ဆိုလာပြားများ ထုတ်လုပ်သည့် စက်ရုံတွင် အရည်အသွေး အာမခံစနစ်များ ထားရှိရမည်

နေပြည်တော်၊ မတ် ၂၆
    ဆိုလာပြားများ တပ်ဆင်ထုတ်လုပ်နေသည့် စက်ရုံတွင် အရည်အသွေးအာမခံသည့်စနစ်များ ထူထောင်ထားရှိရမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားခဲ့ သည်။ 
    ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ ရွှေကသာကုမ္ပဏီလီမိတက်သို့ ငှားရမ်းထားသည့် အီလက်ထရောနစ်ပစ္စည်းနှင့် လျှပ်စစ်မော်တာစက်ရုံသို့ မတ်လ ၂၃ ရက်က ရောက်ရှိပြီး ဆိုလာပြားများ တပ်ဆင်ထုတ်လုပ်နေသည့်လုပ်ငန်းစဉ်ကို ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
    ဆိုလာများအား နေအိမ်သုံးအပြင် စက်မှုလုပ်ငန်းများပါ တပ်ဆင်အသုံးပြုလျက် ရှိသည့်အတွက် ထုတ်ကုန်ပစ္စည်းများနှင့် ပတ်သက်၍ ပြည်သူများ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ရန်နှင့် စွမ်းဆောင်ရည်ပြည့် အသုံးပြုနိုင်ရန် စက်ရုံ၌ အရည်အသွေးအာမခံသည့် စနစ်များ ထူထောင်ထားရှိရမည်ဟူ၍ ထည့်သွင်းပြောကြားခဲ့သည်။
    ထို့အပြင် ထုတ်လုပ်သည့်လုပ်ငန်းစဉ် အဆင့်ဆင့်တွင်လည်း အရည်အသွေးကို စနစ်တကျ စစ်ဆေးရမည်ဖြစ်ပြီး ဈေးကွက် ဝယ်လိုအား များပြားနေသည့် ဆိုလာများ အား တိုးမြှင့် ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများသည် ဈေးကွက်ရှိမှသာ ရေရှည်ရပ်တည် လည်ပတ်နိုင်မည် ဖြစ်သည့်အတွက် ဈေးကွက်ကို မျက်ခြည်မပြတ် လေ့လာစောင့်ကြည့်ပြီး ဈေးကွက်သုတေသနလုပ်ငန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရမည်ဖြစ် ကြောင်း ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။
    ယင်းအပြင် နိုင်ငံတော်၏ လျှပ်စစ်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေးနိုင်ရန် ပြည်တွင်းပြည်ပရင်း နှီးမြှုပ်နှံသူများဖိတ်ခေါ်၍ ဆိုလာများ ဆက်လက်ထုတ်လုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း တောင်ဒဂုံမြို့နယ်ရှိ အမှတ်(၂၄)အကြီးစားစက်ရုံ(ဒဂုံ)သို့ မတ် ၂၃ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
    ဝန်ကြီးဌာနပိုင် ပုံသေပိုင်ပစ္စည်းများကို အကျိုးရှိအောင် စီမံဆောင်ရွက်ရမည် ဖြစ်ပြီး  ဝန်ထမ်းများအနေဖြင့် ပြောင်းလဲတိုးတက်နေသည့် နည်းပညာများ ရရှိရေးအတွက် စဉ်ဆက်မပြတ် လေ့လာသင်ယူနေရ မည်ဖြစ်ကြောင်း၊ စက်ရုံတာဝန်ရှိသူများ အနေဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့် မားတိုးတက်စေရေးအတွက် အစီအမံများ ချမှတ်ဆောင်ရွက်ရမည်ဟု ပြည်ထောင်စုဝန် ကြီး ဒေါက်တာ ချာလီသန်းက မှာကြားခဲ့ပြီး ဆိုလာများ ထုတ်လုပ်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။    နဒီ

Total Views ~ 153

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42837

© 2022 - 2025 News. All Rights Reserved.