၂၀၂၅ မတ် ၂၂
Trump 2.0 အစမှာ ဆရာကြီးက အီလွန်မက်ခ်နဲ့ပေါင်းပြီး ပွဲကြမ်းလိုက်တာ သူ့အစိုးရ ရက်တစ်ရာ မပြည့်ခင် ကမ္ဘာတစ်ဝန်းမှာ အတော်လှုပ်ခတ်သွားပါတယ်။ ငွေကုန်ကြေးကျများတာကို တားဆီးဖို့ USAID ကိုစပြီး ရပ်လိုက်ရုံမက ယူကရိန်းစစ်ကိုလည်း ရပ်ပစ်မယ်၊ ပနားမားတူးမြောင်း ပြန်ယူမယ်၊ ဂရင်းလန်းကို အမေရိကန်ပြည်ထောင်စုဝင် ပြည်နယ်တစ်ခုအဖြစ် သွတ်သွင်းမယ်အထိ စကားတွေကို 'ကား'ပြီး ပြောချလိုက်တော့ နိုင်ငံတကာအမြင်မှာ ထရမ့်ဘာတွေဖြစ်ကုန်ပြီလဲလို့ အုတ်အော်သောင်းတင်း ဖြစ်ကုန်ပါတော့တယ်။ ရုပ်အပျက်ဆုံးကတော့ ဇီလန်စကီးကို အစဉ်အလာမဟုတ်တဲ့ မလုပ်စဖူး Press ရှေ့မှာ နိုင်ငံတစ်နိုင်ငံရဲ့ လုံခြုံရေးကိစ္စကို ဆွေးနွေးတာအထိ လုပ်လာတာဟာ စဉ်းစားစရာ ဖြစ်လာပါတယ်။
လက်ရင်း တပြည့်တစ်ယောက်ကို သဘောထားချင်း မတိုက်ဆိုင်လို့ လက်ညှိးငေါက်ငေါက်ထိုး ဆူပူကြိမ်းမောင်းသလို ထရမ့်နဲ့ Vance နှစ်ယောက် ဧည့်သမ္မတတစ်ယောက်ကို ဝိုင်းပြောတာဟာ အနောက်တိုင်း ယဉ်ကျေးမှုနဲ့ မဆီလျော်သလို၊ သံတမန်ကျင့်စဉ်နဲ့ ချိန်ထိုးကြည့်ရင် Cowboy Diplomacy လို့ပြောရင် လွန်မယ်မထင်ပါဘူး။ Youtube မှာ တက်လာတဲ့သတင်း ဝေဖန်ချက်တွေမှာ ထရမ့်ဟာ သူ့တစ်ဦးတစ်ယောက် သဘောထားအတိုင်း ယူကရိန်းကို ပွဲပျက်တာနဲ့ 'ကြဉ်'လိုက်မယ်ဆိုပြီး ပြော လိုက်တာကြောင့် ဥရောပသားတွေကြားမှာ ခံမရပ်နိုင်ဖြစ်ပြီး ပေါက်ကွဲကုန်ကြပါတယ်။ ချက်ချင်း Keir Starmer က ဗြိတိသျှက ကမကထလုပ်ပြီး US မပါလည်းရတယ်၊ ဥရောပကို သူဦးဆောင်ပြီး ယူကရိန်းကို ကျားကန်ပေးမယ်၊ ဂျာမနီက Olaf Scholz လည်း ဆယ်စုနှစ်နဲ့ချီပြီး US ရဲ့ လုံခြုံရေး ထီးရိပ်အောက်မှာ နေလာရာကနေ ခွဲထွက်ဖို့ အသင့်ရှိကြောင်း ထုတ်ပြောလာတဲ့အထိ ပွဲဆူကုန်ပါတော့တယ်။
ဒါကြောင့် ဒီကနေ့ ကမ္ဘာ့ပထဝီနိုင်ငံရေး အနေအထားဟာ ပိုရှုပ်ထွေးလာတယ် ဆိုတာထက် ပိုပြီး မတည်မငြိမ် ဖြစ်လာပါတယ်။ ဘာကြောင့်လဲဆိုတော့-
၁။ အမေရိကန်နိုင်ငံခြားရေးမူဝါဒ မရေရာမှု။
(US Foreign Policy Uncertainity)
ထရမ့်ရဲ့အရာရာမှာ(America First) 'အမေရိ ကန်ပထမ' အရာထား ချဉ်းကပ်တဲ့မူဝါဒကြောင့်၊ (Alliance) မိတ်ဖက်အဖြစ် ပေါင်းစည်းရေး၊ (Trade)ကုန်သွယ်ရေး၊ (Security Commitments) လုံခြုံရေးပူးပေါင်း ဆောင်ရွက်ဖို့ကိစ္စတွေမှာ 'ရွှေတစ်နေ့ ငွေတစ်နေ့' ဖြစ်နေလို့ အတော်ခန့်မှန်းရ ခက်သွားပြီ ဖြစ်ပါတယ်။
Trump 1.0 မှာတုန်းက NATO ရန်ပုံငွေထည့် ဝင်မူအပေါ်မှာ သူက ၆၅ ရာခိုင်နှုန်းလောက် ထည့်နေရတယ်၊ မမျှတဘူးလို့ မှတ်ချက်ပြုခဲ့တာဟာ နေတိုးရဲ့စည်းလုံးမှုကို ထိခိုက်စေပါတယ်။
တရုတ်၊ ရုရှား၊ အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးဟာလည်း ဈေးတွက်တွက်ပြီး ဆက်ဆံ (Transactional Approach) ရာရောက်တဲ့အတွက် မချောမွေ့တော့ပါဘူး။
၂။ ဗဟုဝင်ရိုးပြိုင်ဆိုင်မှု မြင့်မားလာခြင်း။
(Rising Multipolar Competition)
US အနေနဲ့ ကမ္ဘာ့နံပါတ်တစ် နေရာကနေ တဖြည်းဖြည်း လျော့ကျလာတာကို ရိပ်စားမိတဲ့ တရုတ်၊ ရုရှား၊ အိန္ဒိယနဲ့ တခြားဒေသန္တရ နိုင်ငံကြီးတွေကြား ပြိုင်ဆိုင်မှုတွေ အရှိန်အဟုန် မြင့်လာပါ တော့တယ်။
BRICS အဖွဲ့အစည်းကြီး ပိုမိုတောင့်တင်းလာရင်လည်း တခြားအဖွဲ့အစည်းတစ်ရပ်အနေနဲ့ အနောက်အုပ်စုအပေါ် အမှီအခို လျော့ပါးသွားနိုင်ခြေ ရှိနိုင်ပါတယ်။
US အနေနဲ့ သမားရိုးကျ မိတ်ဖက်တွေနဲ့ ပူးတွဲ ဆောင်ရွက်နေတဲ့ လုံခြုံရေးကိစ္စတွေအနက် အီရန်၊ အစ္စရေးနှင့် ပင်လယ်ကွေ့နိုင်ငံများနဲ့ ပတ်သက်တဲ့ အ ရေးတွေမှာ ထရမ့်ရဲ့ နောက်ဆုံး သဘောထားကြောင့် မိတ်ဖက်တွေကြားမှာ အပြောင်းအလဲတွေ ဖြစ်သွားစေ နိုင်ပါတယ်။
၃။ ပြည်တွင်းပြည်ပ အကျိုးသက်ရောက်မှုများ။
(Domestic and lnternational lmpact)
တစ်ဖက်ကကြည့်ရင်လည်း ထရမ့်ရဲ့ 'အမေရိကန် ပထမမူဝါဒ'ဟာ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ ဂယက်ရိုက်မှာ သေချာပါတယ်။ ပြည်တွင်းမှာ အခွန်စည်းကြပ်တာတွေ၊ ဥပဒေတွေနဲ့ တားတာတွေ စတဲ့ စီးပွားရေးအရ အကာအကွယ်ပေးမှုတွေ (Economic Protectionism) ဟာ အမေရိကန် လုပ်ငန်းရှင်တွေအတွက် အဆင်ပြေစေပေမယ့် ပြည်ပထောက်ပံ့ရေးလမ်းကြောင်းကို အမှီပြုရသူတွေအဖို့ ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။
အမေရိကန်နိုင်ငံရေးလောကမှာလည်း အမျိုးသားအုပ်စုနဲ့ ပြင်ပအုပ်စုရယ်လို့ (Political Polarisation) နိုင်ငံရေးအရ အုပ်စုနှစ်စုကွဲသွားပြီး တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပိုအလှမ်းကွာသွားစေနိုင်ပါတယ်။
လုပ်ငန်းသဘောအရ အံဝင်ခွင်ကျဖြစ်တဲ့ မူဝါဒတွေက လုပ်ငန်းတွေကို ဖွံ့ဖြိုးစေသလို ဓနခွဲဝေမှုကိုလည်း ပိုပြီးမမျှမတ ဖြစ်စေပါတယ်။
ပြင်းထန်တဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေက မိမိဘက်တော်သားတွေအတွက် အဆင်ပြေသော်လည်း ပြည်သူက ဥပဒေကြောင်းအရ ပြန်လည်တွန်းလှန်မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
နေတိုးအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဂျပန်နဲ့တောင် ကိုရီးယားတို့က မအောင်မြင်တဲ့ ယူကရိန်း၊ အမေရိကန် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲအပြီး အမေရိကန်ရဲ့ လုံခြုံရေးအရ ကတိကဝတ်ပြုထားမှုအပေါ် သံသယဖြစ် စေခဲ့ပါတယ်။
ထရမ့်က သူ့မူဝါဒအရ ကမ္ဘာ့အဖွဲ့အစည်းအချို့က နုတ်ထွက်သွားတဲ့အတွက် တရုတ်နဲ့ ရုရှားတို့ အက်နေရာရဖို့ အခြေအနေ ဖန်တီးပေးသလိုလည်း ဖြစ်စေပါတယ်။
ထရမ့်က ကုန်သွယ်မှုစစ်ပွဲကို စလိုက်တာဟာ ကျန်တဲ့သူတွေကလည်း ပြန်လည် တုံ့ပြန်လာစေတဲ့အတွက် နှစ်ဖက်လုံး အကျိုးယုတ်စေရုံသာမက ကမ္ဘာကြီးရဲ့ ဖွံ့ဖြိုးမှုကိုပါ ထိခိုက်စေပါတယ်။
၄။ Trump 2.0 အပေါ် ခြုံငုံသုံးသပ်ချက်။
ထရမ့်အစိုးရရဲ့ နှစ်လကျော်သက်တမ်းအတွင်းမှာ ခြုံငုံကြည့်လိုက်ရင် ကဏ္ဍအသီးသီးမှာ သူ့ရဲ့ ဆောင်ရွက်ချက်တွေရဲ့အပေါ် တုံ့ပြန်မှုတွေဟာ ရောပြွမ်းနေပါတယ်။
(Economic Policy and lmpact) စီးပွားရေးမူ ဝါဒအပေါ် အကျိုးသက်ရောက်မှုအနေနဲ့ အခွန်စည်းကြပ်မှု ပြင်ဆင်ချက်အသစ်နဲ့ တစ်နိုင်ငံလုံး ပြည်ထောင်စု အမှုထမ်းဦးရေကို လျှော့ချလိုက်တဲ့ လုပ်ရပ်ဟာ ပြည်သူတွေအားလုံးကြားမှာ ဂယက်ရိုက်ကုန်ပါတယ်။ အခွန်တိုးလိုက်လို့ ကိုယ်ပဲပြန်ခံရမှာ ကတစ်မျိုး၊ ဒီကြားအလုပ် လက်မဲ့ဖြစ်မှာက တစ်မျိုးနဲ့ တစ်ပူပေါ် တစ်ပူဆင့်မည့် ဇာတ်လမ်း ဖြစ်ပါတယ်။
စတော့ဈေးတွေကျ၊ ကုန်ထုတ်လုပ်မှုစရိတ်တွေတက်၊ ကုန်သွယ်ဖက်တွေကြား တင်းမာမှု (Trade Tensions)တွေဖြစ်၊ Federal Reserves အတွက်လည်း သဗ္ဗနံပေါင်းစုံကြား (Corporate Sentiment) ကော်ပိုရေးရှင်းကြီးတွေ စိတ်ပျက်စရာ ဖြစ်လာနိုင်တာကြောင့် Near Term Recession Risks တွေ ဖြစ်လာနိုင်ပါတယ်။
ဒီကြားမှာ တစ်ချိန်က အဓိကကုန်သွယ်ဖက် တွေဖြစ်ခဲ့တဲ့ ကနေဒါ၊ မက္ကဆီကို၊ တရုတ်တို့နဲ့ စီးပွားရေး စီမံချက်တွေ ဇောက်ထိုးမိုးမျှော် ဖြစ်လာနိုင်ပြီး တိုးတက်မှုကို အနည်းနဲ့အများ ထိခိုက်နိုင်ခြေ ရှိလာနိုင်ပါတယ်။
Pew Research Centre ရဲ့ ၂၀၂၅ ဖေဖော်ဝါရီ စစ်တမ်းအရ သမ္မတအသစ်စက်စက်ကြီးကို (Public Opinion) အမေရိကန် အရွယ်ရောက်သူ ၄၇ ရာခိုင်နှုန်း က ထောက်ခံပြီး ၅၁ ရာခိုင်နှုန်းက မထောက်ခံကြောင်း သိရပါတယ်။ ဒီသဘောထားကောက်ယူချက် ထူးခြားတာက ၃၇ ရာခိုင်နှုန်းက စိတ်ပါလက်ပါ ထောက်ခံသလို၊ ရာခိုင်နှုန်း ၄၀ က ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ ဖော်ပြထားပါတယ်။ သမ္မတ ကြီးရဲ့တက်ကြွမှု (Execu-tive Actions) နဲ့ပတ်သက်လို့ ဆန်းစစ်ကြည့်လိုက်တော့ 3rd Mar အထိ Executive Orders ၈၂ စောင်။ Proclaimation ၁၃ စောင်။ Memoranda ၂၁ စောင်ထုတ် ပြန်ခဲ့ပါတယ်။
သမ္မတကြီးက 'ခရာရတိုင်း နင်းကန်မှုတ်'တော့ သမ္မတအမိန့်တွေကို ဥပဒေကြောင်းအရ (Legal Challenges) လိုက်စိစစ်လိုက်ချိန်မှာ ဖက်ဒရယ်ဥပဒေ ပြဋ္ဌာန်းချက်၊ အခြေခံဥပဒေပြဋ္ဌာန်းချက်တွေနဲ့ ငြိစွန်းလို့ ထင်တိုင်းမပေါက်တာလည်း ရှိခဲ့ပါတယ်။ (USAIDရပ် လိုက်ချိန်မှာ ကန်ထရိုက်တာတွေကို ပေးရမည့် ငွေတွေ (Supreme Court) က ကန့်ကွက်လို့ ပြန်ထုတ်ပေးရမှာ ဖြစ်ပါတယ်။
ဒန်နဲ့သံ သတ္တုတွေအပေါ် US ကုန်သွယ်ခွန်တွေ ပြင်ဆင်တာနဲ့ပတ်သက်ပြီး သြစတြေးလျနဲ့ တင်းမာမှုတွေဖြစ်ခဲ့တဲ့အတွက်၊ ရေရှည်မှာ US အဖို့ မိတ်ဖက်နိုင်ငံတွေနဲ့ နှစ်နိုင်ငံလုံခြုံမှု ပူးပေါင်းဆောင်ရွက်မှုသာမက ကုန်သွယ်မှုကိစ္စများ (lnternational Relations) ပါ ထိခိုက်လာနိုင်ဖွယ် ရှိပါတယ်။
ထရမ့်အနေနဲ့ (Federal Governance)ပြည်ထောင်စုအုပ်ချုပ်ရေးယန္တရား အပါအဝင် ဗုံးပေါလအောဖြစ်နေတဲ့ ဘတ်ဂျက်ကိုပါ ပြုပြင်ဖြတ်တောက်ဖို့ လုပ်ရာမှာ အဘက်ဘက်က သဘောထားမျိုးစုံနဲ့ ထိပ်တိုက်ရင်ဆိုင်ရပါတယ်။ သူ့ကို တညီတညွတ်တည်း ရွေးချယ်ခဲ့သူတွေကြားမှာတောင် သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။
တချို့က စီးပွားရေးအကျပ်အတည်းက သက်သာမှုရအောင် ကုန်ဈေးနှုန်းတွေ သက်သာလာအောင်၊ ဈေးကွက်တည်ငြိမ်လာအောင်လုပ်တာ မြင်ကြပေမယ့် တချို့က ရွေးကောက်ပွဲ ကတိက ဝတ်တစ်ခုဖြစ်တဲ့ ငွေကြေးဖောင်းပွမှုကို မကိုင်နိုင်သေးတဲ့အတွက် နှာခေါင်းရှုံ့စရာ ဖြစ်နေပါတယ်။
ဘာပဲဖြစ်နေပါစေ Trump 2.0 ကတော့ ဇာတ်လမ်းအစမှာကိုက ဇာတ်ဆောင်သုံးဦး၊ ထရမ့်၊ မက်ခ်၊ Leavitt တို့နဲ့ ပွဲထွက်လာလိုက်တာ သုံးယောက်လုံးကတော့ 'ဇော်'ချည်းပါပဲ။ ခုထိကတော့ လုပ်ပုံကိုင်ပုံတွေကို ကြိုက်သူလည်း ရှိ၊ မကြိုက်သူလည်းရှိ၊ (Mixed Reactions) တွေနဲ့ ဘာဆက်ဖြစ်ဦးမလဲဆို တာ Trump 2.0 ရဲ့ ဟန်းနီးမွန်း အကြိုကာလကို စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
(ဗညားအောင်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )