၂၀၂၅ ဇန်နဝါရီ ၃၀
ဧရာဝတီသတင်းဌာနက အမေရိကန်နိုင်ငံသား မြန်မာနိုင်ငံဖွား မီမီဝင်းဘတ်ကို ဇန်နဝါရီလ ၂၇ ရက်မှာ အင်တာဗျူးလုပ်ထားတာ တွေ့ရပါတယ်။ ဧရာဝတီက ဘယ်လိုသတင်းဌာနလဲ။ မီမီဝင်းဘတ်က ဘယ်လိုလူမျိုးလဲဆိုတာ သိပြီးသား ဖြစ်ကြမှာပါ။ ဒီအင်တာဗျူးမှာ တွေ့ရတာကတော့ တပ်မတော်ပြိုကွဲရေးနဲ့ တရုတ်မုန်းတီးရေးကို အခြေခံထားတာ တွေ့ရပါတယ်။ တက်လာတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ မြန်မာ့အရေးအတွက် မြန်မာတွေကို ကူညီမယ့်သူဆိုပြီး မြန်မာအစိုးရ ဆန့်ကျင်ရေးသမားတွေ စိတ်ဓာတ်ကျ မသွားစေဖို့ သာသာထိုးထိုးလေး ပြောသွားတာလည်း တွေ့ရပါ တယ်။ ဘုန်းကြီးရူးနဲ့ လှေလူးလိုပဲ အတွဲညီတဲ့ အင်တာဗျူးတစ်ခု ဖြစ်ပါတယ်။
ထရမ့်အစိုးရ တက်လာတဲ့အချိန် ပြင်ပကူညီမှုကိစ္စတွေ ရပ်ဆိုင်းထားမယ့်ကိစ္စ၊ Refugee တွေ စိစစ်မောင်းထုတ်မယ့် ကိစ္စနဲ့ပတ်သက်ပြီး အတော်လေး ဟော့နေတဲ့အချိန်မှာ ထရမ့်အစိုးရက ဘိုင်ဒင် ထက်ပင် အကူအညီပေးမယ့်သယောင် ပြောသွားတာ သတိထားမိတယ်။ ဘားမားအက်နဲ့ပတ်သက်ပြီး ဘိုင်ဒင်က ထဲထဲဝင်ဝင် မလုပ်ခဲ့တာ ထရမ့်လက်ထက်မှာ သေချာပေါက် အကောင်အထည်ဖော်မှာ ဖြစ်ကြောင်းနဲ့ အမေရိကန်ရောက် မြန်မာထောက်ပို့ရေးသမားတွေရဲ့ လုပ်ရပ်နဲ့ ပေါင်းစပ်လိုက်ရင် အတော်ပင် အဆင်ပြေသွားမယ့် သဘောမျိုး ပြောသွားတာကို တွေ့ရပါတယ်။၊ သုံးသပ်ချက်ဆိုတာ ကြိုက်သလို သုံးသပ်လို့ ရပါတယ်။ ဖြစ်တာ မဖြစ်တာထား၊ ဖြစ်ရင် ငါပြောတယ်မို့လားပေါ့။ မဖြစ်တော့လည်း ဟိုလိုလို၊ ဒီလိုလိုနဲ့ ငြိမ်ငြိမ်လေးနေချင်နေ၊ မနေချင်ရင်လည်း တောပြော တောင်ပြောနဲ့ ပြီးသွားတာပဲ မဟုတ်ပါလား။
ထရမ့်က မြန်မာနိုင်ငံ လူ့အခွင့်အရေးဖောက် ဖျက်မှုများနဲ့ပတ်သက်ပြီး ပိုဂရုစိုက်သွားမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ခန့်အပ်ပွဲမှာ ပြောသွားကြောင်း၊ ဒီပြောကြားချက်နဲ့ အမေရိကန်ရောက် မြန်မာတွေရဲ့ ဒီလေးနှစ်တာ ကာလအတွင်းမှာ လုပ်ခဲ့တဲ့ လော်ဘီလုပ် ဆောင်ချက်တွေနဲ့ ပေါင်းစပ်လိုက်ရင် အတော် အဆင်ပြေသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီပြောကြားချက်ဟာ လေးနှစ်တာ ကာလအတွင်းမှာ တပ်မတော်ပြုတ်ကျရေးနဲ့ တရုတ်မုန်းတီးရေး လုပ်ငန်းစဉ်ကို ဟုတ်ဟုတ် မဟုတ်ဟုတ် တစိုက်မတ်မတ် ဝါဒဖြန့်ခဲ့ကြတာကို ဝန်ခံတာပဲ ဖြစ်ပါတယ်။ ဒီအင်တာဗျူး မတိုင်ခင်က ထုတ်လွှင့်ခဲ့တဲ့ မီမီဝင်းဘတ်ရဲ့ အရင်အင်တာဗျူးတွေကိုကြည့်ရင်လည်း တပ်မတော်နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို သွေးခွဲတာတွေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ပုဂ္ဂိုလ် အပုပ်ချတာတွေ၊ တရုတ်ကို မြန်မာတွေမုန်းသွားအောင် သွေးခွဲတာတွေကို ဆောင်ရွက်ခဲ့တာ တွေ့ ရမှာ ဖြစ်ပါတယ်။
လက်ရှိ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ဧရာဝတီသတင်းဌာနက ဇောင်းပေးပြီး မေးတယ်။ လက်ရှိ အခြေအနေအရ စစ်ရေး အားသာမှုတွေ ဖြစ်လာပြီးနောက် ကပစတွေနဲ့ ငွေစက္ကူထုတ်တဲ့ ဝါဇီစက်ရုံကို တိုက်တော့မယ်ဆိုတဲ့ သုံးသပ်ချက်တွေ၊ သတင်းတွေအပေါ်မှာ ဘယ်လိုမြင်သလဲလို့ အယ်ဒီတာရဲနည်က မေးပါတယ်။ ဒီမေးခွန်းက မေးစရာမလိုတဲ့ မေးခွန်းပါ။ ဘာမှ အရာရောက်တဲ့ မေးခွန်းလည်း မဟုတ်ဘူး။ အမှန်က အဲဒီနေရာတွေကိုတိုက်ပါလို့ ဇောင်းပေးတဲ့သဘောပဲ။ သတင်းဌာနတစ်ခုအနေနဲ့ မလုပ်သင့် မလုပ်ထိုက်တဲ့ လုပ်ရပ်ပါ။ ဖြေတဲ့သူကလည်း ထောက်ပံ့ပို့ဆောင်ရေး နေရာတွေကို တိုက်ရင် အကြမ်းဖက်စစ်တပ် ပိုပြီး ယိုင်သွားလိမ့်မယ်ဆိုတာမျိုး ဖြေသွားတာ တွေ့ရတယ်။ တပ်မတော်နဲ့ပတ်သက်ပြီး သုံးတဲ့ အသုံးအနှုန်းကလည်း အကြမ်းဖက်စစ်တပ်လို့ NUG နဲ့ သူ့နောက်လိုက်တွေရဲ့ အကြိုက်လိုက် သုံးထားတာ သတိထားမိတယ်။ သိက္ခာရှိတဲ့ ပညာရှင်တစ်ယောက် ပီသတယ်ဆိုရင် လုံးဝမလုပ်သင့်တဲ့ လုပ်ရပ်အဖြစ် မြင်တယ်။ အွန်လိုင်းပေါ်ကနေ စစ်ရေး ဆောင် ရွက်နေသူတွေကို တိုက်ကွက်ဖော်ရမယ့်နေရာဟာ ဘယ်နေရာလဲဆိုတာ ညွှန်ပြနေခြင်းပဲ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ ကျင်းပပေးမယ့် ကိစ္စနဲ့ပတ်သက်ပြီး မီမီဝင်းဘတ်ဖြေသွားတာက မလုပ်စေချင်တဲ့သဘော တွေ့ရတယ်။ ရွေးကောက်ပွဲ ကျင်းပပေးခြင်းဖြင့် Legitimacy ဖြစ်လာမှာ မဟုတ်ဘူး။ အနောက်နိုင်ငံတွေကလည်း ထောက်ခံမှာ မဟုတ်ဘူး။ ထွက်ပေါက်ဖြစ်လာ မှာမဟုတ်ဘဲ ထောင် ချောက်ပင် ဖြစ်လာနိုင်တယ်လို့ ဆိုထားတာ တွေ့ရပါတယ်။ ဘယ်အပေါ်မှာ အခြေခံပြီး Legitimacy မဖြစ်ဘူးလို့ ပြောသလဲတော့မသိပါ။ ဖြစ်နိုင်တာက နိုင်ငံတကာက လက်မခံအောင်၊ မထောက်ခံအောင် ပြောဆိုခြင်းပဲ ဖြစ်ပါလိမ့်မယ်။ နောက်တစ် ပိုင်းက Legitimacy ဖြစ်သွားမှာ စိုးရိမ်နေပုံလည်း ရပါတယ်။ ရွေးကောက်ပွဲအပေါ် တရုတ်က ထောက်ခံအကူအညီပေးတာနဲ့ပတ်သက်လို့ သူ့အပြောက တရုတ်ကပဲ Lead လုပ်ပြီး ညွှန်ကြားချက်ပေးလို့ လုပ်ရတဲ့ပုံစံ ပြောသွားတာကတော့ သူဖြစ်ချင်တဲ့ မြန်မာတွေ တရုတ်ကို မုန်းသွားဖို့ တိုက်ရိုက်ဆော်တဲ့သဘောလို့ မြင်တယ်။ မိမိသိရသလောက် မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ တရုတ်အနေနဲ့ ဘာလုပ်ပါ၊ ညာလုပ်ပါဆိုပြီး Guide line ပေးတာ၊ ပြောတာ ဆိုတာ မတွေ့ခဲ့ဖူးဘူး။ သူ့နိုင်ငံ၊ သူ့နိုင်ငံရေးကို ဝင်မစွက်ဘဲ သံတမန် ဆက်ဆံရေးအရ တစ်ဖက်ကို ယိမ်းမသွားဖို့၊ သူ့ထက်ပို မျက်နှာသာမပေးဖို့သာ သတိထားတာမျိုးပဲ ရှိတယ်။ ဒါကလည်း ပထဝီနိုင်ငံရေးအရ တစ်ဖက်ကို ပေါင်းပြီး သူ့ကို ဒုက္ခပေးမှာ မလိုလားတဲ့သဘောပဲ။ မြန်မာနိုင်ငံမှာ ဘယ်အစိုးရ တက်တက် ဒီသဘာဝကို နားလည်ပြီး ဒီမူဝါဒကို မထိသမျှ တရုတ်နဲ့ ဘာမှမဖြစ်ဘူး။ ဒီပြောဆိုချက်က ပြည်သူတွေကို ထင်ယောင်ထင်မှားဖြစ်စေပြီး မျိုးချစ်စိတ်အရ မခံချင်အောင် ဆွပေး တဲ့သဘောပဲ။
ယခုရက်ပိုင်းအတွင်းမှာ တပ်မတော်နဲ့ MNDAA ငြိမ်းချမ်းရေး သဘောတူညီမှု လက်မှတ်ရေးထိုးပြီးကြောင်း တရုတ်က သတင်းထုတ်ပြန်ပြီး သက်ဆိုင်ရာ တပ်မတော်နဲ့ MNDAA တို့က သတင်းမထုတ်ပြန်တာနဲ့ ပတ်သက်လို့ မီမီဝင်းဘတ်ရဲ့ သဘောထားကို မေးမြန်းခဲ့တာ တရုတ်က နောက်ကွယ်ကနေ ကြိုးကိုင်နေတာကို ထင်ထင်ရှားရှား ပြသခြင်းဖြစ်ကြောင်း၊ ဘယ်သူမှ မြန်မာ့ပြည်တွင်းရေးမှာ ဝင်ရောက် စွက်ဖက်ခြင်းမပြုရဘူးဆိုပြီး သူကိုယ်တိုင် ထဲထဲဝင်ဝင် ဝင်ရောက်ခြင်း ဖြစ်ကြောင်း၊ ဒီကိစ္စကိုလည်း ပြည်သူက အတော်မုန်းကြောင်း၊ ပြည်သူက တရုတ်အပေါ် ယုံကြည်မှုရော၊ လေးစားမှုပါ ပျောက်ဆုံးသွားစေကြောင်း၊ တရုတ်ဘက်က ကြည့်ရင် မြန်မာနိုင်ငံကို ပိုင်ပိုင်နိုင်နိုင် သိမ်းချင်တာ၊ တပည့်အဖြစ် ထားချင်တာ ပေါ်လွင်တယ်ဆိုပြီး ပြောသွားတာ တွေ့ရပါတယ်။ သူဘာကို ဆိုလိုတယ်ဆိုတာ ရှင်းရှင်းလင်းလင်းတွေ့ရမှာ ဖြစ်ပါတယ်။ ပြည်တွင်းရေးမှာ တရုတ်က ထဲထဲဝင်ဝင် ဝင်ရောက် ခြယ်လှယ်နေတာလို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။ တရုတ်ရဲ့ တကယ့်ရည်ရွယ်ချက်နဲ့ အကျိုး စီးပွားအမြင်က အဲ့ဒီလို မဟုတ်ဘူး။ မြန်မာ့ပြည်တွင်းရေးကို ဝင်နှောင့်နေတာက အမေရိကန်။ China Containment Policy အရ မြန်မာကို ချည့်နဲ့အောင်၊ ပြည်တွင်းရေး မငြိမ်မသက်ဖြစ်အောင် အမှန်တကယ် လုပ်နေတာကသူ၊ ဒါမှ ပြည်တွင်းမှာ ဝင်ရောက်ခြယ်လှယ်နိုင်မှာ၊ အနိမ့်ဆုံးအဆင့် တရုတ်ရဲ့ ပင်လယ်ထွက်ပေါက်နဲ့ ပိုးလမ်းမအစီအစဉ်ကို နှောင့်ယှက်ထားနိုင်မှာ၊ ပျက်တဲ့အထိ ဆောင်ရွက်ဖို့အထိ မှန်းထားပေမယ့် လောလောဆယ် ရှေ့ဆက်မတိုးစေနိုင်မှာ မဟုတ်ဘူးလား။ လတ်တလော ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် မြန်မာ-တရုတ် အကျိုးတူ စီးပွားတွေ ရပ်ဆိုင်းထားရတာ ဘယ်သူ တွေ အကျိုးယုတ်ပြီး ဘယ်သူတွေ မြတ်နေသလဲ။ မြန်မာနဲ့တရုတ် ဆက်စပ်နေတဲ့ လုပ်ငန်းတွေ ရှေ့ဆက်မရတဲ့ အခြေအနေကို ဘယ်သူက ပိုကြိုက်မလဲ။ မပျက်ပျက်အောင်ကို ဖျက်ချင်နေတာက အမေရိကန်ပါ။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ တစ်ဆက်တစ်စပ်တည်းဖြစ်တဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းပျက်အောင် ကျောက်ဖြူ ဒေသခံတာဝန်ရှိ ရခိုင်လူမျိုး အကြီးအကဲတွေကို အမေ ရိကန်သံရုံးက သွားရောက်ပြီး မက်လုံးပေး တားမြစ်တာတွေလုပ်ခဲ့တာ ဘာကြောင့်လဲ။ အခု မီမီဝင်းဘတ် ပြောနေတာဒါပဲ။ တရုတ်ကို မြန်မာတွေ မုန်းသွားအောင် လုပ်နေတာ။ နှစ်နိုင်ငံအကျိုးတူ စီးပွားတွေ ရှေ့ဆက်ဖို့အတွက် ပြည်တွင်း တည်ငြိမ်ရေးကို အကူအညီပေးနေတဲ့ သူနဲ့ တိုင်းပြည်တစ်စစီဖြစ်အောင် ဘားမားအက်ဥပဒေထုတ် အကူအညီပေးနေသူ ဘယ်သူက မြန်မာနိုင်ငံအပေါ် စေတနာ ပိုထားမလဲ။ အကျိုးတူစီးပွား လိုလားချက်နဲ့ ကိုယ်ကျိုးစီးပွား လိုလားချက်မတူနိုင်တာ သတိထားဖို့လိုပါတယ်။ မီမီဝင်းဘတ် ပြောနေတာက ဘက်အမြင်နဲ့ အမေရိကန်လိုလားချက်သက်သက်ပဲ ဖြစ် ပါတယ်။ မေးတဲ့ အယ်ဒီတာ ဆိုတဲ့သူကလည်း အဆင်းဘီးတပ်ပေးနေတာ တွေ့ရတော့ မြန်မာနိုင်ငံအပေါ် သဘောထားမှန်တဲ့သူတွေ မဟုတ်ကြဘူးလို့ ဆိုရပါလိမ့်မယ်။
မီမီဝင်းဘတ်ရဲ့ တရုတ်အစိုးရနဲ့ လက်ရှိ မြန်မာအစိုးရ ပူးပေါင်းမှုတွေနဲ့ပတ်သက်ပြီး ဖြေကြားမှုတွေဟာ အတော်ဆိုးပါတယ်။ ထင်ကြေးနဲ့ပြောသွားတာ မဟုတ်ဘဲ တမင်ရည်ရွယ်ချက် ရှိရှိ ပြော သွားတာပဲ ဖြစ်ပါတယ်။ လုံခြုံရေးကုမ္ပဏီကိစ္စနဲ့ပတ်သက်ပြီး ပြောသွားတာကိုကြည့်ရင် တပ်မတော် ခေါင်းဆောင်ပိုင်းအတွင်း ပြိုကွဲအောင် ရန်တိုက်ပေးတဲ့ သဘောမျိုး တွေ့ရတယ်။ တပ်မတော်အကြီးအကဲကို သူနဲ့ သူ့မိသားစု အာဏာတည်မြဲရေးအတွက် တိုင်းပြည်ကို ရောင်းစားသူအဖြစ် စွပ်စွဲပြောဆိုပြီး ပြည်ပတပ်တွေ ခြေချခွင့်ပြုတာ အန္တရာယ်အရမ်းကြီးတဲ့အတွက် လက်မခံလိုတဲ့သူတွေကြောင့် လောလောဆယ် လုံခြုံရေးကုမ္ပဏီဥပဒေ မထွက်သေးတာဖြစ်ကြောင်း ပြောသွားတာ တွေ့ရပါတယ်။ တရုတ်အနေနဲ့ ဒီလိုလုပ်ဆောင်တာဟာ သူ့ရဲ့လုပ်ငန်းတွေကို ကာကွယ်ဖို့ မဟုတ်ကြောင်း၊ လက်ရှိ တော်လှန်နေတဲ့ အဖွဲ့တွေအနေနဲ့လည်း တရုတ်အကျိုးစီးပွားကို မထိဘူးလို့ အာမခံပေးထားသလို ထိ လည်း မထိကြောင်း၊ အဓိကလိုလားချက်က ပထဝီနိုင်ငံရေးအရ မလက္ကာရေလက်ကြားကို ရှောင်ပြီး အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ကို စိုးမိုးထားနိုင်ရေးအတွက် ရည်ရွယ်ခြင်းသာ ဖြစ်ကြောင်း၊ တပ်မတော်ကို အကူအညီပေးနေတာကလည်း အရည်အချင်းမရှိတဲ့ တပ်မတော်ရှိမှ နောက်ကနေ ကြိုးကိုင်ထားနိုင်မှာ ဖြစ်တဲ့အတွက် အသက်ရှည်အောင် ဆောင်ရွက်ပေးနေတာ ဖြစ်ကြောင်း ပြောကြားခဲ့တာကို တွေ့ရပါတယ်။ သူဘာကို ရည်ရွယ်တယ်ဆိုတာ သူ့ရဲ့စကားထဲမှာ ပါပါတယ်။ အဓိကက အမေရိကန်က ပိတ်ထားလိုတဲ့ တရုတ် နောက်ဖေးတံခါးပေါက် ပွင့်သွားမှာ၊ အဲ့ဒီအပေါက်ကို စိုးမိုးထားနိုင်မှာကို မလိုလားလို့ဘဲ ဖြစ်ပါတယ်။ မီမီဝင်းဘတ်ရဲ့အပြောဟာ တရုတ် ကြိုးစားနေတဲ့ ဘင်္ဂလား ပင်လယ်ထွက် ပေါက်နဲ့ စိုးမိုးထားနိုင်ရေးကို မပျက်ပျက်အောင် ဖျက်ချင်တဲ့သဘောပဲ ဖြစ်ပါတယ်။ အမေရိကန်စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး အမေရိကန်ပင်စင် စားနေသူတစ်ယောက်ဟာ အမေရိကန်အကျိုးကို ကြည့်တာ မဆန်းလှပါ။ သို့သော် မြန်မာစကားပြောပြီး မြန်မာဖြစ် ခဲ့ဖူးသူက အမေရိကန်အလိုကျ မြန်မာပြည်ပျက်စီးရေး လုပ်ငန်းတွေကို အတူပူးပေါင်းဆောင်ရွက်နေတာကတော့ အသဲနာစရာ ကောင်းလှပါတယ်။ ပိုဆိုးတာက မီဒီယာအမည်ခံပြီး အမေရိကန် အကျိုးစီးပွားကို ထမ်းပေးနေတဲ့ လုပ်ရပ်ပါ။ သေချာတာက ဒီအင်တာဗျူးဟာ ပုလင်းတူဘူးဆို့ချင်း ပေါင်းကြံတဲ့ မီဒီယာ အမည်ခံ ဝါဒဖြန့် လုပ်ရပ်သက်သက်သာ ဖြစ်ပါတယ်။ (ဇော်နိုင်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )