၂၀၂၅ မတ် ၂၂
အမေရိကန် အထောက်ပံ့ခံ မီဒီယာတချို့ရဲ့ မျက်ခုံး တလှုပ်လှုပ် စိုးရိမ်နေရတဲ့ အခြေအနေဆိုးဟာ မတ်လ ၁၅ ရက်မှာ အမှန်တကယ် ဆိုက်ရောက်လာခဲ့ပါတယ်။ လွတ်လပ်တဲ့ အာရှအသံ (RFA)၊ အမေရိကန်အသံ (VOA)တို့လို ပျံ့နှံ့မှု အားကောင်းပြီး နိုင်ငံခြားတိုင်း ပြည်တော်တော်များများမှာ အမေရိကန်ရဲ့ ဝါဒဖြန့် အာဘော်တွေ ထုတ်လွှင့်ပေးနေခဲ့တဲ့ သတင်းဌာနတွေဟာ လုံးဝဥဿုံ လည်ပတ်မှု ရပ်ဆိုင်းသွားတော့မယ့် အခြေအနေ ကြုံနေရပါပြီ။
မတ်လ ၁၄ ရက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အမေရိကန်မီဒီယာတချို့ကို ဘဏ္ဍာရေး ထောက်ပံ့ပေးနေတဲ့ အမေရိကန် နိုင်ငံတကာမီဒီယာ အေဂျင်စီ (USAGM) ရဲ့ အသုံးစရိတ်တွေ လွန်လွန်ကဲကဲ ဖြတ်တောက်မယ့် အမိန့်ကို အတည်ပြု လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီအမိန့်ဟာ နောက်တစ်နေ့မှာ VOA နဲ့ RFA အပါအဝင် USAGM လက်အောက်ခံ သတင်းဌာန အသီးသီးဆီ တရားဝင် ဆိုက်ရောက်လာပါ တော့တယ်။ ထရမ့်ရဲ့ အမိန့်က USAGM ဟာ ရှိရင်းစွဲ ဥပဒေတွေက ခွင့်ပြုထားတဲ့ ငွေကြေးပမာဏရဲ့ အနိမ့်ဆုံးအဆင့်နဲ့သာ ဆက်ပြီး လည် ပတ်ရမယ်လို့ ညွှန်ကြား ထားတာပါ။
မတ်လ ၁၅ ရက်ဟာ တစ်ချိန်က အမေရိကန် အစိုးရဝါဒဖြန့် ယန္တရားအနေနဲ့ ပီပီပြင်ပြင် လည်ပတ်ပေးခဲ့တဲ့ အမေရိကန်မီဒီယာ တချို့အတွက် ငရဲခန်း ဖြစ်ခဲ့ပါတယ်။ VOA နဲ့ RFA ရဲ့ မြန်မာ ဘာသာနဲ့ ထုတ်လွှင့်နေတဲ့ ဌာနခွဲတွေကလည်း အနာဂတ်အခြေအနေ မကောင်းတော့တာကို အသီးသီး အတည်ပြုထုတ်ပြန် ခဲ့ကြပါတယ်။
VOA ဝန်ထမ်းတွေဟာ မတ်လ ၁၅ ရက်ကစပြီး သတင်းခန်းတွေဆီ လာခွင့်မရတော့ပါဘူး။ တချို့တွေဟာ ရုံးကိုလာနေရင်း လမ်းခုလတ်မှာ သတင်းခန်းဆီ မလာတော့ဖို့ အကြောင်းကြား စာတို SMS တွေကို လက်ခံရရှိခဲ့ကြတာ ဖြစ်ပါတယ်။ USAGM မှာ အကြီးတန်း အကြံပေးအဖြစ် ထရမ့်က ခန့်အပ်ထားတဲ့ သတင်းကြေညာသူဟောင်း ကယ်ရီလိတ်ခ်က RFA ကိုလည်း မတ်လ ၁၅ ရက် မနက်ပိုင်းမှာ အကြောင်းကြားစာ ပေးပို့ခဲ့ပြီး အမေရိကန်အစိုးရရဲ့ ငွေကြေး ထောက်ပံ့မှုအား လုံး ရပ်ဆိုင်းကြောင်း၊ မသုံးရသေးတဲ့ ငွေအားလုံးကို RFA က နှောင့်နှေးခြင်းမရှိဘဲ ပြန်ပေးရမှာဖြစ်ကြောင်း ညွှန်ကြားထားခဲ့ပါတယ်။ နောက်ပြီး သူဟာ USAGM ရဲ့ အကြီးအကဲ တာဝန်လွှဲယူသူ အဖြစ်လည်း လိတ်ခ်က လက်မှတ် ရေးထိုးထားပါတယ်။ သူ့ရဲ့ညွှန်ကြားချက်ကို မကျေနပ်ရင် RFA ဘက်က ရက်ပေါင်း ၃၀ အတွင်း အယူခံ ဝင်နိုင်တယ်လို့လည်း လိတ်ခ်ရဲ့ အကြောင်းကြားစာထဲမှာ ပါရှိခဲ့ပါတယ်။
မတ်လ ၁၅ ရက်တုန်းက USAGM အပါအဝင် ပြတိုက်တွေကို ထောက်ပံ့တဲ့၊ အိုးမဲ့အိမ်မဲ့တွေနဲ့ လူနည်းစု တိုင်းရင်းသားအနွယ်တွေကို အကူအညီပေးတဲ့၊ ဖွံ့ဖြိုးရေးစီမံကိန်းတွေကို အားပေးတဲ့ အမေရိကန်အေဂျင်စီကြီးခြောက်ခုရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို ကန့်သတ်ကြောင်း ထရမ့်ရဲ့ အထူးအမိန့်က ညွှန်ကြားထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီထဲကမှ USAGM ရဲ့ အခြေအနေက အများစု ပိုပြီး အာရုံစိုက်စရာ ဖြစ်ခဲ့သလို RFA ၊ VOA တို့ အပါအဝင် အရှေ့ဥရောပနိုင်ငံတွေဆီ အမေရိကန် ဝါဒဖြန့်မှုတွေ တင်သွင်းရာ လွတ်လပ်တဲ့ ဥရောပအသံ (RFE) လို သတင်းဌာနတွေ ဘယ်လိုအခြေအနေ ဆက်ကြုံမလဲဆိုတာကို စိတ်ဝင်စားနေကြပါတယ်။
ထရမ့်ဟာ သူသမ္မတ ဖြစ်လာချိန်ကတည်းက အစိုးရအသုံးစရိတ်တွေကို လျှော့ချမယ်လို့ ကြွေးကြော်ပြီး ဖက်ဒရယ်အစိုးရ ဝန်ထမ်းထောင်ပေါင်းများစွာကို အလုပ်ဖြုတ်နေခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်ရဲ့ နိုင်ငံတကာ အထောက်အပံ့တွေကို အဓိကတာဝန်ယူ ပေးလေ့ရှိတဲ့ အမေရိ ကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID) ရဲ့ ပရောဂျက် ရာခိုင်နှုန်း ၈၀ ကျော်ကိုလည်း ဖြတ်တောက်စေခဲ့ပါတယ်။ အခုတော့ သတင်းဌာနတွေရဲ့ အလှည့်ကို ရောက်လာတဲ့ သဘောပါပဲ။ USAGM ဟာ AP ၊ AFP နဲ့ Reuters တို့လို သီးခြားရပ်တည်တဲ့ သတင်းဌာနကြီးတွေနဲ့ သတင်းအချက်အလက်၊ ဓာတ်ပုံ၊ ဗီဒီယိုတွေ ဝယ်ယူမှုဆိုင်ရာ သီးသန့် စာချုပ်တွေကိုပါ ဖျက်သိမ်းခဲ့ရပါတယ်။
ဒီနေရာမှာ ထရမ့်ဟာ စရိတ်ဖြတ်တောက် လျှော့ချရေး မူဝါဒကြောင့်သာမကဘဲ USAGM အပေါ် ပုဂ္ဂိုလ်ရေး အငြှိုးအတေးနဲ့ပါ ကိုင်တွယ်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။ USAGM နဲ့ လက်အောက်ခံ သတင်းဌာနတွေဟာ အတိုက်အခံ ဒီမိုကရက်တစ်ပါတီ အာဏာ ရနေခဲ့ချိန်တုန်းက အစိုးရ အထောက်အပံ့ကိုယူပြီး သူနဲ့ကိုယ်စားပြုပါတီ ရီပတ်ဘလစ်ကန်တွေကို တစ်ဖက်သတ် ထိုးနှက်အပုပ်ချခဲ့တယ်လို့ ထရမ့်က ယုံကြည်ထားပါတယ်။ သူ့ရဲ့ အနီးကပ် လက်ရုံးတစ်ယောက်ဖြစ်ပြီး လက်ရှိ USAGM ကို ယာယီဦးဆောင်ဖို့ စီစဉ်ထားသူ လိတ်ခ်ကလည်း USAGM ဟာ အမေရိကန် အခွန်ထမ်း ပြည်သူတွေကို ဝန်ပိစေရုံသက်သက် အပုပ်အသိုးကြီး ဖြစ်လာပြီး အဖတ်ဆယ်လို့ မရနိုင်တော့ဘူးလို့ လူသိရှင်ကြား ဝေဖန်ထားပါတယ်။ ဒါဟာ အဲဒီအေဂျင်စီကို အပြီးတိုင် ဖျက်သိမ်းဖို့ စကားဦးသမ်းထားတာလို့လည်း ယူဆရပါတယ်။
ကြည့်ရသလောက်တော့ ထရမ့်ဟာ အမေရိ ကန်အစိုးရရဲ့ အစဉ်အလာ ဝါဒဖြန့်ယန္တရားတွေကို ဖြို ချပြီး သူ့အလိုကျ ဖန်တီးထားတဲ့ သတင်းရပ်ဝန်းမျိုးကို ဖန်တီးမယ့်ပုံ ပေါ်ပါတယ်။ တစ်နည်းအားဖြင့် သူ့အတွက် ဝါဒဖြန့်ပေးမယ့်၊ သူ့ကိုမြှောက်ပင့်နေမယ့် သတင်းသမားတွေကိုပဲ အနားခေါ်ထားတော့မှာ ဖြစ်ပါတယ်။ အခုကတည်းကလည်း အဲဒီအစီအမံမျိုးကို လက်တွေ့ စတင်ထားပြီးပါပြီ။ အိမ်ဖြူတော်ဟာ သမ္မတနဲ့ပတ် သက်လို့ သတင်းရယူပိုင်ခွင့်ရှိမယ့် သတင်းဌာနတွေကို ရွေးချယ်ပိုင်ခွင့် အာဏာကို အပြည့်အ၀ လက်လွှဲယူခဲ့ ပြီးပါပြီ။ ထရမ့်နားမှာ ခေါ်ထားတဲ့ လူသိများတဲ့ သတင်းသမားတွေက သမ္မတနဲ့ ကြိုညှိထားတဲ့၊ လက်ဝါးချင်း ရိုက်ထားတဲ့ မေးခွန်းတွေကို နိမိတ်ပြ မေးမြန်းတာမျိုးတွေ ထင်ထင်ရှားရှား မြင်နေရပါပြီ။ ဆိုလိုတာက USAGM ကို ဖျက်သိမ်းဖို့ ထရမ့်ရဲ့ အကြံအစည်ဟာ အရမ်း ရိုးရှင်း အပြစ်ကင်းနေတယ် ဆိုတာမျိုးလည်း မဟုတ်ပြန်ပါဘူး။
ဘာပဲဖြစ်ဖြစ် အမေရိကန်ရဲ့ နိုင်ငံတကာ သတင်းရေးရာ မူဝါဒပိုင်း၊ တစ်နည်းအားဖြင့် အပျော့နည်းနဲ့ ဝါဒဖြန့်မှု မူဝါဒအပိုင်းမှာ အင်မတန်ကြီးမားတဲ့ အပြောင်းအလဲကြီးကတော့ ဖြစ်ပေါ်လာပါပြီ။ တရုတ်နဲ့ မြောက်ကိုရီးယားတို့လို အမေရိကန်ရဲ့ ပြိုင်ဘက်၊ ရန်ဘက်နိုင်ငံတွေကို ထိုးဖောက်ဝါဒဖြန့်ရာ မှာ အတော်ကြီး အသုံးဝင်ခဲ့တဲ့ RFA လို သတင်းဌာနမျိုးဟာ လုံးဝပျောက်ကွယ်သွားနိုင်ပါတယ်။ ဒုတိယ ကမ္ဘာစစ်တုန်းက နာဇီဂျာမနီရဲ့ ဝါဒဖြန့်မှုတွေကို တန်ပြန်ဖို့ စတင်ထူ ထောင်ခဲ့ပြီး မျက်မှောက်ခေတ်မှာ ဘာသာစကား အမျိုး ၅၀ နီးပါးနဲ့ သတင်းတွေ ထုတ်လုပ်နေတဲ့ VOA ကလည်း နှစ်ပေါင်း ၈၀ ကျော် သမိုင်းကြောင်းတစ်လျှောက် ပထမဆုံးအကြိမ် အသံတိတ်ဆိတ်သွားရတော့မယ်လို့ သတင်းဌာနရဲ့ ဒါရိုက်တာ မိုက်ကယ် အေဘရာမိုဝစ်ဇ်က မတ်လ ၁၅ ရက်မှာ လူမှုကွန်ရက်ပေါ် ရေးသားထားခဲ့ပါ တယ်။ သူအပါအဝင် VOA ရဲ့ ဝန်ထမ်း ၁၃၀၀ လောက်ဟာ သမ္မတအမိန့်ကြောင့် အလုပ်မသွားရတော့ဘဲ ခွင့် ယူထားရတယ်လို့လည်း အေဘရာမိုဝစ်ဇ်က ဆိုပါတယ်။
VOA ဟာ အမေရိကန်ရဲ့ ပျံ့နှံ့အား အကောင်းဆုံး ဝါဒဖြန့်ယန္တရားတစ်ခု ဖြစ်ခဲ့ပြီး အပတ်တိုင်းမှာ လူပေါင်း သန်း ၃၆၀ လောက်ဆီကို သတင်းတွေ ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ပြောရမယ်ဆိုရင် အမေရိကန် ပြိုင်ဘက်နိုင်ငံတွေအတွက် အဲဒီဝါဒဖြန့် အားကို တန်ပြန်ဖို့၊ ဒါမှမဟုတ် တားဆီးဖို့ အတော်လေး ခေါင်းခဲစရာ ဖြစ်ခဲ့တာပါ။ အခုတော့ အမေရိကန်အစိုးရ ကိုယ်တိုင်ရဲ့ ဆုံးဖြတ်ချက်နဲ့အတူ ဘာမှတကူးတက အားထုတ်စရာ မလိုတော့ဘဲ သူ့စရိတ်နဲ့သူ အဆုံးသတ်တော့မယ့် သဘောပါပဲ။
ထရမ့်ကတော့ USAGM ထဲမှာ သူလျှိုတွေပါ စိမ့်ဝင်နေပြီး အတွင်းပိုင်းမှာ ဆိုးဆိုးရွားရွား ယိုယွင်းနေတယ်လို့ ပြောထားပါတယ်။ နောက်ပြီး သူက USAGM ရဲ့ ရပ်တည်မှုဟာ အခွန်ထမ်း ပြည်သူတွေကို ဝန်ပိစေတယ်လို့ ပြောထားပေမယ့် ဝန်ထမ်း ၃၅၀၀ လောက် ခန့်အပ်ထားတဲ့ အေဂျင်စီရဲ့ ၂၀၂၄ ခုနှစ်အတွက် အသုံးစရိတ်ဟာ ဒေါ်လာ ၈၈၆ သန်း ဖြစ်ပြီး အမေရိကန် အစိုးရရဲ့ အသုံးစရိတ် စုစုပေါင်းနဲ့ယှဉ်ရင် အင်မတန် သေးငယ်တဲ့ အချိုးအစားသာ ဖြစ်ပါတယ်။ ဒါကြောင့် ထရမ့်ဟာ တခြား ဘာအကြောင်းပြချက်တွေပဲ ပေးနေပါစေ၊ USAGM ကို သူကိုယ်တိုင် ဆန္ဒရှိလို့ ရှင်းထုတ်ခြင်း ပါပဲ။
ထရမ့်ရဲ့ ပထမသမ္မတ သက်တမ်းအပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန်ကို အရေးနိမ့်ခဲ့တဲ့နောက် အတိုက်အခံဘဝနဲ့ လေးနှစ်ကြာ ဖြတ်သန်းခဲ့ရချိန်တွေ အတောအတွင်း USAGM လက်အောက်ခံ အမေရိကန် မီဒီယာတွေဟာ ဘိုင်ဒန်နဲ့ ဒီမိုကရက်တစ်တွေရဲ့အလိုကျ ထရမ့်ကို ဖိနင်းတဲ့၊ သိက္ခာချတဲ့ ဝါဒဖြန့်တာဝန်ကို ပျော်ပျော်ကြီး ထမ်းဆောင်ပေးခဲ့ကြပါတယ်။ ဒီကိစ္စတွေကို ထရမ့်က လေးနှစ်လုံးလုံး တေးထားပြီး အခုတော့ ထိထိမိမိကြီး လက်စားချေတော့မယ့်ပုံပါပဲ။ အခြေအနေက ရှုပ်ထွေးနေဆဲ ဖြစ်ပြီး ထရမ့်ဟာ နှစ်ပေါင်းများစွာ တည်ဆောက်ယူလာတဲ့ အမေရိကန်ရဲ့ ထိရောက်တဲ့ ဝါဒဖြန့်ယန္တရားတွေကို ဖြိုချပြီးနောက်ပိုင်း ဘယ်လို စီမံရှေ့ဆက်သွားမလဲဆိုတာကို ကွဲကွဲပြားပြား မသိရသေးပါဘူး။
USAID ကို ဖျက်သိမ်းစေမယ့် ခြေလှမ်းလိုပဲ USAGM ကို ဖြိုခွင်းမယ့် ထရမ့်ရဲ့ ဆုံးဖြတ်ချက်ဟာ နောက်ဆက်တွဲ ဂယက်တွေ တသီတတန်းကြီး ရိုက်ခတ်လာဦးမှာပါ။ အမေရိကန်ရဲ့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်နဲ့ သတင်းလွတ်လပ်ခွင့်တွေ တိုက်ခိုက်ခံနေရပါပြီလို့ ဘယ်လိုပဲ ဆူဆူညံညံ ကန့်ကွက်မှုတွေ ရှိနေပါစေ ထရမ့်ကတော့ သူဖောက်ထားတဲ့လမ်းကို အဆုံးထိ ဆက်လျှောက် တော့မှာ အသေအချာပါပဲ။
ညိုစိမ်း
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )