၂၀၂၄ ဇွန် ၂၀၂၄
ခုတလော ကမ္ဘာ့အံ့သြဖွယ်ရာ သတင်းတွေကို ထူးမြတ်တစ်ယောက် ဆက်တိုက်ဆိုသလို ကြားသိနေရသည်။ ထူးခြားအံ့ဖွယ်သတင်းဆိုရင် လူတွေရဲ့ပင်ကို စိတ်က အလိုလိုသိချင်လာ ကြမှာဖြစ်သည်။ လူအမျိုးမျိုး စိတ်အထွေထွေရှိသည့်အနက် အချို့ကလည်း ထူးဆန်းထွေလာများ အနက် ဂြိုဟ်သားတွေ၊ ပန်းကန်ပြားပျံတွေကို စိတ်ဝင်စားကြသူရှိသလို၊ တချို့ကလည်း ပရလောက အကြောင်းကို စိတ်ဝင်စားကြသည်။ တချို့ကြတော့လည်း သတ္တဝါတွေအကြောင်းကို စိတ်ဝင်စားကြပြန်သည်။ ဒါကြောင့်လည်း ယနေ့လို နည်းပညာခေတ်ကြီးမှာ ခေတ်မီစက်ကိရိယာတွေဖြင့် ဂြိုဟ်သားတွေ ရှာသူက ရှာကြသည်။ လူငယ်အချို့ကလည်း မကြောက်မလန့် ညနက်ကြီးမှာ အိမ်အို အိမ်ဟောင်းတွေ၊ သုသာန်တ စပြင်တွေကိုသွားပြီး နာနာဘာဝတွေကို ရှာဖွေပြီး လူမှုကွန်ရက် ပလက်ဖောင်းအမျိုးမျိုးကနေ တင်ပြနေကြသည်။ အရင်ကတော့ သရဲရှာတယ်ဆိုတာ ထူးထူးဆန်း ဆန်းတွေ ဖြစ်တော့ ထူးမြတ်တို့လည်း ညကြီးသန်းခေါင်ထိ သရဲရှာဖွေရေး အစီအစဉ်တွေကို တိုက်ရိုက်ကြည့် ဖြစ်သည်။ နောက်တော့လည်း တစ်နေ့တခြား နည်းပညာတိုးတက်လာမှုကြောင့် ထူးဆန်းထွေလာ တွေ့ရှိမှုတွေက မရိုးနိုင်အောင် ဖြစ်လာသည်။ ဒီလိုထူးဆန်း ထွေလာတွေဆိုရင် တစ်ယောက်နဲ့တစ်ယောက် မျှဝေကြရင်း ကမ္ဘာကြီးပေါ်တွင် နေ့စဉ်နဲ့အမျှ အံ့သြဖွယ်ရာတွေက ရပ်တန့်မသွားတာ ဖြစ်သည်။
ခုရက်ပိုင်း ထူးမြတ်ကြည့်လိုက်ရသည့်သတင်းက မြန်မာကိုသာမက ကမ္ဘာကိုပါ ကိုင်လှုပ်သွားစေသော သတင်းဖြစ်သည်။ ပြည်ပသတင်းဌာနကြီးတစ်ခုက "မြန်မာ့ပထမဆုံး LGBT ဝန်ကြီး"ဆိုသည့် သတင်းက ကမ္ဘာ့အံ့ဖွယ် သတင်းတစ်ရပ်အဖြစ် ဖော်ပြလာသည်။ ထူးမြတ်တို့ ငယ်ငယ်တုန်းကတော့ အပေါင်းအသင်း သူငယ်ချင်းတွေကြားထဲမှာ နည်းနည်းနွဲ့တဲ့တဲ့ ဘော်ဒါတွေဆိုရင် အပေါင်းအသင်း သိပ်မလုပ်ကြပေ။ အဲ့ဒီခေတ်ကလည်း အခုခေတ်လို အမြင်မကျယ်တာကြောင့် ဖြစ်သည်။ အဲဒီလို သူငယ်ချင်းမျိုးဆိုရင် အတန်းထဲမှာ အခြောက်လေးဆိုပြီး ကျန်တဲ့သူငယ်ချင်းများက မပေါင်းဘဲ မိန်းကလေးအများစုကသာ ပေါင်းသင်းတတ်ကြသည်။ ခုခေတ်ကြတော့ အမြင်တွေ ပြောင်းလဲတိုး တက်ကုန်ပြီဖြစ်သည်။ လိင်တူချစ်သူတွေ၊ လိင်တူစိတ်ဝင်စားသူတွေဆိုပြီး နေရာပေး လာကြသည်။ ကမ္ဘာတစ်ဝန်းလုံးကလည်း LGBT ဆိုပြီး နေရာပေးလာကြတော့ သူတို့ရပ်ဝန်း၊ သူတို့အသိုက်အ ဝန်းကလည်း လူမှုပတ်ဝန်းကျင်တွင် အရင်လို ရှက်ရွံ့သိမ်ငယ် စရာမလိုတော့ဘဲ ခပ်တည်တည်နေလို့ ရလာပြီဖြစ်သည်။ ဒါကြောင့်လည်း ကမ္ဘာကျော်အနု ပညာရှင်တွေ၊ အားကစားနယ်ပယ်ကလူတွေ မကြာခဏ ဆိုသလို LGBT ဆိုပြီး ဝန်ခံလာတဲ့သတင်းတွေ ကြား ရသည်။
ခုလည်း "မြန်မာ့ပထမဆုံး LGBT ဝန်ကြီး" ဆိုသည့်သတင်းက ကမ္ဘာ့သတင်းစာမျက်နှာမှာ ဖော်ပြလာတော့ စိတ်ဝင်စားမိလေသည်။ သတင်းရုပ်သံဖွင့် ကြည့်မိတော့မှ ထူးမြတ်တို့ တော်လှန်ရေး ခေါင်းဆောင် ကြီးတွေ ဖေ့စ်ဘုတ်ပေါ်မှာ ဖွဲ့ထားသည့် ဖေ့စ်ဘုတ် အစိုးရ၏ ဝန်ကြီးတစ်ယောက် ဖြစ်နေလေတော့သည်။သတင်းဌာနကြီးကလည်း ယခု ဇွန်လဟာ LGBT တွေရဲ့လဖြစ်တာကြောင့် ခုလို မြန်မာ့ပထမဆုံး LGBT ဝန်ကြီးအဖြစ် ဝန်ခံထားသူကို အင်တာဗျူးရတာဖြစ် ကြောင်း အစပျိုးထားသည်။ တော်လှန်ရေးခေါင်းဆောင် ကြီးတွေများ ပွင့်ပွင့်လင်းလင်းရှိပုံများ ကမ္ဘာကို မိမိကိုယ်ကိုယ်မိမိ "ပွင့်နေကြောင်း ဝန်ခံသည်အထိပင် ဖြစ်လေသည်။ ထူးမြတ်တို့ကတော့ ဂုဏ်ယူမိလေသည်။ ကမ္ဘာ တွင် ဘယ်ဝန်ကြီးမှခြောက်ကြောင်း မဝန်ခံထားသော်လည်း မြန်မာနိုင်ငံက ထွက်ပြေးသွားသည့် ဖေ့စ်ဘုတ် အစိုးရဝန်ကြီးတစ်ယောက်က ဝန်ခံထားသည်ဆိုတော့ မင်းဝန်ကြီးထက် ငါ့ဝန်ကြီးက ပိုခြောက်တယ်၊ ငါ့ဝန်ကြီး ပိုခြောက်တယ်ဆိုပြီး ပြောရမလိုဖြစ်နေသည်။ မည်သို့ပင် ဆိုစေကာမူ LGBT အင်အားစုကြီး တစ်ရပ်ကိုတော့ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ စုစည်းထားနိုင်သည်"ဟု ဆိုရမည်ဖြစ်သည်။
ဒီတစ်ပတ်တော့ အမေရိကားက ခေါင်းဆောင်ကြီးတွေ အကွက်လှတာတွေပဲ ပြောရမည်ထင် သည်။ နွေဦးကာလအပြီး ကိုဗစ်ရောဂါပိုးတွေ ကမ္ဘာ့နိုင်ငံအသီးသီးကို နှိပ်စက်လေတော့ ထူးမြတ်တို့နိုင်ငံလည်း အလူးအလဲ ခံလိုက်ရသည်။ ဒီတော့ အစိုးရက ကာကွယ်ဆေးတွေရှာဝယ် ပြည်သူတွေကို ကာကွယ်ဆေး အပြည့်ထိုးနိုင်အောင် အတော်လေး ကြိုးပမ်းလိုက်ရသည်။ ထိုကာလက မှတ်မိသေးသည်။ တချို့ကလည်း ဘယ်သူပြန်လာမှ၊ ဘယ်ဝါပြန်လာမှ ဆေးထိုးမည်ဟု ကြွေးကြော်ကြသည်။ ဒီလိုဆိုတော့ ထူးမြတ်တို့လည်း ဆေးထိုးရမလို၊ မထိုးဘဲနေရမလို ဖြစ်ခဲ့ရသေးသည်။ နောက်တော့လည်း ခရီးသွားရင် ကိုဗစ်ဆေးထိုးနှံ့ပြီးကြောင်း စာရွက်စာတမ်းလေးတွေ လိုလာတာ ကြောင့် သူပြန်လာတာ မပြန်လာတာ နောက်ထား ကာကွယ်ဆေးလေးတော့ ထိုးဦးမှဟုဆိုကာ မျက်နှာပြောင်တိုက်ကာ ကာကွယ်ဆေး ထိုးလိုက်ရပြန်သည်။ နောက်တော့လည်း ဘယ်သူပြန်လာမှ ဆေးထိုးမယ်ဆိုသူတွေလည်း ပြန်မလာခင် ကိုဗစ်ရောဂါနဲ့ ကိုယ်သွားနေရမှာ စိုးတာကြောင့် ကာကွယ်ဆေး အပြေးအလွှား ထိုးလာလိုက်ကြတာ ထပ်ဆောင်းကာကွယ်ဆေးဆိုရင် အလုအယက်ထိုးကြ သည့်အထိ တွေ့နေရသည်။
ခုတော့ အမေရိကားက တော်လှန်ရေးခေါင်းဆောင် ဆရာကြီးဆိုသူက ခပ်တည်တည်ပင် သုံးနှစ်တာ ကျန်းမာရေး ဆောင်ရွက်ချက်ကြီးကို ချပြလာသည်။ ဆရာကြီးတို့ရဲ့ သုံးနှစ်တာကာလအတွင်း ပြည်သူကို ကျန်းမာရေးဆောင်ရွက်ပေးပုံကို တခမ်းတနားဖော်ပြကာ ဖေစ့်ဘုတ်ပေါ်မှ အစီရင်ခံလေတော့သည်။ ခေါင်းဆောင်ကြီးတွေများ ပြည်သူ့အပေါ် စေတနာထားပုံများ မြန်မာ ပြည်ကျန်းမာရေးအတွက် မိုင်ထောင်ချီဝေးတဲ့ အမေရိကားကနေလှမ်းပြီး ကျန်းမာရေးစောင့်ရှောက်နေပုံရသည်။ ခေါင်းဆောင်ကြီးကတော့ လူတစ်သန်းကျော်ကို ကျန်းမာရေးစောင့်ရှောက်ပေးထားသည်ဟု အစီရင် ခံထားလေသည်။ ခေါင်းဆောင်ကြီးတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုက အင်မတန် ခေတ်ရှေ့ပြေးလှသည်။ အမေရိကားကနေ မြန်မာပြည်က လူနာတွေကို အွန်လိုင်းစနစ်ဖြင့် လှမ်းကြည့်ကာ အွန်လိုင်းစနစ်ဖြင့် ခွဲစိတ်ကုသတာတွေ လုပ်ပေးတာဖြစ်နိုင်သည်။ ဒါတင်ပဲလား ဆိုတော့ အွန်လိုင်းစနစ်နဲ့ လိုအပ်တဲ့ ဆေးဝါးတွေပေး၊ အွန်လိုင်းနဲ့ ကာကွယ်ဆေးထိုးပေးတာ ဖြစ်နိုင်သည်။ ဘာကြောင့်လည်းဆိုတော့ ဆရာကြီးအစီရင်ခံစာမှာက ကာကွယ်ဆေးထိုးတာရော၊ ခြေတုလက်တုတပ်ပေးတာရော၊ မိခင်နဲ့ကလေး စောင့်ရှောက်မှုပေးတာတွေရော ထည့်ရေးထားတာကြောင့် ဖြစ်သည်။ ဒီလိုဆို တော့ အမေရိကားကနေ မြန်မာပြည်ကို အွန်လိုင်းကနေလူနာ ကြည့်ပေးတဲ့စနစ်က တော်တော်အဆင့် မြင့်မှာ သေချာသည်။ ဖျားတဲ့လူနာက အွန်လိုင်းကနေလှမ်းပြီး ဆေးခန်းပြ၊ ဆေးရုံတက် လုပ်လို့ရပြီး လိုအပ်ရင် ဖုန်းလေးပေါ်ကနေ ဖင်လှန်ပြရုံဖြင့် အမေရိကားကနေ ဆေးလှမ်းထိုး ပေးတာဖြစ်နိုင်သည်။
ဒါတင်ပဲလားဆိုတော့ ဆေးရုံ၊ ဆေးခန်းတွေတောင် အွန်လိုင်းပေါ်ကနေ ဖွင့်နိုင်သည်အထိ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြင့်နေပြီဖြစ်သည်။ အစိုးရ ဆေးရုံတွေလို ရက်ချိန်းတွေ၊ ဘာတွေယူပြီး သွားရောက် ကုသစရာမလိုတဲ့အထိ ဆရာကြီးရဲ့ အစီအမံတွေက အဆင့်မြင့်လှသည်။ ဖုန်းလေး တစ်လုံးရှိရုံနဲ့ ဆေးရုံတက်လို့ရသလို မီးဖွားတာလည်း လုပ်လို့ရသည်။ ဘယ်သူပြန်လာတာမှ စောင့်စရာမလိုဘဲ အွန်လိုင်းပေါ်က ကာကွယ်ဆေးတွေလည်း ထိုးလို့ရသည်။ ထိုသို့သော တော်လှန်ရေး ခေါင်းဆောင်ကြီးတွေ ဦးဆောင်နေသည့် တော်လှန်ရေးကြီးကတော့ အောင်မှာသေချာသလောက်ပင် ဖြစ်သည်။ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ ကမ္ဘာ့ပထမဆုံး LGBT ဝန်ကြီးရှိသလို၊ ဖေ့စ်ဘုတ်ကနေ လှမ်းပြီးဆေးကုပေးတဲ့ ဆရာကြီးလည်း ပေါ်ထွန်းနေတာကြောင့် တော်လှန်ရေးကြီး ဆတက်ထမ်းပိုး အောင်မြင်မှာဖြစ်သည်။
ဆရာကြီးတို့လည်း အားတော့နာမိသည်။ ခုတလော တုပ်ကွေးရာသီဆိုတော့ ပြည်သူတွေ တုပ်ကွေးကာကွယ်ဆေးလေး ထိုးချင်နေမှာသေချာသည်။ အွန်လိုင်းပေါ်ကနေ ပြည်သူတွေစုပြီး ဖင်လေးလှန်ပြရုံနဲ့ အမေရိကားက ကာကွယ်ဆေးလေးများရရင် ထိုးပေးစေချင်မိသည်။ ။ ( ထူးမြတ် )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၂ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )