ကမ်းခြေဒေသများသို့ ခရီးသွားများ ပြန်လည်များပြား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
    ကောလာဟလသတင်းများကြောင့် ခရီးသွားများ လာရောက်မှုမရှိသလောက် နည်းပါးခဲ့သော ဧရာဝတီတိုင်းဒေသကြီး ချောင်းသာနှင့် ငွေဆောင် အစရှိသော ကမ်းခြေဒေသသို့ ခရီးသွားများ ပြန်လည် ဝင်ရောက်လာပြီး ၂၀၂၅ ပညာသင်နှစ် အတန်းတင်စာမေးပွဲ ပြီးဆုံချိန်တွင် လာရောက် လည်ပတ်ရန် ဧည့်သည်များ တည်းခိုရေးနှင့် စားသောက်ရေးအတွက် စုံစမ်းမှုများရှိလာကြောင်း ဒေသခံခရီးသွားလုပ်ငန်းများမှ သိရသည်။
    ပြည်ပသတင်းဌာနအချို့နှင့် အကြမ်းဖက် အားပေးထောက်ခံသူများက ဧရာဝတီတိုင်းအတွင်း စစ်ပွဲများဖြစ်ပွားလာနိုင်ကြောင်း သတင်းများ ထုတ်လွှင့်ခဲ့သလို ကမ်းခြေဒေသများသို့ ခရီးမသွားကြရန်ကောလာဟလသတင်းများ ထုတ်လွှင့်ခဲ့ကြသည်။ ယင်းသို့ မဟုတ်မမှန်သတင်းများ ထုတ်လွှင့်မှုကြောင့် ဇန်နဝါရီလအတွင်း ခရီးသွားမရှိသလောက် နည်းပါးခဲ့ပြီး ယခုအခါ ခရီးသွားများ ပြန်လည် ဝင်ရောက်လာပြီး ဒေသခံခရီးသွားလုပ်ငန်း အခြေပြုလုပ်ကိုင် သူများလည်း လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်လာပြီဖြစ်ကြောင်း သိရသည်။
    "ဒေသခံတွေ ပြေးကုန်ပြီတို့၊ ဟိုတယ်တွေ ပိတ်ကုန်ပြီတို့ဆိုတဲ့ သတင်းမှားတွေကြောင့် ခရီးသွားတွေက မလာကြတော့ဘူး။ တချို့လှမ်းမေးကြတော့ ကျွန်တော်က ကျွန်တော်တို့ ဘယ်မှလည်း မပြေးသလို၊ ဟိုတယ်တွေလည်း မပိတ်ဘူးလို့ ပြန်ပြောရတယ်။ ကမ်းခြေဈေးသည်တွေလည်း ရုတ်တရက် ခရီးသည်မလာတော့ အရောင်းအဝယ် ရပ်ကုန်တာပေါ့။ ဟိုတယ်တွေက တတ်နိုင်တာလေး တွေထောက်ပံ့ကြပါတယ်။ အခုတော့ ချစ်သူများနေ့ နီးလို့လားမသိဘူး ခရီးသည်တွေ ကမ်းခြေမှာ ပြန်မြင်ရတယ်။ ဒီတော့မှ ဈေးသည်တွေလည်း ထွက်လာကြတာပေါ့။ ကမ်းခြေမှီပြီး စီးပွားရှာနေတဲ့ ဒေသခံတွေကို သတင်းမှားတွေနဲ့ ဒုက္ခမပေးကြဖို့ ပြောချင်ပါတယ်။ ခုကျောင်းပိတ်ရက် တွေတော့ ခရီးသည်တွေ လာကြပါလိမ့်မယ်။ ဟိုတယ်တွေရော၊ ခရီးသွားလုပ်ငန်းတွေရော ပြန်စနေကြပြီလေ။ ဧရာဝတီတိုင်းကို မငြိမ်မသက်ဖြစ်အောင် မလုပ်ကြဖို့မေတ္တာရပ်ခံလိုပါတယ်"ဟု ငွေဆောင်ဒေသ တွင်းခရီးသွား လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
    ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများရှိ လာနိုင်ကြောင်း ကောလာဟလသတင်းများကို လူမှုကွန်ရက်များတွင် ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေခဲ့ခြင်းကြောင့် အချို့ခရီးသွားများက ကြိုတင်ခရီးစဉ် လက်မှတ်များကို ပြန်လည်ရောင်းချရန် ပြင်ဆင်ခြင်း၊ ခရီးစဉ်လုံခြုံရေးအတွက် မေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြသည်။ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန၏ သတင်းများအရ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်အထိ ငါးရက်တာအတွင်း ပုသိမ်မြို့သို့ခရီးသွားဦးရေ ၃၅၀၀ ကျော်၊ ငွေဆောင်ကမ်းခြေသို့ ခရီးသွားဦးရေ ၁၈၀၀၀ ကျော်၊ ချောင်းသာကမ်းခြေသို့ ခရီးသွားဦးရေ ၁၆၀၀၀ ကျော်နှင့် ရွှေသောင်ယံသို့ ခရီးသွားဦးရေ ၆၈၀ ကျော် စုစုပေါင်း ၄၀၀၀၀ နီးပါး ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ထို့ အပြင် ၂၀၂၄ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ ခရီးစဉ်များကို ခရီးသွား ၁၈ သိန်းကျော် ဝင်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ခရီးသွားပိုမို ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 128

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43027

© 2022 - 2025 News. All Rights Reserved.