ငြိမ်းချမ်းရေးစကားဝိုင်း အားကောင်းမောင်းသန်ရှိ၍ ရလဒ်ကောင်းများ ထွက်ပေါ်လာမည်

နေပြည်တော်၊ မတ် ၂၆
    NSPNC? EAOs များ၊ နိုင်ငံရေးပါတီများ ပါဝင်သည့် PEACE TALK 2025 ငြိမ်းချမ်းရေးစကားဝိုင်းသည် အားကောင်းမောင်းသန်ရှိပြီး နယ်ပယ်အစုံမှ အတွေ့အကြုံရင့်ကျက်သူများ ပါဝင်မှုကြောင့် ယခင် ဆွေးနွေးပွဲများထက် အားရကျေနပ်စရာရှိကြောင်း ဆွေးနွေးပွဲတွင် ပါဝင်သူနှင့် နိုင်ငံ ရေးလေ့လာ သုံးသပ်သူတချို့က ပြောကြားသည်။
    စကားဝိုင်းတွင် တိုးချဲ့ဖွဲ့စည်းလိုက်သည့် နိုင်ငံရေးပါတီများအစုအဖွဲ့တွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အတွေ့အကြုံများစွာရှိသူများ ပါဝင်သကဲ့သို့ ပြင်ပမှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ဖူးသူများကိုလည်း ဖိတ်ခေါ်ထားခြင်းကြောင့် ကောင်းမွန်သည့် ရလဒ်ကောင်းများ မျှော်လင့်ထားကြောင်း ကရင်ပြည်သူ့ပါတီဥက္ကဋ္ဌ နမ့်ခင်အေးဦးက ပြောသည်။ 
    "အခြေအနေကတော့ အပေါင်းလက္ခဏာဆောင်ပါတယ်။ Peace Talk ဆိုတာလေး ပြန်စနိုင်သလို၊ နိုင်ငံကြီးတွေကလည်း စိတ်ဝင်စားလာပြီးတော့ Positive ဘက်ကိုများလာပြီ။ တချို့ကတော့ ရွေးကောက်ပွဲအလွန် အခြေအနေတွေကို စိတ်ဝင်စားမှုရှိတယ်လို့ကြားတယ်။ 
    ဦးဆောင်ဆွေးနွေးတဲ့သူတွေ ဘက်ကနေ နည်းနည်းလေး အပေါင်းလက္ခဏာဘက်ကို ကြားရတဲ့အခါကျတော့ ကောင်းတယ်။ နဂိုက ဆန့်ကျင်ဘက်ဖြစ်နေရာကနေ ကောင်းတဲ့ဘက်ကို ရောက်လာတယ်။ ခက်တာက ကျွန်မတို့ လူထုက State နဲ့ Goverment ကိုလည်း မကွဲပြားဘူး။ State ဆိုတာ နိုင်ငံတော်က ရှိနေမှာလေ။ Government ဆိုတာက လေးနှစ်တစ်ကြိမ် ပြောင်းသွားမှာ။ ဒါကိုလည်း မကွဲပြားတဲ့အခါကျတော့ အဲဒါကိုလည်း ထည့်ပြောလာတယ်။ လက်နက်ကိုင် အချင်းချင်းယုံကြည်ဖို့ ဆိုတာရှိသလို၊ လူထုနဲ့ အုပ်ချုပ်တဲ့သူတွေကလည်း အပြန် အလှန် ယုံကြည်ဖို့လိုတယ်။ ကျွန်မ နားထောင်ကြည့်ရသလောက် အလားအလာ ကောင်းပါတယ်။ ရွေးကောက်ပွဲကို မဖြစ်စေချင်တဲ့သူတွေ ကတော့ လုပ်နေကြမှာပဲ။ ရွေးကောက်ပွဲ မဖြစ်စေချင်ရင် ဘာကိုဖြစ်စေ ချင်တာလဲ ကျွန်မမေးချင်တာ။ အခုငြိမ်းချမ်း ရေးကိစ္စကိုတော့ အစိုးရကလည်း ဇောင်းပေးလာတယ်။ အရင်လူတွေကိုလည်း ပြန် ဖိတ်တယ်။ ဒါမျိုးတွေ လုပ်တယ်ဆိုတော့ ကောင်းတဲ့ လက္ခဏာလို့ မြင်တယ်။ အရင် တုန်းကတော့ နှစ်ဦးနှစ်ဖက်လုံးက ဟင့်အင်းချည်းပဲ။ အခုဆိုတော့ ကောင်းတဲ့အလားအ လာလို့ထင်ရတယ်"ဟု ၎င်းင်းက ပြောသည်။ 
    ယခု ငြိမ်းချမ်းရေး စကားဝိုင်းသည် ယခင်က ပြုလုပ်ခဲ့ဖူးသော ဆွေးနွေးပွဲများထက် ပို၍ကောင်းမွန်သည့် အခြေအနေတစ်ခု ရှိကြောင်းကိုလည်း နမ့်ခင်အေးဦးက ထပ်မံပြောဆိုသည်။ 
    "အခု ဒီဆွေးနွေးပွဲမှာတော့ ရှေ့မှာ ကြုံခဲ့ရတာတွေ ထက်စာရင် ပိုအားရတယ်။ အခုက ပိုပြီးအားရစရာ ကောင်းတယ်။ အခုက လူလည်းပိုစုံတယ်။ ဟိုတုန်းကတော့ ပါတီတွေနဲ့ NSPNC နဲ့ပဲ။ ယှဉ်ပြောရရင် ဟိုဟာမကောင်းဘူး၊ ဒီဟာ မကောင်းဘူးတော့ မဟုတ်ဘူး။ အခုဆွေး နွေးရတာက လူစုံတော့ ပိုပြီးအားရတယ်။ အခုထပ်ပြီး တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ နိုင်ငံရေး ပါတီများအစုအဖွဲ့မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အတွေ့ အကြုံများတဲ့သူတွေ ပါတယ်။ ပါတီတွေထဲက ပါသလို ပါတီမဟုတ် ဘဲနဲ့အပြင်က ငြိမ်းချမ်းရေးကိစ္စ ဆောင်ရွက်ဖူးတဲ့သူတွေကို ခေါ်ထားတယ်။ ကောင်းပါတယ်။ အားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်လာရင်တော့ ပိုကောင်းမယ်လို့ ယူဆတယ်။ စကားတွေ ပြောနေတာ ထက်စာရင် Action ကလည်း အရေးကြီးတယ်။ လက်တွေ့လုပ်ကြည့်မှ ဘယ်ဟာကဘယ်လိုဆိုတာသိတာ။ အတွေ့အကြုံမတူတာတွေရှိတယ်။ အရည်အသွေး မတူတာတွေရှိမယ်။ အခက်အခဲတွေ ဘယ်လောက်ရှိတယ်ဆိုတာ လုပ်ဖူးမှသိတာ။ ငြိမ်းချမ်းရေးအတွက်၊ ရွေးကောက်ပွဲအတွက် ရလဒ် ကောင်းတွေ ရနိုင်အောင်လို့တော့ ဆွေးနွေးကြမယ်လို့ယူဆတယ်။ ရွေးကောက်ပွဲမှာ ဘယ်လိုလုပ်ကြ မလဲဆိုတဲ့ ဟာလေးတွေပါတယ်။ စီးပွားရေးဟာ ငြိမ်းချမ်းရေးကို ဘယ်လောက် အထောက်အကူ ပြုနိုင်သလဲဆိုတာလည်း ပါတယ်။ လူထုက သိချင်နေတာက ရွေးကောက်ပွဲ လုပ်မလား။ မလုပ်ဘူး လား။ အဲဒါလေးတွေပါ ဆွေးနွေးလိမ့်မယ်။ ကျွန်မတို့က အဖွဲ့(၁) နိုင်ငံရေးနဲ့ လုံခြုံရေး။ နောက်ဆုံးနေ့ မှာတော့ တစ်ခုခု ထွက်လာ မယ်ထင်တယ်"ဟု ၎င်းက ပြောသည်။ 
    ထို့အပြင် NSPNC? EAOs များ၊ နိုင်ငံရေးပါများ ပါဝင်သည့် PEACE TALK 2025 ငြိမ်းချမ်းရေး စကားဝိုင်းက အားကောင်းမောင်သန်ရှိခြင်းကြောင့် ရလဒ်ကောင်းများ ထွက်ပေါ်လာမည် ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။ 
    "အခုလုပ်တဲ့ ငြိမ်းချမ်းရေးဆွေး နွေးပွဲက အသွင်သဏ္ဌာန်အားဖြင့် ဒီဘက်နစက တာဝန်ယူထားတဲ့ခေတ်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ခဲ့ပေမယ့် အခုပွဲလောက် အားကောင်းမောင်းသန် မရှိဘူး။ အခုပွဲက တော်တော်လေး အားကောင်း မောင်းသန်ရှိတယ်။ လုပ်နိုင်ကိုင်နိုင်ပြီးတော့ နိုင်ငံတကာ အတွေ့အကြုံကြွယ်ဝတဲ့ ပညာရှင်တွေလည်း ပါဝင်လာတာကို တွေ့ရပါလိမ့်မယ်။ နောက်ပြီးတော့ ပေးထားတဲ့ ခေါင်းစဉ်တွေကလည်း တကယ်စိတ်ဝင်စားစရာ ကောင်းတဲ့ ခေါင်းစဉ်ဖြစ်တယ်။ အဓိက ကျွန်တော်တို့ တိုင်းပြည်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို သွားချင်တဲ့ အနေအထားမျိုးကို တွေ့ရတယ်။ ကျွန်တော်တို့ဆီမှာကလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးဆိုတဲ့ လုပ်ငန်းစဉ်တွေကို အရင်တုန်းကလည်းလုပ်ခဲ့တယ်ဆိုပေမယ့် အားနည်းနေသေးတာပေါ့။ အခုတော့ ဘာပဲဖြစ်ဖြစ် ခေတ်အဆက်ဆက်မှာ လုပ်လာခဲ့တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ခဲ့တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေပါ တယ်။ ဒီဆွေးနွေးပွဲကြီးမှာ ပါဝင်ဆောင်ရွက် လာတဲ့ အခါကျ တော့ သူတို့ရဲ့ အတွေ့အကြုံတွေ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပကတိလက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေ၊ လက်ရှိဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေ အားကောင်းမောင်းသန် တစ်ခုတော့ ကြိုးစားနိုင်တဲ့ အခြေအနေတစ်ခုကို ရောက် လာလိမ့်မယ်လို့ တွေ့ရပါတယ်။ ဒီဆွေးနွေးပွဲက ရလဒ် ကောင်းတွေကို ရရှိမယ့်ဆွေးနွေးပွဲ တစ်ခုလို့ပဲ ကျွန်တော်က သုံးသပ်ချင်ပါတယ်"ဟု ၎င်းကပြောသည်။
    အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC)မှ ဦးဆောင်၍ Peace Talk 2025  (ငြိမ်းချမ်းရေးစကားဝိုင်း-၂၀၂၅) ခေါင်းစဉ်ဖြင့် ၂၀၂၅ ခုနှစ် မတ် ၂၄-၂၅-၂၆ ရက်တို့တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
    အဆိုပါ တွေ့ဆုံပွဲတွင် ခေါင်းစဉ်ကွဲနှစ်ခုဖြင့် အဖွဲ့နှစ်ဖွဲ့ ဖွဲ့စည်း၍ ဆွေးနွေးကြပြီး အဖွဲ့(၁) အနေဖြင့် နိုင်ငံရေးနှင့်လုံခြုံ ရေးကဏ္ဍ၊ အဖွဲ့(၂)အနေဖြင့် စီးပွားရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍဟူ၍ ဖွဲ့စည်းကာ ဆွေးနွေးခဲ့ကြောင်း သိရသည်။ ကွန်းဈာန်

Total Views ~ 130

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42837

© 2022 - 2025 News. All Rights Reserved.