၂၀၂၄ ဇွန် ၂၄
၁၉၄၈ မြန်မာပြည်လွတ်လပ်ရေးရပြီး တစ်နှစ်အကြာ ၁၉၄၉ မှာ ဗကပနှင့် ကရင်တပ်ဖွဲ့ (KNDO) တို့ရဲ့ ပုန်ကန်မှုကြောင့် ပြည်တွင်းစစ်ကြီး ဖြစ်ခဲ့ပါတယ်။ လွတ်လပ်ရေးရရင် ပျော်လိုက်မဟဲ့လို့ အားခဲထားတဲ့ ပြည်သူလူထုကြီးဟာ ခဲလေသမျှ သဲရေကျဖြစ်ခဲ့ရပြီး စစ်ဘေး စစ်ဒဏ်ကို အလူးအလဲ ခံခဲ့ကြရပါတယ်။ ကရင်တပ်ဖွဲ့တွေဟာ တောင်ငူကို သိမ်းပြီးတာနဲ့ ကချင် သနကမှ ဗိုလ်နော်ဆိုင်းနဲ့ ပေါင်းပြီး ရိက္ခာ၊ ငွေကြေး၊ လက်နက်၊ လူသူစုဆောင်းဖို့အတွက် အထက်မြန်မာပြည်သို့ စစ်ချီခဲ့ ကြပါတယ်။ ၂၀-၂-၄၉ မှာ မိတ္ထီလာ၊ ၂၂-၂-၄၉ မှာ မေမြို့၊ ၄-၃-၄၉ မှာ မြင်းခြံနဲ့ ၁၁-၃-၄၉ မှာ မန္တလေးတို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ မေမြို့က မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်ရှိတဲ့ နေရာ၊ မေမြို့တစ်မြို့ တည်းကနေ လက်နက်၊ ရိက္ခာနဲ့ ကရင်စစ်သားအများအပြားကို ရခဲ့ပါတယ်။ ဒီအချိန်မှာ အောက်မြန်မာ ပြည် အင်းစိန်ကို အစိုးရတပ်ပေါင်းစုံက KNDO လက်ထဲက ပြန်ရဖို့ အပြင်းအထန် ပိတ်ဆို့တိုက်ခိုက်နေ ပါတယ်။ (၂၀၁၄ သြဂုတ်လထုတ် 'ဗိုလ်ချုပ်စမစ်ဒွန်း၏ ကိုယ်တွေ့မှတ် တမ်း'စာအုပ်မှာတော့ ၁၉၄၉ ဇန်နဝါရီ ၃၁ ရက်မှာ KNDO က အင်းစိန်ကို သိမ်းတယ်လို့ဖော် ပြထားပါ တယ်။)
KNDO ကရင်တပ်ဖွဲ့တွေ အင်းစိန်မှသည် ရန်ကုန်ကို ချီတက်သိမ်းပိုက်နိုင်ခဲ့ရင် အချုပ်အခြာအာဏာရယ်လို့ ပြစရာမရှိတော့ပါဘူး။ တစ်ပြည်လုံးနီးပါးက မြို့တွေ အသိမ်းခံထားရချိန်၊ KNDO တွေ အင်းစိန်ကို ကျော်မလာနိုင်အောင် အစိုးရတပ်ပေါင်းစုံက ပိတ်ဆို့ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ကရင်တပ်ဖွဲ့များဘက်မှာ လူသူလက်နက်ရိက္ခာ အဘက်ဘက်က အားနည်းလာခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် အင်းစိန်ကို လက်နက်ခဲယမ်း ရိက္ခာ အကူအညီပေးဖို့ သေရေးရှင်ရေးတမျှ အရေးကြီး လာပါတယ်။ အဲဒီမှာ ရန်ကုန်-မန္တလေး မီးရထားလမ်း ကြီးဟာ အသက်သွေးကြောသဖွယ် အရေးပါလာ ခဲ့ပါတယ်။ စစ်ကူအင်အား အများအပြားကို ရထားနဲ့ပို့ဆောင်ပေးခြင်းဟာ အထိရောက်ဆုံးဖြစ်တယ်လို့ KNDO တို့ ဆုံးဖြတ်စီစဉ်ခဲ့ခြင်း ဖြစ်ပါတယ်။
သို့သော် မန္တလေးနဲ့ မိုင်ရှစ်ဆယ်ကျော်သာဝေးတဲ့ သာစည်ဆိုတဲ့ မီးရထားလမ်းဆုံမြို့ ကလေးက KNDO ကရင်တပ်တွေကို အပြင်းအထန် ဆီးကြိုတိုက် ခိုက်ခဲ့ပါတယ်။ ပြည်တွင်းစစ်သမိုင်းမှာ သာစည်တိုက်ပွဲဟာ အင်းစိန်တိုက်ပွဲနဲ့ ထပ်တူ မော်ကွန်းတင်ခြင်းခံ ခဲ့ရပါတယ်။ ၂၀၁၂ဇွန်လမှာ ဆရာလှသောင်းက'အောင်သာစည်' အမည်နဲ့လည်းကောင်း၊ ဆရာတက္ကသိုလ် မောင်သန့်ဇင်က 'အောင်သာစည်ချစ်မောင်'အမည်ဖြင့်လည်းကောင်း သာစည်တိုက်ပွဲအကြောင်း ရေးထားတဲ့စာအုပ်များ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ (ဗိုလ်မှူးကြီးဟောင်းတင် မောင်(ခ) ဆရာမြတ်ထန်ရေးတဲ့ 'တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်' စာအုပ်မှာလည်း အောင်သာစည်အကြောင်း တစ်ခန်းတစ်ကဏ္ဍ ရေးသားခဲ့တာ တွေ့နိုင်ပါ တယ်။)
ဆရာလှသောင်းဟာ The Myanmar Times နဲ့ ထေရဝါဒဂျာနယ်တို့မှာ အင်္ဂလိပ်ဘာသာဖြင့် ဘာသာရေးဆောင်းပါးများရေးသားခဲ့ပြီး ၂၀၀၉ မှာ သုဝဏ္ဏ ဘူမိ ရှာပုံတော်၊ ၂၀၁၀ မှာ ကိုယ်တွေ့ပင်လုံ ရက်ပေါင်း ၄၀(တိုက်ပွဲစဉ်)စာအုပ်များကို ရေးသားခဲ့သူဖြစ်ပါတယ်။ အောင်သာစည်စာအုပ်မှာ ရန်ကုန် တက္ကသိုလ်သမိုင်း ပါမောက္ခ(ငြိမ်း) ဒေါက်တာကျော်ဝင်းက အမှာစာရေးသားခဲ့ရာ 'ပြည်တွင်းဆူပူ သောင်းကျန်းမှုကာလအတွင်း တပ်မတော်သည် တိုက်ပွဲကြီးများ တိုက်ပွဲငယ်ပေါင်းများစွာကို ဆင်နွှဲခဲ့ရသည်။ အချို့သော တိုက်ပွဲများသည် သမိုင်းဝင်တိုက်ပွဲများဖြစ်သည်။ အင်းစိန်တိုက်ပွဲ၊ သာစည်တိုက်ပွဲ များသည် သမိုင်းဝင်တိုက်ပွဲများဖြစ်ပြီး သမိုင်းကြောင်းကို အလှည့်အပြောင်း ဖြစ်စေခဲ့သည်။ အထူး သဖြင့် သမိုင်းဝင် သာစည်တိုက်ပွဲအကြောင်း အသေးစိတ်ရေး သားဖော်ပြခဲ့သော စာအုပ်မရှိ သလောက်ပင်ဖြစ်သည်' လို့ ဖော်ပြထားပါတယ်။ သာလွန်အင်အားဖြင့် လာ ရောက်တိုက်ခိုက်တဲ့ ရန်သူတွေကိုခုခံပြီး အနိုင်အရှုံး ပြောင်းလဲပြီး အောင်ပွဲရယူနိုင်ခဲ့တဲ့ တစ်ခုတည်းသော အကြောင်းရင်းကတော့ လွတ်လပ်ရေးနှင့် ပြည်ထောင်စုကို ကာကွယ်လိုတဲ့ တပ်မတော်သားတို့ရဲ့ စိတ်ဓာတ်ဖြစ်တယ်လို့ ဆိုထားပါတယ်။
ဆရာလှသောင်းဟာ အောင်သာစည်တိုက်ပွဲကို ဦးဆောင်တိုက်ခိုက်ခဲ့တဲ့ ဗိုလ်မှူးချစ်မောင် (ငြိမ်း)ကို တွေ့ဆုံမေးမြန်းခဲ့ရုံမက ဗိုလ်မှူးချစ်မောင် မှတ်မိသမျှ ပြန်ရေးထားတဲ့ သာစည်တိုက်ပွဲ မှတ်တမ်းကိုပါ ရရှိခဲ့ပါတယ်။ သာစည်တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ဗိုလ်ချုပ်တင့်ဆွေ (စာရေးဆရာတင့်ဆွေ-ဖျာပုံ)၊ ဒုဗိုလ်မှူးကြီးတင်ဦး(ဒုဝန်ကြီး-ငြိမ်း)၊ ဗိုလ်မှူးကြီးခင်မောင်သောင်း(မိုးမိုး-တာရောစန်)တို့ကိုပါ တွေ့ဆုံမေးမြန်းပြီး မှတ်တမ်းပုံစံဖြင့် အောင် သာစည်စာအုပ်ကို ရေးခဲ့တာပါ။
အောင်သာစည်စာအုပ် ထွက်လာလို့ ဖတ်ကြည့်တဲ့အခါ 'သိပ်အားမရဘူး'လို့ ဆရာမိုးမိုးတာရောစန်က ဆိုပါတယ်။ တကယ်တော့ ဒီစာအုပ်ကို သူကိုယ် တိုင်ရေးချင်ခဲ့တာ၊ လေဖြတ်သွားလို့ မရေးနိုင်တော့တာနဲ့ ဆရာလှသောင်းကို ရေးခွင့်ပြုလိုက်တာလို့ ၂၀၁၃ ထုတ် 'အောင်သာစည်ချစ်မောင်' စာအုပ်အမှာစာမှာ ဖော်ပြထားပါတယ်။ ဒီစာအုပ်ကို ကက(ကြည်း)သုတေ သနဌာန၊ စစ်ဦးစီးမှူး တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာ တက္ကသိုလ်မောင်သန့်ဇင်က ရေးပါတယ်။ ဗိုလ်ချုပ်တင့် ဆွေ(တင့်ဆွေ-ဖျာပုံ)က အမှာစာရေးခဲ့လေရာ ... 'သာစည်တိုက်ပွဲ အောင်မြင်ရခြင်း၏ အဓိကပုဂ္ဂိုလ်မှာ ဗိုလ်ချစ်မောင် ဖြစ်ပါတယ်။ သူ၏ ရဲဝံ့စွန့်လွှတ်စွာ လုပ်ဆောင်ခြင်းကြောင့် သံချပ်ကာကား၊ ဘရင်းကယ်ရီယာ စသည့် စစ်ပစ္စည်းလက်နက်များ အပါအဝင် လူလက်နက်များစွာ ရရှိသိမ်းပိုက် အောင်မြင်ခဲ့ခြင်း ဖြစ်ပါသည်'လို့ ဖော်ပြထားပါတယ်။ အဲဒီတုန်းက ဗိုလ်ချုပ်တင့်ဆွေဟာ ဗိုလ်ကြီးဘဝနဲ့ မိတ္ထီလာမှာ တာဝန်ကျနေပါတယ်။ မိတ္ထီလာကို ကရင်တပ်ဖွဲ့တွေ သိမ်းတော့ သူ့ရဲ့ စစ်ဝန်ထမ်းတပ်အင်အား အနည်းငယ်နဲ့ ပင်းတလဲ၊ တဲစု၊ ဥသျှစ်ကုန်းရွာတွေဘက်မှာ တောခိုပုန်းအောင်နေခဲ့ရပါတယ်။ ဗိုလ်ချစ်မောင်တို့ သနက(၆)တပ်ခွဲ နှစ်ခွဲ လွိုင် ကော်၊ တောင်ကြီးဘက်က ဆင်းလာပြီး သာစည်မှာ ခံစစ်တည်ဆောက် အခြေပြုလိုက်တယ်လို့ သတင်းကြားတာနဲ့ မိတ္ထီလာနယ် ဥသျှစ်ကုန်းရွာကနေ သာစည်သို့ အမြန်ဆုံးချီ တက်ပူးပေါင်းခဲ့ပါတယ်။
ဗိုလ်ချစ်မောင်နဲ့ ဗိုလ်တင်ဦးတို့ရဲ့ တပ်ခွဲနှစ်ခွဲ သာစည်ကို ရောက်လာပုံဟာလည်း ထူးဆန်းသလိုရှိနေပါတယ်။ တကယ်တော့ သူတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ တပ်ခွဲနှစ်ခွဲဟာ ပြည်တွင်းစစ်ကြီးအတွင်း ပျောက်နေတဲ့ တပ်ခွဲနှစ်ခွဲပါ။ စာအုပ်အဖွင့် ကောက်နုတ်ဖော်ပြချက်မှာ ]သနက(၆) က တပ်ခွဲနှစ်ခွဲ ခုဘယ်ရောက်နေသလဲ၊ ခြောက်လလုံးလုံး စာမလာ သတင်းမကြား၊ အခု ဒီကောင်တွေက ဘယ်မတုန်း ...အမြန်ဆုံးသွားရှာ}လို့ စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီးနေဝင်းက ဗိုလ်မှူးတင် မောင်(ဆရာမြတ်ထန်)ကို အမိန့်ပေးစကားက သိသာစေခဲ့ပါတယ်။ ဗိုလ်မှူးတင်မောင်က သနက(၆)ရဲ့ ဒုတပ်ရင်း မှူးပါ။ ပြည်တွင်းစစ် မုန်တိုင်းထန်လေရာ သူဟာ တပ်နဲ့ကွဲကွာသွားပြီး သူ့တပ်တွေ ဘယ်ရောက်နေမှန်းပင် မသိခဲ့ပါ။ ဒါကြောင့် ဗိုလ်ချုပ်ကြီးနေဝင်းက ပျောက်နေတဲ့ တပ်ခွဲနှစ်ခွဲကို တွေ့အောင်ရှာ၊ ပူးပေါင်းကွပ်ကွဲပြီး ဆက်လက်တိုက်ပွဲဝင်ဖို့ ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။
'သနက(၆) ဒုတပ်ရင်းမှူး ဗိုလ်မှူးတင်မောင် (မြတ်ထန်)ခမျာမလဲ မိတ္ထီလာရအောင် ကာကွယ်ကွာဆိုပြီး ဗိုလ်ချုပ်ကြီးနေဝင်းက ဘရီဖင်ပေးပြီး လွှတ်လိုက်လို့သာ ကမန်းကတန်း ထွက်လာပြီး မြောက်ပိုင်းတိုင်းမှူးကို သတင်းပို့ရရှာတာ၊ တကယ်တော့ ၁၉၄၈ ခု နှစ်ကုန်ပိုင်း ကတည်းက ထွက်သွားတဲ့ သူ့တပ်ခွဲနှစ်ခွဲ ဘယ်ဆီရောက် လို့ ဘယ်ဆီပေါက်နေမှန်းတောင်မှ သူက သိတာမဟုတ်ဘူး။' (တက္ကသိုလ်မောင်သန့်ဇင်၊ စာ-၂၂)
အဲဒီခေတ်က ဒီနေ့ခေတ်လို ဆက်သွယ်ရေး လုံး၀ မကောင်းပါ။ ရှိစုမဲ့စု ဆက်သွယ်ရေးစနစ်ဟာ လည်း စစ်ပွဲတွေကြားမှာ အတော်ခက်ခဲနေခဲ့ပါတယ်။ ဒါကြောင့် ဗိုလ်မှူးတင်မောင်ဟာ ခက်ခက်ခဲခဲ စုံစမ်းပြီးမှ သူ့တပ်ခွဲနှစ်ခွဲ သာစည်ကိုရောက်နေကြောင်းနဲ့ ကရင်တပ်ဖွဲ့တွေကို ခုခံနေကြောင်း ကြား သိခဲ့ရတာ ဖြစ်ပါတယ်။ ဒီလိုနဲ့ သာစည်ကို ရောက်လာတဲ့အခါ ဗိုလ်ချစ်မောင်တို့ ခံစစ်က အတော်ခိုင်မာနေတာ တွေ့ရပါတယ်။
"အင်း မောင်ရင်တို့ ဂျပန်စစ်တက္ကသိုလ်ပြန် နှစ်ယောက်ပေါင်းပြီး အကောင်းဆုံး လုပ် ဆောင်ထားခဲ့တာပဲ။ သာစည်ဟာ တို့အရှေ့တောင်အာရှရဲ့ ဒိန်ဗင်ဖူး ခံတပ်အသေးစားလေးလို့တောင်မှ ပုံနှိုင်းလို့ရလောက်ပါတယ်"လို့ ဗိုလ်မှူးတင်မောင်က ချီးကျူးရတဲ့အထိ ခံစစ်ကို တည်ဆောက်ထားပါတယ်။(စာ-၈၄)
"ပထမတော့...သတင်းမပို့၊ ဘာမပို့နဲ့...မင်းတို့ တပ်ခွဲနှစ်ခွဲပျောက်နေလို့ ဘယ်ရောက်နေသလဲ နဲ့ လူကြီးတွေက စိတ်ပူနေကြတာ။ အင်း...စိတ်ဆိုး နေတယ်ပဲ ဆိုပါတော့ကွာ။ ငါကတော့ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ အတွေ့မှာ သူက 'မင်းကောင်တွေ ဘယ်ရောက် ကုန်တုန်းကွလို့ ခပ်ထန်ထန် မေးတော့ ငါက သူဖြေသာအောင် ဗိုလ်ချုပ်ကြီး မပူပါနဲ့၊ သူတို့က ချစ်မောင်နဲ့တင် ဦးပါ။ ဗိုလ်ချုပ်ကြီးလိုပဲ ဂျပန်မှာ စစ်ပညာသင်လာတဲ့ ဟိုက်ဂါးဒိုးဒေးဝတွေပါလို့။ အဲဒီကျ သူကပြုံးပြီး ဒီ ကောင်တွေလည်း ဟိုညှပ်သည်ညှပ်နဲ့ ဘယ်ချောင်ကပ် နေလဲမသိဘူး။ အဲဒါ မင်းလိုက်သွားပြီး ကွပ်ကဲမှုယူ၊ မြန်မြန်သွား ဆိုပြီး ကိုယ့်ကို မောင်းလိုက်တာလေ ..." (စာ-၈၅)
ဗိုလ်မှူးတင်မောင်ရောက်လာချိန်မှာ ဗိုလ်ကြီးချစ်မောင်က ကတုတ်ကျင်းနဲ့ ဆက်သွယ်ရေးတူးမြောင်းတွေတူးပြီး စနစ်တကျ ခုခံနေတာပါ။ ဗိုလ်ကြီးတင်ဦးရဲ့ အစီအမံတွေကလည်း ဟာကွက်မ ရှိဘူး။ ရဲဘော်တွေကလည်း စည်းကမ်းကောင်းတယ်။ ထပ်မံညွှန်ကြားဖို့ မလိုတော့လောက်အောင် ခံစစ်ပြင်ထားတယ်။ ဗိုလ်ကြီး ချစ်မောင်က သူတို့ရဲ့အရာရှိ ဒုတပ်ရင်းမှူး ဗိုလ်မှူး တင်မောင်ကို ...' အခုချိန်ကစပြီး တပ်တွေကို ကွပ်ကဲမှုယူပါ ဗိုလ်မှူး။ ဗိုလ်မှူးစိတ်ကြိုက် ဆက်လက်စီမံပါ။ လိုက်နာဖို့ အသင့်ပါ'လို့ တင်ပြတယ်။ (စာ-၁၈၆)
'ဗိုလ်ချစ်မောင်ရေ ကိုယ်က ဧည့်သည်ပါပဲ။ ဆက်လုပ်ပါ။ မင်းပဲ ကွပ်ကဲမှုကို ဆက်ယူပါ။ ကိုယ်က မင်းတို့နဲ့ တိုင်းစစ်ဌာနချုပ်၊ စစ်ဦးစီးချုပ်တို့ကြားမှာ ဆက်စပ်ပေးပြီး သွားသွားလာလာ နေပါရစေ'လို့ ဒုတပ်ရင်းမှူးက မေတ္တာရပ်ခံတယ်။ ဗိုလ်မှူးတင်မောင်(ဆရာမြတ်ထန်)ရဲ့ သဘော ထားကြီးမှုဟာ လေးစားဖွယ် ကောင်းလှပါတယ်။ ဗိုလ်ကြီးချစ်မောင် လုပ်ဆောင်ထား သမျှတွေကို သူက အချောင်နာမည်ယူတာမျိုး မလုပ်ပါ ရစေနဲ့တဲ့။ သူတို့ စကားပြောနေစဉ် KNDO ကရင် တပ်ဖွဲ့က ပစ်လိုက်တဲ့ အမြောက်ကျည်ဆန်တွေ တဒိန်း ဒိန်းပေါက်ကွဲနေတယ်။ သူတို့ နည်းနည်း နေရာရွှေ့ရင်း စကားဆက်ပြောတယ်။ ပြင်းထန်တဲ့ ပြည်တွင်းစစ်ကြီးအကြား ရှိစုမဲ့စုတပ်တွေ တကွဲစီလွင့်ပါးသွားရာ ဗိုလ်ချစ်မောင်တို့ တပ်ခွဲနှစ်ခွဲက တောင်ကြီးဘက်ရောက်လာစဉ် ၂၅-၂-၄၉ မှာ တောင်ကြီးမြို့ကို ကရင်ကသိမ်းလိုက်တယ်။ ကေအင်ဒီအိုကို ကွပ်ကဲနေတဲ့ ဗိုလ်မှူးစောဝီဒါက ပြန့်ကြဲနေတဲ့ တပ်မတော် ရဲ့ အစိတ်အပိုင်းတွေကို လိမ္မာပါးနပ်စွာ သိမ်းပိုက်ဖို့လုပ်တယ်။ အစည်းအဝေးခေါ်ပြီး လက်နက်တွေ အပ်ဖို့ စီစဉ်တယ်။ ဗိုလ်ချစ်မောင်တို့က အချိန်ဆွဲငြင်းဆန်ခဲ့ပြီး ဂေါ်ရခါးတပ်ခွဲတစ်ခွဲ၊ ချင်းတပ် ခွဲတစ်ခွဲကိုပါ စည်းရုံးပြီး တောင်ကြီးမြို့ခံတွေ အကူအညီ နဲ့ တောင်ကြီးကနေ ထွက်လာနိုင်ခဲ့တယ်။ ကားအစီး ၂၀ ယာဉ်တန်းကြီးနဲ့ မိတ္ထီလာကို ဦးတည်ပြီး ထွက်လာလိုက်တာ သာစည်မှာ သောင်တင်သွားခဲ့ပါတယ်။
မိတ္ထီလာကို KNDO ကရင်တပ်ဖွဲ့တွေက သိမ်းပြီးဖြစ်ရာ သာစည်ကို သိမ်းဖို့ ကြိုးစားနေချိန် အချိန်မီရောက်ရှိသွားခြင်း ဖြစ်ပါတယ်။ ဗိုလ်ချစ်မောင်တို့ဟာ ဘယ်သူကမှ အမိန့်မပေးဘဲ စစ်ဌာနချုပ်က တာဝန်ပေးခြင်းမဟုတ်ဘဲ ကိုယ့်အသိနဲ့ကိုယ် သာစည်ကို ကာကွယ်ခဲ့တာလို့ ဆိုပါတယ်။(စာ-၆၈-ရှု)
'အထက်အမိန့် အတိအကျ ရရ၊ မရရ ဌာန ချုပ်က တို့ကောင်တွေ ဘယ်လိုလုပ်နေမှန်း တိတိကျကျ သိသိ မသိသိ၊ တို့နှစ်ယောက်(ဗိုလ်ချစ်မောင်နှင့် ဗိုလ်တင်ဦး)က KNDO မီးကူးစွဲစနက်ယမ်း အိုးကို ဖင်ခုထိုင်နေမိပြီ။ မတော်တဆတို့တွေ ဒီသာစည်ရထားလမ်းဆုံ မြို့ကလေးကို ထိန်းရင်းကာရင်း ကျဆုံးသွားရင်တောင် မှ တပ်မတော်က အရာရှိလေးနှစ်ယောက်ဟာ ဘယ်သူ မှ တိုက်ရိုက်အမိန့်တွေ၊ ကွပ်ကဲမှုတွေ မပေးဘဲနဲ့ နိုင်ငံရဲ့ အရေးအကြီးဆုံး သော့ချက်နေရာလေးတစ်ခုမှာ ရန်သူရဲ့ စက်ယန္တရားလည်ပတ်လို့ ခက်သွားအောင် ကာကွယ် ရင်း ကျဆုံးသွားတာပါလားလို့ သမိုင်းတစ်ခုတော့ ကျန် ခဲ့မှာပေါ့ကွာ' (စာ-၇၉)
သာစည်ခံစစ်စည်းကနေ KNDO ကို အပြင်းအထန် ခုခံနေစဉ်မှာပဲ မိတ္ထီလာတောနယ်ဘက်မှာ တိမ်းရှောင်နေတဲ့ ဗိုလ်တင့်ဆွေရဲ့ စစ်ဝန်ထမ်းတပ်တွေဟာ သာစည်မှာ ခက်ခက်ခဲခဲ လာရောက်ပူး ပေါင်း နိုင်ခဲ့ပါတယ်။
'သာစည်ခံစစ်မှာ ဘယ်တပ်ရင်း၊ ဘယ်ဌာန ချုပ်ကမှ တိုက်ရိုက်အမိန့်ညွှန်ကြားချက်မပါဘဲနဲ့ ခင်ဗျားက ခင်ဗျားမူအတိုင်း စကားများများ မပြောဘဲ အလုပ်နဲ့ဝင်ပြီး သက်သေပြလိုက်တာ တော်ရုံစိတ်ဓာတ်နဲ့ သတ္တိတော့ မဟုတ်ပါဘူး။ လေးစားလောက်ပါတယ်'လို့ ဗိုလ်တင့်ဆွေက ဗိုလ်ချစ် မောင်ကို ချီးကျူးစကား ဆိုခဲ့ပါတယ်။ (စာ-၁၅၅)
ဗိုလ်ချစ်မောင်တို့ ခံစစ်ကို ထိထိရောက်ရောက် အကူအညီပေးခဲ့သူကတော့ သာစည်သား ဗိုလ်ကိုကြီးပဲ ဖြစ်ပါတယ်။ ဗိုလ်ကိုကြီးဆိုတာ မင်္ဂလာဒုံစစ်တက္ကသိုလ် ဗိုလ်သင်တန်းကျောင်းဆင်း၊ ဗိုလ်ချစ်မောင်တို့၊ ဗိုလ်တင်ဦးတို့နဲ့ ငယ်သူငယ်ချင်း၊ သူက ရဲဘော်ဖြူဘဝနဲ့ တောခို သွားတာ၊ ဗိုလ်ချစ်မောင်တို့ သာစည်ကို ခုခံကာကွယ်နေချိန် ဗိုလ်ကိုကြီးနဲ့ အဆက်အသွယ်ရခဲ့ပြီး အကူအညီ တွေလည်း အများကြီးရခဲ့တယ်။ ဗိုလ်တင့်ဆွေတို့၊ ဗိုလ်မှူးတင်မောင်(မြတ်ထန်)တို့ကိုလည်း ကူညီစောင့်ရှောက် ခဲ့သူဖြစ်ပါတယ်။ 'သူသည် သာစည်ဒေသ၏ ဗိုလ်ချုပ် အောင်ဆန်းပင် ဖြစ်ပါသည်' လို့ တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန် စာအုပ်မှာ ဗိုလ်မှူးကြီးဟောင်း တင်မောင်က မှတ်တမ်းတင်ခဲ့ ပါတယ်။ ဗိုလ်ကိုကြီးဟာ စည်းရုံးရေးကောင်းသလို မြို့ခံလူထုရဲ့ ချစ်ခင်လေးစားမှုကိုလည်း ခံယူရရှိထားသူ ဖြစ်ပါတယ်။ သူ့ အကူအညီတွေ ကြောင့်သာ 'အောင်သာစည်'ဖြစ်လာတာလို့ ဗိုလ်ချစ်မောင်က ပြောခဲ့ပါတယ်။ (တက္ကသိုလ်မောင်သန့်ဇင်၊ စာ-၁၃၅)
တကယ်တော့ ဗိုလ်ချစ်မောင်တို့ သာစည်ကို ရောက်လာပုံဟာ ဖျာလိပ်ထဲခွေးဝင်တိုးမိသလို ပြန်ဆုတ် လို့လည်းမရ၊ ဘေးထွက်လို့လည်း မရအောင် ကျပ်တည်း လှတယ်လို့ ဆိုပါတယ်။ သာစည်တောင်ဘက် ရထား လမ်းတစ်လျှောက်လုံးက မြို့ရွာတွေကို ကရင်တွေသိမ်း ထားတယ်။ သာစည်အနောက်ဘက် ၁၂ မိုင်သာဝေးတဲ့ မိတ္ထီလာလည်း ုြီဥ ကရင်တွေလက်ထဲမှာ၊ မြောက်ဘက် မန္တလေးကနေ ကရင်တွေ ရထားနဲ့ဆင်းလာဖို့ စီစဉ်နေပြီ။ အဲဒီလို ကရင်တပ်တွေ ဝိုင်းပတ်ထားတဲ့ ကြားထဲကနေ လက်သည်းခွံလောက်သာရှိတဲ့ သာစည် မြို့ကလေးကနေ ခဲယမ်းမီးကျောက် မလုံလောက်ဘဲ ဗိုလ်ချစ်မောင်တို့ ခုခံတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ မိတ္ထီ လာကနေ သာလွန်အင်အားနဲ့ လာတိုက်တဲ့ ကရင်တပ် တွေ လန်ကျပြန်ဆုတ်သွားအောင် တိုက်နိုင်ခဲ့တာလည်း အံ့မခန်းပါပဲ။ ဗိုလ်ကြီး အွန်ပွန်းဦးဆောင်တဲ့ ချင်းတပ် ခွဲ၊ ဗိုလ်ကြီးမဟာဒူး ဦးဆောင်တဲ့ ဂေါ်ရခါး တပ်ခွဲတွေကလည်း ဇွဲလုံ့လ သူရသတ္တိကြီးမားစွာဖြင့် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ တကယ်တော့ သူတို့မှာ ရိက္ခာမလုံလောက် တဲ့အပြင် သောက်ရေကအစ အခက်အခဲ ကြုံနေခဲ့ရပြီ ဖြစ်ပါတယ်။
'ရေမရှိလို့ ဘူတာရုံထဲမှာ နှစ်နဲ့၊ လနဲ့ချီ ဆိုက်ထားတဲ့ ရထားစက်ခေါင်းကြီးတွေထဲက သံချေးတက်နေတဲ့ ရေဆိုးရေညစ်တွေကို ကြိုချက်သောက်နေရတာ၊ ကျွဲလူးအိုင်လေးခြံခတ်ထားပြီး မကုန်မချင်း ဟန်းကောအဖုံးနဲ့ ခြစ်ခပ်သောက်ယူနေရတဲ့ဘဝ၊ ရေတွင်းလေးထဲက ရှိစုမဲ့စုရေကို ကုန်းခပ်ရင်း စိန်ပြောင်းဗုံးတည့်တည့် ဝင် မှန်ပြီး ရေခပ်ရင်းရေတွင်းထဲ ရဲဘော်ကျသေတဲ့အခါ ရေနဲ့သွေးရောပြီး သောက်ခွင့်မကြုံတော့ပါဘူး'တဲ့။ (မောင် သန့်ဇင်၊ စာ-၁၈၅)
အဲဒီအချိန်မှာ 'သေနတ်သံတို့က မစဲ၊ ဗုံးသံတို့ကလည်း ပိုကဲ၍ ညံနေသည်။ အမြောက်ကျည်ဆန်က တဝေါဝေါကျနေသည်။ စက်ကြီး၊ စက်လတ် သံတွေက ဆူညံနေကာ ကျည်ဆန်တွေ တဖျောဖျော ပြေးဝင်လာနေပါတယ်။ (စာ-၁၈၅)
သို့သော် သူတို့စိတ်ဓာတ်မကျပါ။ ဆက်လက် ခုခံနေဆဲသာ၊ ဗိုလ်မှူးကြီး တင်မောင်(မြတ်ထန်) က ဗိုလ်ချုပ်ကြီးနေဝင်းထံ တင်ပြတဲ့စာမှာ ...'သာစည်မှာ KNDO ကို ပျားတုပ်သလိုမျိုး အသေအလဲ ခံတွယ်နေတာ သနက(၆)၊ တပ်ခွဲနှစ်ခွဲပါ ဗိုလ်ချုပ်ကြီး၊ တစ်ပြည်လုံး သိမ်းလာတဲ့ ကရင်တွေဟာ သာစည်မြို့ ကွက်ကွက်ကလေးကို မသိမ်းနိုင်အောင် စွမ်းဆောင်ထားတာ ချစ်မောင်နဲ့တင်ဦးဆိုတဲ့ တပ်ခွဲမှူးနှစ်ယောက်ပါ။ ချင်း တပ်ခွဲ၊ ဂေါ်ရခါးတပ်ခွဲ၊ လဲဗီးတပ်တွေနဲ့ စုပြုံခံစစ်ဆင် နေကြတာပါ။ KNDO တွေက ရန်ကုန်ဆင်းမလို့ ရထားတွေ အစင်းလိုက် အစင်းလိုက် ပြင်ထားပြီးမှ သာစည် ကိုမရတော့ ခုဘက်ဆက်လုပ်ရမှန်းမသိ ဖြစ်နေတာ'လို့ ဖော်ပြထားပါတယ်။
နောက်ပိုင်းမှာ KNDO က ဖိတိုက်လာလေ၊ သာစည်ခံစစ်မှာ အလူးအလဲခံရလေလေ ဖြစ်လာချိန်မှာ ဗိုလ်တင့်ဆွေကို စစ်ဦးစီးချုပ်ထံ စေလွှတ်ပြီး အကူအညီတောင်းခဲ့ရပါတယ်။
'ဗိုလ်တင့်ဆွေ၏ ရက်တိုအကူအညီတောင်းခံ တင်ပြသည့် ခရီးစဉ်သည်လည်း အောင်မြင်မှုရပြီး အထက်စစ်ဌာနချုပ်က ရတတ်သမျှရိက္ခာ စစ်လက်နက်ခဲ ယမ်းအထောက်အကူအပြင် လေကြောင်း ထောက်ကူမှုပင် ပံ့ပိုးပေးခဲ့လေသည်။' (စာ-၂၂၁)
KNDO တို့လည်း ဗထူးတပ်ဖွင့်ကာရထားကြီးနဲ့ပါ ဇွတ်တိုးလာခဲ့ကြပါတယ်။ ဗိုလ်ချစ်မောင်က ကြိုစီမံထားပြီးသား။ သာစည်အဝင်မှာ ရထားသံလမ်းတွေ ဖြုတ်ထားတယ်။ အထူးသဖြင့် ချောက်နက် ကြီးတစ်ခုကို ဖြစ်ကူးထားတဲ့ တံတားပေါ်က သံလမ်းတွေကိုပါ ဖြုတ်ထားတယ်။ KNDO တို့ရဲ့ စစ်ရထားကြီး ဗိုလ်ချစ်မောင်ရဲ့ ထောင်ချောက်ထဲ ဝုန်းခနဲ ထိုးဆင်းလဲကျ သွားတယ်။ အဲဒီတော့မှ စက်သေနတ်တွေ၊ လောင်ချာတွေ၊ မော်တာတွေနဲ့ ခေါင်းမဖော်သာအောင် ပစ်တော့တယ်။ ရထား တစ်စင်းလုံး အတုန်းအရုန်း နိဂုံးချုပ်သွားခဲ့ပေပြီ။
တစ်ရက်မှာတော့ KNDO တွေဟာ သံချပ်ကာနှစ်စီးနဲ့ အတင်းမောင်းဝင်လာတယ်။ လက်နက် ခဲယမ်းနဲ့ ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေ အပြည့်တင်လာတယ်။ အဲဒီသံချပ်ကာနှစ်စီးကို ဗိုလ်ချစ်မောင်နဲ့ ဗိုလ်တင်ဦးတို့ တပ်ခွဲမှူးနှစ်ဦးကိုယ်တိုင် အနီးကပ်ရင်ဆိုင်ပြီး အပိုင်ပစ်ထည့်လိုက်တယ်။ (လက်နက်ခဲ ယမ်းအပြည့် တင်ထားသော နောက်ကသံချပ်ကာကားက ထိတ်လန့်စဖွယ် အကြီးအကျယ်ပေါက်ကွဲမှုနှင့်အတူ ကရင် KNDO တို့ ထိုးစစ်သည် လုံးဝပျက်ကြွေသွားရရှာလေသည်'တဲ့။ (မောင်သန့်ဇင်၊ စာ-၁၆၉)
ရှေ့က သံချပ်ကားလည်း လမ်းဘေးထိုးဆင်း သွားပြီး ကားပေါ်က ခုန်ထွက်လာတဲ့ KNDO တွေ ကို ဂေါ်ရခါးတပ်က တစ်ယောက်မကျန် ချေမှုန်းပစ်လိုက်တယ်။ အကောင်းပကတိအတိုင်း ရလိုက်တဲ့ သံချပ်ကာကားကြီးကို ဗိုလ်ချစ်မောင်က 'အောင်သာစည်'လို့ ကျူးရင့် အမည်ပေးလိုက်ပါတော့တယ်။ အထိနာနေတဲ့ KNDO ဟာ လေသံပြောင်း၊ ဗျူဟာပြောင်းပြီး ... 'ရထားလမ်းကို သုံးပါရစေ၊ ဖွင့်ပေးပါ၊ ညှိနှိုင်းပါ'လို့ ကမ်းလှမ်းလာပါတယ်။ ဗိုလ်ချစ်မောင်ရဲ့ ပြန်ကြားချက်က... 'လက်နက်တွေ အရင်လာ အပ်ပါ၊ လက်နက်ကြီး ငယ်မှန်သမျှ အပ်ပြီးရင် သွားချင်ရာကို ဖြတ်ခွင့်ပေးမည်။ ပုံ- အောင်သာစည်'တဲ့။ တိုက်ပွဲအဖြေက ရှင်းနေပါပြီ။ (စာ-၂၄၈)
KNDO တပ်တွေကို ဦးဆောင်ကွပ်ကဲနေတဲ့ ဗိုလ်နော်ဆိုင်းက ...'သာစည်ကို အရင်သိမ်းမထားမိ တာမှားတယ်'လို့ ဝန်ခံခဲ့ရလေပြီ။ ဗိုလ်နော်ဆိုင်းကိုယ် တိုင် 'သာစည်မှာ နေ့လယ်စာစားမယ်'လို့ ကြုံးဝါးပြီး မိတ္ထီလာက ထိုးစစ်ဆင်လာတဲ့ ကရင်တပ်တွေလည်း တပ်ပျက်လို့ ဆုတ်ခွာအဝေး ထွက်ပြေး သွားကြလေပြီ။
'သာစည်တွင် အထိနာခဲ့သောကြောင့် မိတ္ထီလာမြို့ကိုလည်း လက်လွှတ်ခဲ့ကြရသည်။ ၆-၄-၁၉၄၉ တွင် အစိုးရတပ်သည် မန္တလေးမြို့ကို KNDO တို့လက်မှ ပြန်သိမ်းနိုင်ခဲ့သည်။ မေ ၁၃ တွင် ကြို့ပင်ကောက်၊ မေ ၁၄ တွင် ဇီးကုန်းနှင့် နတ္တလင်း၊ မေ ၂၂ တွင် ပျော်ဘွယ်၊ ရမည်းသင်း၊ တပ်ကုန်း၊ တံတားဦး၊ ဇွန် ၁၂ တွင် ကျောက်ဆည်၊ ညောင်ဦး၊ ချောက်၊ ရေနံချောင်း၊ ဇွန် ၁၃ မှာ သာယာဝတီ၊ ဇွန် ၂၅ မှာ သထုံ၊ ဇွန် ၂၄ မှာ မြင်းခြံ၊ စက်တင်ဘာ ၁ ရက်မှာ လားရှိုး၊ နိုဝင်ဘာ ၂၁ မှာ တောင်ကြီးမြို့ များကို ပြန်သိမ်းနိုင်ခဲ့သည်။ ဒီဇင်ဘာတွင် ထုံးကြီးရွာကို ပြန်လည်သိမ်းပိုက်နိုင်သောကြောင့် ရန်ကုန်-ပဲခူး မီးရထားလမ်းကို ဖွင့်နိုင်ခဲ့သည်။ ၁၉၄၉ ဧပြီ ၁ ရက်မှစပြီး မင်္ဂလာဒုံ၌ အမှတ်(၁) လေ့ကျင့်ရေး တပ်ကို ဖွဲ့စည်းပြီး တပ်သားသစ်သင်တန်းများဖွင့်၍ စတင်လေ့ကျင့်ပေးခဲ့သည်။ မေမြို့တွင် ဦးစီးတက္ကသိုလ်နှင့် ဗိုလ်သင်တန်းကျောင်းများ ဖွင့်လှစ်နိုင်ခဲ့သည်။ (၂၀၁၅ သြဂုတ်လထုတ်၊ ကိုကိုလေး၊ ကရင်အမျိုးသား တော်လှန်ရေး၊ စာ-၂၀၇)
၁၉၅၀ ပြည့်နှစ် သြဂုတ်လ ၁၂ ရက်မှာ ကော့ကရိတ်မြို့မှ ၂၅ မိုင်အကွာ ထော့ကော်ကိုးရွာမှာ စခန်းချနေတဲ့ စောဘဦးကြီးကို အသေဖမ်းဆီးရမိခဲ့ပါတယ်။ စောဘဦးကြီးနဲ့တကွ သူ့စခန်းကို သိမ်းပိုက် အောင်နိုင်ခဲ့သူကတော့ ဗိုလ်ကြီးစိန်လွင်(ရှစ်လေးလုံး အရေးအခင်းကာလတွင် သမ္မတတာ ဝန် ၁၇ ရက်ထမ်း ဆောင်ခဲ့သူ)ဖြစ်ပါတယ်။ စောဘဦးကြီး ကျဆုံးပြီးနောက် ကော်သူးလေမြို့တော်ဟု အမည်ပေးကာ KNDO တို့ အခိုင်အမာ တပ်စွဲထားတဲ့ တောင်ငူမြို့ကိုလည်း တပ်မတော်က ပြန်လည်သိမ်းပိုက်ခဲ့ပါတယ်။ KNDO တွေ ဟာ သံတောင်ဘောဂလိနယ်မြေဘက်ဆီ ဆုတ်ခွာသွား ခဲ့ရပြီး KNU ချမှတ်ခဲ့တဲ့ သီးခြားကရင်ပြည်နယ် ထူထောင်ရေးလမ်းစဉ် တစ်ခန်းရပ်သွားခဲ့ပါတယ်။
တကယ်လို့သာ သာစည်ခံစစ်ကျဆုံးသွားခဲ့ရင် KNDO ကရင်တပ်ဖွဲ့တွေဟာ အောက်မြန်မာ ပြည်ကို အလုံးအရင်းနဲ့ စုန်ဆင်းကာ စစ်ကူပေးသိမ်းပိုက် နိုင်ခဲ့မှာ ဖြစ်ပါတယ်။ KNDO ကျဆုံးသွားခြင်းရဲ့ အဓိက ပဓာနအကြောင်းရင်းဟာ သာစည်ခံစစ်ကို မဆုတ်တမ်း ကျားကုတ်ကျားခဲ ကာကွယ်နိုင်ခဲ့ လို့ဖြစ်တယ်လို့ စစ်မှတ်တမ်းများမှာ သုံးသပ်ဖော်ပြထားပါတယ်။ သာစည်ခံစစ်ကို ၃၆ ရက်ကြာ ဦးဆောင်တိုက်ပွဲဝင်ခဲ့တဲ့ ဗိုလ်ကြီးချစ်မောင်ဟာ တပ်မတော်က ဗိုလ်မှူးအဆင့်နဲ့ အငြိမ်းစား ယူခဲ့ပါတယ်။ ဗိုလ်မှူးချစ်မောင်(ငြိမ်း)ကို နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်) လွတ်လပ်ရေးမော်ကွန်းဝင် (ပထမ ဆင့်)တို့ ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။ 'အောင်သာစည်ချစ်မောင်'ဆိုတာကတော့ တိုက်ပွဲထဲကရခဲ့တဲ့၊ သူအလွန် မြတ်နိုးတဲ့ ဘွဲ့လို့ဆိုပါတယ်။ အောင်သာစည် ဦးချစ်မောင်ဟာ အသက် (၉၄) နှစ်အရွယ် အိပ်ရာထဲလဲ နေချိန်အထိ သူ့အတ္ထုပ္ပတ္တိကို ဖတ်ရနိုးနိုးနဲ့ မျှော်ကိုး စောင့်စားသွားခဲ့တယ်လို့ ဆိုပါတယ်။ ( မြတ်ဘုန်းသစ် )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၂ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )