အလှူခံစားသူတို့အပေါ် တော်လှန်ရေးသမားတို့၏ တောက်ခေါက်သံ

၂၀၂၄ ဒီဇင်ဘာ ၁၄

ထိုကဲ့သို့ ရှိနေကြကုန်၏
    ဤကဲ့သို့ ရှိကြပါကုန်လောဟုပင် အံ့သြမှင်တက်သွားရမိ၏။ အကြောင်းက သည်ရက်ပိုင်းတွင် မသွားဖြစ်၊ မရောက်ဖြစ်သည်မှာ ကြာပြီဖြစ်သည့် မြို့ထဲသို့ ဈေးဝယ်ထွက်ရာမှ စခဲ့သည်။ အိမ်အတွက် လိုအပ်သည့် ပစ္စည်းပစ္စယများဝယ်ရန် မဒမ်နှင့်အတူ မြို့ထဲသို့ ဈေးဝယ်သွားဖြစ်သည်။ ကုန်ဈေးနှုန်းများ ကြီးမြင့်နေသည့်အကြောင်းကိုတော့ စာတစ်စောင်ပေတစ်ဖွဲ့ ရေးစရာမလို အားလုံးသိနေကြရဲ့ မဟုတ်လား။ ထိုသို့ ဈေးဝယ်သွားစဉ် ကိုယ့်ရဲ့အမူအကျင့်အတိုင်း စာအုပ်ဆိုင်၊ ဂျာနယ်ဆိုင်သို့ ရောက်တုန်းရောက်ခိုက် ကြည့်ရှုမွှေနှောက် ဝယ်ချင်ခြမ်းချင်စိတ်က အစဉ်ပေါ်မြဲဖြစ် သည်။ မဒမ်က သူလိုအပ်သည်များကို ဝယ်ခြမ်းပြီး ဂျာနယ်ဆိုင်ဘက်သို့ သွားဖြစ်သည်။ အဓိကအနေဖြင့် ကလေးများဖတ်ရန် ရွှေသွေးဝယ်မည်ဟု စိတ်ကူးဖြင့် သွားခြင်းဖြစ်သည်။ ကိုယ်ငယ်ငယ်ကလည်း ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်း၊ မြတ်မင်္ဂလာ၊ မင်္ဂလာမောင်မယ် စသည့် စာပေများဖြင့် ဖြတ်သန်း ကြီးပြင်းလာခဲ့ခြင်းဖြစ်ရာ ကိုယ့်ကလေးငယ်များကိုလည်း ရွှေသွေးအစပြု ဖတ်မှတ်စေကာ စာပေနှင့်ယဉ်ပါးစေလိုသည့် ဆန္ဒကြောင့် ဖြစ် ပါသည်။ သို့နှင့် ဂျာနယ်ဆိုင်သို့ရောက်သွားပြီး ရွှေသွေး ငါးစောင် ဝယ်ဖြစ်၏။ ရွှေသွေးငါးစောင်ဝယ်ပြီး ဂျာနယ်ဆိုင်ရှင် ဦးလေးကြီးကို "နိုင်ငံရေးဂျာနယ်လေး တွေ ဘယ်ဟာ ဖတ်လို့ကောင်းလဲ"ဟု မေးကြည့်ဖြစ်သည်။ 
    ဂျာနယ်ရောင်းသည့် ဦးလေးကြီးက "နိုင်ငံရေးမဖတ်နဲ့ဖတ်ပြီး သွေးဆူတာပဲ ရှိမယ်"ဟု မှတ်ချက်ချသဖြင့် ကျွန်တော်ရွှေထီးနှင့် မဒမ်ရွှေတို့ အတော်ပင် ရယ်လိုက်ရလေသည်။ သူဆက်ပြောသည့်စကားက နိုင်ငံရေးကိုမဖတ်နှင့်ဆိုသည်မှာ လူမှုကွန်ရက်ပေါ်က နိုင်ငံရေးများကို မဖတ်စေရန် အဓိက တိုက်တွန်းလိုခြင်း ဖြစ်သည်ဟု ဆိုသည်။ ဂျာနယ်ရောင်းသဖြင့် ဂျာနယ်ကို ဖတ်စေချင်၍ မဟုတ်ကြောင်း လူမှုကွန်ရက်ပေါ်က ထင်ရာရေး၍ နိုင်ငံရေး ပြောနေသည့် စာပေများသည် အဆိပ်ထက်ပင် ဆိုးရွားပြီး လူထုကို လမ်းမှားသို့ ပို့ဆောင်နေခြင်းဖြစ်သောကြောင့် ချစ်ခြင်းမေတ္တာနှင့် အသိပေးခြင်းကို စိတ်မရှိစေရန်ပြောရာ သူ၏ စေတနာကို နားလည်လိုက်ရလေသည်။ လူအများစု သည်လည်း နိုင်ငံရေးဟု တံဆိပ်ကပ်ပြီး နိုင်ငံကို ဖျက်ဆီးနေသူများ၏ အန္တရာယ်မှ အမြန်လွတ်ကင်းပြီး အေးချမ်းစွာလုပ်ကိုင် စားလိုသူများ ပိုများနေကြပြီ မဟုတ်လား။ သို့သော် ထိုသူတို့၏ ဆန္ဒအမှန် အသံအဖြစ် လူထုကြားထဲမပျံ့နှံ့ သောကြောင့်သာ Silent Talk  အဖြစ် ငြိမ်သက်နေခြင်း ဖြစ်မည် ထင်သည်။


တန်ကြေးသိမှ တန်ကြေးရှိမည်
    ကုန်စိမ်းရောင်းသူကို ကျောက်စိမ်းတုံးသွား ရောင်းလျှင် ချိန်ခွင်တွင် ထည့်ချိန်မည့် အလေးသာသာ ကျောက်တုံးအဖြစ်သာ သတ်မှတ်၍ တန်ကြေးဖြတ်မည် မဟုတ်လား။ တန်ကြေးမသိသူက တန်ကြေးရှိသည့် အရာကို အဖိုးအခအဖြစ် မည်ကဲ့သို့ ဆုံးဖြတ်နိုင်ပါမည်နည်း။ လတ်တလော ပညာရေးနှင့်ပတ်သက်သည့် အကြောင်းအရာက လှုပ်လှုပ်ခတ်ခတ် ဖြစ်နေလေသည်။ ဇာတ်လမ်းအစက ဤသို့တည်း။ လမ်းဘေးအကြော်ရောင်းရာမှ ချမ်းသာလာသည့် ကလေးမလေးကို တွေ့ကရာ မိုက်ထိုး၍ မေးတတ်သည့် မီဒီယာအချို့က အင်တာဗျူးရာမှ စသည်ဟု ဆိုနိုင်ပါသည်။
    ထိုကလေးမလေးကို အင်တာဗျူးရာ "ပညာ မတတ်တဲ့သူတောင် အကြော်ရောင်းပြီး ချမ်းသာသေးတာလို့ ပြောကြတယ်၊ ကျွန်မက ဘာလို့ ပညာမတတ် ရမှာလဲ၊ ဒုတိယနှစ်တောင် ရောက်နေပြီ၊ ဘွဲ့မယူချင်လို့ ကျောင်းဆက်မတက်တာ၊ အဲဒီဘွဲ့ရတော့ ကျွန်မက ဘာလုပ်ရမှာလဲ၊ မင်္ဂလာ ဆောင်တဲ့အချိန် ဖိတ်စာထဲမှာ အသုံးဝင်မယ့်ဘွဲ့အတွက် ဘာလုပ်မှာလဲ၊ မင်္ဂလာလည်းမဆောင်တော့ ကျွန်မအတွက် မလိုဘူးလေ"ဆိုသည့် အဓိပ္ပာယ်ပါသည့်စကားကို ဖြေဆိုခဲ့ရာမှစ၍ လှုပ်လှုပ်ခတ်ခတ် ဖြစ်နေလေသည်။ လှုပ်ခတ်သည့်အကြောင်း အရာထဲတွင် ထိုအတွေးအခေါ်က နီပိန်းတို့၏ အတွေးအခေါ်ဟုဆိုသူက တစ်မျိုး၊ ကျောင်းမတက်နှင့် ကျောင်းထွက်ဆိုသည်ကို အားပေးခြင်းဖြစ်သည်ဟု ပြောသူက ပြော၊ အင်ဂျင်နီ ယာ၊ ဆရာဝန်က အကြော်ရောင်း၍ ရသော်လည်း အကြော်ရောင်းသူက အင်ဂျင်နီယာ၊ ဆရာဝန်လုပ်၍ မရဟု ဆိုသူကဆိုဖြင့် ပွဲဆူခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ပွဲဆူနေသည့်အကြောင်းကို အားလုံးသိကြမည် ထင်ပါ၏။ ထိုအကြောင်းနှင့်ပတ်သက်၍ အမျိုးသမီးတစ်ဦး ပြောထားသည်များကို ပြန်၍ ဝေမျှလိုပါသည်။ ကျွန်တော် နားထောင်မိ၍ နှစ်သက်သောကြောင့် ပြန်လည်ဝေမျှခြင်းဖြစ်သည်ဟု ဆိုပါရစေ။
    "ပညာမတတ်ရင်လည်း ငါတို့က လုပ်စားလို့ရ တယ်ဆိုတာ အဲဒါ ဖြေသိမ့်တာ။ ကျွန်မမှာ ပညာမတတ်လို့၊ စာမတတ်လို့ လက်လွှတ်ခဲ့ရတဲ့ အခွင့်အရေးတွေ အများကြီး၊ မျက်နှာငယ်ခဲ့ရတာ တွေအများကြီး၊ ဆုံးရှုံးခဲ့ ရတဲ့အခွင့်အရေးတွေ အများကြီးပဲ။ ဆိုတော့ ကျွန်မသား သမီးတွေ ပညာရေးကို လုံးဝအားပေးတယ်။ ပညာသင် ရမယ့်အရွယ်မှာ ပညာသင်ကို သင်ရမယ်။ ဘာလို့လဲဆိုတော့ ပညာတတ်တဲ့သူက အသိဉာဏ် ပွင့်တယ်၊ မျက်စိလည်းပွင့်တယ်၊ နောက်လူငယ်ဘဝကိုလည်း ပြည့်စုံစွာရတယ်၊ သူငယ်ချင်းဆိုတာလည်း ရှိတယ်၊ ပေါင်းသင်းရတာ၊ ဆက်ဆံရတာ အဲဒီလို အရည်အချင်းတွေသည်  စာမတတ်တဲ့သူ တော်တော်များများမှာ မရှိကြဘူး။ ဆိုပါတော့ ကျွန်မတို့လို ဘဝနာတဲ့သူတွေမှာ ကျောင်းနေ ချင်ပေမယ့် မနေခဲ့ရတဲ့သူတွေက တစ်ဇွတ်ထိုးဆန်တယ်၊ တစ်ဇွတ်ထိုး တဇောက်ကန်း လုပ်တတ်တယ်၊ ပညာတတ်ရင် အဲဒီလိုမလုပ်ကြဘူး၊ ပညာတတ်တဲ့သူက အရမ်းစဉ်းစားဆင်ခြင်တယ်၊ တစ်ခုခုကို မိုက်မိုက်ကန်းကန်း လုပ်မယ်ဆိုရင် ပြန်ရလာမယ့် အကျိုးရလဒ်ကို ပြန်တွေးတယ်၊ ဖြစ်နိုင်၏ မဖြစ်နိုင်၏ စဉ်းစားတယ်။ သူ့ဘက်ကိုယ့်ဘက် မျှတွေးတယ် မျက်စိနားပွင့်တာကိုး။ စာမတတ်တဲ့ သူတွေက တစ်ဖက်ပိတ်တွေ များတယ်၊ လုပ်လိုက်ရရင် ပြီးရော၊ ပြောလိုက်ရရင်ပြီးရော ငါကျေနပ်တယ်ဆိုတဲ့ ပုံစံ အဲဒါစာမတတ်တဲ့သူတွေရဲ့ စရိုက်ပဲ။ အဲဒီစရိုက်လက္ခဏာ တော်တော်များများ ကျွန်မဆီမှာလည်း ရှိတယ်။ ဆိုတဲ့အခါကျတော့ လူတစ်ယောက် ပညာသင်ချိန်မှာ ပညာသင်ပါ၊ အတန်းပညာပြီးရင် အတတ်ပညာသင်ပါ။အတန်းပညာနဲ့ အတတ်ပညာစုံပြီဆို ရင် ငွေရှာရတာ လွယ်တယ်၊ ငွေရှာရ လွယ်ပြီဆိုရင် ကျန်တာတွေကအေးဆေးပဲ။ အတန်းပညာ မတတ်တဲ့သူတွေက ငါတို့က စာမတတ်လည်း ပိုက်ဆံရှာနိုင်တယ်ဆိုတာ ဖြစ်ပြီးသားကိစ္စ၊ ပြန်မရနိုင်တော့တဲ့ ကိစ္စအပေါ်မှာ ဖြေသိမ့်တာ"ဟု  ဘဝထဲမှ လာသည့် ဒဿနကို သူမြင်သည့်အတိုင်း အရိုးရှင်းဆုံး ပြောပြထားသည်။
    သူမက သူအတန်းပညာ ကောင်းစွာ မသင်ခဲ့ရပေမယ့် ပညာ၏တန်ဖိုးကို နားလည်သူဖြစ်သည်။ ဘ၀ ပေးအခြေအနေအရ ကြိုးစားရုန်းကန်ခဲ့ပြီး စာမတတ်ပေမယ့် ပညာ၏တန်ဖိုးကို နားလည်သောကြောင့် သူ့မျိုးဆက်ကို တန်ဖိုးရှိသော ပညာမွေကို ပေးခဲ့သူဖြစ်သည်။ ပညာခေတ်တွင် ပညာကို တန်ဖိုးထားတတ်သူဟုလည်း ဆိုနိုင်သည်။ ထို့ပြင် ကျောင်းမတက်နှင့် ကျောင်းထွက်ဆိုသည့် ခပ်ပိန်းပိန်းဝါဒရှိသူများထက် ပို၍စာတတ်သူဟုလည်း ပြော၍ ရနိုင်ပါသည်။


တော်လှန်သူခိုးများအတွက် တောက်ခေါက်သံ
    တော်လှန်ရေးလုပ်လာသည့် သုံးနှစ်ကျော် ကာလအတွင်း တော်လှန်ရေးအမည်တပ်၍ ချမ်းသာသွားသူများ မရေတွက်နိုင်အောင် ရှိကြကုန်သည်။ ထိုအကြောင်းအရာများကို တော်လှန်ရေးလုပ်နေသည်ဆို သူများလည်း သိသည်။ သူများနို့သက် ခံနေရသည့်ဘဝမို့ ဖွင့်မပြောသာသူများလည်း ရှိသကဲ့သို့ မကြောက်မရွံ့ ပြောသူများလည်းရှိသည်။ မကြောက်မရွံ့ပြောသောကြောင့် တော်လှန်ဥပဒေဖြင့် ရှင်းလင်းခံရသူများလည်းရှိကြသည်။ ယခုပြောချင်သည့်အကြောင်းက တော်လှန်ရေး လုပ်နေသူတစ်ဦး၏ တောက်ခေါက်သံဟုဆိုလျှင်လည်း ရနိုင်ပါသည်။
    တော်လှန်ရေးသမား မှန်ကြောင်လေးတစ်ဦးက "သြော်... တော်လှန်ရေး၊ တော်လှန်ရေး... ဟင် တကယ်လုပ်နေသူတွေက ဆင်းရဲသွားသလောက် တော်လှန်ရေးကို စီးပွားရေးအဖြစ် အကျိုးရှာနေတဲ့ လူတွေ ကြတော့လည်း ကားတွေ၊ ဆိုင်တွေ၊ ပိုက်ဆံကို ရေလို သုံးနိုင်တဲ့သူတွေ များနေတာကိုး။ တချို့သောသူတွေက တကယ်အောင်မြင်ချင်တဲ့စိတ်နဲ့ မိသားစုကို စွန့်လွှတ်၊ ကိုယ့်ရဲ့ချမ်းသာကြွယ်ဝမှု တစ်စိတ်တစ်ပိုင်းကို စွန့်လွှတ်၊ ကိုယ့်ကိုယ်ကိုယ် အနစ်နာခံ၊ အပင်ပန်းခံ၊ အဆင်းရဲခံနေချိန်မှာ တချို့ သော တော်လှန်ရေး မဖြစ်ခင်အချိန်တုန်းက ခွေးဖြစ်နေတဲ့ ကောင်တွေက ကားလေးတစ်စီး၊ ဆိုင်ကယ်လေးတစ်စီး၊ တချို့ကောင်တွေဆို အိမ်လေးတွေပါဝယ် လိုက်သေးတယ် (တောက်)တော်လှန်ရေးကို စီးပွားရေး အဖြစ်ပြောင်းလဲလိုက်တဲ့အခါ ချမ်းသာသွားတယ်။ ငါ -ိုးမ သူခိုးတွေ၊ ဒီနေ့ကစပြီး ဖော်မှာနော်။ တော်လှန် သူခိုးတွေကို ဖော်မယ်"ဟု ပေါက်ကွဲသံစဉ်များကို တွေ့မြင် ကြားသိလိုက်ရသည်။
    တော်လှန်ရေးဘက်တော်သား ဆိုသူများထဲမှ သူတစ်ယောက်တင် ပေါက်ကွဲသလားမှတ်ရ ဘယ်ဟုတ် လိမ့်မှာလဲဟု ဆိုရမလိုဖြစ်နေလေသည်။ "ပုလဲ၊ ယင်းမာပင်ဘက်က အဖွဲ့တွေ ဖော်ပေးပါ" ဆိုသူကတစ်မျိုး "စွန့်လွှတ်သူက သူတောင်းစားဖြစ်၊ တော်လှန်ရေးဖြစ်မှ ချမ်းသာသူကချမ်းသာ"ဟု ပြောသူကပြော "ထိုင်းက ငစည် ကြည့်ပါလား"ဟု လက်တို့သူက လက်တို့ " CDM တွေကို CDM လုပ်ပြီး ခေါင်းပုံဖြတ်နေတယ်"ဟု မချိတင်ကဲသံက တစ်ဖုံ "လမ်းပေါ်တက် အလှူခံပြီး ကြီးပွားနေသူ တွေကို မှတ်ထားတယ်နော်"ဟု မင်နီတို့ထားကြောင်း ထောက်ခံသူက ထောက်ခံနှင့် တော်လှန်သူများကို တော်လှန်မည့်အသံများ ညံနေလေသည်။ သည်ကြားထဲ ပသုံးလုံးအကြောင်း ရင်ဖွင့်ချင်ကြောင်း ပြောသူကို ပသုံးလုံးက လူစုတ်တွေဟု ချီးမွှမ်းခန်းဖွင့်သူက ဖွင့်နှင့် ခွေးအုပ်ကြား ထန်းလျက်ခဲပစ်ထည့်သည်ကမှ သည့်ထက် သာယာနာပျော်ဖွယ် ကောင်းဦးမည်ထင်သည်။ ကိုက်နေကြချက် ပြောပါတယ်ဗျာ။ ထိုအချိန်တွင် "ညီလေး အခုမှ သိတာလား ညံ့ပါ့ကွာ"ဟုပြောချင်ပေမယ့် ညံ့၍ပဲ ဤလမ်းစဉ်ကို လိုက်ခဲ့ကြသူများမို့ ထူးပြီး မပြောချင်တော့ပေ။
    တော်လှန်ရေးဟုဆိုပြီး 'အ'သည့် သူ၊ 'ညံ့' သည့်သူ များအပေါ် ခေါင်းပုံဖြတ်သည်က ပြဿနာမ ဟုတ် ပြဿနာက ပြည်သူ့အတွက်ဟု ခေါင်းစဉ်တပ်ပြီး နိုင်ငံနှင့် ပြည်သူအပေါ် ဒုက္ခပေးခြင်းက ပြဿနာဖြစ်နေလေသည်။ နှမ်းတစ်စေ့နှင့် ဆီမဖြစ်ပေမယ့် နှမ်းစေ့များ ပေါင်းစုလိုက်လျှင် ဆီဖြစ်ရဲ့ မဟုတ်လား။ ထိုကဲ့သို့ ပေါင်းစုခြင်း၏ အင်အားဖြင့် ကောင်းမွန်သည့်နေရာတွင် အသုံးမချဘဲ ကိုယ့်တိုင်းပြည်နှင့်လူမျိုး ဒုက္ခရောက်စေမည့် ပေါင်းစုခြင်းမျိုး မဖြစ်ကြပါနှင့်ဟု မေတ္တာရှေ့ထား၍ ပြောလိုသည်။ တော်လှန်ရေးဟု အမည်တပ်ပြီး တော်လှန်သူအချင်းချင်း ခေါင်းပုံဖြတ်သည်က တော်လှန်ပါသည်ဆို သည့်သူတို့၏ အကျင့်စရိုက်ပဲ မဟုတ်လား။ ကိုယ်ရွေးချယ်ခဲ့သည့်လမ်းက နောင်ဆွေစဉ်မျိုးဆက် လူကြားသူကြားထဲ မျက်နှာမဖော်၊ လူလုံးမပြရဲသည့် သမိုင်းကို မရွေးချယ်မိဖို့ ပို၍အရေးကြီးရဲ့ မဟုတ်လား။ တော်လှန်သူအချင်းချင်း ခွက်စောင်းခုတ်၍ မကျေနပ်သည့် တောက်ခေါက်သံများက သည့်ထက် ပိုကြားရဦးမည်ဟု ထိုညီလေးကို သတင်းစကား ပါးလိုက်ချင်ပါ၏။
ရွှေထီး
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 244

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42974

© 2022 - 2025 News. All Rights Reserved.