၂၀၂၅ မတ် ၇
စင်ကာပူနိုင်ငံ Lee Kwan Yu School of Public Policy က Prof Kishore Mahbubani က သူ့ရဲ့ Living in the Asian Century ဆိုတဲ့ စာအုပ်မိတ်ဆက်ပွဲကို Alec Ash ဆို သူနဲ့လုပ်ပါတယ်။ ဒါကို Thinker's Forum ရုပ်သံက The West's Biggest Mistake on China ဆိုပြီး တရုတ်နဲ့ ပတ်သက်ပြီးတော့ ဥရောပသားတွေဟာ သူများနိုင်ငံတွေကို ဝေဖန်တဲ့ခေတ် ကုန်ပြီ။ ဒါနဲ့ပတ်သက်လို့ ခုထက်ထိ အိပ်ရာက မနိုးသေးပါဘူး။ ဒီခေတ်မျိုး ကုန်ခဲ့ပြီဆိုတာလဲ အခုထက်ထိ သူတို့ သဘောမပေါက်ကြသေးပါဘူးလို့ Kishore က ပြောသွားခဲ့ပါတယ်။ သူက ဒီနေရာမှာ မေးစရာ မေးခွန်းနှစ်ခု ရှိနေပါတယ်။ တစ်ခုက တရုတ်ဟာ ဘယ်သူ့ကိုမှ ဒုက္ခမပေးဘဲ အေးအေးချမ်းချမ်း နေမလား၊ ဒါမှမဟုတ် နိုင်ငံငယ်လေးတွေပေါ်မှာ မုဒိတာ ပွားနိုင်သလား ဆိုတာပါ။ ဒီမေးခွန်းနှစ်ခုဟာ တစ်သီးတခြားစီ ဖြစ်ကြောင်း၊၊ စကားအရာကြောင့်သာ တစ်ဆက်တည်း ပြောသွား လိုက်တာ ဖြစ်ကြောင်း၊ တကယ်တမ်း ကမ္ဘာ့စူပါ ပါဝါကြီးတွေဟာ တခြားနိုင်ငံ တွေအပေါ်မှာ မုဒိတာ ပွားနိုင်ခဲပါတယ်လို့ Kishore က သူ့အတွေ့အကြုံအရ ပြောသွားပါတယ်။
သူက ဆက်လက် ပြောကြားရာမှာ နိုင်ငံကြီးတွေဟာ တခြားနိုင်ငံတွေကို မုဒိတာ ပွားနိုင်ဖို့ထက် ကိုယ့်ရဲ့အရေးကို သာရှေ့တန်းတင် လေ့ရှိကြတာပါ။ ရှေးနှစ်ပေါင်း နှစ်ထောင်လောက် အထိကတော့ မှန်ချင် မှန်နိုင်မှာပါ။ ခုချိန်မှာတော့ ကိုယ့်အကျိုးစီးပွားက ပထမ၊ သူများတွေကတော့ ဒုတိယနေရာမှာပဲ ရှိနေမှာပါ။ ဒါကြောင့်မို့ နိုင်ငံငယ်ကလေးတွေအနေနဲ့ နိုင်ငံကြီးတွေနဲ့ ထိတွေ့ ဆက်ဆံတဲ့နေရာမှာ ကိုယ့်ကို နိုင်ငံငယ်လေး မို့ ဦးစားပေးမယ်၊ ညှာလိမ့်မယ်လို့ထင်ရင် "ကိုယ်လောက် ညံ့တဲ့လူ၊ နုံတဲ့လူ မရှိဘူးလို့သာမှတ်လိုက်ပါ"လို့ Kishore က ပြောပါတယ်။ တရုတ်ဟာ ငြိမ်းချမ်းပါ့မလား (စစ်မဖြစ်အောင် နေပါ့မလား) ဆိုတာကတော့ သီးခြားမေးခွန်းပါ။ ဒါနဲ့ပတ်သက်ပြီး Kishore က အခုလို ပြောပါတယ်။ Henry Kissenger က တရုတ်အကြောင်းရေးတဲ့ သူ့စာအုပ်ထဲမှာ တရုတ်အတွေးအခေါ်ပညာရှင် ဆွန်ဇူးနဲ့ ပတ်သက်ပြီး အရှည်ကြီး ရှင်းပြပါတယ်။ ဆွန်ဇူးက ပြောကြားရာမှာ စစ်ကိုအကောင်းဆုံး အနိုင်ယူတဲ့ နည်းဟာ "စစ်ကို မတိုက်ဘဲ အနိုင်ရတဲ့နည်း"နဲ့၊ အဆိုးဆုံးအနိုင်ရတဲ့ နည်းကတော့ "စစ်တိုက်ပြီးမှ အနိုင်ရတဲ့နည်း"ပါလို့ သူက ပြောခဲ့ပါတယ်။ တရုတ်ဟာ သူ့ရဲ့ သြဇာအဝန်း အဝိုင်းကို မလွဲမသွေ ချဲ့ထွင်မှာပါ။ အဲဒီရဲ့ ဂယက်ဟာလည်း ဒေသဝန်းကျင်ရော ကမ္ဘာတစ်ဝန်းလုံးကိုပါ ရိုက်ခတ်မှာ ဖြစ်ပါတယ်။ တရုတ်တွေက စစ်ကိုမတိုက်ဘဲနဲ့ နိုင်နိုင်မှန်း သိရဲ့သားနဲ့၊ တိုက်တာဟာ အမိုက်မဲဆုံး ကိစ္စပဲ ဖြစ်တယ်ဆိုတာ သူတို့သိပါတယ်။ ခုတော့ တရုတ်တွေဟာ ကမ္ဘာမှာရှိတဲ့ ၁၉၃ နိုင်ငံထဲက ကမ္ဘာ့တောင်ခြမ်းမှာရှိတဲ့ နိုင်ငံတွေက တရုတ်ဟာ အမေရိကန်နဲ့ တန်းညှိလို့ရပြီလို့ သူတို့က လက်ခံထားကြပြီး ဒါကလည်း တရုတ်ဟာ စစ်ကိုတစ်ပွဲမှ မတိုက်လိုက်ဘဲ အနိုင်ရလိုက်တဲ့ ဖြစ်စဉ်ပါလို့ Kishore က ပြောပါတယ်။
တရုတ်ဟာ တခြားနိုင်ငံကြီးတွေ လုပ်လေ့လုပ် ထရှိသလို၊ သူ့သြဇာကို ပျံ့နှံ့အောင် လုပ်မှာ ဖြစ်ကြောင်း၊ ဒီလိုလုပ်ရာမှာ စစ်ပွဲနဲ့ အဖြေရှာတာဟာ အင်မတန် မိုက်မဲတဲ့ လုပ်ရပ်ပဲလို့ သူတို့ခံယူထား တယ်လို့ Kishore က ပြောပါတယ်။ တရုတ်က အရှေ့တောင်အာရှနဲ့ တရုတ်(တိုင်ပေ)ရေလက်ကြားအထိ သူ့သြဇာကို ချဲ့ထွင်ရင်တောင်မှ အရှေ့တောင်အာရှကို သူတို့ခေတ် သူတို့အခါ လုပ်တယ်လို့ ထင်ကြမှာ မဟုတ်ပါဘူး။ ဘာကြောင့် လဲဆိုတော့ အရှေ့တောင်အာရှဟာ တရုတ်နဲ့ လက်ပွန်း တတီး နေလာတာ နှစ် ၂၀၀၀ လောက်ရှိပြီ ဖြစ်ခဲ့လို့ ဘာပြဿနာမှ မရှိပါဘူး။ အာဆီယံ ၁၀ နိုင်ငံထဲကကိုး နိုင်ငံဟာ အိန္ဒိယအရိပ်အငွေ့ သန်းနေတာဖြစ်ပြီး တရုတ်အရောင်အသွေး ထွက်လာရင်တောင်မှ ဘာအခက် အခဲမှ မရှိနိုင်ပါဘူးလို့ Kishore က ပြောပါတယ်။
သူက ဘာနဲ့သက်သေပြသလဲဆိုတော့ ၂၀၀၀ ပြည့်နှစ်မှာ တရုတ်-အာဆီယံ ကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀ ရှိပါတယ်။ ၂၀၂၂ ခုနှစ်မှာ ကန်ဒေါ်လာ ၉၇၅ ဘီလီယံ အထိ ရှိပါတယ်။ ဒါကြောင့် မို့ တရုတ်ရဲ့အကဲသာမှုဟာ အာဆီယံအပေါ် ဆက်ပြီးရှိနေဦးမှာပါ။ US ဟာ အရှေ့တောင်အာရှမှာ ရင်းနှီး မြှုပ်နှံထားတာဟာ တောင်ကိုရီးယား၊ ဂျပန်၊ အိန္ဒိယနိုင်ငံတွေမှာ စုပေါင်း ရင်းနှီးထားတာထက် များပါတယ်။ ဒါဟာ ဘာကိုပြသလဲဆိုတော့ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ အားသာချက်ကို ပြတာပဲဖြစ်ပါတယ်။ ဒီအချက်ကို အဖြူအမည်းကွဲအောင် မကြည့်တတ်တဲ့ အနောက် နိုင်ငံသားတွေဟာ အရှေ့တောင်အာရှသားတွေကို နားမလည်နိုင်တာပဲ ဖြစ်တယ်လို့ Kishore က ပြောပါတယ်။
Kishore က ပြောတာမှာ "လူတွေကို ဘယ်တော့မှ တန်းခွဲ မဆက်ဆံပါနဲ့တဲ့။ သူတို့ကတော့ တရုတ် ယိမ်းတယ်၊ သူတို့ကတော့ တရုတ်ကို ဆန့်ကျင်တယ်။ သူတို့ကတော့ အမေရိကန်ကို ဆန့်ကျင်တယ်"စသည်ဖြင့် မပြောပါနဲ့။ လူတွေဟာ သူတို့ရဲ့ အကျိုးစီးပွားကို အမြဲကာကွယ်ပါတယ်လို့ Kishore က ဥပမာတစ်ခုပေး ပါတယ်။ တရုတ်အကြောင်းကို ခရေစေ့တွင်းကျ နားလည်တာက ဗီယက်နမ်ပါ။ သူတို့က တရုတ်နဲ့စတင်ထိ တွေ့ခဲ့တာ နှစ်ပေါင်း ၂၀၀၀ ရှိပြီး တရုတ်ရဲ့ သြဇာခံခဲ့ရ တာက နှစ်ပေါင်းတစ်ထောင်ကျော်ခန့်သာ ရှိပါသေးတယ်။ သူတို့ကြားမှာ ဆိုစကားတစ်ခု ရှိကြောင်း၊ "ဗီယက်နမ်မှာ ခေါင်းဆောင် ဖြစ်ချင်ရင် တရုတ်နဲ့တည့်အောင် ပေါင်းနိုင်သူလည်း ဖြစ်ရမယ်၊ တရုတ်ကို အာခံ ရဲတဲ့သူလည်း ဖြစ်ရပါ့မယ်။ ဒီနှစ်ချက်နဲ့ မပြည့်စုံလို့ကတော့ ဗီယက်နမ်ခေါင်းဆောင် မဖြစ်နိုင်ပါ ဘူး"တဲ့။ ဒီစကားအတိုင်း အရှေ့တောင်အာရှက လူတွေက လုပ်နေပါတယ်။
သူတို့က တရုတ်နဲ့ အလိုက်အထိုက်နေပြီးတော့ သူတို့ရဲ့ အကျိုးစီးပွားကို ထိလာရင်၊ သူတို့ သည်းမခံကြပါဘူး။ ဒါကိုလည်း အော်ကြီး ဟစ်ကျယ်နဲ့ လူသိအောင် လုပ်နေစရာ မလိုပါဘူး။ ဒီအချက်ကို ကျွန်တော်အကောင်းဆုံး သက်သေပြပါ့မယ်လို့ Kishore က ပြောပါတယ်။ ၂၀၁၀ ကနေ ၂၀၂၀ အထိ အရှေ့တောင်အာရှ ၁၀ နိုင်ငံရဲ့ GDP စုစုပေါင်းဟာ EU နိုင်ငံတွေရဲ့ ငါးပုံတစ်ပုံ မရှိပါဘူး။ ဒါပေမဲ့ ASEAN နိုင်ငံတွေကိုပါ ထည့်ပေါင်းလိုက်ရင် EU နိုင်ငံတွေထက် အဆပေါင်းများစွာ သာပါတယ်။ ဒါကြောင့် အာရှမှာ ဘာတွေဖြစ်နေတယ်ဆိုတာ အနောက်နိုင်ငံက လူတွေ မသိကြပါဘူးလို့ Kishore က ပြောပါတယ်။
Kishore ကို Thinker's Forum မှာ Alec Ash က "အနောက်တိုင်းသားတစ်ယောက်အနေနဲ့ မေးချင်ပါတယ်။ ခင်ဗျားရဲ့ Has China Won ဆိုတဲ့ စာအုပ်ထဲမှာ တိဗက်လူမျိုးတွေအတွက် တရုတ်ဟာ သူ့ပြည်တွင်းမှာ "နယ်ချဲ့ လုပ်ရပ်တွေကို မလုပ်ပါဘူး။ နောက်တော့ ရှင်ဂျန့်နဲ့ မွန်ဂိုလီယားမှာလည်း မျိုးသုဉ်းသတ်ဖြတ်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်ဟာလည်း မမှန်ကန်ဘူး"လို့ ပြောခဲ့တာတွေ US ရဲ့ ကမ္ဘော ဒီးယားမှာ ဖြစ်ပွားခဲ့တဲ့ Genocide လို ကိစ္စတွေအပေါ်မှာ နှိုင်းယှဉ်ပြီး အကျိုးအကြောင်း ဆီလျော်စွာ ခင်ဗျား ရှင်းလင်းပြရမည့်အစား ရှောင်ထွက်သွားတယ်''လို့ ကျွန်တော်က ယူဆပါတယ်။ အနောက်အုပ်စုကို Crimes Agsinst Humanity လို့ စွပ်စွဲတာတွေ၊ ရှင်ဂျန့်ကိစ္စနဲ့ ပတ်သက်တာ၊ ဟောင်ကောင်နဲ့ ပြည်မကြီးက ပြည်သူတချို့က CCCP ကိုဝေဖန်ချက်တွေအပေါ် ခင်ဗျား ဘယ်လိုပြော ချင်ပါသလဲလို့ မေးလိုက်ပါတယ်။
Kishore က ခင်ဗျားက တိဗက်အကြောင်း ပြောပါတယ်။ ကျွန်တော် ပြောချင်တာက ကနေ့ နိုင်ငံတွေရဲ့ နယ်နိမိတ်တွေကို တကယ့်အရှိတရားတွေနဲ့ သတ်မှတ်ကြပါတယ်။ ဥပမာ တရုတ်ရဲ့ နယ်နိမိတ်ဟာ အခု PRC က UN မှာ ကိုယ်စားပြုနေချိန်နဲ့ Nationalist တွေ UN မှာကိုယ်စားပြုနေချိန်၊ Tibet ရဲ့ နယ်နိမိတ်ဟာ ဘာမှအပြောင်းအလဲ မရှိပါဘူး။ အခုအချိန်မှာ Tibet ပြည်နယ်ကို Tibet ကို ပြန်ပေး ချင်လို့ မရသလို၊ Texas ကိုလည်း Mexico ကို ပြန်ပေးလို့ မရပါဘူးလို့ ပြောလိုက်ချိန်မှာ Alec Ash က ကျွန်တော်က အချုပ်အခြာအာဏာနဲ့ ပတ်သက်ပြီး ပြောနေတာမဟုတ်ပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်တာတွေနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေကို ပြောနေတာပါလို့ ပြန်ပြောပါတယ်။ Kishore က မဟုတ်ဘူး အနောက်က လူတချို့က အချုပ်အခြာအာဏာနဲ့ ပတ်သက်ပြီးပဲ ပြောနေကြလို့ ကျွန်တော်က ပြောရတာပါလို့ ပြောပါတယ်။
Kishore က ဆက်ပြောရာမှာ နောက်ဆုံးမှာ တရုတ်အာဏာပိုင်တွေအနေနဲ့ ဘယ်လိုနိုင်ငံရေး မူဝါဒကို ကိုင်တွယ် ကျင့်သုံးမယ်၊ ဘယ်လို ချိန်ခွင်လျှာ ညှိမယ်ဆိုတာ ဆုံးဖြတ်ရချိန်မှာ တရုတ်ခေါင်း ဆောင်တွေက ဗဟိုအစိုးရအဖို့ နယ်စွန်နယ်ဖျားအထိ လက်လှမ်းမီဖို့ အလေးထားပါတယ်။ တရုတ်ရဲ့ သမိုင်းကို ပြန်ကြည့်ရင်လည်း ဗဟိုအစိုးရ အာဏာစက် လှမ်းမမီတာနဲ့အမျှ နယ်စွန်နယ်ဖျားမှာ အကွဲကွဲအပြားပြား ဖြစ်တာတွေ တွေ့ကြုံရတာ ဖြစ်ခဲ့ဖူးပါတယ်။ သူတို့အတွက် အရှက်တကွဲ အကျိုးနည်းခဲ့ ရတဲ့ ရာစုခေတ် Century of Humili-ation (၁၈၄၂/၁၉၄၉) နဲ့ ကြုံခဲ့ဖူးတာ ဖြစ်ပါတယ်။
ဒီခေတ်မှာ သူတို့အနောက်နိုင်ငံတွေရဲ့ အနိုင်ကျင့်ခြင်းကို ခံခဲ့ရပါတယ်။ ပြင်သစ်နဲ့ ဗြိတိသျှတွေက တရုတ်ပြည်ကို ဝင်ရောက် ကျူးကျော်တိုက် ခိုက်ပြီး Summer Palace ကိုပါ လုယက်ခံခဲ့ရပါတယ်။ တာလီဘန်တွေလိုပေါ့ ဒါတွေဟာ သမိုင်းကြောင်းဆိုင်ရာ အချက်အလက်တွေပဲ ဖြစ်ပါတယ်။
ဒါကြောင့်မို့ ခုချိန်မှာ အနောက်တိုင်းသားတစ် ယောက်ကလာပြီး "ခင်ဗျားတို့ တင်းကျပ်ထားတာတွေကို လျှော့ပေးလိုက်ပါလား အစပိုင်းမှာတော့ နည်းနည်း အခက်အခဲတော့ တွေ့မှာပေါ့။ ဒါတွေ စိတ်မပူပါနဲ့ ကျွန်တော်တို့ ကူညီမှာပေါ့"လို့ ပြောတာကို မယုံကြပါနဲ့။ ယုံကြည်ရင် ခင်ဗျားတို့ထက် 'အ'တဲ့လူရှိမှာမဟုတ်ဘူး၊၊ ပြီးခဲ့တဲ့ တရုတ်ရဲ့ အရှက်တကွဲ ဖြစ်ရပ်ကြီးကို သင်ခန်းစာယူပြီး နည်းနည်းလေး ပြည်တွင်းမူဝါဒကို အလျှော့ပေးလိုက်တာနဲ့ တစ်ပြိုင်နက်တည်း ပါဝါကြီးတွေက ဒါကိုအခွင့်ကောင်းယူပြီး ပြည်တွင်းမှာ ပရမ်းပတာဖြစ်တဲ့အပေါ်မှာ အမြတ်ထုတ်သွားမှာ သေချာပါတယ်။ နောက်ဆုံးမှာ အနောက်တိုင်းသားတွေ သတိထားရမှာကတော့ အနောက်အုပ်စုရဲ့ လူဦးရေ စုစုပေါင်းဟာ ကမ္ဘာ့လူဦးရေရဲ့ ၁၂ရာခိုင်နှုန်းပဲ ရှိပါတယ်။ ကျန်တဲ့ ကမ္ဘာ့ရွာကြီးက ၈၈ ရာခိုင်နှုန်းရှိနေတာမို့။ သူတို့ဟာ အရင်ကလို မဟုတ်တော့ဘဲ အိပ်ရာက နိုးလာပါပြီ။ ဒါကြောင့် သူတို့ဟာသူတို့ နည်းနာ အသစ်တွေအရ ကမ္ဘာကြီးနဲ့ အစပ်အဟပ် တည့်အောင် လုပ်သွားကြမှာပါလို့ Kishore က ပြောပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေ တရုတ်ကိုဘယ် လိုအစိုးရပုံစံမျိုးနဲ့ လိုက်ဖက်တယ်ဆိုတာ သွားပြောဖို့ မသင့်ပါဘူး။ သူတို့ဘာသာသူတို့ ရွေးကြပါစေ။ နိုင်ငံတိုင်း သူတို့အကြိုက်၊ သူတို့ကြိုက်တဲ့ စနစ်ကို သူတို့ရွေးကြပါစေ၊ သူတို့မျှခြေကို ရအောင် သူတို့ရှာပါစေ၊ အနောက် နိုင်ငံတွေမှာလည်း တစ်ကိုယ်ရည်လွတ်လပ်မှု (lndividual Freedom) ကို အလေးပေးတာကနေ အမျိုးသားစည်း လုံးညီညွတ်မှု (National cohesion) ကိုရွေးချယ်ဖို့ဆုံးဖြတ် သင့်နေပါပြီ။ ဥရောပကလည်း ကမ္ဘာ့တောင်ခြမ်းနိုင်ငံ တွေကို လိုက်ဆရာလုပ်နေဖို့ မဟုတ်ပါဘူး။ ဒီလိုလုပ်တဲ့နည်းဟာ မကောင်းမှန်းလည်း သိကြပါတယ်။ တရုတ်တွေအနေနဲ့ကလည်း တခြားနိုင်ငံတွေကို လိုက်ဆရာလုပ်နေမှာ မဟုတ်ပါဘူး။ တိုင်းပြည်တိုင်းမှာ ကိုယ်ပိုင်ဆုံး ဖြတ်ပိုင်ခွင့် ရှိပါတယ်။ အခုအချိန်မှာ နိုင်ငံတွေဟာ ဘယ်နိုင်ငံကမှ ကိုယ့်ကိုလာပြီး ဆရာလုပ်တာကို လက်မခံကြတော့ဘူး ဆိုတာကို ဥရောပသားတွေက ခုထိ သဘောမပေါက်ကြသေး ပါဘူး။ ဥရောပဟာ သူ့ရဲ့နယ်နိမိတ်မှာ စစ်ဖြစ်နေတာကို မတားဆီးနိုင်တာက သူ့ပထဝီ နိုင်ငံရေးအခြေ အနေ မကောင်းတာဆိုတာကို သူရိပ်စား မိပုံမရပါဘူး။ အာရှမှာ ဘာစစ်မှမဖြစ်တာက အာရှသားတွေဟာ ပထဝီနိုင်ငံရေးမှာ ကျွမ်းကျင်တယ်ဆိုတဲ့အချက်ကို ပြတာပါပဲ။
ဥရောပမှာ OCCE လို အဖွဲ့ကြီး ရှိနေတာတောင် စစ်ကို မတားဆီးနိုင်ပါဘူး။ စစ်ဆိုတာ ပထဝီနိုင်ငံရေး မကျွမ်းကျင်လို့ ဖြစ်တာပါ။ ဒါကြောင့်မို့ ခုချိန်ဟာ အာရှသားတွေရဲ့ အတွေးအမြင် အားသာချက်ကို ဥရော ပသားတွေက လက်ခံပြီး "ကျုပ်တို့ဟာ ခင်ဗျားတို့တစ်တွေထက် သိတယ်"ဆိုတဲ့ အချိုးမျိုး အာရှသားတွေအပေါ် မှာ လာမချိုးဖို့ လိုတယ်လို့ Kishore က သာသာနဲ့ နာနာပြောသွားတာကို တင်ပြလိုက်ရပါတယ်။
(ရွှေလင်းယုန်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )