KNU နဲ့ KIA အသိတရား ရချိန်တန်ပါပြီ

၂၀၂၄၊ မတ် ၂၃

    မတ်လ ၇ ရက်မှာ ၀၃၀၇ စစ်ဆင်ရေး အမည်တပ်ပြီး KIA က ကချင်ပြည်နယ်အတွင်းမှာ တပ်မတော် စခန်းများကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာတွေ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ KNU ကလည်း ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ မြဝတီနဲ့ သင်္ကန်းညီနောင် ဒေသတွေမှာရှိတဲ့ တပ်မတော် စခန်းများကို လာရောက်တိုက်ခိုက်လျက်ရှိတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင်လမ်းစဉ် စတင်ခဲ့တာ KNU ပါ။ KNU ပြုစုပျိုးထောင်ပေးလို့ ကြီးထွားလာတာက KIA ပါ။ မြန်မာနိုင်ငံလက်နက်ကိုင်လမ်းစဉ်ရဲ့ ဆရာကြီးနှစ်ဆူလို့ဆိုရပါမယ်။ ဆရာ့ဆရာကြီးကတော့ KNU ပါ။
    KNU အနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ရခြင်းရဲ့ အဓိကအကြောင်းတရားကတော့ နယ်မြေခွဲခြားရယူလိုခြင်းပါ။ ကိုလိုနီခေတ်မှာ ဗြိတိသျှအစိုးရရဲ့ ပစားပေးချီးမြှောက်ခံခဲ့ရတဲ့ ကရင်လူမျိုးတွေဟာ လွတ်လပ်ရေးပေးတော့မယ့်အချိန်မှာ သီးခြားနယ်မြေရရှိဖို့၊ သီးခြားအာဏာထူထောင်ဖို့ ရည်မှန်းထားခဲ့ပေမယ့် မှန်းချက်နဲ့နှမ်းထွက် မကိုက်ဖြစ်ခဲ့ရပါတယ်။ ဗြိတိသျှအစိုးရဆီမှာ သူတို့ကို သီးခြားနယ်မြေသတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် အင်္ဂလိပ်က သူတို့အနေနဲ့ ပေးလို့မရဘဲ ကရင်တွေဟာ သူတို့ကို အမြဲတမ်းအကူအညီပေးခဲ့တာ မှတ်မိနေမှာဖြစ်ကြောင်းနဲ့ ကရင်လူမျိုးတွေဟာ သူတို့အတွက် အမြဲတမ်းမဟာမိတ်အဖြစ် ရှိနေမှာဖြစ်တယ်ဆိုတဲ့ စူးတစ်ချောင်း ထိုးသွားပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ အင်္ဂလန်မှာ နန်းရင်းဝန်အက်တ လီနဲ့မတွေ့မီ  KNU က အရင်တွေ့ဆုံခဲ့တာပဲ ဖြစ်ပါတယ်။
    ၁၉၄၅ ခုနှစ် ဖက်ဆစ်တော်လှန်ရေးအပြီး စက်တင်ဘာလ ၄ ရက်မှာ မောင့်ဘက်တန်ရဲ့ ဖိတ်ကြားချက်အရ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့တပ်မတော် သားများနဲ့အတူ ဦးဘဖေ၊ သခင်သန်းထွန်း၊ စောဘဦး ကြီးတို့ သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့မှာ မောင့်ဘက်တန်နဲ့ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ထိုတွေ့ဆုံမှုကအစပြုပြီး လက်ရှိ မြန်မာ့တပ်မတော်ဖွဲ့စည်း ပေါ်ပေါက်လာခြင်း ပဲဖြစ်ပါတယ်။ ကန္ဒီအစည်းအဝေးမသွားမီ ဗမာ့တပ်မတော်ခေါင်းဆောင်များနဲ့ စောဘဦးကြီးအပါအဝင် ကရင်ခေါင်းဆောင်များ ဆွေးနွေးကြရာ အလားအလာကောင်းများ ရခဲ့ကြပါတယ်။ ကန္ဒီဆွေးနွေးပွဲမှာ အင်္ဂလိပ်အဖွဲ့က 'တောင်ပေါ်လူထု (တိုင်းရင်းသားကရင်လူမျိုး များကိုဆိုလို)သည် စစ်အတွင်းတစ်လျှောက်လုံး အင်္ဂလိပ်ဘက်မှ တိုက်ခိုက်ခဲ့၍ ၎င်းင်းတို့ကိုကာကွယ်ရန် အင်္ဂလိပ်တွင် တာဝန်ရှိသည်'လို့ ပြောဆိုခဲ့သည့်အတွက် စောဘဦးကြီးအနေနဲ့ အင်္ဂလိပ်က 'သူတို့အတွက် သီးခြားစဉ်းစားပေးလိမ့်မည်၊ သူတို့ကိုကူညီမည်'ဟု ထင်မှတ်သွားခဲ့ပုံရပါတယ်။ ခရီးစဉ်အတွင်း ပြည်ထောင်စုဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး ဦးဘဖေက စောဘဦးကြီးကို  'ကရင်ပြည်နယ်ရရင် ကျေနပ်ကြမှာလား'လို့ မေးမြန်းခဲ့ ရာ စောဘဦးကြီးက "ဦးဘဘေ။ ကျွန်တော်တို့က ဒါလောက်နဲ့မရဘူး။ ဒီ့ထက်ပိုပြီးလိုချင်တယ်"ဟု ပြောဆိုခဲ့တဲ့ သမိုင်းသက်သေများကို ကြည့်ခြင်းအားဖြင့် KNU ရဲ့ လက်နက်ကိုင်လမ်းစဉ်နောက် လိုက်ရခြင်းအကြောင်းရင်းကို သိနိုင်မှာပဲဖြစ်ပါတယ်။
    ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ပင်လုံညီလာခံမှာ တောင်တန်းဒေသ ကိုယ်စားလှယ်များအဖြစ် ကချင်၊ ရှမ်းနဲ့ ချင်း ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။ ထိုပင်လုံညီလာခံမှာ ကရင်နဲ့ကရင်နီ(ကယား)တို့ကို လေ့လာသူများအဖြစ် တက်ရောက်စေခဲ့ပြီး ပင်လုံသဘောတူစာချုပ် လက်မှတ်ရေးထိုးရာမှာ ပါဝင်ရေးထိုးရ ခြင်းမရှိခဲ့ပါ။ ထိုညီလာခံကို ကချင်ကိုယ်စားလှယ်အဖြစ် ဗန်းမော်ခရိုင်မှ သုံးဦးနဲ့ မြစ်ကြီးနားခရိုင်မှ သုံးဦး တက်ရောက်ခဲ့ကြပါတယ်။ ကချင်တိုင်းရင်းသားများ၏ နယ်မြေနဲ့ လူဦးရေဟာ ပြည်နယ်အဆင့် ပေးလို့မရတဲ့အခြေအနေမှာရှိသော်လည်း ပင်လုံညီလာခံမှာ ဗမာကိုယ်စားလှယ် ဗိုလ်ချုပ်အောင်ဆန်းဘက်က ရပ်တည်ဆွေးနွေးပေးခဲ့တဲ့အတွက် ၁၉၄၇ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာမှာ ဗိုလ်ချုပ်အောင်ဆန်းက မြစ်ကြီးနား၊ ဗန်းမော်အပါအဝင် ရှမ်းနီဒေသတွေကိုပါ ထည့်သွင်းပြီး ပြည်နယ်ပေးခဲ့ခြင်းသာ ဖြစ်ပါတယ်။
    ပင်လုံညီလာခံမှာ ဆွေးနွေးနေစဉ် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက် ညစာစားပွဲမှာဗိုလ်ချုပ်အောင်ဆန်းက ]မြန်မာပြည်ကြီး လွတ်လပ်စေချင်တယ်၊ ညီညွတ်စေချင်တယ်၊ ကြီးပွားစေချင်တယ်။ တိုင်းပြည်လွတ်လပ်အောင်၊ ညီညွတ်အောင်၊ ကြီးပွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က တည်းကစပြီး ကျွန်တော်ကြိုးစားလာခဲ့ပါတယ်။ နောင်လည်း ကြိုးစားပါဦးမယ်။ လုံးလုံးလွတ်လပ်တဲ့ကိစ္စပြီးပြတ် သည်အထိကြိုးစားပါ့မယ်။ လူမျိုးရေးဆိုတာမှာလည်း ရှေးခေတ်က ဟစ်အော်လာကြတဲ့ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာဆိုတဲ့ စကားမျိုးကို လက်သုံးပြုလို့ မလုံလောက်တော့ဘူး။ အမျိုးဆိုရာမှာ ဘယ်အမျိုးကိုတည် ရမလဲ။ ဗမာ၊ ကရင်၊ ကချင်၊ ချင်းနှင့် အခြားအမျိုးများ လည်းရှိသေးတယ်။ တခြားနိုင်ငံများကို ကြည့်လိုက်ရင် မြန်မာပြည်မှာလို တိုင်းရင်းသားလူမျိုးအများ ရှိတာကိုတွေ့နိုင်ပါတယ်။ တရုတ်ပြည်၊ ဂျပန်ပြည်နှင့် ရုရှားပြည်တို့မှာလည်း ဒီအတိုင်းပဲ။ အမေရိ ကန်ပြည်မှာလည်း အင်္ဂလိပ်စကားကို ပြောကြသော်လည်း အင်္ဂလိပ်၊ အီတလီ စတဲ့ လူအမျိုးမျိုးတို့ စုပေါင်းပြီး လူမျိုးတစ်မျိုးဖြစ်အောင်ထူထောင်ပြီး သူတို့ကိုယ်ကိုယ် အမေရိကန်လို့ဆို ကြတာပဲ။ ဒါကြောင့် လူမျိုးရေးအားဖြင့်ကြည့်လျှင်  တစ်မျိုးတည်းကို လိပ်ခဲတည်းလည်းစွဲပြီး ယူဆလို့မဖြစ် နိုင်ဘူး။ 
    ဘာသာစကားပင်တူသော်လည်း လူမျိုးခြား နားမှုလည်းရှိပါတယ်။ ဘာသာပင်မတူသော်လည်း လူမျိုးသီးခြားဖြစ်နေတာလည်း ရှိပါတယ်။ ဥပမာအမေရိ ကန်ကိုကြည့်လျှင် လူအမျိုးမျိုးဖြစ်သော်လည်း ဘာသာစကားတူပါတယ်။ ရုရှားပြည်မှာဆိုလျှင် ဘာသာစကား အမျိုးပေါင်းများစွာ ကွာသော်လည်း လူမျိုးကတော့ တစ်မျိုးတည်းဖြစ်ပါတယ်။ သာသနာဆိုတာကတော့ ကိုယ်ကိုးကွယ်ချင်တဲ့ ဘာသာ၊ သာသနာကို ကိုးကွယ်နိုင်ကြတာပဲ။ မြန်မာပြည်မှာ လူများစုက ဗုဒ္ဓဘာသာဖြစ်ပေမယ့် ခရစ်ယာန်ဘာသာ ကိုးကွယ်သူ၊ မဟာမေဒင်ကိုးကွယ်သူ၊ နတ်ကိုးကွယ်သူ အမျိုးမျိုးရှိတာပဲ။ ဒီတော့ဒါတွေကိုစွဲပြီး လူမျိုးရေးတရားလုပ်လို့ မဖြစ်နိုင်ဘူး။ စစ်ကြီးအတွင်းက ကျွန်တော်ဝန်ကြီးလုပ်တုန်းမှာ ကရင် အမျိုးသားတပ်ရင်းဖွဲ့တဲ့အခါ ထမင်းစားပွဲတစ်ခုမှ ကရင် စစ်သားတစ်ဦးက လူမျိုးအချင်းချင်း ညီညွတ်ဖို့အကြောင်း ပြောတဲ့အထဲမှာ 'ဗမာကဖဲရိုက်၊ ကရင်ကငါးမျှား'ဆို တာလိုအတူတူပါပဲလို့ ပြောတာကို သတိရတယ်။ ကိုယ့်ဒေသအလိုက် ကိုယ်ယုံကြည်တာကို ကိုးကွယ်နေထိုင်ကြပြီး သက်ဆိုင်တဲ့ကိစ္စကြီးမှာ တစ်တိုင်းတစ်ပြည်လုံးနဲ့ ညီညီညွတ်ညွတ်လုပ်ကြရင် ဒါဟာ တစ်မျိုးတည်းလို့ ယူဆကြရမယ်'လို့ ပြောကြားခဲ့ပါတယ်။
    ထိုအခြေအနေထိုအယူအဆများအရ ပင်လုံညီလာခံမှာ ပြည်ထောင်စုဖွဲ့စည်းပြီး လွတ်လပ်ရေးအတူ ရယူကြဖို့ သဘောတူခဲ့ကြတာပဲဖြစ်ပါတယ်။ ထိုစကားကို ဗမာများက ယခုချိန်ထိ လက်ခံကျင့်သုံးနေသော်လည်း ကျန်တိုင်းရင်းသားများက လက်ခံပါရဲ့လား စဉ်းစားစရာပါ။ ယခု အချိန်မှာ မျိုးချစ်စိတ်လို့သုံးနှုန်းရင် ဗမာတွေက တိုင်းရင်းသား ၁၃၅ မျိုးလုံးလို့မြင်ပြီး ကျန်တိုင်းရင်းသား များက လက်ခံယုံကြည်ပါရဲ့လား။ ကျင့်ကြံပါရဲ့လား။ အထူးသဖြင့် လက်နက်ကိုင်အဖွဲ့များ။ မျိုးချစ်စိတ်ထက် တိုင်းပြည်ချစ်စိတ်၊ ပြည်ထောင်စုချစ်စိတ်လို့တောင်ပြောင်းသုံးရမလားမသိ။ လွတ်လပ်ရေးရပြီးနောက်မှာ ကရင်တိုင်းရင်းသားအားလုံးရဲ့ သဘောထားလို့ ယူဆလို့ မရတဲ့ KNDO ရဲ့ လက်နက်ကိုင်ပုန်ကန်မှု၊ နယ်မြေရယူလိုမှု၊ အချုပ်အခြာအာဏာကို ထိပါးခြိမ်းခြောက်မှုပြဿနာများ စတင်ခဲ့ခြင်းပဲဖြစ်ပါတယ်။ ဖဆပလခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ မဆလခေတ်များမှာ သက်ဆိုင်ရာ အစိုးရနှင့် ပူးပေါင်းပြီး အလင်းထဲမှာ နေထိုင်ကာ ကရင်လူမျိုးအရေးကို ဆောင်ရွက်ခဲ့သူ၊ တိုင်းပြည်ရန် ကာကွယ်ရေးအတွက် တပ်မတော်ထဲမှာ တာဝန်ထမ်းဆောင်ခဲ့သူ ကရင်လူမျိုးတွေ အများကြီးရှိခဲ့တဲ့အတွက် ကရင်တိုင်းရင်းသားအားလုံးရဲ့ သဘောထားလို့ သတ်မှတ်၍ မဖြစ်နိုင်ပါ။ 
    လက်နက်ကိုင်လမ်းစဉ်နောက်လိုက်ပြီးနောက်  KNU ရဲ့ လူမျိုးရေးနဲ့ သီးခြားလွတ်လပ်တဲ့နယ်မြေရရှိရေးအတွက် ဆောင်ရွက်ရာမှာ သူ့လိုလက်နက်ကိုင်တဲ့ တိုင်းရင်းသားအဖွဲ့များ ပေါ်ပေါက်လာရေး၊ အင်အားကြီးထွားလာရေးအတွက် KNU အနေနဲ့ ကျန်တိုင်းရင်းသားများကို စည်းရုံးမြှောက်ပင့်ပေးခဲ့တာ၊ လက်နက်တပ်ဆင်ပေးခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ ဒီအတွေး ဒီဆောင်ရွက်ချက်တွေက အစပြုပြီး မြန်မာပြည်တွင်းမှာ တိုင်းရင်းသားများ၏ လက်နက်ကိုင်လမ်းစဉ် ပေါ်ပေါက်လာ ခြင်းသာ ဖြစ်ပါတယ်။ KNU က ပထမဆုံးမြေတောင်မြှောက်ပေးခဲ့တဲ့ အဖွဲ့အစည်းက KIA ပဲဖြစ်ပါတယ်။ KIA ရဲ့လက်နက်ကိုင်လမ်းစဉ်မှာ ပင်လုံညီလာခံတက်ရောက်ခဲ့တဲ့ ကချင်ခေါင်းဆောင်များ ပါဝင်ခဲ့ခြင်း မရှိဘဲ ထိုခေါင်းဆောင်များက ဥပဒေဘောင်အတွင်းကပင် ကချင်ပြည်နယ်ဖွံ့ဖြိုးရေးကို ဆောင်ရွက်ခဲ့ ကြတာတွေ့ရမှာ ဖြစ် ပါတယ်။
    မတ်လ ၁၇ ရက် VOA သတင်းဌာနက အင်ကြင်းနိုင်နဲ့ တိုင်းရင်းသားအရေးလေ့လာသူလို့ အမည်တပ်ထားတဲ့ စိုင်းထွန်းအောင်လွင်တို့ရဲ့ ကချင် KIA ရဲ့ စစ်ဆင်ရေးသုံးသပ်ချက် မေးမြန်းခန်းမှာ စိုင်းထွန်းအောင်လွင်က KIA အင်အားကြီးထွားလာခြင်းသည် ၁၉၆၂ ခုနှစ်က ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်း လိုက် ခြင်းကြောင့်လို့ဆိုပါတယ်။ မဟုတ်ပါဘူး။ အမှန်က ၁၉၆၀ ပြည့်နှစ် မဲနိုင်ပြီး ပထစအစိုးရဖြစ်လာ တဲ့ ဦးနုရဲ့ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် အတည်ပြုသတ်မှတ်ရာက KIA အင်အားကြီးထွား လာခဲ့ခြင်းသာ ဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးကတည်းက ယခု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ကျင့်သုံးတဲ့ အချိန်အထိ တပ်မတော်ကရော၊ ခေတ်အဆက်ဆက် အစိုးရကပါ ကချင် ပြည်နယ်ကို ထိပါးခြင်း၊ ဖိနှိပ်ခြင်းများ ဆောင်ရွက်ခဲ့ခြင်းမရှိတာ အသိသာကြီးပါ။ 
    ၁၉၆၃ ခုနှစ် တော်လှန်ရေးကောင်စီအစိုးရ လက်ထက် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ KIA က ပြည်ထောင်စုအတွင်းမှာရှိတဲ့ လူမျိုးအသီးသီးကို လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ခွဲထွက်လိုသူများကို ခွဲထွက်ခွင့် ပြုရန်၊ ကချင်ပြည်သူပြည်သားများ (KIA ဟုမသုံးနှုန်းဘဲ အားလုံးပါသယောင်သုံးနှုန်းခဲ့ခြင်း) လက်နက်ကိုင်တော် လှန်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ သီးခြားကချင်ပြည်နယ် ထူထောင်ရန်၊ ဗမာ ပြည်နှင့်ကချင်ပြည် နှစ်ပြည်ထောင် တန်းတူဆက်ဆံသွားရေးနှစ်ဦး သဘောတူ လက်မှတ်ရေးထိုး ရန်ဟူ၍ တောင်းဆိုခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ ပင်လုံညီလာခံအရ ပြည်နယ်ခွင့်ပြုပေးခဲ့ ခြင်းသည်ပင် ကချင်တိုင်းရင်းသားများအတွက် ဆုလာဘ်သဖွယ်ဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒီ့ထက်ပိုပြီး သမိုင်းကြောင်းအရ ပိုင်ဆိုင်ခွင့်မရှိခဲ့တဲ့ နယ်မြေများကို အရယူပြီး လက်နက်ကိုင်လမ်းစဉ်ဖြင့် နိုင်ငံထူထောင်လိုခြင်းသည် အတော်လွန်လွန်းသည်ဟု ဆိုရပေလိမ့်မည်။
    နိုင်ငံတော်၏ အားနည်းချက်လို့ဆိုရမလား၊ တပ်မတော်၏ အားနည်းချက်လို့ ဆိုရမလားမသိပါ။ တိုင်းရင်းသားအရေးနှင့်ပတ်သက်လျှင် မဖြစ်သင့်သည့် ကိစ္စများကို ပြတ်ပြတ်သားသား မဆောင်ရွက်ခဲ့ဘဲ ခွင့်လွှတ်ရင်း ခွင့်လွှတ်ရင်းနဲ့ ယခုလို အခြေအနေမျိုးနဲ့ ကြုံတွေ့လာခဲ့ရသည်ဟု ဆိုရမယ်ထင်ပါ တယ်။ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲကာလမှာ တပ်မတော်အနေနဲ့ အာဏာသိမ်းခြင်း မဟုတ်သလို ဘယ်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေကိုမျှ ဖိနှိပ်ခြင်း၊ နှိပ်ကွပ်ခြင်းမရှိခဲ့ပါ။ ခေတ်အဆက်ဆက်မှာလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို အတိုင်းအတာ တစ်ခုထက် ပိုပြီး နှိမ်းနင်းခဲ့တာ၊ ဖိနှိပ်ခဲ့တာမရှိခဲ့ပါ။ သို့သော် ထိုအဖွဲ့များအနေနဲ့ တောမီးလောင်ချိန်မှာ မီးထိုးပေးသလို လက်ခမောင်းထခတ်တတ်တာဟာ ယခုမှမဟုတ်ဘဲ ခေတ်အဆက်ဆက်မှာပင် လက်တွေ့တွေ့နေခဲ့ရတာ  မဟုတ်ပါလား။ ၁၉၈၈ ခုနှစ် အရေးအခင်းအပြီးမှာ ABSDF အဖွဲ့တွေကို ပံ့ပိုးခိုင်းစား ခဲ့ကြတာ ဒီ KNU နဲ့ KIA ပဲမဟုတ်ပါလား။ ၈၈ အရေးအခင်းမှာ ပေါ်ပေါက် လာတဲ့ NLD ပါတီ အာဏာရလာတော့ရော သူတို့ အနေနဲ့ NLD နောက်ကိုလိုက်လို့လား။ ပြည်ထောင်စုထက် သူတို့ လိုချင်တာကိုသာ ရှေ့တန်းတင်နေကြတဲ့ အဖွဲ့တွေလို့ ဆိုရပါလိမ့်မယ်။ ယခု ၂၀၂၁ ခုနှစ် ပြဿနာ ဖြစ်တော့ရော သူတို့ဘာလုပ်ကြပါသလဲ။ PDF တွေကို မွေးမြူလေ့ကျင့်ပေးပြီး ရှေ့တန်းတင် ခိုင်းစားနေကြတာ ပဲမဟုတ်ပါလား။ တိုက်ပွဲများမှာ သေကျေပျက်စီးနေကြတာ ဗမာ PDF တွေပဲဆိုတာ အားလုံးသိနေကြပါပဲ။ ဘာမှ စစ်အာဏာရှင်ပြုတ်ကျရေး၊ တိုင်းရင်းသားတော် လှန်ရေးမဟုတ်ပါ။ သီးခြားနယ်မြေ၊ သီးခြားအာဏာနဲ့ ပြည်ထောင်စုအတွင်းက ခွဲထွက်လိုခြင်းသက်သက်သာ ဖြစ်ပါတယ်။
    NUG က လရှီးလနဲ့ မန်းဝင်းခိုင်သန်းတို့က  ဘယ်အမျိုးတွေလဲ၊ သူတို့ဘာကိုရည်ရွယ်ပြီးလုပ်နေတာလဲ။ သူတို့ပြောနေတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ဆိုတာ ဘာကိုခြေလှမ်းချင်နေတာလဲဆိုတာတွေကို တပ်မတော် မုန်းတီးရေးသမားများဖြစ်ကြတဲ့ အောင်ကြည်ညွန့်တို့၊ ဇော်ဝေစိုးတို့၊ ဝင်းမြတ်အေးတို့၊ ရည်မွန်တို့၊ ဇင်မာအောင်တို့၊ ကျော်မိုးထွန်းတို့ရေ၊ သေချာလေးသတိထား ကြည့်ကြပါဦး။ အသိတရားလေးရှိဖို့တော့ လိုပါလိမ့်မယ်။ ကိုယ်တိုင်အသုံးချခံဖြစ်နေပြီလား၊ စဉ်းစားဖို့တော့ လိုပါမယ်။ တပ်မတော်အင်အားချည့်နဲ့ပြီး ပြည်ထောင်စုပြိုကွဲရင် တရားခံအဖြစ် ရှေ့ဆုံးကပါမှာ ခင်ဗျားတို့ ဆိုတာ မမေ့နဲ့။ အခုတောင် ကွဲစပြုချင်နေပြီ။
( ဇော်နိုင် )

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၁၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )
 

Total Views ~ 482

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42939

© 2022 - 2025 News. All Rights Reserved.