ဂါနာတိုက်စစ်မှူးနှင့် ဘာကီနာဖာဆိုနိုင်ငံသား နောက်ခံကစားသမားနှစ်ဦး ရန်ကုန်ယူနိုက်တက် ထပ်မံအားဖြည့်

၂၀၂၄ ၊ ဖေဖော်ဝါရီ ၂၁
    ၂၀၂၄ ဘောလုံးရာသီအတွက် ကြိုတင်ပြင်ဆင်မှုပြုလုပ်နေသည့် ရန်ကုန်ယူနိုက်တက်အသင်းသည် ပထမဆုံး ပြည်ပကစားသမား ခေါ်ယူမှုအဖြစ် ဂါနာနိုင်ငံသား တိုက်စစ်ကစားသမား ဂျီဒီအွန်တပ်တက်နှင့် ဘာကီနာဖာဆိုနိုင်ငံသား နောက်ခံလူ ဂီရိုယာယာတို့ကို တစ်နှစ်စာချုပ်ဖြင့် ချုပ်ဆိုခေါ် ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။
    အသက် ၂၂ အရွယ်ရှိ တိုက်စစ်ကစားသမား ဂျီဒီအွန်တပ်တက်သည် အရပ် ၆ ပေရှိသည့် ကစားသမားဖြစ်သောကြောင့် မြင့်မားသည့် အရပ်အမောင်းနှင့် ကွင်းလယ် တိုက်စစ်အားပြုကစားတတ်သူ ဖြစ်သည်။ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ၂၀၂၀ ပြည့်နှစ်တွင် ယူအေအီး ပထမတန်းကလပ် အယ်လ်ဒါဖရာအသင်းနှင့် စတင်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်တွင် လက်ဘနွန် ပရီးမီးယားလိဂ်ကလပ် ချာဘက်၊ ထို့နောက် ၂၀၂၃ ခုနှစ်တွင် ဘာရိန်းပရီမီးယားလိဂ် ကလပ် မယ်လ်ကီယာအသင်းတို့တွင် ကစား ခဲ့သည်။ 
    အသက် ၂၂ နှင့် အရပ် ၆’၂” လက်မ အမြင့်ရှိသည့် ယာယာသည် အက်သလက်တီကိုမက်ဒရစ် ဘောလုံးအကယ်ဒမီတွင် ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်ထိ ၃ နှစ်ကြာ လေ့ကျင့်သင်ကြားခဲ့ပြီး ၂၀၂၂ ခုနှစ်မှ စတင်ကာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စပိန်ကလပ် UE Alcudia တွင် စတင်ခဲ့သည်။ ထို့နောက် Club Atletico Teresiano တွင် တစ်နှစ်ကစားခဲ့ပြီးနောက် ရန်ကုန်ယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ 
    ရန်ကုန်ယူနိုက်တက်အသင်းကို ရောက်ရှိလာသည်နှင့် ပတ်သတ်ပြီး ဂျီဒီအွန် တပ်တက်က "ဒီကို မပြောင်းလာခင်ကတည်းက ရန်ကုန်ယူနိုက်တက်က မြန်မာပြည်မှာ အသင်းကြီးတစ်သင်းဆိုတာကို သိထားပါတယ်၊ အထောက်အကူပစ္စည်းကအစ ဒီမှာ ကျွန်တော့်အတွက် အရာအားလုံးက အဆင်ပြေပါတယ်၊ အသင်းကောင်းတစ်သင်းမှာ ကစားခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်၊ အသင်းနဲ့အတူ အကောင်းဆုံး စွမ်းဆောင်ပြ ချင်ပါတယ်"ဟု ပြောကြားခဲ့သည်။
    ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ အတွက် ပြင်ဆင်မှုများပြုလုပ်နေသည့် ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းသည် ဂျာမနီနိုင်ငံသား ဖရန့်ဘန်ဟတ်ကို ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွက် နည်းပြချုပ် အဖြစ် ခန့်အပ်ထားသည်။

Total Views ~ 448

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43038

© 2022 - 2025 News. All Rights Reserved.