၂၀၂၃ ဒီဇင်ဘာ ၃၁
၂၀၂၃ ဒီဇင်ဘာ ၁၂ ရက် ဘီဘီစီမြန်မာပိုင်း အစီအစဉ်မှာ 'ပြည်တွင်းစစ်ပြင်းပြင်းထန်ထန် ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုတွေ ပိုမိုတိုးချဲ့ လာကြတယ်လို့ ဖော်ပြထားပါတယ်။ အာဖဂန်နစ္စတန်မှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ၉၅ ရာခိုင်နှုန်း ထိုးကျသွားချိန်မှာ မြန်မာနိုင်ငံက ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ပိုများလာတယ်လို့ ဆိုပါတယ်။ ဘိန်းဖြူထုတ်လုပ်ရာမှာ အဓိက ပါဝင်ပစ္စည်းဖြစ်တဲ့ ဘိန်းစိမ်းကို မြန်မာနိုင်ငံမှာ စိုက်ပျိုးထုတ်လုပ်လာတာ ဆယ်စုနှစ်ပေါင်းများစွာ ကြာနေပြီဖြစ်ပြီး အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေက အဲဒီကနေ ငွေတွေ ရနေတာဖြစ်တယ်လို့ ဘီဘီစီသတင်းထောက် နီကိုလပ်စ်ယန်းက ရေးသားတင်ပြခဲ့ပါတယ်။
မြန်မာအပါအဝင် အာရှသို့ ဘိန်းစိုက်ပျိုးထုတ် လုပ်ခြင်းအတတ်ကို ယူဆောင်လာကာ စနစ်တကျ ပြုစုပျိုးထောင်ပေးခဲ့သူတွေဟာ ဘီဘီစီတို့ရဲ့ ဗြိတိသျှ အင်္ဂလိပ်ကြီးဖြစ်နေတာကို မြန်မာစာရေးဆရာ သတင်း စာဆရာကြီး ဦးညိုမြက လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်ကပင် ဖွင့်ချဖော်ထုတ်ရေးသားခဲ့ပြီး ဖြစ်ပါတယ်။ ၁၉၇၃ ဖေဖော်ဝါရီ အိုးဝေစာပေတိုက်က ထုတ်ဝေတဲ့ 'ဘိန်းဋီကာ သုံးစောင်တွဲ' စာအုပ်မှာ ဆရာညိုမြက 'ကမ္ဘာနှင့်ဘိန်း'၊ 'ဗမာနှင့်ဘိန်း'ဆိုပြီး စာနှစ်ပုဒ်ရေး သားခဲ့ပါတယ်။ (မောင်စံသူရဲ့ ရွှေပြောင်းရှင်က ပြဇာတ်ပုံစံနဲ့ ဘိန်းလောကကို ထေ့ငေါ့ရေးသားထား တာ ဖြစ်ပါတယ်။)
လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ကျော်က ခေါမပြည်က ဒဿနဆရာကြီး ပလေတိုရဲ့ အဆိုအမိန့်တွေထဲမှာ ဘိန်းအကြောင်း တွေ့နိုင်တယ်လို့ ဆရာညိုမြက ဆိုပါတယ်။ ခရစ်တော်မပေါ်မီ ဘီစီ ၉၀၀ နှစ်က ဆရာ ကြီးဟိုးမားရဲ့ နာမည်ကျော် ရှာပုံတော်(Odyssey) စာအုပ်မှာလည်း ဘိန်း အကြောင်းရေးဖွဲ့ထားတာ ဖတ်ရသလို အီဂျစ်ပြည်မှာတော့ ဘီစီ ၁၅၀၀ လောက်ကစပြီး ဘိန်းပေါ်ခဲ့တယ်ဆိုပါတယ်။ အဲဒီခေတ်တွေတုန်းကတော့ ဘိန်းစိုက်ပျိုး ထုတ်လုပ်သုံးစွဲမှုဟာ လုံးဝမကျယ် ပြန့်သေးပါဘူး။ ဘိန်းစိုက်ပျိုးထုတ်လုပ်သုံးစွဲမှုကို အကျယ်ပြန့်ဆုံးလုပ်ဆောင်ခဲ့သူတွေကတော့ နယ်ချဲ့ အင်္ဂလိပ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
'အနောက်နယ်ချဲ့များ အာရှတိုက်ကို စတင်ဖောက်ထွင်းလွှမ်းမိုးခဲ့ပုံများနှင့်ပတ်သက်ပြီး သရုပ်ပျက် စကားပုံလေးတစ်ခု ရှိခဲ့တယ်။ (အလံနောက်၌ ကုန်သည် ပါလတ္တံ့၊ ကုန်သည်နောက်၌ သာသနာပြုပါလတ္တံ့)တဲ့။ Trade Follows The Flag Missionaries Follow Traders. အဲဒီ ဆောင်ပုဒ်အရ ဥရောပ နိုင်ငံရေးသမားများ၊ ကုန်သည်ပွဲစားများ၊ ခရစ်ယာန်သာသနာပြုများ စုပေါင်းကလိမ်ကျရာက အာရှ တိုက်က လူညိုတွေ၊ လူဝါတွေ၊ အာဖရိကတိုက်က လူမည်းတွေအားလုံး နယ်ချဲ့ခေတ်မှာ ကျွန်စာရင်း သွင်းခံကြရတော့တယ်။ နိုင်ငံရေး သမားရယ်၊ ကုန်သည်ရယ်၊ သာသနာပြုရယ် စုပေါင်း ပြီး အာရှအ တွက် မွဲဆေးဖော်ကြတယ်' (ဘိန်းဋီကာ၊ စာ-၃၇)
'၁၈ရာစုနောက်ပိုင်းတွင် အိန္ဒိယပြည်ကို လောလောလတ်လတ် နှိပ်ကွပ်သိမ်းပိုက်ပြီးစဖြစ်သည့် အင်္ဂလိပ်ကုမ္ပဏီသည် အကျိုးဖြစ်ထွန်းလှသော တရုတ်ဈေးကွက်ကြီးနှင့် ရောင်းဝယ်ဖောက်ကားရာ တွင် ခေါင်းဆောင်ဖြစ်လာ၏' (စာ-၃၉)
တရုတ်ဆီက လက်ဖက်ခြောက်၊ ပိုးထည်၊ ချည်ထည်၊ ကြွေထည်စတဲ့ ပစ္စည်းတွေရယူပြီး အင်္ဂလိပ်တွေရဲ့ ကုန်ပစ္စည်းတွေကတော့ တရုတ်ပြည်မှာ တွင်တွင်ကျယ်ကျယ် မရှိလှပါဘူးတဲ့။ အင်္ဂလိပ်လက်ထဲမှာ တရုတ်ပစ္စည်းဝယ်ယူဖို့ ငွေကြေးအလုံအလောက် မရှိလေတော့ ငွေအစားပေးချေရန် 'ဘိန်း'ကို ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် သူတို့သိမ်းပိုက်ထားတဲ့ အိန္ဒိယမှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အကြီးအကျယ်လုပ် ကြတော့တယ်။
'ကုမ္ပဏီပိုင်နယ်မြေ ဒေသအားလုံးတွင် ဘိန်းပင်များစိုက်ပျိုးကာ ဘိန်းထုတ်လုပ်စေသည်။ ဘိန်းပင်များ မစိုက်မနေရ စနစ်ပြုလုပ်ထား၏။ ဗာရဏသီနယ်၊ ဘီဟာနယ်နှင့် အိန္ဒိယအလယ်ပိုင်း၊ မြောက်ပိုင်း၊ အာသံ ပြည်နယ်ဒေသများတွင် မြေသြဇာအကောင်းဆုံး လယ်ကွင်းပြင်ကြီးများကို ဘိန်းပင်များ လွှမ်းစေ၏။ ယခင်က ပြည်သူလူထု၏ အသုံးအဆောင်ဖြစ်သည့် ဂျုံ၊ စပါးနှင့် ဝါဂွမ်း စိုက်ပျိုးရာဒေသများတွင် ထိုရိက္ခာပင်များကို လုံးဝမတွေ့ရတော့ဘဲ ဘိန်းပင်သာလျှင် မင်းမူနေ၏။ အင်္ဂလိပ်ကုမ္ပဏီက ဘိန်းလုပ်ငန်းအားလုံးကို လက်ဝါးကြီးအုပ်ထား၏။ နိုင်ငံခြားသို့ တင်ပို့ရန်အတွက် ဘိန်း သေတ္တာကြီးများကို ကုမ္ပဏီကပင် ကြီးကြပ်ကာ လေလံ တင်ရောင်းချသည်။' (စာ-၄၀)
ဘိန်းသေတ္တာကြီးတွေကို အများဆုံး ဝယ်ယူ ကြတာက 'ဂျာဒင်း'နဲ့ 'မက်သီဆန်'ဆိုတဲ့ အင်္ဂလိပ်ဘိန်းပွဲစားကြီးတွေဖြစ်တယ်။ မြန်မာပြည်မှာ အရေးပိုင်လုပ်သွားပြီး မြန်မာအကြောင်းတွေ ရေးလေ့ရှိတဲ့ မောရစ်ကောလစ်ရဲ့ Foreign Mud 'ပြည်ပရွှံခဲ'ဆိုတဲ့စာအုပ်မှာ အဲဒီဘိန်းပွဲစားတွေ ခြေရှုပ်ပုံကို ရေးထားတယ်။ (ပြည်ပရွှံခဲ)ဆိုတာ ဘိန်းကို တရုတ်တွေခေါ်တဲ့ နာမည်၊ ဘိန်း စိမ်းတုံးကြီးတွေဟာ ရွှံခဲကြီးတွေနဲ့ တူတာကိုး)။ အင်္ဂလိပ် ဘိန်းကုန်သည်တွေဟာ ဘိန်းကုန်ကူးလို့ သူဌေးကြီးတွေ ဖြစ်လာတော့ ဟိုမှာ ဒီမှာ အလှူငွေတွေထည့်ပြီး နာမည်ကောင်းယူကြတယ်။ သူတို့ရဲ့ အပုပ်နံ့ကို ဖုံးအုပ်တဲ့ သဘောပါပဲ။ ကိုလိုနီခေတ်က ရန်ကုန်တက္ကသိုလ်မှာ 'ဂျာဒင်းရွှေတံဆိပ်ဆု'ဆိုတာ ရှိခဲ့တယ်။ ဥပစာတန်း စာမေးပွဲမှာ အင်္ဂလိပ်စာအမှတ် အများဆုံးရသူကိုပေးတာ။ ဘိန်းကုန်သည်ကြီးပေးတဲ့ ဆုပေါ့။ ဘိန်းကုန်သည်ကြီးက ပညာရေးအားပေးသူကြီး ဖြစ်သွားရပြန်ရော' (စာ-၄၃)
အဲဒီခေတ်က ဘိန်းကုန်သည်အဖွဲ့များမှာ အကြီးဆုံးဖြစ်တဲ့ ဂျာဒင်းကုမ္ပဏီက သင်္ဘော ၁၂ စင်းပိုင်တယ်။ အမေရိကန် ပွဲစားဟန်းတားဆိုသူကတော့ တူရကီပြည်က ဘိန်းကိုယူရောင်းတယ်။ ပေါ်တူဂီများက အိန္ဒိယမှာ သူတို့ပိုင်တဲ့ ဂိုအာမြို့နဲ့ ဒေမုန်မြို့နယ်များက ဘိန်းများစုပေါင်းတင်ပို့တယ်။ အိန္ဒိယတိုင်းရင်းသား ပသီကြီးများဖြစ်တဲ့ ဂျီဂျီးဘွိုင်တို့၊ ကောင်ဝပ်စဂျီ (Jee-jeeboy and Cowasjee) တို့လည်း နယ်ချဲ့နဲ့ ဝေစားမျှ စားလုပ်ခဲ့ကြတဲ့ ဘိန်းသူဌေးကြီးတွေပေါ့' (စာ-၅၀)
'၁၈၀၀ ပြည့်နှစ်ကစပြီး အင်္ဂလိပ်က တရုတ်ကုန်ပစ္စည်းများ ဝယ်ယူရာမှာ ငွေသားမသုံးတော့ဘဲ ဘိန်းနှင့်ဖလှယ်ခဲ့တယ်။ အဲဒီတော့ တရုတ်ပြည်မှာ ငွေသား တစ်စတစ်စ ရှားပါးလာတယ်။ ဘိန်းတွင်ကျယ်လေ ပြည်တွင်းငွေကြေးအခက်အခဲ ပိုဆိုးလေပဲ။ ၁၈၄၀ မှာ ဝင် ငွေက ၇ သန်းခွဲ၊ ထွက်ငွေက ၅၆ သန်းဖြစ်နေတယ်။ ကန်တုန်မြို့က တရုတ်ဘိန်းစားကြီးများသာမက တရုတ်အစိုးရတစ်ဖွဲ့လုံး ဒေဝါလီခံရတော့မည့်ကိန်း ကြုံနေတယ်။' (စာ-၅၆)
'အဲဒီအချိန် ၁၈၃၈ မှာ ယူကွမ်နယ်ဘုရင်ခံ လင်စေးဆူ (Lin Tse Hsu)က တရုတ်ဘုရင်ထံ ဘိန်းပိတ် ပင်ရေး အစီရင်ခံစာတင်သွင်းခဲ့တယ်။ သူ့နယ်မှာလည်း ဘိန်းစားတွေ၊ ဘိန်းရောင်းသူတွေကို ပြင်းပြင်းထန်ထန် အရေးယူတယ်။ ဘုရင်က သဘောကျပြီး လင်စေးဆူကို ဘုရင့်ကိုယ်စားလှယ်တော်အဖြစ် ကန်တုန်မြို့မှာ အာဏာပိုင်ခန့်အပ်လိုက်တယ်။ လင်းစေးဆူက နိုင်ငံခြား သားများဆီက ဘိန်းသေတ္တာ ပေါင်းနှစ်ထောင်သိမ်းယူပြီး ဖျက်ဆီးပစ်လိုက်တယ်။ တစ်ကြိမ်မှာတော့ အင်္ဂလိပ်သင်္ဘောသားများနဲ့ တရုတ်တွေ ရန်ဖြစ်ကြရာ တရုတ်တစ်ယောက်သေတယ်။ အင်္ဂလိပ်က လျော်ကြေးပေးသော်လည်း မယူဘဲ အင်္ဂလိပ်များကို တန်ပြန်အရေး ယူရန်လင်စေးဆူက အမိန့်ထုတ်တယ်။ အင်္ဂလိပ်သင်္ဘော များကိုလည်း ရေနှင့်ရိက္ခာမပေးရလို့ အမိန့်ထုတ်တယ်။ ဒီလိုနဲ့ ၁၈၃၉ နိုဝင်ဘာမှာ ရေတပ်တိုက်ပွဲဖြစ် တော့ တရုတ်တွေ ရှုံးတယ်'
'အင်္ဂလိပ်အစိုးရက သင်္ဘော ၂၀ နဲ့ စစ်သားလေးထောင်ပို့လိုက်တယ်။ အဲဒီရေတပ်က ပီကင်း မြို့တော်နဲ့ အနီးဆုံးဆုံး ပေဟိုး (Pei-ho) မြစ်ဝအထိ ရောက်လာပြီး တရုတ်ဘုရင်ကို ရာဇသံပေးတယ်။ တရုတ်ဘုရင်က လင်စေးဆူကို ဖြုတ်ပစ်ပြီး ကန်တုန်မှာ ကီရှန်းကို ဘုရင်ခံချုပ်ခန့်လိုက်တယ်။ ကန်တုန်မြစ်၀ မှာ ရေတပ်တိုက်ပွဲဆက်လက်ဖြစ်ပွားရာ အင်္ဂလိပ်တွေပဲ ထပ်နိုင်တယ်။ ၁၈၄၀ ပြည့် နှစ်သစ်ကူးချိန် တရုတ်-အင်္ဂ လိပ်စာချုပ်အရ ...
(၁) ဟောင်ကောင်ကျွန်းကို အင်္ဂလိပ်လက်သို့ အပ်စေ၊ (၂) တရုတ်များက စစ်လျော်ကြေး ဒေါ်လာ ခြောက်သန်းပေးစေ၊ (၃) အရာရှိများ ဆက်ဆံရေးတွင် တူညီသော အခွင့်အရေးများရှိစေ၊ (၄) ဟောင်ကောင် ကျွန်း မဖွံ့ဖြိုးမီ ကန်တုန်ရပ်မြို့၌ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခွင့်ရှိစေ'
'လင်စေးဆူက ဘိန်းသေတ္တာများ ဖျက်ဆီးပစ်လို့ တရုတ်ပြည်မှာ ဘိန်းရှားချိန် ဘိန်းဈေး တက်ချိန် ဖြစ်တယ်။ ဒါကြောင့် စစ်နိုင်သူ အင်္ဂလိပ်များဟာ ဘိန်းများကို သူတို့ ကြိုက်ဈေးနဲ့ လွတ်လပ်စွာ ရောင်းနိုင်ခဲ့တယ်။' (စာ-၅၉)
ဘိန်းကုန်သည်ကြီးတွေဖြစ်တဲ့ ဂျာဒင်းနဲ့ မက်သဆင်တို့ဟာ ကမ်းရိုးတန်းတစ်လျှောက် ဘိန်းကုန်ကူးရာမှ တရုတ်စကားကျွမ်းကျင်တဲ့ ဂျာမန်သာသနာပြု ဆရာဝန်ကြီး (ဂွတ်ဇလပ် Rev.Doctor Gutgloff)ကို သိမ်းသွင်းခေါ်ယူတယ်။ ဂွတ်ဇလပ်ဟာ တရုတ်ပြည်မှာ ဆေးဝါးလှည့်လည် ရောင်းချရင်း ခရစ်ယာန်ဝါဒ ဖြန့်ချိနေသူ ဖြစ်တယ်။ ဘိန်းကုန်သည်ကြီး ဂျာဒင်းက တရုတ်ဘာသာနဲ့ ထုတ်ဝေနေတဲ့ ခရစ်ယာန်ဂျာနယ်ရဲ့ ခြောက်လစာ လှူပါမယ်ဆိုပြီး ဂွတ်ဇလပ်ကို ဘိန်းကုန်သွယ်ရေး တဲထဲ ဆွဲသွင်း လိုက်တယ်။ ၁၈၄၀ ပြည့်နှစ် တရုတ်-အင်္ဂလိပ် ဘိန်းစစ်ပွဲဖြစ်ချိန်မှာတော့ ဂွတ်ဇလပ်ကို အင်္ဂလိပ် စစ်သင်္ဘောတွေပေါ်မှာ စကားပြန်အဖြစ် တွေ့မြင်ခဲ့ကြရတယ်။ စစ်ကြီးပြီးတော့ ဂွတ်ဇလပ်ဟာ တရားသူကြီးရာ ထူး ရရှိသွားတယ်။ 'တရုတ်တွေ ခရစ်ယာန်ဖြစ်ကုန်သလား တော့မသိဘူး။ ဘိန်းစား ဦးရေ သန်းပေါင်းများစွာ တိုးပွားလာတာတော့ အမှန်ပဲ'လို့ ဆရာညိုမြက ရေးသားထားပါတယ်။ (စာ-၅၉)
ဆရာကြီးဦးညိုမြက အင်္ဂလိပ်တွေကို ထေ့ငေါ့လှောင်ပြောင်ရာမှာ အယ်ဒီတာက သူ့ရဲ့သတင်းထောက်ကို ရှင်းပြပုံနဲ့ ရေးသားဖော်ပြခဲ့ပါတယ်။
'အင်္ဂလိပ်နယ်ချဲ့က တရုတ်ကို အတင်းဘိန်း ကျွေးပြီး ဘိန်းစစ်ပွဲ အနိုင်ယူချိန်ဟာ ဘိန်း ခေတ်သစ်ကြီး ပေါ်ပေါက်ချိန်ပဲ။ မဟာဘိန်းမင်းတရားကြီးအဖို့ အရှေ့ ကနေဝန်းထွက်သည့်ပမာ ပေပေါ့။ ဟောင်ကောင်မြို့မှာ ဗြိတိသျှများ အခြေစိုက်ပြီး ဘိန်းမြို့တော်ကြီး ထူထောင်ခဲ့တယ်။ ပေါ်တူဂီများ ပိုင်ဆိုင်တဲ့ မကာအိုမြို့မှာ ခါတိုင်းလို အင်္ဂလိပ်များ စခန်းမချတော့ဘူး။ ဒါ့ကြောင့် ဟောင်ကောင်ကြီးပွားသည်နှင့်အမျှ မကာအိုမှေးမှိန်ခဲ့တာ ယနေ့အထိပဲ။ (ဘိန်းစစ်ပွဲမဖြစ်ပွားခင် ဘိန်းသေတ္တာ ပေါင်းလေးသောင်းလောက်ထိ ရောင်းခဲ့ရတာ။ စစ်ပြီးချိန်မှာ ဆတက်ထမ်းပိုးတိုးလာတယ်။) အိန္ဒိယပြည်မှာ အင်္ဂလိပ်အစိုးရရဲ့ အုပ်ချုပ်ရေးစရိတ်ဟာ ဘိန်းကရတဲ့ အမြတ်အစွန်းပေါ်မှာ အမှီသဟဲပြုခဲ့ရတယ်။ ဂျာဒင်းတို့၊ မက်သဆင်တို့လည်း အကုန်သူဌေးဖြစ်ပြီး ဘိန်းကုန် သည်ကြီးတွေ ဟာ အင်္ဂလန်ပြည်မှာ သူကောင်းပြုခံရတယ်။'
'တရုတ်နဲ့ ဘိန်းစစ်ပွဲမဖြစ်မီမှာ ငါတို့က ရန္တပိုစာချုပ်အရ ရခိုင်ပြည်နှင့် တနင်္သာရီကို အင်္ဂလိပ်များ ထံပေးအပ်ခဲ့ရပြီးပြီပဲ။ ရခိုင်ပြည်မှာ အင်္ဂလိပ်အစိုးရက ဘိန်းစရောင်းတယ်။ သူတို့အစိုးရ ဘတ်ဂျက်ရဲ့ ခုနစ်ပုံတစ်ပုံဟာ ဘိန်းခွန်က ဝင်ငွေဖြစ်သတဲ့။ ...အင်္ဂလိပ်အဖို့ ဝိတိုရိယဘုရင်မကြီး လက်ထက်ဟာ အင်ပါယာကြီးလည်း အကျယ်ပြန့်ဆုံး၊ ဘိန်းရောင်းလို့လည်း အကောင်း ဆုံးပေါ့ကွာ။ ၁၈၂၀ ပြည့်မှ ၁၉၀၀ ပြည့်လောက်အထိပါပဲ' (စာ-၆၂)
ဘိန်းဋီကာရဲ့ ဒုတိယပိုင်းကတော့ 'ဗမာနှင့် ဘိန်း'ဖြစ်ပါတယ်။ 'ဘိန်းသမိုင်းမှာ တရုတ်ပြီးရင် မြန်မာ ပြည်ဟာ အထိအနာဆုံးဖြစ်ခဲ့ပုံကို သတိပြုဖို့လိုတယ်'လို့ ဆရာကြီးအိုးဝေဦးညိုမြက အလေးအနက် ညွှန်ပြထားပါတယ်။ ]၁၉၂၄ ခု မတ်လ ၇ ရက်မှာ စတင်ဖြစ်ပွားတဲ့ ပထမအင်္ဂလိပ်-မြန်မာ စစ်ပွဲဟာ ရှင်မဖြူကျွန်း ကိစ္စနှင့်ပတ်သက်ဖြစ်ပွားတယ်လို့ ရာဇဝင်ကဆိုတယ်။ ဒါပေမဲ့ စစ်ဖြစ်တဲ့ အကြောင်းအမျိုးမျိုးမှာ ဘိန်းကိစ္စလည်း ပါဝင်တယ်လို့ ယူဆတယ်။ အင်္ဂလိပ်တွေဟာ ၁၈၀၀ ပြည့်ပတ်လည်လောက်မှာ ဘိန်းရောင်းရတဲ့ အရသာကို တွေ့နေပြီ။ မြန်မာတွေက အာသံပြည်ကို ဝင် ရောက်အုပ်စိုးနေတာ မရှုဆိတ်ဘူး။ ဒီအရပ်ဟာ ဘိန်းစိုက်လို့ အသင့်လျော်ဆုံး နယ်မြေဖြစ်နေတယ်။ အင်္ဂလိပ် ဟာ ၁၆၁၅ ခုကစပြီး ရောက်ရှိခဲ့တော့ ဘယ်နေရာမှာ ဘာရှိတယ်၊ ဘာကောင်းတယ်ဆိုတာ လေ့လာပြီးပေါ့။ ဟိုခေတ်က အတွင်ကျယ်ဆုံးကုန်ပစ္စည်းကလည်း ဘိန်းနဲ့ လက်ဖက်ခြောက်ဆိုတော့ အာသံပြည်အစရှိတဲ့ မြန်မာ နယ်စပ်နေရာတွေဟာ တပ်မက်မောစရာတွေပဲ}
'ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲက ၁၈၂၄ ခုနှစ်မှာ ဖြစ်တယ်။ တရုတ်-အင်္ဂလိပ် ဘိန်းစစ်ပွဲထက် ၁၆ နှစ်ပိုစောတယ်။ ဒီတော့ ဘိန်းပြန့်ပွားရေးအတွက် အင်္ဂလိပ်က မြန်မာပြည်မှာ ဦးစွာကိုယ်ထိလက်ရောက် ကျူးလွန်နယ်ချဲ့ကြောင်း ထင်ရှားသပ။ ဒီအချက်ကတော့ နယ်ချဲ့ရဲ့ မြှုပ်ကွက်ဖြစ်နေတယ်။ ဒါပေမဲ့ ဆက်စပ်ကြည့် ရင်တော့ ထင်ရှားပါတယ်။' (စာ-၂၄၀)
ဆရာကြီးက 'မြန်မာမင်း အဆက်ဆက်ဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ်လို့ နေရာတကာမှာ မင်္ဂလသုတ်ယဉ်ကျေးမှု ထွန်းကားခဲ့တယ်။ ဘိန်းဘင်းကစော်ကို မင်းအဆက်ဆက် ပိတ်ပင်ခဲ့တယ်။ အဲဒီ ယဉ်ကျေးမှုစနစ်တွေဟာ နိုင်ငံခြားနယ်ချဲ့များ ရောက်ရှိချိန်မှာ အားလုံးကျွမ်း ထိုးမှောက်ခုန် ဖြစ်ကုန်တယ်'လို့ သုံးသပ်ဝေဖန်ထားပါတယ်။ အင်္ဂလိပ်တိုင်းမင်းကြီး ဆာအာသဖယ်ရာ(Sir Arthur Phayre) ကိုယ်တိုင် ၁၈၆၂ ခုနှစ်မှာ အစီရင်ခံ စာရေးခဲ့ရာ ...(အင်္ဂလိပ်အစိုးရ ရောက်လျှင်ရောက် ချင်း ဘိန်းရောင်းခွင့် လိုင်စင်များ ထုတ်ပေးကာ ဘိန်းဆိုင်များ အကန့်အသတ်မရှိ ဖွင့်စေပါသည်။ မြန်မာ ဘုရင်များလက်ထက်၌ မည်သည့်အခါမျှ ခွင့်ပြုချက်မရခဲ့သော ဘိန်းဓလေ့သည် အင်္ဂလိပ်တို့ရောက်ပြီး သုံးနှစ် ကြာကာလ၌ နေရာတကာ အမြစ်တွယ်ခဲ့၏။ ဘိန်းဓလေ့ အဘယ်မျှ လျင်မြန်တိုးပွားခဲ့သည်ဆိုမူ ၁၈၉၁ တွင် အောက်မြန်မာနိုင်ငံသည် အင်္ဂလိပ်ပိုင်နယ်အားလုံး၌ ဘိန်းစားဦးရေ အများဆုံးဟူ၍ စံချိန်ချိုးခဲ့ပေသည်။ အိန္ဒိယအင်ပါယာတစ်ခုလုံး၌ စာရိတ္တပျက်စီးရေးတွင် ဗိုလ်စွဲခြင်းဖြစ်သည်။)လို့ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ (စာ-၂၄၆)
၁၈၉၇ ခုထုတ် မစ္စက်ဟတ်(Mrs Ennest Hart) ရေးတဲ့ Picturesgue Burma (ရှုခင်းသာယာပြည် မြန်မာ)စာအုပ်မှာလည်း ...(အင်္ဂလိပ်အစိုးရသည် ရခိုင်နှင့် တနင်္သာရီများတွင် အရက်ဆိုင်များ၊ ဘိန်းခန်းများ၊ အရက်ချက်ရုံများ အနှံ့အပြားဖွင့်လှစ်စေသည်။ အမျိုးယုတ်၊ အကျင့်ယုတ် နိုင်ငံခြားသား ဘိန်းဘင်းက စော်သမားပေါင်းစုံတို့လည်း ထိုနယ်များသို့ ဥဒဟိုဝင် ရောက်လာကာ အောက်လမ်းဝါဒ များကို အတုမြင် အတတ်သင်ဆိုသလို ပြန့်ပွားစေခဲ့သည်။)လို့ ရေးခဲ့တာကို ဆရာကြီးဦးညိုမြက ကောက်နုတ်ဖော်ပြခဲ့ပါတယ်။
'အာသံဘက်မှာ နယ်ချဲ့များ စတင်ဝင်ရောက်ရှိချိန် လွန်ခဲ့သော နှစ်ပေါင်းသုံးရာက ဘိန်းခင်းကြီးများ ယခုတိုင် မျိုးမပြုတ်သေးဘူးတဲ့။ မြန်မာပြည်မြောက်ပိုင်း ချင်း၊ ကချင်၊ ရှမ်းဒေသများကို အဲဒီ အာသံပြည်က ဘိန်းမျိုးစေ့များ ရောက်ရှိရာမှ ဘိန်းခင်းများ ပြန့်ပွားခဲ့ခြင်းဖြစ်ပါတယ်။ ဒေသခံ တောင်တန်းသားများဟာ တောင်ယာလုပ်ငန်းနှင့် မူလအသက်မွေးမြူခဲ့ရာမှ ငွေဝင်လမ်းပိုမြန်တဲ့ ဘိန်းလုပ်ငန်းများကို အင်္ဂလိပ်မင်းများ ဆော်သြလို့ စိုက်ပျိုးခဲ့ခြင်းပါ။' (စာ-၂၄၈)
'၁၈၈၅ ခုမှာ သီပေါဘုရင် ပါတော်မူပြီး မြန်မာတစ်ပြည်လုံး အင်္ဂလိပ်လက်အောက်ကို ရောက် သွားတယ်။ မြန်မာဘုရင်များ လက်ထက်မှာ ဘိန်းဘင်း ကစော်ဆိုင် တစ်ခုမျှမရှိခဲ့ဘူး။ မင်းတုန်းမင်း လက်ထက်မှာ တရုတ်များဘိန်းရောင်းတာမိလို့ ကြိမ်ဒဏ်ပေးခြင်း၊ ဖမ်းချုပ်ခြင်းများ ရှိခဲ့တယ်။' (စာ-၂၅၅)
ဆရာကြီးဦးညိုမြက သမိုင်းအထောက်အထား များနှင့်တကွ 'ဘိန်းစိုက်ပျိုးထုတ်လုပ်ခြင်းအစ အင်္ဂလိပ်က'ဆိုတာကို ပေါ်လွင်အောင် တင်ပြသွားပါတယ်။ အင်္ဂလိပ်ပေးခဲ့တဲ့ ဘိန်းဆိုတဲ့ ကိုလိုနီ အမွေဆိုးကြီးဟာ ယခုတိုင် ရှင်သန်ကြီးထွားလျက်ရှိပါတယ်။ ၂၀၂၃ ဒီဇင် ဘာ ၁၂ ရက်က ထိုင်း-မြန်မာနယ်စပ်အနီး ကန်ချနဘူရီ ခရိုင်မှာ စိတ်ကြွဆးပြား သန်းငါးဆယ်ဖမ်းမိခဲ့တယ်။ ရွှေတြိဂံအနီး လာအိုနိုင်ငံမှာ စိတ်ကြွဆးပြား ၅၅ သန်း ကျော်ဖမ်းမိခြင်းရဲ့နောက် ဒုတိယအများဆုံးဖြစ်တယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)က မူးယစ်ဆေး ဝါးထုတ်လုပ်တဲ့ ရာဇဝတ်ဂိုဏ်းတွေက မူးယစ်ဆေးဝါး တွေကို မှောင်ခိုနိုင်ဖို့ 'တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပူးပေါင်းပြီး' ဂျပန်နဲ့ နယူးဇီလန် နိုင်ငံတွေအထိပါ ချိတ်ဆက်ဖြန့်ဖြူးနေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ကြောင်း ဘီဘီစီက ထပ်မံထုတ်လွှင့်သွားခဲ့တာပါ။ ရှမ်းမြောက်က တိုင်းရင်းသားလက်နက်ကိုင်တွေဟာ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားခြင်းနဲ့ ဆက်စပ် ပတ်သက်နေကြောင်း ဘီဘီစီ၊ ရိုက်တာ စတဲ့ ကမ္ဘာကျော် သတင်းဌာနကြီးများကပင် ရေးသားပြောဆို ထုတ်လွှင့် နေကြပြီ ဖြစ်ပါတယ်။ ။ ( မြတ်ဘုန်းသစ် )
( TREND News ဂျာနယ်အတွဲ (၂)၊ အမှတ်(၄၉) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )