အမေရိကန်မှာ ဒီမိုကရေစီ ကျရှုံးနေပြီလား

၂၀၂၅ ဇန်နဝါရီ ၂၅

    မသိနားမလည်သူတွေက အမေရိကန်ဟာ ဒီမိုကရေစီ အပြည့်အဝကြီးရပြီး၊ နေပျော်ဖွယ် အလွန်ကောင်းတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် မြင်နေကြတဲ့အပေါ်  Prof Kishore Mahbubani က အထင်နဲ့အမြင် ကွာခြားနေတာကို အချက်အလက်တွေနဲ့ တင်ပြထားပါတယ်။
    America is a failing Democracy ဆိုတဲ့ အဆိုအပေါ်ကို သူက ဝေဖန်ဟောပြောပွဲ ရှစ်ခုထဲက တစ်ခုဖြစ်ပါတယ်။ Prof Mahbubani ဟာ စင်ကာပူနိုင်ငံရဲ့ ထင်ရှားတဲ့ သံတမန်တစ်ဦးဖြစ်ပြီးတော့ (၂၀၀၁/ ၂၀၀၂) UN လုံခြုံရေးကောင်စီရဲ့ ဥက္ကဋ္ဌဖြစ်ခဲ့ပြီးတော့၊ ပါမောက္ခအဖြစ် ကမ္ဘာကျော်တက္ကသိုလ်ကြီးတွေမှာ စာတွေလိုက် ပို့ချနေတဲ့ ပါမောက္ခအဖြစ်နဲ့ရော၊ အောင်မြင်ကျော်ကြားတဲ့ စာရေးဆရာတစ်ဦးဖြစ်ပါ တယ်။
    သူက ဒီတစ်ခါမှာ Oxford Union Society ဆိုတဲ့အဖွဲ့မှာ ဟောပြောချက်ကို စာရှုသူတွေအတွက် ဘာသာပြန် တင်ပြလိုက်ခြင်းဖြစ်ပါတယ်။ OUS ဟာလည်း ပညာရှင်အသိုင်းအဝိုင်းမှာ လူသိများတဲ့ ၁၈၂၃ ခုနှစ်ကတည်းက တည်ထောင်ခဲ့တဲ့ အဖွဲ့ကြီးဖြစ်ပြီး မကြာမကြာ နိုင်ငံကျော် အသိပညာရှင်ကြီးတွေရဲ့ ဟောပြောပွဲတွေ ကျင်းပရာ လန်ဒန်မြို့က နာမည်ကြီးဌာနကြီးတစ်ခုဖြစ်ပါတယ်။ OUS မှာ ထူးခြားချက်တစ်ခုက Free Speech ဖြစ်ပါတယ်။ တကယ့်ကို ဘာဆင်ဆာမှမရှိဘဲ ပညာရှင်များရဲ့အမြင်ကို တင်ပြခွင့်ရှိတာမို့ ပညာရှင်ချင်း အမြင်သဘောထားခြင်း ဖလှယ်ရာ၊ စကားအချေအတင် Debate လုပ်ရာ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
    Prof Kishore က ပြောကြားရာမှာ လူတွေဟာ 'စံ' Standards တွေအကြောင်း ပြောကြတဲ့အထဲမှာ လွတ်လပ်မှုကိုသာ ဇောင်းပေးပြောကြားကြပေမယ့် 'သာတူညီမျှမှု'ကို တွဲပြောလေ့ မရှိကြဘူး။ ဒါပေမဲ့ ဒီ Oxford လို ဌာနကြီးမှာတော့ ထင်ရှားတဲ့ အတွေးအခေါ်ရှင်ကြီး တွေဟာ ၁၈/၁၉ ရာစုနှစ်လောက်ကတည်းက (Free dom and Equality) 'လွတ်လပ်မှုနဲ့ သာတူညီမျှမှု'ဆိုတာကိုတွဲပြီး ရင်ပေါင်တန်းသွားဖို့ ပြော ဆိုခဲ့တဲ့ အထောက်အထားတွေ တွေ့ရပါတယ်"လို့ နိဒါန်းပျိုးရင်း သူ့ဟော ပြောချက်ကို စတင်လိုက်ပါတယ်။
    US ဟာ တကယ်အောင်မြင်နေတဲ့ နိုင်ငံကြီးပါ။ လကမ္ဘာကို လူရောက်အောင်သွားနိုင်တဲ့ US ကို နှစ်ငါးဆယ်တိုင်အောင် သူ့လိုစွမ်းဆောင်နိုင်တဲ့နိုင်ငံ မပေါ်ခဲ့ပါဘူး။ နယ်ပယ်အစုံမှာ နိုဗယ်ဆုအများဆုံးရတဲ့ နိုင်ငံဟာလည်း US နိုင်ငံပဲ ဖြစ်ပါတယ်။ ပြောချင်တာက ဘယ်နိုင်ငံဟာ US ထက်သာတယ်ဆိုတာ စကားရည်လုဖို့ မဟုတ်ပါဘူး။ အခုပြောမှာက US မှာ ဒီမိုကရေစီ ကျရှုံးနေပြီလားဆိုတဲ့ အချက်ပါ။ ကျွန်တော်က US ကို နှစ် ၅၀ လောက် ကူးချည်သန်းချည် လုပ်နေတာပါ။ US မှာပဲ အိမ်ထောင် နှစ်ကြိမ် ကျခဲ့တာဆိုတော US အကြောင်း ကျွန်တော် ကောင်းကောင်းသိပါတယ်။


    US ဟာ အလွန်ပျော်စရာကောင်းတဲ့ တိုင်းပြည်ပါ။ အခုတော့ ဒီလိုမဟုတ်တော့ပါဘူး။ ဘာ ကြောင့် ဒီလိုဖြစ်ရတယ်၊ US ဟာ ဘာကြောင့် ဒီမိုကရေစီကျရှုံးနေတယ်ဆိုတာကို အချက်သုံးချက်နဲ့ ထောက်ပြပါ့မယ်။ တစ်အချက်ကတော့ 'ဘယ်လို'ဖြစ်ရတယ်၊ နှစ်အချက်က 'ဘာကြောင့်' ဖြစ်ရတယ်၊ သုံးအချက်က 'ဘယ်လိုအဖြေ ရှာသင့်တယ်'ဆိုတာပါ။ အဖြေကိုပါ ဘာကြောင့် ပြောရသလဲဆိုတော့ ကျွန်တော်က US ရဲ့ ဒီမိုကရေစီကို မဆုံးရှုံးစေချင်လို့ ပြောပါတယ်။ ဒီမေးခွန်းတွေကို Prof Kishore က အခုလို တစ်ခုချင်း ဖြေသွားပါတယ်။
    ပထမမေးခွန်းမှာ ဘယ်လိုဆုံးရှုံးရသလဲဆိုတော့ ဒီမိုကရေစီရဲ့ အခြေခံသဘောတရားက၊ ဒီမိုကရေစီရဲ့ အခြေခံရည်မှန်းချက်ဟာ ပြည်သူတွေက၊ ပြည်သူတွေအတွက်၊ ပြည်သူများကိုယ်တိုင်၊ စီမံခန့်ခွဲအုပ်ချုပ်ဖို့ ပဲဖြစ်ပါတယ်။ ဒီမှာ ဒီမိုကရေစီရဲ့ အောင်မြင်မှုကို တိုင်းတာရာမှာ ပြည်သူတွေရဲ့ဘ၀ဟာ ဒီစနစ်ကိုကျင့်သုံးရင်း ဘယ်လောက်အထိ အဆင့်မြင့်မားလာတယ်ဆိုတဲ့ ပေတံနဲ့တိုင်းထွာရင်း အောင်မြင်မှုကို အဖြေထုတ်ရမှာဖြစ်ပါတယ်။ ပထမတော့ ဒီစနစ်ဟာ အောင်မြင်ရပေမယ့် နောက်တော့ တိုးတက်မှုဟာ ရပ်တန့်သွားပါတယ်။
    ဒီအချက်ကို ၂၀၁၈မှာ Thomas Spiky ထုတ်ပြန်တဲ့ စာတမ်းအရ အမေရိကန် အခြေခံလူတန်းစား  ရာခိုင်နှုန်း ၅၀ ရဲ့ အခွန်မဆောင်မီဝင်ငွေနဲ့၊ အထက်တန်းလွှာ ၁ ရာခိုင်နှုန်းရဲ့ ဝင်ငွေကို နှိုင်းဆကြည့်ရင် ၂၀၁၄ ခုနှစ်မှာ အခြေခံလူတန်းစားရဲ့ ဝင်ငွေဟာ ၂၁ ရာခိုင်နှုန်းကနေ ၁၃၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး အထက်တန်းလွှာရဲ့ ဝင်ငွေဟာ ၉ ရာခိုင်နှုန်းကနေ ရာခိုင်နှုန်း ၂၀ အထိ တက်သွားခဲ့ပါတယ်။ လူမွဲ ရာခိုင်နှုန်း ၅၀ ဝင်ငွေက အဆမတန်ကျသွားပြီး လူချမ်းသာ ၁  ရာခိုင်နှုန်းရဲ့ဝင်ငွေက တိုးလာခဲ့ပါ တယ်။ တစ်ချိန်တည်းမှာပဲ အိမ်ထောင်အလိုက် ဓနအင်အား Household Wealth ဟာလူချမ်းသာက ၈ ဒသမ ၉ ရာခိုင်နှုန်းမှ ၁၃ ဒသမ ၆ ရာခိုင်နှုန်းအထိ တိုးတက်သွားခဲ့ပြီး လူမွဲတွေက  ၃ ဒသမ ၈ ရာခိုင်နှုန်းမှ ၂ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။ ဒီဂဏန်းတွေကို ကြည့်ခြင်းအားဖြင့် ပြည်သူတွေကို ဒီမိုကရေစီစနစ်က လက်တွေ့အကျိုး မပြုဘူးဆိုတာ ထင်ရှားစေပါတယ်လို့ Kishore က ပြောသွားပါ တယ်။
    သူစုဆောင်းရရှိတဲ့ အချက်အလက်တွေအရ ၁၉၇၀ မှာ လူလတ်တန်းစားရဲ့ ဝင်ငွေဟာ ၆၂ ရာခိုင်နှုန်းမှ ၄၂ ရာခိုင်နှုန်းကို ကျဆင်းသွားတာတွေ့ရပြီး အထက်တန်းလွှာရဲ့ ဝင်ငွေဟာ ၂၉ ရာခိုင်နှုန်း မှ ရာခိုင်နှုန်း ၅၀ ထိတက်သွားတာ တွေ့ရပါတယ်။ ဒီအချက်တွေက ပြည်သူတွေ ခံစားနေရတာကို ပြနေတာဖြစ်ပါတယ်။ Financial Times က Martin Wolf ကလည်း US ရဲ့ စီးပွားရေးက သွက်လက်နေတာဖြစ်ပေမယ့် ချောက်ချားစရာတစ်ချက်က အမေရိကန်တွေ အသက်မရှည်ကြတဲ့ အချက်ပဲဖြစ်ပါတယ်။ ဖွံ့ဖြိုးပြီး တိုင်းပြည်တွေထဲမှာ အမေရိကန်တွေ သက်ဆိုးမရှည်တဲ့အချက်ပါပဲ။ လူ့အဖွဲ့အစည်းတစ်ခု 'ကျပ်ပြည့်ဖို့' အရည်အသွေးတစ်ခုမှာ လူတစ်ယောက်ဟာ သက်တမ်းစေ့နေနိုင်ဖို့ အရေးကြီးပါတယ်။ ကမ္ဘာမှာ ဆင်းရဲချမ်းသာတာထက် အရေးကြီးတာက လူရယ်လို့ဖြစ်လာချိန်၊ လူ့အဖွဲ့အစည်း တစ်ခုမှာ လူ့သက်တမ်းဆိုတာ အရေးကြီးပါတယ်။ ဖွံ့ဖြိုးစတိုင်းပြည်တွေရဲ့ လူ့သက်တမ်းတွေက တစ်စ တစ်စရှည်လာချိန်မှာ အမေရိကန်တွေရဲ့ သက်တမ်းတွေက တိုလာတယ်လို့ Kishore က ဆိုပါတယ်။
    ရှေးရိုးစွဲ US သမိုင်းပညာရှင် Neil Ferguson က Social Indicators တွေနဲ့ ထောက်ပြရာမှာ US ဟာ အံ့သြဖွယ်၊ အရင်ခေတ်ဟောင်းက ဆိုဗီယက်တွေလိုဖြစ်နေပြီလို့ ပြောပါတယ်။ ဒါဟာ US ဒီမိုကရေစီကျရှုံးနေ ပြီဆိုတာ ကိန်းဂဏန်းတွေက ငြင်းလို့မရအောင် သက်သေခံနေတာ ဖြစ်ပါတယ်။ မေးစရာဖြစ်လာတာက 'ဘာကြောင့်ဒီလိုဖြစ်ရတာလဲ'ဆိုတာပါ။ အမေရိကန်တွေဟာ ဒီကိစ္စကို ဆွေးနွေးကြတယ်၊ မဲပေးကြ တယ်။ ဒါပေမဲ့ ဒီပြဿနာဟာ ခုထိအဖြေမထွက်ပါဘူး။ သူက ဒီအရေးကြီး တဲ့အချက်ကို ထောက်ပြမယ်လို့ Kishore က ပြောပါတယ်။
    ဒီမိုကရေစီနိုင်ငံတွေမှာ ပြည်သူတွေက မဲရုံတွေကို သွားကြတယ်။ မဲတွေပေးကြတယ်။ "ငါတို့က မဲတွေပေးကြတယ်၊ ဒို့စိတ်ကြိုက်အစိုးရကို လေးလေးနက်နက် ရွေးကြတယ်"လို့ ပြောကြပေမယ့် ဒီသမားရိုးကျ လုပ်ရပ်တွေကနေအဖြေက ထွက်မလာပါဘူး။ ဒါကို Princeton University က Economist Martin Gillins နဲ့ Benjamin Prish တို့ရဲ့ ကောက်ချက်အရ အဆင့်အတန်း ကွာခြားလွန်းတဲ့ အလွှာနှစ်ခုကြား (ချမ်းသာသူများနဲ့ သာမန်လူ အစုအဖွဲ့တစ်ခုကြား)က စီးပွားရေးအရ ဦးစားပေးချက်တွေကို 'မျှခြေ' ရှာရင် ဘဲစားဘဲချေသဘော ဖြစ်သွားတတ်ပြီး Public Policy မူဝါဒရေးဆွဲမှုအပေါ် သက်ရောက်မှုမရှိ သလောက် ဖြစ်သွားတတ်ကြောင်း၊ သို့သော်လည်း ချမ်းသာသူများရဲ့ ဂုဏ်ဓနအရှိန်အဝါဟာ သာမန် လူ့အဖွဲ့အစည်းထက် မူဝါဒရေးဆွဲမှုအပေါ် ပိုလွှမ်းမိုးနိုင်စွမ်းရှိကြောင်း မှတ်ချက်ပြုထားတာကို Kishore က စီးပွားရေးပညာရှင်တွေရဲ့ ရည်ညွှန်းချက်ကို ကိုးကားပြောဆိုထားပါတယ်။
    ဒါကြောင့် US မှာ သာမန်ပြည်သူတွေရဲ့ ဦးစားပေးမှုတွေဟာ အလေးထား မခံရတဲ့အတွက် 'လူအများစုက အုပ်ချုပ်တယ်'။ 'အများစုရဲ့ဆန္ဒဟာ အစိုးရရဲ့ ဆုံးဖြတ်ချက်တွေအပေါ် သက်ရောက်မှုရှိတယ်'ဆိုတဲ့ ဒီမိုကရေစီအနှစ်သာရဟာ ပျောက်ဆုံးနေကြောင်း၊ ဒါပေမဲ့ ဒီလိုဖြစ်နေတာကို ပြည်သူက သတိမထားမိကြောင်း၊ အတွင်းပိုင်းမှာ ကျိတ်ဖြစ်နေပြီး အပြင်ကိုသတင်းမထွက်ကြောင်း၊ သတင်းခေါင်း စီးမှာလည်း ဖော်ပြခြင်းမရှိကြောင်း၊ ဒီအကြောင်းကို ၎င်း၏သူငယ်ချင်း ဗဟိုဘဏ်ဥက္ကဋ္ဌ Paul Volker က "အမေရိကန်နိုင်ငံဟာ Democracy မဟုတ်ဘဲ Plutocracy နိုင်ငံဖြစ်နေပြီ"ဟု ပြောဖူးကြောင်း Kishore က ပြောပါတယ်။
    Plutocracy ဆိုတာ အဓိပ္ပာယ်ဖွင့်ဆိုချက်အရကို Democracy မဟုတ်ပါဘူး။ ဒီတော့ ဒီမိုကရေစီကျ ဆုံးခြင်းဆိုတဲ့ အကြီးမားဆုံးစိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဒီပြဿနာဟာ အဖြေရှိတယ်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ ဒီဖြစ်စဉ်ဟာ အမြစ်တွယ်နေတာဖြစ်တော့ 'ဒီအကြောင်း ကိုသတ်ဖို့'က အမေရိကန် အတွေးအခေါ်ပညာရှင်ကြီး John Rolls ရဲ့ Theory of Justice  အရ "လူချမ်းသာတွေ ပိုချမ်းသာဖို့ဆိုရင် အောက်ခြေလူတန်းစားလည်း ၁၀ ရာခိုင်နှုန်းလောက် အကျိုးးခံစားရဖို့တော့ လိုတယ်"ဆိုတဲ့အတိုင်း 'ချမ်းသာတဲ့လူတွေကို ပိုပေးမယ်ဆိုရင်လုပ်ပါ။ ဒါပေမဲ့ အောက်ခြေလူတန်း စားလည်း တိုးတက်ခွင့်ရဖို့လည်း လိုပါတယ်'လို့ ပြောခဲ့ပါတယ်။ ဒါဟာ သိပ်အခြေခံကျတဲ့အချက်ပါ။ Kishore က ကိုယ့်ရဲ့စံပြလိုလားချက်တွေ အကြောင်းပြောရင် လွတ်လပ်မှုအကြောင်းတစ်ခုတည်း မပြောပါနဲ့။ ဘာကြောင့်လဲဆိုတော့ ၁၈၊ ၁၉ ရာစုနှစ်ကတည်းက Oxford ကို ရောက်လာခဲ့တဲ့ အတွေးအခေါ် ပညာရှင်ကြီးတွေက (Freedom) လွတ်လပ်မှုအကြောင်း ပြောတိုင်း၊ အမြဲတိုင်း (Equality) မျှတမှုကို ထည့်ပြောပါလို့ မိန့်မှာခဲ့ပါတယ်။ Kishore ကလူတွေဟာ လွတ်လပ်ရေးအကြောင်းပြောတိုင်း မျှတမှုဆို တာကို တွဲပြောဖို့ မေ့လေ့ရှိပါတယ်။ အောက်ခြေလူတန်းစား ရာခိုင်နှုန်း ၅၀ ကိုယ်ရောစိတ်ပါ ချမ်းသာစွာနေနိုင်ဖို့ရာ လူ့အဖွဲ့အစည်းကြီးကို အေးအတူပူအမျှ (Co Owners)အတူတကွ ပိုင်ဆိုင်တယ်ဆိုတဲ့ စိတ်နဲ့ အများစုအကျိုးရှိမည့် အစီအမံတွေကို တည်ဆောက်နိုင်မှသာ ဒီမိုကရေစီဆိုတာ အဓိပ္ပာယ်ရှိမှာ ဖြစ်ပါတယ်။ ဒါမှ ကိုယ်ဘာလုပ်နေတယ်ဆိုတာကို သိပြီး အမေရိကန်ကို 'အိပ်ရာကထတော့'လို့ ကူပြီး နှိုးပေးရာလည်း ရောက်မှာဖြစ်ပါတယ်"လို့ Prof  Kishore Mahbubani က ပြောကြားသွားတာကို တင်ပြလိုက်ပါတယ်။
(ရွှေလင်းယုန်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 133

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42885

© 2022 - 2025 News. All Rights Reserved.