ရန်ကုန်၊ ဇန်နဝါရီ ၁၅
ကချင်ပြည်နယ် ပူတာအိုမြို့နယ်နှင့် မချမ်းဘောမြို့နယ် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့များအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ် ပူတာအိုမြို့၌ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဇန်နဝါရီ ၁၂ ရက်က တာဝန်ရှိသူများနှင့်အတူ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ကျင်းပသည့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပူတာအိုနှင့် မချမ်းဘောမြို့နယ်များရှိ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့များကို နိုင်ငံတော်အစိုးရက ချီးမြှင့်ငွေများ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် အဆိုပါ တွေ့ဆုံပွဲတွင် ဘာသာရေးအဖွဲ့ ၁၃ ဖွဲ့အတွက် ဂုဏ်ပြုချီး မြှင့်ငွေများ၊ ဝန်ထမ်းများအတွက် အခြေခံ စားသောက်ကုန်များ၊ စာပေနှင့်ယဉ်ကျေးမှု အဖွဲ့များအတွက် DTH စလောင်းအစုံ ၃၀၊ တောင်သူများအတွက် အစေ့ထုတ်ပြောင်းနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့အိတ်များ၊ အိမ်သုံးဆိုလာအစုံ ၅၀၊ နိုင်ငံတော်က အခမဲ့ပေးအပ်သည့် ကျောင်းသုံးဗလာစာအုပ်များကို ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ချီးမြှင့်ပေးအပ်ကြခဲ့ပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ဒေသထွက်အသင့် စားထုတ်ကုန်ပစ္စည်းများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ နဒီ