အမေရိကား ဒေါင်းမနိုးပွဲ

၂၀၂၄ နိုဝင်ဘာ ၂၂

    ကျီးမနိုးပွဲဆိုတာကိုတော့ အခုခေတ်လူငယ်တွေကတော့ သိပ်မသိနိုင်ကြတော့ပေ။ ထူးမြတ်တို့လည်း လူငယ်ဘဝက ကျီးမနိုးပွဲဆိုရင် လူငယ်ဘာသာဘာ၀ အပျော်သဘော ခိုးကြဝှက်ကြသည်။ လူငယ်တွေ အပျော်ဆိုတော့လည်း ကြက်ခြံပိုင်ရှင်တွေက တစ်ကောင်စ၊ နှစ်ကောင်စ အပျော်ခိုးတာဆိုတော့ မသိချင်ယောင် ဆောင်ကြတာများသည်။ ဒီလိုပဲ ဘူးစင်ပိုင်ထားတဲ့ အိမ်တွေကလည်း တစ်လုံးစ၊ နှစ်လုံးစချန်ထားပြီး လူငယ်တွေအတွက် ကာလသားတစ်ခါချက်ကတော့ အိုကေမှ စိုပြည်စမြဲ ဖြစ်သည်။ လူငယ်သဘာ၀ လက်တည့်စမ်းချင် ကြတာဆိုတော့ ကိုယ့်ထက်အသက်ကြီးတဲ့ ကာလသားတွေဆီက ဆေးလိပ်လေး မျှသောက်၊ အရက်ကလေးနဲ့ ကြက်ဘူး ကာလသားချက်လေး စားသောက် ပျော်ပါးရသည်က အမြဲအမှတ်ရနေသည်။ ထိုကာလက အခုခေတ်လိုမဟုတ်။ အပျော်ကိုသာဦး တည်ပြီး အပျက်ဆိုတာ မရှိသလောက် နည်းသည်။ အခုခေတ်ကတော့ ကျီးမနိုးပွဲ သူခိုးကြီးညဟုဆိုကာ ဖျက်လိုဖျက်ဆီး လုပ်ကြသည်အထိ  ရိုးရာတစ်ခုကို အလွယ်တကူ ဖျက်ဆီးလိုက်ကြသည်က စိတ်မကောင်းဖွယ်ရာပင် ဖြစ်သည်။
    ရှေးကတော့ ကျီးမနိုးပွဲဆိုတာ ကိုယ်စွမ်းကိုယ်စ၊ ဆေးမင်အစွမ်းကို စမ်းကြတဲ့ပွဲဖြစ်ပြီး ချစ်စရာ ကောင်းတဲ့ အလေ့အထတစ်ခု ဖြစ်သည်။ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့ဟာ နက္ခတ်စုံပြီး ကြတ္တိကာနက္ခတ်နဲ့ ယှဉ်တဲ့နေ့ ဖြစ်တဲ့အလျောက် ဆေးမင်ထိုးပြီး သိဒ္ဓိတင်ဖို့လိုတဲ့ ကာလသားတွေကို ဆေးမင်ထပ်ဆင့် ထိုးနှံပြီး သိဒ္ဓိအသစ် တင်ပေးကြသည်။ ကြတ္တိကာနက္ခတ်ဟာ အဟန့်၊ အမှောင် စတာတွေအတွက် အကျိုးပေးတယ်လို့ ယုံကြည်ကြတာကြောင့် ဒီလိုအဟန့်အမှောင်နဲ့ဆိုင်တဲ့ ဆေးအင်းတွေကို ညမှာထိုးကြသည်။ ထိုးပြီးရုံနဲ့ ကာလသားတို့က ထိုးခဲ့တဲ့ဆေးမင်တွေကို ဘယ်လောက် အောင်မြင် ပြီးစီးတယ်ဆိုတဲ့အကြောင်း လက်တွေ့စမ်းသပ်ရတဲ့ ထုံးတမ်းရှိသည်။ ဒါကြောင့် ဆေးမင် ဝိုင်းကနေ  ထွက်လာပြီး မှောင်ရိပ်ခိုလို့ သန်းခေါင်ဗိုလ် လုပ်ကြပါသည်။ ဆိုလိုတာကတော့ မှောင်ရိပ်ခို လို့ ရွာပတ်ခိုးရတာ ဖြစ်သည်။ ခိုးတယ်ဆိုသော်ငြား လွယ်ကူလှတာတော့မဟုတ်။ လရောင် ထိန်ထိန်လင်းနေတဲ့အပြင်ကို လူအားလုံးကလည်း မအိပ်ဘဲစောင့်နေကြသည်။ ဆေးမင်ဝိုင်းကထလာတဲ့ ကာလသားတို့အတွက်တော့ ဆေးအောင်ရင် မှောင်ရိပ်ခိုလိုက်တာနဲ့ ကိုယ်ပျောက်တယ်လို့ ယုံကြည်ကြသည်။ ဒီလိုနဲ့ ခိုးလို့ရလာတဲ့ပစ္စည်းတွေကို ရွာလယ် စည်းဝိုင်းထဲ စုပုံထည့် ထားရသည်။ ခိုးနေတာကို မိသွားရင်တော့ ရွာလယ်မဏ္ဍပ်မှာတင် မကောင်းတဲ့အကျင့်ဆိုး တွေကို ဆေးကြောပစ်မ ယ်လို့ဆိုပြီး တစ်ကိုယ်လုံး ရွှဲစိုအောင် ရေလောင်းပြီး ဆံပင်တွေကို ညှပ်လို့ ကတုံးပါ ရိတ်ပေးလိုက်ကြသည်။ ပြီးရင်တော့ မဏ္ဍပ်တိုင်မှာ ကြိုးနဲ့ချည်နှောင်ထားလိုက်သည်။ ရောင်နီလာရင်တော့ အခိုးခံရတဲ့အိမ်တွေက ကိုယ့်ပစ္စည်းကို အခကြေးငွေနဲ့ ပြန်ပြီး ဝယ်ယူရသည်။ ကျီးမနိုးခင်အချိန်မှာ ဒါတွေအား လုံးကိုအပြီးအစီး လုပ်ဆောင်ကြတဲ့ပွဲမို့ ဒီပွဲကို ကျီးမနိုးပွဲလို့ ခေါ်ခြင်းဟု ဆိုသည်။
    ကာလရွေ့လျားလာတော့ ဆေးမင်ကြောင်အစား တက်တူးတွေ ခေတ်စားလာသည်။ ဒီတော့လည်း ထူးမြတ်တို့လို လူငယ်တွေအတွက် ပျော်စရာ၊ ဖန်တီးစရာပွဲ ဖြစ်လာသည်။ အိမ်က ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်တွေ ယူလာပြီး တစ်နေရာမှ စုကြသည်။ ပြီးတော့ ကြက်ခိုးမယ့်သူ၊ ဘူးသီးခိုး မယ့်သူ၊ ကြက်မွေးနုတ် မယ့်သူ၊ ချက်ပြုတ်ရေးတာဝန်ယူသူ အစရှိသဖြင့် ခွဲဝေတာဝန်ယူကာ ဟင်းအိုးကျက်သည်နှင့် ပျော်ပျော်ပါးပါး စားကြသောက်ကြလေသည်။ အခုခေတ်ကတော့ အပျော်ထက် အပျက်များလာသည်။ သူများအိမ်ရှေ့က မြောင်းကူးတံတားကို နေရာရွှေ့ပစ်တာမျိုး၊ ရပ်ထား သည့်လှည်းတွေကို အများသူငါ သွားလာရာ လမ်းမပေါ်သို့ ရွှေ့ပစ်တာမျိုး လုပ်ကြသည်။ အင်မတန် အန္တရာယ်များကာ ချစ်စဖွယ် မြန်မာ့ရိုးရာဓလေ့လေးပျောက်ကွယ် သွားခြင်းက အင်မတန်နှမြောစရာကောင်းလှပေသည်။သို့သော်လည်း တစ်ဖက်ကကြည့်ရင် ကထိန်ပွဲတော်ကြီးမှာ လူငယ်လူ ရွယ်တွေ တက်ကြွစွာ ပါဝင်လှူဒါန်းကြတာ မြင်ရတော့လည်း လူငယ်ဆိုတာ တစ်ခါတစ်ရံ မှားတတ်တာပဲ ပြုပြင်ပေးရင် အမှန်သိသွားမှာပဲဟု စိတ်ဖြေရသည်။ ကထိန်ပွဲတော်ကြီးမှာ ဖလားကိုယ်စီကိုင် အလှူခံနေသော လူငယ်လေးများ၊ ပဒေသာပင်တွေဘေး ခေတ်ပေါ်တီးလုံးတွေနဲ့ ဝိုင်းဖွဲ့ကနေသော လူငယ်လေးများကို တွေ့မြင်နေရခြင်းက စိတ်ချမ်းမြေ့ဖွယ်ကောင်းသော တန်ဆောင်မုန်းလမြတ် အချိန်အခါပင် ဖြစ်တော့သည်။
    ၁၂ လရာသီ ပွဲတော်ဆိုတာက မြန်မာနိုင်ငံ တစ်နိုင်ငံတည်းရှိတာကြောင့် မြန်မာလူမျိုးတွေ အပျော်အပါးမက်ကြသည်ဟု ထင်ကောင်းထင်ပေလိမ့်မည်။ပွဲတော်တစ်ခုစီတွင် အဓိပ္ပာယ် အနှစ်သာရကို သိရင်ဖြင့် ပျော်ရွှင်စရာ၊ ကုသိုလ်ယူဖွယ် ပွဲတော်များပင် ဖြစ်သည်။အခုဆိုရင် ကမ္ဘာကြီးက ရွာဖြစ်သွားပြီ ဖြစ်သည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ယဉ်ကျေးမှု ကူးလူဆက်ဆံမှုက အရမ်းမြန်သည်။ ထိုကြောင့်လည်း မြန်မာနိုင်ငံမှာ ကိုရီးယားယဉ်ကျေးမှုက လွှမ်းမိုးတာ မြန်သွားတာဖြစ်သည်။ ဒီလိုပင် ကိုရီးယားရောက် မြန်မာတွေကြောင့် မြန်မာ့ရိုးရာ လက်ဖက်သုပ်ကို ကိုရီးယားနိုင်ငံသားတွေ သဘောတွေ့ လာကြသည်။ အခုဆိုရင် ဥရောပအစားအသောက်တွေ အာရှမှာ အလွယ်တကူရသလို အာရှအ စားအသောက်တွေ ဥရောပမှာ အလွယ်တကူ ဝယ်လို့ရနေပြီဖြစ်သည်။ ဒါကြောင့်လည်း ဘယ်နိုင်ငံသွားသွား အစားအသောက်အတွက် ပူစရာမလိုတော့တာ ဖြစ်သည်။ ဒါကြောင့်လည်း ကမ္ဘာကြီးက ရွာဖြစ်ပြီ ဟုပြောတာ ဖြစ်သည်။
    မြန်မာပြည်မှာတင် ကျီးမနိုးပွဲဟုခေါ်သော သူခိုးကြီးည ရှိတာမဟုတ်ချေ။ အခုဆိုရင် အမေရိကားမှာလည်း သူခိုးကြီးညဆိုသည့် ပွဲတော်ကျင်းပနေပြီ ဖြစ်သည်။ ဟုတ်ပါ့မလားမောင်ထူးမြတ်ရာ ငါတို့အမေရိကား မရောက်ဖူးလို့ မင်းပြောတာ ယုံရမလားဟု မေးစရာရှိလာသည်။ အမေရိကားမှာ အမှန်တကယ် သူခိုးကြီးညရှိသည်။ အမေရိကားမှာကတော့ ကျီးသတ္တဝါ ရှားပါးတာကြောင့် ဒေါင်းမနိုးပွဲဟု ခေါ်ကြသည်။ ဒေါင်းတွေ အိပ်မောကြနေချိန် ဒေါင်းတွေ မသိအောင် မြန်မြန်ခိုးရတာ ဖြစ်သည်။ ဒေါင်းတွေကလည်း တော်တော် အအိပ်မက်ကြသည်။ ခိုးတဲ့သူတွေ ချမ်းသာတဲ့အထိ ခိုးတာတောင် မနိုးကြသည်အထိ အအိပ်မက်သည်ဟု ကြားဖူးသည်။ ဒီတော့ အမေရိကားမှာ ကျင်းပသည့် ဒေါင်းမနိုးပွဲအကြောင်း နှောင်းလူများ မှတ်သားသိရှိစေရန် ဆရာကြီးထူးမြတ်တစ်ယောက် ရေးသားဖော်ပြရလတ္တံ့။ အမေရိကား တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက် ကောင်းကင်၌ နက္ခတ်များစုံချိန်ကို စောင့်ကာ စောရနက္ခတ်နှင့် ကြုံသည့်အချိန်တွင် တော်လှန်စုတ်ထိုးကာ ဒီမိုကရေစီမင်ကြောင် ထိုးပေးရသည်။ တော်လှန်ဆေး အောင်မအောင် စမ်းသပ်လိုကြတာကြောင့် ဆေးထိုးပြီး သူတွေက အမေရိကန်သာမက တစ်ကမ္ဘာလုံး ပတ်ခိုးရတော့သည်။ ခိုးမှာကို သိသိကြီးနဲ့ စောင့်ကြည့်နေသူတွေ မမြင်အောင်ခိုးရသည်က တော်လှန်ဆေးထိုးထားသူတို့၏ တာဝန်ဖြစ်သည်။ တော်လှန်ဆေးထိုးထား သူတွေက သူ တို့ခိုးတာ လူမသိအောင် 'ငါတို့ နိုင်တော့မှာ'၊ 'မပြီးသေးဘူး ငါတို့အလှည့် ကျန်သေးတယ်'၊ 'တရားတဲ့သူ နိုင်ကြေး'ဆိုပြီး အော်ဟစ် ခိုးကြရသည်။
    ခိုးလို့ ခိုးမှန်းမသိအောင် ပရောဂျက်တွေနဲ့လည်း ခိုးရသည်။ ဘွန်းတွေရောင်းပြီးလည်း ခိုးရသည်။ နွေဦးကွန်ဒိုတွေဆိုပြီး လေပေါ်တိုက်အိမ်ဆောက်ကာ ခိုးရသည်။ ယုတ်စွအဆုံး အဆောက်အ အုံ မရှိသည့် ဘဏ်ဆိုတာကြီးကို လူတွေယုံအောင် အယုံသွင်းပြီး ခိုးရသည်။ ခိုးတာ လူမိသွားရင်တော့ တော်လှန်ဆေး ထိုးရတာ အရမ်းပင်ပန်းကြောင်း၊ တော်လှန်ရေးကြီးမှာ ပါဝင်ရတာ အရမ်းစိတ်ပျက် ကြောင်း၊ တော်လှန်ရေးပြီးရင် အိမ်ပြန်တော့မှာ ဖြစ်ကြောင်း အဆို၊ အငို၊ ငေါက်ငမ်း၊ မျက်ရည်ချူကာ လူမသိအောင် ခိုးရသည်။ ခိုးထားဝှက်ထားတွေကိုလည်း မသိအောင်ဖွက်ကာ အိမ်တွေ၊ ကားတွေ ဝယ်ထားကြရသေးသည်။ ဒီလိုခိုးနိုင်သူကသာလျှင် တော်လှန်ဆေးအောင်သူဟု သတ်မှတ်လေ့ရှိ သည်။ အမေရိကားသူခိုးကြီးညမှာတော့ များများခိုးနိုင်ရင်များများ ဆေးအောင်သူပင်ဖြစ်သည်။ ဘယ်လောက်ခိုးခိုး အခိုးခံရသူတွေက အခိုးခံလိုက်ရတာကိုပင် မသိလိုက် အောင်ခိုးနိုင်သူက စောရနက္ခတ် အမိဆုံးပင်ဖြစ်သည်။ဒေါင်းတွေကလည်း ခိုးတဲ့သူ ခိုးမှန်းမသိ၊ အခိုးခံရလည်း ခိုးတာကို မတွန်ကျူးရဲသည်အထိ အအိပ်မက်လှတာကြောင့် အမေရိကား ဒေါင်းမနိုးပွဲကြီးက စည်ကားလှပေသည်။
(ထူးမြတ်)

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 108

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

31235

© 2022 - 2024 News. All Rights Reserved.