအပေါ်အခြေခံထားသည့် (က)ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအပါအဝင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ (ခ)နိုင်ငံရေးပါတီများ၊ (ဂ) သမဂ္ဂများ၊ အမျိုးသမီးများ၊ လူငယ်နှင့်လူနည်း စုဆိုင်ရာ အဖွဲ့အစည်းများအပါအဝင် အရပ်ဘက်အဖွဲ့ အစည်းများ၊ အာဏာရှင်ဆန့်ကျင်ရေးတွင်ပါဝင်နေကြသော နိုင်ငံ့ဝန်ထမ်းများ အပါအဝင် CDM လှုပ်ရှား မှုဆိုင်ရာ အဖွဲ့အစည်းများ၊ လူထုသပိတ်လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ (ဃ) တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ (င) ကြားကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ်ကိုယ်စားပြုနှင့် လူ မျိုးအခြေပြုအဖွဲ့အစည်းများ၊ ကောင်စီများ စသည့် အစုအဖွဲ့များမှာပါဝင်သည့် အဖွဲ့အစည်း ၃၀ ဖြင့် ဖွဲ့ စည်းထားသည်ဟု ဆိုပါသည်။
NUCC ဖွဲ့စည်းမှု၏ အစသည် CRPH က စတင်ခဲ့ခြင်းဖြစ်ပါသည်။ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နိုင်ငံရေးအပြောင်းအလဲကာလမှာ ပြည်ပသို့ထွက် ခွာသွားကြသည့် NLD ပါတီဝင်များ၊ အငြင်းပွားဖွယ် မဲရရှိထားသည့် ကိုယ်စားလှယ်များက CRPH ကို စတင်ဖွဲ့ စည်းခဲ့ခြင်းဖြစ်ပါသည်။ ထို့နောက် NUG ၊ NUCC တို့ကို ဆက်လက်ဖွဲ့စည်းခဲ့တာပဲဖြစ်ပါသည်။ သူတို့၏ ဖွဲ့စည်း မှုကိုကြည့်လျှင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံဘူး၊ မကြိုက်ဘူး၊ ပျက်စီးသွားပြီဆိုသော်လည်း ထိုအခြေခံဥပဒေ၏ ဖွဲ့စည်းမှုများကို အတုခိုးထားတာ သတိထားကြည့်လျှင် သိနိုင်ပါသည်။ NUG ဖွဲ့စည်းမှုနှင့် NUCC ဖွဲ့စည်းမှုများကို လေ့လာကြည့်လျှင် အုပ်ချုပ်မှု အာဏာကို NLD နှင့် NLD လိုလားသည့် ပုဂ္ဂိုလ်များက ရယူထားခြင်းဖြစ်ပြီး NUCC ဖွဲ့စည်းမှုကိုကြည့်လျှင် ဒေါ်အောင်ဆန်းစုကြည်၏အရှိန်ဖြင့် ပြည်ပကိုရောက်နေသည့်၊ နိုင်ငံတော်ကိုဆန့်ကျင်နေသည့် အဖွဲ့အစည်းအသီးသီးနှင့် လက်နက်ကိုင်အဖွဲ့ အစည်းများကို ၎င်းတို့နောက် လိုက်ပါလာစေရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းသာ ဖြစ်ပါသည်။
ညီလာခံကျင်းပမှုနှင့် ဦးဆောင်ကျင်းပသည့် NUCC တို့သည် ပြည်သူကို ကိုယ်စားပြုရဲ့လားဆို တာကလည်း အငြင်းအခုံဖြစ်စေနိုင်သည့် ကိစ္စတစ်ခုဟု ဆိုရပေလိမ့်မည်။ ထိုညီလာခံကို တက်ရောက်သူများသည် ပြည်ပကို အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသည့် ပြည်ပြေးများဖြစ်ကြသလို အများစုက ပြည်ပနိုင်ငံတစ်ခုခု၏ နိုင်ငံသား ခံယူထားသူများလည်း ဖြစ်ကြပါသည်။ ၂၀၂၁ ခုနှစ်နိုင်ငံရေးအခြေအနေအရ ပြည်ပကိုရောက် သွားခဲ့ကြသူများအပြင် ခေတ်အဆက်ဆက်ကပင် နိုင်ငံခြားမှာ နေထိုင်ကြသူများလည်း ပါဝင်ခဲ့တာကိုတွေ့ရမှာဖြစ်ပါသည်။ ထိုညီလာခံတက်သူများအနက် ၂၀၂၁ ခုနှစ်က ထွက်ခွာသွားသူများထဲတွင် ပြည်သူ့ကိုယ်စားလှယ်အဖြစ် သတ်မှတ်နိုင်သည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲနိုင်ထားသူ မည်မျှပါဝင်ပါသနည်း။ သုံး၊ လေး၊ ငါးဆယ်ပင်ရှိပါ့မလား။ ထိုသူတွေ၏ မဲကရော စစ်မှန်သည့်မဲအဖြစ် သတ်မှတ်နိုင်ပါ့မလား။ တချို့နိုင်ငံရေးပါတီနှင့် တချို့အဖွဲ့အစည်းများ၊ သမဂ္ဂများသည် လူနှစ်ယောက်တစ်ပိုင်းဖြင့် ကြီးကြီးကျယ်ကျယ် အမည်တပ်ဖွဲ့စည်းထားပြီး ခါတော်မီ ပါဝင်လာကြသည်ကိုလည်းတွေ့ရမှာဖြစ်ပါသည်။
ထိုပြည်သူ့ညီလာခံနှင့်ပတ်သက်ပြီး ညီလာခံအပြီးမှာ အသံမျိုးစုံထွက်လာတာ သတိထားမိပါသည်။ နောက်ထပ် ခြောက်လနေလျှင် တစ်ကြိမ်ထပ်မံပြုလုပ်ပြီး ခြောက်လတစ်ကြိမ်ပြုလုပ်ရန် ရည်ရွယ်ထားကြောင်း လည်းသိရှိရပါသည်။ ထိုညီလာခံ၏ အနှစ်သာရသည် မြန်မာနိုင်ငံအတွက် ဖွဲ့စည်းမှုမှန်ကန်ပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် လက်တွေ့ကျကျ ပညာရှင်ဆန်ဆန် သုံးသပ်ဆုံးဖြတ်ရှေးရှုနိုင်လျှင် လက်ခံနိုင်ဖွယ်ရှိကောင်း ရှိပါလိမ့်မည်။ ယခုကျင်းပပြီးစီး ခဲ့သည့် ပြည်သူ့ညီလာခံ၏ အနှစ်သာရကိုကြည့်လျှင် အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု ပုတ်ခတ်ခြင်း၊ အားပြိုင်ခြင်း၊ ရန်လိုခြင်းများသာ တွေ့ရပါသည်။ ညီလာခံအပြီးမှာ ညီလာခံ တက်ရောက်ခဲ့သည့် KNU က စောတောနီးကပင် KNU နှင့် NUG မှာ ပါဝင်ခြင်းသည် မဟာမိတ်မဟုတ်ဘဲ မိတ်ဘက်ပြုခြင်းသာဖြစ်ကြောင်း၊ မူဝါဒခြင်းမတူပါက အချိန်မရွေး လမ်းခွဲသွားမှာဖြစ်ကြောင်း ပြောကြားခဲ့တာကို လည်းတွေ့ ရမှာဖြစ်ပါသည်။
ယခု ပြည်သူ့ညီလာခံသည် ပြည်သူကိုကိုယ် စားမပြုဘဲ ပြည်သူ့အမည်ခံပြီး NUCC မှာ ပါသည့် အဖွဲ့ အစည်းအသီးသီးက CRPH နှင့် NUG ကို ဝေဖန်ထိုးနှက်တိုက်ခိုက်ခြင်း သက်သက်သာ ဖြစ်သည်ကိုတွေ့ရမှာ ဖြစ်ပါသည်။ CRPH အနေဖြင့် သူ့အလိုကျ သူကိုယ်တိုင်ဖွဲ့စည့်ပေးခဲ့သည့် CRPH က သူ့ကို ပြန်လည်တိုက် ခိုက်ခြင်းသာ ဖြစ်ပါသည်။ ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ကိုက်ခြင်းပင်ဖြစ်ပါသည်။ CRPH ၏ တင်ပြချက်ကို ညီလာခံသဘာပတိက တင်ပြခွင့်မပြုခဲ့ခြင်းသည် CRPH ကို အမြီးလှန်ချိုးခြင်းဟု ဆိုရမလားပင်မသိ။ ထိုအခြေ အနေများကြောင့်လည်း ညီလာခံထပ်တိုးသည့်ရက်ကို NUG နှင့် CRPH တို့ တက်ရောက်ခြင်းမပြုခဲ့တာပဲဖြစ်ပါ သည်။
CRPH, NUG နှင့် NUCC တို့ အားပြိုင်ရန်ဆောင်နေသည့် ပြဿနာသည် ယခုမှမဟုတ်ပါ။ ပထမအကြိမ် ပြည်သူ့ညီလာခံကာလကပင် စတင်ခဲ့ခြင်းဖြစ်ပါသည်။ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲအတည်ပြုခြင်းအတွက် NUCC က NUCC နှင့် ပြည်သူ့ညီလာခံမှာ အတည်ပြု မည်ဟုဆိုခဲ့ရာ CRPH က ပြည်ထောင်စုလွှတ်တော်ကသာ အတည်ပြုရမှာဖြစ်သည့်အတွက် CRPH ကသာ အတည်ပြရမှာဖြစ် သည်ဟူ၍ တုံ့ပြန်ခဲ့ရာမှ NUCC က ဖွဲ့စည်းပေးခဲ့သည့် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံရေးဆွဲရေးကော်မတီ၏ ဆောင်ရွက်ချက်များ ရပ်တန့်သွားခဲ့သည်ကို တွေ့ ရမှာဖြစ်ပါသည်။ NUCC မှာပါသည့် NUG က ကိုယ် စားလှယ်များကတော့ အသွင်ကူးပြောင်းရေးကာလဖွဲ့ စည်းပုံအခြေခံဥပဒေမူကြမ်းကို NUCC သို့ ရေးဆွဲတင်ပြထားသော်လည်း ယခုအချိန်ထိ အတည်ပြုနိုင် ခြင်းမရှိသေးပါ။ ထိုအသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အုပ်ချုပ်မှုပုံ သဏ္ဌာန်သည်လည်း အသက်ဝင်မှုမရှိသလို လတ်တလောကာလ နယ်မြေထိန်းချုပ်ခွင့်ရထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အုပ်ချုပ်မှုပုံသဏ္ဌာန်၊ နဂိုရရှိပြီးသားတိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၏ ရပ်တည်မှုများသည် ၎င်းတို့ရည်မှန်းထားသည့် ကြားကာလ အုပ်ချုပ်မှုပုံသဏ္ဌာန်နှင့် ကိုက် ညီမှုမရှိပါ။ ထို့အပြင် ၎င်းတိုမှန်းထားသည့် ပုံသဏ္ဌာန်ကိုလည်း လားလားမျှ လက်ခံနားထောင်မည့် အခြေအနေမှာမရှိဟု ဆိုရပေလိမ့်မည်။ ယခုညီလာခံမှာပင် NUG နှင့် KNPP တို့က အက်ကြောင်းသံ ထွက်နေပြီဖြစ်သည် ကို တွေ့ရမှာဖြစ်ပါသည်။
ထိုပြည်သူ့ညီလာခံမှာ ၂၀၂၀ ရွေးကောက်ခံ ကိုယ်စားလှယ်များ၏ Mandate သည် ငါးနှစ်ပြည့် လျှင် မည်သို့ဖြစ်တည်မလဲ ဆိုသည့်မေးခွန်းနှင့်ပတ်သက်ပြီး Freelance Journalist သက်ထွေးနိုင်က မေးမြန်း ခဲ့ရာ ဒေါက်တာလွမ်းဝေက မေးခွန်းများရှိခဲ့သော်လည်း ပြည်သူ့ညီလာခံ၏ သဘောထား လုံးဝမဟုတ်ကြောင်းဖြေ ကြားခဲ့ပါသည်။ ထိုမေးခွန်းနှင့် သဘောထားသည် CRPH အနေဖြင့် ငါးနှစ်ပြည့်ပြီးလျှင် မည်သို့ဆက်လက် ရပ်တည်မှာလဲဆိုသည့် ထိုးနှက်မှုနှင့် NUCC မှာပါသည့် ကျန်အစုအဖွဲ့များ၏ သဘောထားဟု ယူဆရမှာဖြစ်ပါသည်။ ထိုမေးခွန်းနှင့်ပတ်သက်ပြီး စည်သူမောင်က တော်လှန်ရေးဆောင်ရွက်နေသည့် ကြားကာလအောင် မြင်သည်အထိ ဆက်လက်တည်ရှိနေမှာဖြစ်ကြောင်း ဆို ပါသည်။ စစ်အစိုးရမပြုတ်ကျမချင်း ကိုယ်စားလှယ်များ၏ Mandate နှင့် CRPH တည်ရှိနေမည်ဟု ဆိုလိုခြင်းသာဖြစ်ပါသည်။ ရွေးကောက်ပွဲအရ ရရှိထားသည်ဆိုသည့် လူထု Mandate နှင့်ပတ်သက်ပြီး ရယ်စရာကောင်းသည့်ကိစ္စလေးတစ်ခု ဒီညီလာခံအပြီးမှာ သတိထားမိသည်။ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲရရှိခဲ့သည့် NLD က ရွေးချယ်ခံကိုယ်စားလှယ်များသည် ယခုအခါမှာ တရား မဝင်တော့ဘဲ သူတို့သာတရားဝင်ကြောင်း ပြောဆိုမှုများ ပဲဖြစ်ပါသည်။ ထိုသူများကို နေရာပင် မပေးတော့ပါ။ စည်သူမောင်က သူတို့၏ Mandate သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရမဟုတ်ဘဲ ၂၀၂၀ ရွေးကောက်ပွဲမှာပေးတဲ့ ပြည်သူတွေ၏ သဘောထားအရ ဖြစ်သည်ဟု ဆိုထားပါသည်။ လိုရာဆွဲယူ တတ်သည့် အကျင့်က နိုင်ငံရေးသမားတွေမှာပါသည့် မွေးရာပါဇာတိလို့ ဆိုရမလားမသိ။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖြစ်တည်လာသည့် ရွေးကောက်ပွဲသည် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆောင်ရွက်ဖို့သာလျှင် ဖြစ်ပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်လိုက်ပြီဆိုလျှင် ထိုဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးချယ်ခံထားရသူများလည်း အလိုလိုပျက် ပြယ်ပြီး မဟုတ်ပါလား။ ဒါကျဖျက်တယ်။ ဟိုဟာကျယူမယ်ဆိုသည့် နိုင်ငံရေးသမားများ၏ သဘော ထားကလည်း အတော်ပင်သဘာဝမကျ ကိုးလိုးကန့်လန့်နိုင်လှသည်ဟု ဆိုရပေမည်။ အတော်လော ဘကြီးပြီး တစ်ကိုယ်ကောင်းဆန်သည့် အတွေးနှင့် အယူအဆဟု ဆိုရပေလိမ့်မည်။
ထို NUCC က ဦးဆောင်ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့ညီလာခံသည် မြန်မာနိုင်ငံအတွင်းရှိ လှည်းနေလှေအောင်း မြင်းဇောင်းမ ကျန်နေထိုင်သည့် တိုင်းရင်းသားပြည်သူများ၏ သဘောထားနှင့် ထင်ဟပ်မဟပ်၊ သဘောထားဟုတ်မဟုတ် သတိပြုရမှာဖြစ်ပါသည်။ ထိုညီလာခံက မြန်မာနိုင်ငံသား ဥပဒေ(၁၉၈၂)ကို ဖျက်သိမ်းရမည့်ဥပဒေအဖြစ် ဆုံးဖြတ်ခဲ့သည့်ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံ အမျိုး သားလုံခြုံရေးအတွက် အသက်တမျှအရေးကြီးသည့် ဥပဒေဖြစ်ပါသည်။တိုင်း တစ်ပါးသား မဟုတ်သည့် တိုင်းရင်းသားပြည်သူများအနေဖြင့် လက်ခံနိုင်လိမ့်မည်မဟုတ်ပါ။ ထို့အပြင် NUCC က ထုတ်ပြန်သည့် ထိုညီလာခံကချမှတ်ထားသည့် NUCC နှင့် NUG တို့လိုက်နာအကောင်အထည်ဖော်ရန် အဆိုပြုချက်နှင့် အကြံပြုချက်များ မှတ်တမ်းတင်ခြင်း စာတမ်းတွင် ရိုဟင်ဂျာလူမျိုးရေးဆိုင်ရာ မူဝါဒအမြန် ဆုံးထွက်ပေါ်လာရေး ဆက်လက်ရေးဆွဲရန်၊ တိုင်းရင်း သားပြည်သူလူထုများနှင့် ရိုဟင်ဂျာ လူမျိုးသုဉ်း သတ်ဖြတ်မှုများအပါအဝင် အစိုးရအဆက်ဆက်က ကျူးလွန်ခဲ့ သောအနိုင်ကျင့် ဖိနှိပ်ညှဉ်း ပန်းခဲ့မှုများအားလုံးအတွက် NUCC နှင့် NUG တို့မှဦးဆောင်၍ National Apology နိုင်ငံတော်အဆင့် ဝန်ချတောင်းပန်မှုပြုလုပ်ရန်ဟူ၍ ရေးသားထုတ်ပြန်ထားတာ တွေ့ရပါသည်။
ထိုအချက်အလက်များကို ကြည့်ခြင်းအားဖြင့် NUCC နှင့် NUG တို့၏ သဘောထားကို ထင်ရှားစွာတွေ့ရမှာဖြစ်ပါသည်။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လက်ခံနိုင်သည့် ကိစ္စမဟုတ်ပါ။ ဤနေရာတွင် နှစ်ပိုင်းခွဲပြောရပေလိမ့်မည်။ တိုင်းရင်းသားနှင့် ဘင်္ဂါလီခွဲခြားရမှာ ဖြစ်ပါသည်။ ခေတ်အဆက်ဆက်အစိုး ရများအနေဖြင့် တိုင်းရင်းသားများအပေါ် ဥပဒေအရသာမက မောင်နှမရင်းချာ ဆက်ဆံရေးကိုသာ အလေးထားဆောင်ရွက်ခဲ့တာ အထင်အရှားဖြစ်ပါသည်။ ဘင်္ဂါလီများအပေါ်မှာတော့ အစိုးရအ ဆက်ဆက်မှာ မူဝါဒတစ်ခုအနေဖြင့် လူမျိုးသုဉ်းသတ်ဖြတ်မှု လုံးဝပြုလုပ်ခဲ့ခြင်းမရှိသလို တည်ဆဲဥပဒေများအရ ဆောင်ရွက်ခဲ့ခြင်းသာရှိပါသည်။ NUCC က တိုင်းရင်းသားနှင့် ဘင်္ဂါလီကို ရိုဟင်ဂျာအဖြစ် ယှဉ်တွဲသုံးနှုန်းထားခြင်း၊ ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေ ဖျက်သိမ်းခြင်းများသည် ဘင်္ဂါလီများကို တိုင်းရင်း သားလူမျိုးတစ်မျိုးအဖြစ် ကျိန်းသေပေါက် အသိအမှတ်ပြုတော့ မည့်သဘော ဖြစ်ပါသည်။ မည်သို့မျှ တိုင်းရင်းသားပြည် သူတစ်ရပ်လုံး၏ ဆန္ဒဖြစ်လာနိုင်စရာ အကြောင်းမရှိဟု မြင်ပါသည်။
NUCC ၊ CRPH နှင့် NUG တို့၏ ဆောင်ရွက်ချက်များ၊ ပြည်သူ့ညီလာခံအမည်ခံ ဆောင်ရွက်ချက်များသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးများအတွက် အလားအလာကောင်းများဟု မည်သို့မျှဆို၍ ရနိုင်လိမ့် မည်မဟုတ်ပါ။ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုပြိုကွဲရေး၊ ပြည်ထောင်စုပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ ဆုံးရှုံးရေးကိုသာ ရှေးရှုနေသည့်လုပ်ရပ်များဟူ၍သာ ဆိုရပေလိမ့်မည်။ (ဇော်နိုင်)
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်(၁၄) တွင်ပါရှိသော ဆောင်းပါးအား တဆင့် ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )