နေပြည်တော်၊ မတ် ၁၉
အကြောင်းအမျိုးမျိုးကြောင့် တပ်သားအင်အား၊ ငွေကြေးအင်အား လျော့နည်းလာသည့် KIA အနေဖြင့် KTV ခန်းများအထိ ဝင်ရောက်ပေါ်တာဆွဲ၍ အရပ်ဝတ်များဖြင့် အပြစ်မဲ့ ပြည်သူများကို သေနတ်ပြ ဓားပြတိုက်နေကြောင်း ကချင်ပြည်နယ်ဒေသခံများထံမှ သိရသည်။
လက်ရှိ KIA သည် မြစ်ကြီးနား မြို့ပေါ် အနီးတစ်ဝိုက် စားသောက်ဆိုင် များ၊ KTV ခန်းများအထိ အတင်းအဓမ္မ ပေါ်တာဆွဲလျက်ရှိကြောင်း လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က ပြောသည်။
''မြစ်ကြီးနားမြို့အနီးနားတစ်ဝိုက် အထိဆွဲတယ်။ စားသောက်ဆိုင်၊ KTV တွေ ထဲအထိ ဝင်ဆွဲတယ်။ အခြေအနေကတော့ အခု KIA က လူအင်အားလည်း နည်းနေပြီလေ။ ငွေကြေးအင်အားလည်း နည်းနေပြီ။ ဒါကြောင့်လည်း လူတွေကို အတင်းအဓမ္မ ဆွဲနေတာ။ ဒါကို ကြည့်ခြင်းအားဖြင့် သူတို့မှာ လူအင်အား ဘယ်လောက် နည်းသွားလဲဆိုတာ သိနိုင်တယ်။ ၂၀၂၁ အစော ပိုင်းမှာဆိုရင်တော့ ပေါ်တာမဆွဲဘူး။ အဲဒီတုန်းက သီးသန့်အဖွဲ့အစည်းထဲကို ဝင်တဲ့သူ တွေရှိတယ်။ အခုက ဝင်တဲ့သူမရှိဘူး။ အကြောင်း အမျိုးမျိုးကြောင့် အင်အားလျော့ နည်းလာတော့ အတင်းဆွဲတဲ့အဆင့်ကို ရောက်ကုန်တာ"ဟု ၎င်းကပြောသည်။
KIA ၏ အန္တရာယ်ကိုကြောက်၍ လူငယ်လူရွယ်များမှာ လုပ်ငန်းစီးပွားများ ပျက်ပြားကာ တိမ်းရှောင်ထွက်ပြေးနေရကြောင်း၊ ကချင်ပြည်နယ် ပြန်လည်ဖွံ့ဖြိုးလာစေရန်အတွက် နောင် ၁၀ နှစ်ခန့် အချိန်ယူ ထူထောင်ရမည်ဖြစ်ကြောင်း ကချင်ပြည်နယ် ဒေသခံလူငယ်တစ်ဦးက ပြော သည်။
"ပန်ဝါမှာ အိုးအိမ်ပစ်ပြီး တိမ်းရှောင်တဲ့ ပြည်သူ့စစ်တွေကို ဧပြီလ ၄ ရက် နောက်ဆုံးထား ပြန်လာရမယ်။ မလာရင် ပိုင်ဆိုင်မှုတွေ သိမ်းမယ်လို့ KIA ဘက်က ပြောထားတယ်။ ပြန်လာရင်လည်း အဖမ်းခံရမယ့် သဘောရှိတယ်။ တပ်သားသစ်က အရမ်းစုဆောင်းနေတာ။ မလာရင်လည်း ပိုင်ဆိုင်မှု အသိမ်းခံရမယ်။ လာရင်လည်း ကျိန်းသေ KIA ထဲ ဝင်ရမှာ။ အရေးပေါ်အခြေအနေက အဲဒီလိုဖြစ်နေ တာ။ မြို့ပေါ်တွေမှာ လူငယ်တွေ မရှိဘူး။ တောထဲမှာ ပုန်းနေကြတာ။ ဖမ်းလွန်းအားကြီးလို့။ မြစ်ကြီးနား မြို့ပေါ်တောင် တက်ဆွဲတာ၊ ဟိုတယ်တောင် တက်ဆွဲတာ။ ကချင် ပြည်နယ် နာလန်ပြန်ထူ ဖို့ နောက် ၁၀ နှစ်လောက် ပြန်လုပ်ရမယ်။ လူငယ်တွေလည်း မရှိ၊ အလုပ်လုပ်လို့လည်း မရဘူး။ KIA အနေနဲ့ကတော့ ရေရှည်ရပ်တည်ဖို့ မလွယ်ပါဘူး။ တပ်မတော်ဘက်က ဒရုန်းနည်းပညာတွေကို ယှဉ်မှမယှဉ်နိုင်တာ။ အခု နိုင်ငံတော်ဝန်ကြီးချုပ် ရုရှားက ပြန်လာ ပြီဆိုတော့ နည်းပညာတွေ ပိုတောင်ကောင်း လာဦးမယ်။ KIA ကျောထောက်နောက်ခံ မီဒီယာတွေက အော်နေပြီ။ မမျှတဘူး ဘာညာနဲ့ အော်နေ ကြပြီ"ဟု ၎င်းကပြောသည်။
KIA အနေဖြင့် အဘက်ဘက်မှ ယိုယွင်းနိမ့်ပါးလာသည့်အတွက် မြစ်ကြီးနား-တနိုင်း လမ်းပိုင်းတွင် ပြည်သူများအား အရပ်ဝတ်များဖြင့် ငွေကြေးနှင့် ပစ္စည်းများကို မတရား တောင်းယူနေကြောင်း သိရသည်။ ယမန်နှစ်က KIA အနေဖြင့် ကုန်ကားများ၊ ခရီးသည်များကို စစ်ဝတ်စုံဖြင့် ဆက်ကြေး ကောက်ခြင်း၊ လူသစ် စုဆောင်းခြင်းများ ပြုလုပ်ခဲ့သော်လည်း ယခုအခါတွင် အရပ်ဝတ်များဖြင့် လမ်းခုလတ်တွင် သေနတ်ပြ၍ ငွေကြေးနှင့် ပစ္စည်းများကို မတရား သိမ်းယူနေကြောင်း ကချင်ပြည်နယ် ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
အလားတူ လက်နက်ခဲယမ်းဝယ် ယူရန်ဟုဆိုကာ KIO / KIA အနေဖြင့် ဖားကန့်ဒေသတွင် ဆက် ကြေး တိုးမြှင့်ကောက်ခံနေပြီး ၂၀၂၁ ခုနှစ်မှ စတင်ကာ ဖားကန့်ဒေသရှိ အနှိပ်ခန်း၊ စားသောက်ဆိုင်၊ KTV အပါအဝင် စီးပွားရေး လုပ်ငန်းရှင်များကို နှစ်စဉ်ကြေး ကောက်ခံနေခဲ့ကြောင်း၊ စတိုးဆိုင် တစ်ဆိုင်လျှင် တစ်နှစ်စာ ကျပ်သိန်း ၃၀ မှ ၅၀ အထိ ကောက်ခံလျက်ရှိကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။ ကွန်းဈာန်