ဆီးဂိမ်းအပါအဝင် ယခုနှစ်ပြိုင်ပွဲများအတွက် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း နည်းပြချုပ်အဖြစ် ထိုင်းနည်းပြသစ်ခန့်အပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
    မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံတွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် နိုင်ငံတကာ ပြိုင်ပွဲများအတွက် ပြင်ဆင်မှုအဖြစ် မြန်မာ့လက်ရွေးစင်ဖူဆယ် အသင်းနည်းပြချုပ်အဖြစ် ထိုင်းနည်းပြ Pattaya Piemkum အား ဖေဖော်ဝါရီလ ၄ ရက်က တရား ဝင်ခန့်အပ်ခဲ့ကြောင်း သိရသည်။
    နည်းပြချုပ်ဖြစ်လာသည့် အသက် (၅၆) နှစ်အရွယ် မစ္စတာ Pattaya Piemkum သည် ထိုင်းလက်ရွေးစင် ဖူဆယ်ကစားသမား ဟောင်းတစ်ဦးဖြစ်ပြီး AFC Futsal Level-3 နည်းပြတစ်ဦး ဖြစ်သည်။ နည်းပြဘဝတွင် ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ စသည့် လက်ရွေးစင်အသင်းများနှင့် ထိုင်းဖူဆယ်ကလပ် အသင်းများကို ကိုင်တွယ်ထားသည့် နည်းပြတစ်ဦးဖြစ်သည်။ Pattaya Piemkum သည် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းအား ၂၀၂၅ ဆီးဂိမ်းနှင့် အာဆီယံ ဖူဆယ်ချန်ပီယံရှစ်၊ AFC အာရှဖလား ဖူဆယ်ခြေစစ်ပွဲများတွင် အောင်မြင်မှုရရှိရေးအတွက် တာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်သည်။
    ၂၀၂၁ ခုနှစ်ကနေစတင်ပြီး မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းတွေကို ကိုင်တွယ်ခဲ့သည့် ထိုင်းနိုင်ငံသားနည်းပြ  ဘန်လတ်ချရာဝပ်သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်းက မြန်မာအသင်းနှင့် လမ်းခွဲခဲ့ခြင်းဖြစ်သည်။ မစ္စတာဘန်လတ်သည် ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိ နေသေးသော်လည်း ညှိနှိုင်းမှုအချို့ အဆင်မပြေခြင်းကြောင့် စာချုပ်ဖျက်သိမ်းရခြင်းဖြစ်ကြောင်း ထိုင်းအားကစား မီဒီယာများတွင် ဖော်ပြခဲ့ကြသည်။
    ထိုင်းလူမျိုးနည်းပြ မစ္စတာဘန်လတ်သည် မြန်မာ့လက်ရွေးစင်အမျိုးသား ဖူဆယ်အသင်းကို ကမ္ဘာ့အဆင့် ၃၀ ကျော် မြင့်တက်စေရန် စွမ်းဆောင်ပေးခဲ့ပြီး ဖူဆယ် အာရှဖလား ဝင်ခွင့်ပါရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြတစ်ဦး ဖြစ်သည်။ နည်းပြချုပ် ဘန်လတ် လက်ထက်အာရှဘောလုံး အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်အတွက် မြန်မာဖူဆယ်အသင်း၏ ရပ်တည်မှုမှာ အာရှအဆင့် ၁၁ တွင် ရပ်တည် လျက်ရှိသည်။ ထူးမြတ်

Total Views ~ 92

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43027

© 2022 - 2025 News. All Rights Reserved.