ကော့ကရိတ်မြို့ခံများ ခဲမှန်ဖူးသည့်  စာသူငယ်ပမာ စိုးရိမ်နေကြပြီး ကျီးလန့်စာစားနေရဟု ဒေသခံများပြော

ရန်ကုန်၊ မတ် ၁၉
    တိုက်ပွဲဒဏ် ပြင်းထန်စွာ ကြုံတွေ့ ခံစားခဲ့ရသည့် ကော့ကရိတ်မြို့ခံများမှာ  ခဲမှန်ဖူးသည့် စာသူ ငယ်ပမာ စိုးရိမ်နေကြရပြီး ကျီးလန့်စာ စားနေရကြောင်း ကရင်ပြည်နယ် ဒေသခံများက ပြောသည်။ 
    ကော့ကရိတ်မြို့ပေါ် တိုက်ပွဲများကြောင့် ယာယီနေရပ်စွန့်ခွာခဲ့ကြသူများမှာ အဆိုပါစိုးရိမ်မှုများ ရှိနေကြ၍ လက်ရှိအချိန်အထိ တိမ်းရှောင်နေကြရဆဲဖြစ်ပြီး နေရပ် ပြန်လည် အခြေချ နေထိုင်သူ နည်းပါးနေသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။
    "ကော့ကရိတ်ဆိုရင် မြို့ပျက်ကြီး လိုဖြစ်နေတာ။ မြို့ပေါ်က တိုက်ပွဲတွေ ဖြစ်သွားတော့ အခုထက်ထိ မြို့ပျက်ကြီးလို ဖြစ်နေတာ။ လူတွေလည်း ပြန်လာနေကြတာပဲ။ ဒါပေမဲ့ ကျီးလန့်စာ စားပေါ့။ ကျီးလန့်စာစား ပုံစံမျိုးနဲ့နေရတော့ များသောအားဖြင့် မီးလောင်ပြင်တွေ များတယ်။ ကော့ကရိတ်မှာ ဟိုတစ်ခေါက်က တော်တော် ဆိုးဆိုးရွားရွား ဖြစ်ခဲ့တော့ အခုထက်ထိ စစ်ဘေးရှောင်နေ ကြရတယ်။ သူတို့နေရပ်ကို မပြန်နိုင်သေးဘူး"ဟု ယင်းဒေသခံက ပြောသည်။
    ကော့ကရိတ်မြိုခံများမှာ အနီးအနားကျေးရွာများ၊  ဆွေးမျိုးသားချင်းများရှိရာ ဒေသများနှင့် နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် အိမ်ထောင်စု အစုအဖွဲ့လိုက်နေကြရပြီး ဘားအံမြို့ပေါ်အထိ လည်း လာရောက် နေထိုင်ကြကြောင်း ဘားအံမြို့ခံတစ်ဦးက ပြောသည်။ "မြို့ပေါ်ကလူတွေက တခြား တစ်နေရာကို သွားပြီးတော့ IDP ပုံစံမျိုး စစ်ရှောင်ပေါ့။ နီးစပ်ရာ ဆွေးမျိုး‌တွေရှိတဲ့ ရွာတွေ သွားနေကြ၊ ဘားအံအထိတောင်သွားနေကြတဲ့သူတွေရှိတယ်။ သူတို့တွေက သူတို့ နေရာဒေသကို ပြန်ပြီး အခြေမချနိုင်သေးဘူး"ဟု ယင်းဒေသခံက ဆက်ပြောသည်။
    ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းမှ စတင်ကာ ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာ မြို့ပေါ်တိုက်ပွဲများကြောင့် ဒေသခံ၊ မြို့ခံအချို့ ထိခိုက်သေဆုံးဒဏ်ရာ ရရှိခဲ့မှု၊ မြို့ခံပြည်သူများ၏ နေအိမ်များ ထိခိုက်ပျက်စီးမှု၊ မီးလောင်မှုများဖြစ်ခဲ့ရကာ ဒေသခံများ ယာယီနေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရသည်။ ယင်းသို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် လေးလကျော်အကြာ ၂၀၂၄ ခုနှစ် ဧပြီလတွင် နိုင်ငံတော်အစိုးရက နေရပ်စွန့်ခွာတိမ်း ရှောင်နေကြသည့် ကော့ကရိတ်မြို့ခံများအား  မြို့အတွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်ခွင့် ပေးခဲ့သည်။ ထို့အပြင် ပြန်လည်ထူ ထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ကော့ကရိတ် မြို့အတွင်း လမ်းမများပေါ်တွင် လဲပြိုနေသော သစ်ပင်ကြီးများနှင့်  လျှပ်စစ်ကြိုးများ ရှင်းလင်းခြင်း၊ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း မီးလောင်ပျက်စီး ဆုံးရှုံးသွားသည့် နေအိမ် မိသားစုဝင်များအတွက် ထောက်ပံ့ ပစ္စည်းများ ပေးအပ်ခြင်း တို့ကို နိုင်ငံတော် အစိုးရက ဆောင်ရွက်ပေးခဲ့သည်။
    "ပြန်လည်ထူ‌ထောင်ရေး လုပ်ငန်းတွေ အစိုးရဘက်က လုပ်တယ်။ စစ်ဘေး ရှောင်တွေကိုလည်း ပြန်လည်နေရာချထား ရေးကိစ္စတွေကို လုပ်တယ်။ ပြန်လာတဲ့သူ နည်းတယ်။ ပြန်လာတော့လည်း ကိုယ့်ဒေသ ကိုယ်ရဲ့နေရာတောင်မှ မီးလောင်ပြင်ကြီး ဖြစ်နေတော့ ကိုယ့်အိမ်က ဘယ်နားရှိမှန်း မသိတဲ့သူတွေ အများကြီးပါ။ အစိုးရက အဲဒီလို ဆောင်ရွက်ပေးပေမယ့်လည်း ဒေသခံတွေက ခဲမှန်ဖူးတဲ့ စာသူငယ်လို စိုးရိမ်နေကြ ပြီးတော့ ကျီးလန့်စာစားပေါ့။ ကော့ကရိတ် မြို့ပေါ်မှာ သွား‌နေရင် ဟိုဘက်က အုပ်စုကလည်းရှိ၊ ဒီဘက် အုပ်စုကလည်းရှိ ဆိုတော့ နှစ်ဖက်ဖြစ်ကြတယ်။ ကောလာဟလတွေ လည်းပါတယ်။ တချို့ကျတော့လည်းတကယ် ဝင်တိုက်တာတွေလည်း ရှိတယ်။ အဲဒီလို ပုံစံတွေဖြစ်နေတော့ အရင်တစ်ခါလည်း ခံခဲ့ရပြီပြီဆိုတော့ လူက ကျီးလန့်စာစား ဖြစ်တာပေါ့။ အဆင်ပြေပြေကြီး ဘယ်ဟုတ် မလဲ"ဟု ကော့ကရိတ် ဒေသခံတစ်ဦးက ပြောသည်။ ညီသစ်

Total Views ~ 53

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42837

© 2022 - 2025 News. All Rights Reserved.