အိတ်ဖောင်းသွားပြီမို့ ပြန်မလာတော့ပါဘူး

၂၀၂၄ အောက်တိုဘာ ၁၁

    အခုတလော ရထားတွဲဆိုင်းအသစ်ကြီးတွေ သတင်းက ဟိုးလေးတကျော်ကျော် ဖြစ်နေသည်။ စပိန်ကမှာထားသည့် တွဲဆိုင်းအသစ်ကြီးတွေ မြန်မာ့မြေ ပေါ်ရောက်လာပြီး ပြည်သူများ သွားလာဆက်သွယ်ရေးအတွက် တာဝန်ထမ်းဆောင်နေပြီဖြစ်သည်။ အရင်က နိုင်ငံခြားကားတွေထဲမှာသာ မြင်ဖူးသည့် ရထားတွဲဆိုင်း သန့်သန့်ကြီးတွေ မြန်မာ့မြေပေါ်မှာမြင်ရတော့ စိတ်ချမ်းသာမိသည်။ ပြည်သူတွေ စည်းကမ်းရှိရှိ စီးနင်းကြဖို့လိုသည်။ ယခင်ကလိုတွဲဆိုင်းကြီးတွေအစား ယခုလို စတိုင်ကျကျစီးလို့ရတဲ့ ရထားကြီးတွေ မြန်မာနိုင်ငံမှာ အစီးရေအများကြီး ထပ်ရောက်လာဖို့ မျှော်လင့်မိသည်။ ဒါမှလည်း အများပြည်သူသွားလာရေးက စရိတ်စက သက်သက်သာသာဖြင့် အဆင့်အတန်းရှိရှိ ခရီးသွားနိုင်ကြမှာ ဖြစ်သည်။ အခုဆိုရင် မြန်မာ့မီးရထားက ခြေလှမ်းသွက်နေသည်ဟု ပြောရမည်ဖြစ်သည်။ နိုင်ငံတကာ အကူအညီတွေဖြင့် ရထားလမ်းတွေ အဆင့်မြှင့်တင်ကာ နိုင်ငံတကာအဆင့်မီ ရထားကြီးများ သွားလာနိုင်အောင် ပြုလုပ်နေကြသလို ခရီးသွားလာချိန် တိုတောင်းသွားအောင်  လမ်းများကို အဆင့်မြှင့်တင်နေကြသည်။
    ရထားတွဲသစ်ကြီးတွေ လမ်းပေါ်လည်းရောက်ရော ဖေ့စ်ဘုတ်ပေါ်မှာ ဓာတ်ပုံတစ်ပုံ ပလူပျံလာသည်။ ထုံးစံအတိုင်း ဝေဖန်ရေးလေကန်ရေးပင် ဖြစ်သည်။ ရထားပေါ်တက်ဖို့ ပလက်ဖောင်းမှတစ်ဆင့် ချဉ်းကပ်သံလှေကား အသုံးပြုထားသည့်ပုံဖြစ်သည်။ ရထားဆိုသည်မှာကတော့ ပလက် ဖောင်းထက် မြင့်နေတာပဲ မြင်ဖူးတော့ အထူးအဆန်း မဟုတ်သော်လည်း အချို့က ထူးဆန်းနေကြသည်။ အရင်ကလည်း ပလက်ဖောင်းကနေ ရထားပေါ်သို့ တိုက်ရိုက်တက်ရခြင်းမျိုးမဟုတ်ဘဲ ရထားတွဲဆိုင်းပါ လက်ရန်းတပ်ထားသော လှေကားလေးကတစ်ဆင့် တက်ရတာဖြစ်သည်။ ခုတွဲဆိုင်းတွေကတော့ ယခင်ကရထားတွေကို လှေကားမပါသဖြင့် ပလက်ဖောင်းပေါ်မှ ချဉ်းကပ်လှေကားဖြင့်တက်ရတာ ဖြစ်သည်။တချို့နိုင်ငံတွေမှာလည်း ထိုနည်းအတိုင်း စီးနင်းနေကြတာဖြစ်သည်။ မြန်မာပြည်ရောက်မှ ဝေဖန်ခံရတာဖြစ်လေသည်။ နောက်တော့လည်း တစ်စတစ်စ အဆင့်မြှင့်တင်ရင်း အဆင်ပြေသွား ပေလိမ့်မည်။ ခုလောလောဆယ်တော့ ကနဦးအစပြုတာကြောင့် သည်းခံရပေဦးမည်။
    နိုင်ငံတော် တည်ဆောက်ရေးဆိုတာကလည်း အပြောသာလွယ်သည်။ ဖေ့စ်ဘုတ်မှာ ကဗျာလေးတစ်ပုဒ်၊ စာလေးတစ်ကြောင်း ထိုင်ရေးပြီး တည်ဆောက်ရတာ မျိုးမဟုတ်တော့ မလွယ်တော့ မလွယ်လှချေ။ အများပြည်သူ သွားလာဆက်သွယ်ရေးဆိုတာက ပိုလိုတောင် ခက်သေးသည်။ ပြည်ပ ကပညာရှင်တွေနဲ့ တိုင်ပင်ပြီး ရထားလမ်း အဆင့်မြှင့်တင်တာတွေလုပ်၊ ပြည်ပအကူအညီတွေဖြင့် ရထားတွဲဆိုင်းတွေဝယ်ပြီး သံလမ်းပေါ် အခန့်သင့်လေးပြေးနိုင်အောင် အချိန်အကြာကြီး ယူရတာ ဖြစ်သည်။ ဒီကြားထဲ တောထဲက ကကြီးကလေးငယ် ချစ်စဖွယ်လေးတွေက ရထားလမ်းကြံ့ခိုင်မှုရှိ၊မရှိ မကြာခဏ စစ်ဆေးတတ်ကြသေးသည်။ ဟိုတလောကဆိုရင် ရထားလမ်းကြံ့ခိုင်မှုစစ်ဆေးသည့်အနေဖြင့် မိုင်းထောင် စစ်ဆေးပေးသွားကြသေးသည်။ ပျက်စီးသွားတော့ အစိုးရက ထပ်ပြင်ရသေးသည်။ တံတားမိုင်းခွဲစမ်းသပ်လိုက်၊ သံလမ်းမိုင်းထောင်စမ်းသပ်လိုက်ဖြင့် တိုင်းကျိုးပြည်ကျိုး ပြုနေကြသူများကလည်း ရှိနေတော့ အစိုးရမှာတော့ ခဏခဏ ပြန်လည်တည်ဆောက်ရေးနှင့် အချိန်ကုန်နေရ တာ ဖြစ်သည်။
    မြန်မာ့မီးရထားသတင်းက မြန်မာသာမက ကမ္ဘာ့ထိပ်တန်းသတင်း ဖြစ်လာသည်။ တော်လှန်ရေးခေါင်းဆောင်ကြီးတွေကတော့ မြန်မာပြည်သူတွေအပေါ် စေတနာထားလိုက်ပုံများ ရထားပေါ်ကို ချဉ်းကပ်သံလှေကားဖြင့်တက်ရတာကို စိတ်မကောင်းဖြစ်ပြီး ဖေ့စ်ဘုတ်ပေါ်မှာရေးတင်ကြလေသည်။ နောက်ပြီး ဒီရထားတွေက ငါတို့ မေမေလက်ထက်က ဝယ်ဖို့စလုပ်ခဲ့တာကွ၊ ဒါငါတို့ မေမေကြောင့် မင်းတို့စီးရတာဆိုပြီး ဂုဏ်ယူကြပြန်သည်။ ထူးမြတ်တို့ ပြည်သူတွေကတော့ အရင်အစိုးရသာမက အရင့်အရင် အစိုးရအဆက်ဆက် ကျေးဇူးတင်နေသည်။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်တစ်ပြည်အတွက် လိုအပ်သော အခြေခံအဆောက်အအုံတွေ၊ လမ်းတံတားတွေ၊ ဆိပ်ကမ်းကြီးတွေဆိုတာက နေ့ချင်းပြီးတည်ဆောက် လို့ရတာမဟုတ်ဘဲ အချိန်ယူရတာဖြစ်သည်။ ဟိုအရင် အစိုးရတွေ လက်ထက် ကတည်းက အကောင်အထည်ဖော်လာပြီး ခုအစိုးရလက်ထက်မှ ဘွားခနဲပေါ်လာတာလည်းရှိတတ်သည်။ ခုအစိုးရက အကောင်အထည်ဖော်ပြီး နောက်နောင်အစိုးရလက်ထက်မှလည်း ပေါ်လာနိုင်သည့် စီမံကိန်းကြီးတွေလည်း ရှိလာနိုင်သည်။
    တော်လှန်ရေးခေါင်းဆောင်ကြီးတွေကတော့ အမေရိကားကနေ မြန်မာပြည်ကို မျက်စိဒေါက်ထောက်ကြည့်ကာ လမ်းတံတားကြီးတွေ အကောင်အထည်ပေါ်လာလိုက် ဒါမေမေ့ လက်ထက်ကစခဲ့တာ၊ ဖေဖေ့လက် ထက်ကစခဲ့တာဆိုပြီး ဂုဏ်ယူတတ်ကြသည်။ ထူးမြတ်တို့လည်း အရင်လက်ထက်က ကြားဖူးတာလေးတွေရှိသည်။ မိုးပျံရထားလမ်းတို့၊ မြေအောက်မြို့တော်တို့ဆိုတာ ဖြစ်သည်။ ဒါတွေကလည်း ဖြစ်မလာနိုင်ဘူးဟု ပြောလို့မရပေ။ နိုင်ငံတစ်နိုင်ငံဆိုတာကတိုးတက်ဖို့ အစဉ်တစိုက် ကြိုးပမ်းနေကြရတာဖြစ်သည်။ ဒီတော့ ရှေ့လူအကောင် အထည်ဖော်၊ နောက်လူလက်ထက် အကျိုးဖြစ်ထွန်းပြီး ပြည်သူက အကျိုးခံစားရတာဖြစ်သည်။ တော်လှန်ရေး ခေါင်းဆောင်ကြီးတွေပြောသည့် မေမေ့လက်ထက်တုန်းက အရမ်းတိုးတက်ဖို့လုပ်ခဲ့တာဆိုတာကိုတော့ အကြွင်းမဲ့ယုံသည်။ လမ်းတံတားမပြောနှင့် မေမေ့လက်ထက်က လူတွေတောင် အမေရိကားကို အုပ်စုလိုက်ကြီး ရောက်သွားပြီး နှစ်ပိုင်းလေးအတွင်း အိမ်ဝယ်၊ ကားဝယ်၊ စတိုးဆိုင်ဖွင့်သည်အထိ ကြီးပွားတိုးတက်ကုန်ကြသည်။ ဒါလည်း မေမေအကောင်အထည်ဖော်ခဲ့တာ ဖြစ်နိုင်သည်။ ဒါကြောင့် အချိန်တိုအတွင်း ကြီးပွားသွား ကြတာ ဖြစ်သည်။ ကျေးဇူးကြီးလှပေသည်။
    ဘာပဲဖြစ်ဖြစ် ယခုအစိုးရကလည်း ရပ်တန့်နေလို့ မရချေ။ တိုင်းပြည်တည်ဆောက်ရေးတွေ ဆောင်ရွက်နေကြသည်။ သဘာဝကပ်ဘေးကြောင့် လမ်းတံတား တွေပျက်စီးတာတွေ အလျင်အမြန် ပြင်နေကြသည်။ နောက်နောင် ယခုလို ဘေးဆိုးဒဏ်တွေ ခံနိုင်အောင် တွက်ချက် ပြုပြင်ပြီး ပြန်လည်တည်ဆောက်ရေးကို ဆောင်ရွက်နေသည်။ ဒါကတော့ အစိုးရတာဝန်ပင်ဖြစ် သည်။ ဒါမှလည်း တစ်လှိုင်းပြီး တစ်လှိုင်းတို့၊ နောက်ဆုံး လှိုင်း အိမ်ပြန်မယ့်လှိုင်းတို့၊ ပြည်တော်ပြန်ခရီးတို့၊ လမ်းအားလုံး ဘယ်သို့ညာသို့တို့ဆိုပြီး ကြွေးကြော်နေကြသည့် ခေါင်းဆောင်ကြီးတွေ ပြန်လာရင် အဆင်သင့်ဖြစ်နေမှာ ဖြစ်သည်။ ထူးမြတ်တို့ကလည်း ခေါင်းဆောင်ကြီးတွေ မျှော်နေတာဖြစ်သည်။ တစ်နေ့တစ်နေ့ တစ်တော့ပေါ်မှာ နာမည်ကြီးသီချင်းဖြစ်သည့် "ကဗျာမဆန်သော အချစ်မို့ ပြန်မလာသူရဲ့ အပြစ်လို့ ကိုယ်မပြောရက်ခဲ့ပါဘူး"ဆိုသည့် သီချင်းလေးဖွင့်ကာ အမေရိကားတိုင်းဌာနီဆီက ခေါင်းဆောင်ကြီးတွေကို အလွမ်းသည်မိလေသည်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၃၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 363

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42994

© 2022 - 2025 News. All Rights Reserved.