အိမ်နီးချင်းကောင်းပီပီ မေတ္တာထား၍ ခရီးဆက်ကြမည်

၂၀၂၄ စက်တင်ဘာ ၂၉
    
    မြန်မာနိုင်ငံရဲ့ မျက်မှောက်နိုင်ငံရေး၊ စစ်ရေးအခြေအနေတွေဟာ ပထဝီနိုင်ငံရေးအားပြိုင်မှုအပေါ်မှာ များစွာတည်မှီလျက်ရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ အထူးသဖြင့် အမေရိကန်အုပ်စုနဲ့ တရုတ်တို့အကြား အပြန်အလှန်ထိန်းချုပ် တွန်းလှန်နေကြတဲ့ China Containment ပြဿနာတွေကို အခြေခံလျက်ရှိရာ လက်ရှိအချိန်မှာ မြန်မာနိုင်ငံဟာ ပိုမိုပြင်းထန်တဲ့ နှစ်ဖက်ကြားက လွန်ဆွဲပွဲရဲ့ အလယ်တည့်တည့်ကို ရောက်ရှိနေပြီလို့ ဆိုရမှာပါ။ သမိုင်းကြောင်းအခြေခံကိုကြည့်ပြီး လက်ရှိအခြေအနေမှာ နှစ်ဖက်ကြား မျှတစွာကစားမလား၊ တစ်ဖက်ဖက်ကို ယိမ်းမလားဆိုတာ အတော်စဉ်းစားရမယ့် အခြေ အနေဖြစ်ပါတယ်။ 
    မြန်မာနဲ့ တရုတ်ဆက်ဆံရေးကို ပြန်ကြည့်ရင် ယေဘုယျအားဖြင့် သူ့အကျိုးစီးပွား၊ ကိုယ့်အကျိုးစီးပွားကို အခြေခံကြတယ်လို့ဆိုကြပေမယ့် အပြန်အလှန်အကျိုးစီးပွားကို ပိုမိုအလေးထားရမယ့် သဘာဝရှိပါတယ်။ မြန်မာနိုင်ငံဟာ လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုဖြစ်လင့်ကစား မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးတွေအပေါ်မှာ သက်ရောက်တဲ့ အကောင်းအဆိုး အခြေအနေ အနည်းအများဟာ တရုတ်-မြန်မာ ဆက်ဆံရေးအပေါ်မှာ အတန်အသင့် တည်မှီနေတယ်ဆိုတာ ငြင်းမရနိုင်တဲ့ ပကတိအခြေအနေပါ။ တရုတ်နိုင်ငံရဲ့ နောက်ဖေးတံခါးပေါက် လုံခြုံချောမွေ့စွာ ဝင်ထွက်သွားလာနိုင်ရေးအတွက် မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံအတွက် ခြံစည်းရိုး သဖွယ်အရေးပါသလို လူသန်းပေါင်းထောင်ချီတဲ့ စီးပွားရေးဈေးကွက်၊ နည်းပညာမြင့်မားမှု၊ စီးပွားရေးနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှု၊ ကမ္ဘာ့အုပ်စုအသီးသီးရဲ့တစ်ဖက် စောင်းနင်း အဆက်ဆံမခံရရေးစသည့် ကိစ္စအတော်များများမှာ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့အခြေအနေမှာ ရှိပါတယ်။
    အမေရိကန်ဦးဆောင်တဲ့အုပ်စုနဲ့ မြန်မာနိုင်ငံရဲ့ဆက်ဆံရေးကို ပြန်ကြည့်ရင် အပြန်အလှန် အကျိုးစီးပွားထက် သူ့အကျိုးစီးပွားကို ပိုအဓိကထားတာ တွေ့ရပါလိမ့်မယ်။ အထူးသဖြင့် မြန်မာနိုင်ငံအတွင်းမှာ ခြေကုပ်ရရှိရေးနဲ့ သူ့ရဲ့အမာခံအုပ်စုအာဏာရရှိရေးကို အကောင်အထည်ဖော်နေတာ တွေ့ရလိမ့်မယ်။ ဗြိတိသျှကိုလိုနီလက်ထက်က စခဲ့တဲ့ သွေးခွဲအုပ်ချုပ်ရေးအကျိုးဆက်အတိုင်း ဆက်လက်သွေးခွဲနေတာ တွေ့ရမယ်။ အရင်က ဗမာနဲ့ တိုင်းရင်းသား လူမျိုးစုတွေကို သွေးခွဲစေခဲ့တာ။ အခုကျတော့ တိုင်းရင်းသားတွေနဲ့သွေးခွဲတာအပြင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအကြောင်းပြပြီး ဗမာအချင်းချင်းကိုပင် အယူအဆသွတ်သွင်း သွေးခွဲနေတာကို အရှင်းသား တွေ့ရပါလိမ့်မယ်။ အမျိုးသား အကျိုးစီးပွားကို ကာကွယ်ရေးနဲ့ အမျိုးသားရေးအမြင်အားသန်စွာ ဆောင်ရွက်တတ်တဲ့ သဘာဝရှိသူ တွေနဲ့ အနောက်အုပ်စုမှာ ထွန်းကားနေတဲ့ လူ့အခွင့်အရေးအ ခြေအနေနဲ့ လစ်ဘရယ်ဝါဒကို အားကျနေတဲ့သူတွေ၊ ဘာသာမတူတဲ့သူတွေကြားမှာ ဘက်လိုက်ဖိအားပေး သွေးခွဲနေတာတွေ့ရမှာ ဖြစ်ပါတယ်။
    ၂၀၂၁ ခုနှစ်နိုင်ငံရေး အချိန်းအပြောင်းမဖြစ် ခင်ကတည်းက တပ်မတော်မုန်းတီးရေးဝါဒကို သွတ်သွင်းပေးခဲ့ကြတာက ဆယ်စုနှစ်ငါးစုမက ရှိခဲ့ပြီဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် အရေးအခင်းမဖြစ်ခင် အချိန်အထိက တပ်မတော်မုန်းတီးရေးကို အဓိကလုပ်ခဲ့ကြတာ ဗမာကွန်မြူနစ်တွေပါ။ တစိုက်မတ်မတ်ကို လုပ်ခဲ့ကြတာပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း ၁၉၈၈ ခုနှစ် အရေးအခင်းဟာ ပြင်းထန်စွာ ဖြစ်ပွားခဲ့ရခြင်း ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ဗကပတွေ ပြိုကွဲပြီးချိန်ကစပြီး ဒီမိုကရေစီအကြောင်းပြ တပ်မတော်မုန်းတီးရေးကို ပိုလုပ်လာတာက အနောက်အုပ်စုပါ။ မြို့ပေါ်က ဗကပအကြွင်းအကျန် တွေကတော့ ဒီမိုကရေစီအရေခြုံပြီး တပ်မတော်မုန်းတီးရေးကို ပိုလုပ်နိုင်ခဲ့သလို နိုင်ငံရေးအရ အာဏာရရှိရေးအတွက်လည်း လမ်းပွင့်သွားစေခဲ့ပါတယ်။ 
    ၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်အစိုးရလက်ထက်မှာ မြန်မာနိုင်ငံကို တရုတ်နိုင်ငံကအများကြီး အကူအညီပေးခဲ့ပါတယ်။ မြန်မာ့တပ်မတော်မှာ ခေတ်မီ လက်နက်တွေတပ်ဆင်နိုင်တာ၊ အသံထက်မြန်တဲ့ စူပါဆောနစ် ဂျက်လေယာဉ်တွေနဲ့ စတင်ထိတွေ့စေခဲ့တာ၊ အဆင့်မြှင့်တင်နိုင်ခဲ့တာတွေဟာ တရုတ်နိုင်ငံရဲ့အစပျိုး ပေးမှုတွေကြောင့်လည်းပါပါတယ်။ နိုင်ငံရေးအရ မတရားဖိအားပေးမှုတွေမှာ မြန်မာနိုင်ငံဘက်က ရပ်တည်ပေးခဲ့တာလည်း တရုတ်ပါပဲ။ ထိုခေတ်က အခြေအနေကို ပြန်ကြည့်ရင် အမေရိကန်အုပ်စုက သူတို့လိုချင်တဲ့ပုံစံ၊ သူတို့ဖြစ်ချင်တဲ့ အခြေအနေမျိုးရအောင် အတင်းအကျပ် ဖိအားပေးဆောင်ရွက်ခဲ့သလို ထိုဖိအားပေးမှုကို တွန်းလှန်ပြီး မြန်မာနိုင်ငံရဲ့ ပကတိ အခြေအနေနဲ့ ဖြစ်သင့်ဖြစ် ထိုက်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင် မြန်မာ့ တပ်မတော်နဲ့ အစိုးရက ကြိုးစားခဲ့ရာမှာ အားပေးကူညီ ခဲ့တာကလည်း တရုတ်နိုင်ငံပဲဖြစ်ပါတယ်။ ဒီအကျိုးဆက်အရ မြန်မာနိုင်ငံအတွင်းမှာ တပ်မတော်မုန်းတီးရေးအပြင် တရုတ်မုန်းတီးရေးဝါဒတွေပါ သွတ်သွင်းလာခဲ့ကြ တာတွေ့ရပါတယ်။ ခေတ်အဆက်ဆက်က တရုတ်ကွန်မြူနစ်ပါတီရဲ့ အကူအညီကို ရယူခဲ့ကြတဲ့ ဒီမိုကရေစီအရေခြုံကွန်မြူနစ်တွေပင် တရုတ်မုန်းတီးရေးဝါဒဖြန့်ရာမှာ ပါလာတာ တွေ့ရပြန်ပါတယ်။ 
    တပ်မတော်မုန်းတီးရေးနဲ့ တရုတ်ဆန့်ကျင်ရေး ဝါဒဖြန့်မှုတွေကို မီဒီယာတွေရဲ့ လှုံ့ဆော်မှုတွေ အပြင်အထင်အရှားတွေ့နိုင်တာကတော့ စစ်အစိုးရလက်ထက် မှာကျင်းပခဲ့ကြတဲ့ စာပေဟောပြော ပွဲများပဲ ဖြစ်ပါလိမ့်မယ်။ မျှတတယ်လို့ဆိုနိုင်တဲ့ ဆရာအောင်သင်းလို လူပင်အနည်းနဲ့အများ တပ်မတော်မုန်းတီးရေးနဲ့ တရုတ်ဆန့်ကျင်ရေးဝါဒကို ပါးပါးလေးပုတ်ခဲ့တာတွေ တွေ့ရပါလိမ့်မယ်။ ဒီအကျိုး ဆက်ဟာ နှစ်ကြာလာတဲ့အခါ အမှားက အမှန်ဖြစ် ဆိုသလိုဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။ တစ်ပိုင်း ကပြန်ကြည့်ရင် မီဒီယာလောကကို လက်ဝါး ကြီးအုပ် ဝါဒဖြန့်ခဲ့ကြတာ တွေ့ရပါလိမ့်မယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းစစ်အစိုးရလက်ထက် တောခိုသွားတဲ့ ပညာတတ် ကျောင်းသားလူငယ်တွေကို အနောက်အုပ်စုက ကောက်စားပြီး Journalism သင်တန်ပေး၊ ငွေကြေးထောက်ပံ့၊ သတင်းဌာန ထူထောင်ပေးခဲ့တာ တွေ့ရပါလိမ့်မယ်။ ယခုချိန်အထိလည်း ထောက်ပံ့လွှမ်းမိုးထားဆဲပဲ မဟုတ်လား။ နဂိုရှိပြီးသား BBC , VOA နဲ့ စပွန်ဆာပေးထားတဲ့ မြန်မာပြည်ပြေးမီဒီယာတွေရဲ့ တပ်မတော်မုန်းတီးရေးနဲ့ တရုတ်ဆန့်ကျင်ရေး လှုံ့ဆော်မှု တွေဟာ ဆယ်စုနှစ် သုံးစုကျော်လာတဲ့အခါ မြန်မာပြည်သူတွေရဲ့ ရင်ထဲမှာ အရိုးစွဲသလိုဖြစ်နေပြီလို့ ဆိုရပါမယ်။  မွေးခါစကလေး လူလားမြောက်တဲ့အချိန်မှာ စကြားရတဲ့ အကြားက ယခုချိန်ထိကြားနေရပြီဆိုတော့ ဘယ်လိုဖြစ်မလဲ။ စဉ်းစားကြည့်ရုံနဲ့တင် သိနိုင်တယ်။ အစ ပိုင်းကတော့ အမုန်းတရားထက် ကိုယ်လိုချင်တာရအောင်လုပ်တာပဲ။ တဖြည်းဖြည်းနဲ့ ကြာလာတာနဲ့အမျှအမှားကို အမှန်ထင်ပြီး အမုန်းတရားက အရိုးစွဲလာတဲ့သဘောပဲ ဖြစ်ပါတယ်။ 
    ယခုလည်း တရုတ်-မြန်မာ ချစ်ကြည်ရေးနဲ့ ဆက်ဆံရေးပျက်ပြားအောင် ပိုမိုလုပ်ဆောင်လာ နေကြတာတွေရပြန်ပါတယ်။ ဆက်ဆံရေးပျက်ပြားရုံတင်မက ချစ်ကြည်ရေးပျက်ပြားပြီး မုန်းတီးရေးအဆင့်ထိ တိုးလုပ်လာနေကြတာလို့လည်း ဆိုနိုင်ပါလိမ့်မယ်။ တရုတ်ကွန်မြူနစ်ပါတီ၊ ပေါ်လစ်ဗျိုရို အမြဲတမ်းအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ မြန်မာနိုင်ငံကိုလာပြီးနောက်မှာရည်ရွယ်ချက်ရှိရှိ ထိုးနှက်လာခဲ့ကြတာ တွေ့ရပါလိမ့်မယ်။ အနောက်အုပ်စုနဲ့ အနောက်လက်ဝေခံမီဒီယာတွေရဲ့ အုံနဲ့ကျင်းနဲ့ လှုံ့ဆော်မှုတွေကို ဆောင်ရွက်နေကြတာပဲဖြစ်ပါတယ်။
    လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေကို တရုတ်က ထဲထဲဝင်ဝင်သိသလို၊ အမေရိကန်အုပ်စုကလည်း သိပါတယ်။ ကိုယ်တိုင်ဝင်ရောက် ဖန်တီးကူညီပေးနေတာဆိုတော့ မသိရှိပါ့ မလား။ ဝမ်ယိပြောတဲ့ စည်းသုံးစည်းကရှင်းတယ်။ ဘက်အမြင်နဲ့ ဘက်လိုက်ပြောနေတာမဟုတ်ဘူး။ မြန်မာနိုင်ငံအကျိုးအတွက်ဆိုတာ စဉ်းစားတတ်သူတိုင်းသိနိုင်တယ်။ လက်ရှိ ဖြစ်နေတာတွေက စစ်အာဏာရှင်စနစ် တည်ဆောက်နေတာ၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်အောင်တော် လှန်နေတာမဟုတ်မှန်းသူသိတယ်။ အဓိက ဆောင်ရွက်နေတာက အနောက်အုပ်စုလိုလားတဲ့ လိုလားချက်ကို အကောင်အထည်ဖော်နေတာ။ ဟုတ်မဟုတ်ဆိုတာကို ကမ္ဘာ့နိုင်ငံရေး နားလည်သူတိုင်း၊ လေ့လာ သူတိုင်းသိတယ်။ အထူးသဖြင့် တရုတ်ရဲ့ အနောက်တံခါးပေါက် ထိန်းချုပ်ရေးနဲ့ ဖောက်ထွက်ဖို့ ကြိုးစားနေတဲ့လမ်းကြောင်းသစ်အတွက် အစပျိုးနေတာတွေ အခြေမခိုင်ရေး၊ ပျက်ပြားရေးပဲ။ တရုတ်ကို ထိန်းချုပ်နေတာမှန်ပေမယ့် တကယ်ခံရမှာ၊ တိုင်းပြည်ပြိုကွဲသွားမှာက မြန်မာနိုင်ငံ။ ဒါကို မြင်ပြီး မဖြစ်စေလိုလို့ အကျိုးတူစီးပွားအတွက် အတူပူးပေါင်းဖြေရှင်းဖို့ တရုတ်က ကြိုးစားနေတာ။ သူ့ အကျိုး၊ ကိုယ့်အကျိုးပါတယ်။ အမေရိကန်အုပ်စု ဖန်တီးနေတာက သူလိုချင်တာသက်သက်ပဲ။ မြန်မာနိုင်ငံပြိုကွဲခြင်း၊ မပြိုကွဲခြင်းစိတ်မဝင်စားဘူး။ ကမ္ဘာမှာ သူ့အုပ်စုကြောင့်ပြိုကွဲခဲ့တဲ့ နိုင်ငံတွေ မနည်းတာ သက်သေအဖြစ် တွေ့နိုင်တယ်။ 
    တရုတ်-မြန်မာ ဆက်ဆံရေးပျက်ပြားအောင် ဆိုတဲ့နေရာမှာ နှစ်ပိုင်းတွေ့ရတယ်။ မြန်မာလူထုနဲ့ကတစ်ပိုင်း၊ သူနဲ့ရင်းနှီးထားပြီးသား တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေက တစ်ပိုင်းဖြစ်ပါတယ်။ ဝမ်ယိ ပြန်သွားပြီးနောက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပေါ်ပေါ်တင်တင်ပင် NUG နဲ့ K3C (KIA ? KNU? KNPP နဲ့ CNF) တို့ကိုတွေ့တယ်။ တွေ့ပြီး ပေါ်ပေါ်တင်တင်ပင် အကူအညီကို ပိုတိုးပြီး ပေးမယ်ဆိုပြီးပြောသွားတယ်။ စပွန်ဆာမီဒီဒီယာတွေကလည်း ပြည်သူတွေ သည်းခြေကြိုက်မယ့် စကားတွေသုံးပြီး စစ်အာဏာရှင်စနစ်တော်လှန်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင် စုတည်ဆောက်ရေးကို တရုတ်ကဖျက်နေတာ၊ အမေရိကန်က ကူညီနေတာဆိုတဲ့ သဘောမျိုးအုံနဲ့ကျင်းနဲ့ ဝါဒဖြန့်တာတွေ ရမယ်။ စစ်ပွဲတွေမဖြစ်ဘဲလိုချင်တာ၊ ဖြစ်ချင်တာတွေကို  ဆွးနွေးပွဲတွေကတစ်ဆင့် သွားဖို့ပြောတဲ့ သူနဲ့ အဆုံးစွန်ထိ စစ်ပွဲတွေဆင်နွှဲဖို့ပြောတဲ့သူ၊ ဘယ်သူကစေတနာပါလဲ။ ဘယ်ဘက်ကသေသေ မြန်မာတွေပဲ မဟုတ်ဘူးလား။ တိုက်ပွဲတွေကြောင့် နှစ်ဖက်သေကျေ ပျက်စီးရတယ်။ ပြည်သူတွေ ဒုက္ခရောက်ကြရတယ်။ မိသားစုတွေ ပြိုကွဲကြတယ်။ ပြည့်အင်အားတွေ ဆုံးရှုံးရတယ်။ ဒါတွေ မဖြစ်စေလိုလို့တားတဲ့သူနဲ့ အဆင်းဘီးတပ်ပေးတဲ့သူ မြင်အောင်ကြည့်တတ်ဖို့လိုတယ်။
    တရုတ်နိုင်ငံ ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေး ကော်မတီက TNLA အဖွဲ့ကို ပေးပို့တဲ့စာနဲ့ ပတ်သက်ပြီး  အတော်လေးဝါဒဖြန့်လာတာ တွေ့ရမှာဖြစ်ပါတယ်။ သပ်သျှိုသွေးခွဲချင်လို့လား၊ အမှန်တကယ်ပဲပို့သလား ဆိုတာက ကာယကံရှင်တွေပဲ အသိဆုံးဖြစ်မှာပါ။ တရုတ်သတင်းဌာနက တရား ဝင်ထုတ်ပြန်ခဲ့တာ မရှိပေမယ့် TNLA ပြောခွင့်ရပုဂ္ဂိုလ်ကတော့ စာပို့တာမှန်တယ် လို့ဆိုပါတယ်။ အဲ့ဒီစာမှာ အဓိကဆိုလိုချင်တာက TNLA ကို ဆက်မတိုက်ဖို့၊ ကိုယ့်နေရာ ကိုယ်ပြန်ပြီး လိုချင်တာနိုင်ငံရေးအရ ဆွေးနွေးဖို့ပဲဖြစ်တယ်။ စာအသွားအလာနဲ့ အရေးအသားက သူတို့အချင်းချင်းဆက်ဆံရေးနဲ့ပဲ ဆိုင်ပါ လိမ့်မယ်။ ဒါကိုဘေးက မကျေမချမ်းနဲ့ တိုက် ခိုက်ဝေဖန်နေကြသူတွေက အနောက်မျှော်အုပ်စုနဲ့ လက်ပါးစေမီဒီယာတွေပဲ ဖြစ်ပါတယ်။ သန်းစိုးနိုင်လို ကွန်မြူနစ်ပျက် အနောက်မျှော်သမားက မြန်မာနိုင်ငံရဲ့အချုပ်အခြာကို ထိပါးတာ၊ နိုင်လိုမင်းထက်လုပ်တာ ဘာညာနဲ့ ပြောတာကတော့ အတော်စိတ်ပျက်စရာပဲ။ မသိနားမလည်တဲ့ ပြည်သူလူထုကို တရုတ်မုန်းတီးရေးမြှောက် ပေးတဲ့သဘောပဲ။ တစ်ပိုင်းကလည်း နဂိုဆက်ဆံရေး အခံရှိထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့   တရုတ်တို့ရဲ့ ဆက်ဆံရေးပျက်ပြားပြီး အနောက်အလိုကျ တိုက်ပွဲတွေက ထွက်မသွားစေရေးပဲလို့ မြင်တယ်။
    အနောက်မျှော် စပွန်ဆာသတင်းဌာနတွေတင်မက ဘီဘီစီလို မီဒီယာကြီးကပင် တရုတ်မုန်းတီးရေး ဝါဒဖြန့်လာတာ အသိသာချည်း တွေ့ရတယ်။ ဝမ်ယိ ပြန်သွားပြီးနောက် မီမီဝင်းဘတ်နဲ့ မင်းဇော်ဦးတို့ ကိုယ့်မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ တရုတ်နိုင်ငံရဲ့မူဝါဒနဲ့ ဆက်ဆံရေးကို ဆွေးနွေးခန်းအဖြစ် ထုတ်ပြန်ပေးခဲ့တာ တွေ့ရပါတယ်။ နိုင်ငံရေး ပညာရှင်တွေရဲ့အမြင် ပေါ့လေ။ မီမီဝင်း ဘတ်က အမေရိကန်တပ်မတော်က ဒုတိယဗိုလ်မှူးကြီးအငြိမ်းစားပင်စင်စား၊ အမေရိကန်အကျိုး  လုပ်ပေးနေတဲ့သူ။ မင်းဇော်ဦးက နိုင်ငံရေး Think Tank ထူထောင်ထားတဲ့ နိုင်ငံရေးပညာရှင်။ ဆွေးနွေး ချက်တွေကိုကြည့်ရင် မီမီဝင်းဘတ်ပြောတာတွေက သာ မန်အားဖြင့် ပညာရှင်သဘာ၀ အပြောအ ဆိုတွေနဲ့ ဟုတ်သလိုလိုရှိပေမယ့် တစ်ချက်ချင်း သေချာနားထောင် သုံးသပ်ကြည့်။ တပ်မတော်မုန်း တီးရေးနဲ့ တရုတ်ဆန့်ကျင်ရေးပါပဲ။ ဘလိုင်းချည်းဆဲတာနဲ့ ပါးပါးလေးဝါဒဖြန့်တာ ပဲကွာပါလိမ့်မယ်။ မင်းဇော်ဦးကတော့ ပညာရှင်ပီပီ Fact and Figure သာ ဆွေးနွေးသွားတာ တွေ့ရတယ်။ BBC ရဲ့ အဓိကဆောင်ရွက်ချက်က ဝမ်ယိပြောသွားတဲ့ အချက်တွေကို ချေဖျက်တာပါပဲ။ မင်းဇော်ဦးကို မီမီဝင်းဘတ်နဲ့တွဲပေးပြီး ကာဗာလုပ်တာကတော့ BBC က မင်းဇော်ဦးကို အသုံးချသွားတာလို့မြင်တယ်။ ဒီရက်ပိုင်းအတွင်း ဝါဒဖြန့်တာတွေနဲ့ လက်ရှိနိုင်ငံရေးလှုပ်ရှားမှု တွေကိုကြည့်ရင် ဝမ်ယိချပြသွားတဲ့ တရုတ်နိုင်ငံရဲ့ စည်းသုံးစည်းကို ချေဖျက်ပြီး တပ်မတော်မုန်းတီးရေးနဲ့ တရုတ်ဆန့်ကျင်ရေးကို အဓိကထား လှုံ့ဆော်နေတာတွေ့ ရတဲ့အတွက် သပ်သျှိုသွေးခွဲမှုတွေကို သတိထားရမှာ ဖြစ်ပါတယ်။
    လက်ရှိဖြစ်ပွားနေတဲ့အခြေအနေတွေနဲ့ ဖြတ်သန်းလာတဲ့ သမိုင်းကြောင်းအရ လက်ရှိ မြန်မာနိုင်ငံအနေနဲ့ တရုတ်-မြန်မာဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင်၊ ခိုင်မြဲအောင် ဆောင်ရွက်သွားရမှာသာ ဖြစ်ပါတယ်။ အကျိုးတူစီးပွား ပိုမိုခိုင်မာစေဖို့ အိမ်နီးချင်း ကောင်းပီသစွာ အပြန်အလှန် ကူညီရိုင်းပင်း လျှောက်လှမ်းသွားမှသာ လိုရာခရီးရောက်နိုင်ပါလိမ့်မယ်။

ဇော်နိုင်

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၃၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 256

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43004

© 2022 - 2025 News. All Rights Reserved.