ထိုင်းဘက်က စက်သုံးဆီဖြတ်၍ မြဝတီမြို့  စက်သုံးဆီဈေးနှုန်း မြင့်တက်၊ ဆီမှောင်ခိုဈေးကွက် ပြည်မဘက်မှ မဖြစ်နိုင်

နေပြည်တော် ဖေဖော်ဝါရီ ၁၂
    ထိုင်းနိုင်ငံဘက်က ကရင်ပြည်နယ် မြဝတီမြို့သို့ စက်သုံးဆီနှင့် ဂတ်စ်များ ဖြတ်တောက်လိုက်သည့်အပြင် မီးစက်နှင့် အင်ဂျင်များ ရောင်းချမှုပါ ရပ်ဆိုင်းလိုက်ပြီး နောက်ဒေသတွင်း စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။ ယခုအခါ အဆိုပါ အခြေအ နေကြောင့် မြဝတီမြို့တွင် စက်သုံးဆီများ တန်းစီဝယ်ယူနေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ 
    "ထိုင်းဘက်က တင်သွင်းရောင်းချမှုအားလုံး ရပ်ဆိုင်းလိုက်တယ်။ အင်ဂျင်ရောင်းချမှုပါ ရပ်ဆိုင်း လိုက်တယ်။ ၉၅ တစ် ဂါလန် ဒီမနက် ကျပ်သုံးသောင်း ဖြစ်သွားတယ်။ ဆီဘောက်စာတွေပါ မဝင်တော့ဘူး။ ထိရောက်မှု ရှိ၊ မရှိကို သူတို့ဘက်က မီဒီယာ တွေကပါ လာကြည့်တာ ဓာတ်ပုံရိုက်တာတွေ လာလုပ်တယ်။ ထိုင်းဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝပ်ကတော့ ကျွန်မပြည်သူတွေအတွက် ကျွန်မ လုပ်သင့် လုပ်ထိုက်တာကို လုပ်တာဖြစ်ပြီး မြန်မာနိုင်ငံကလည်း သူ့ပြည်သူတွေကို ကာကွယ်စောင့် ရှောက်မယ်လို့ ယုံကြည်ပါတယ်တဲ့။ မီဒီယာတွေကိုဖြေတာ"ဟု ၎င်းက ပြောသည်။ 
    ထိုသို့ ထိုင်းနိုင်ငံဘက်မှ စက်သုံးဆီ တင်သွင်းမှု ရပ်ဆိုင်းလိုက်ခြင်းကြောင့် ပြည်မဘက်မှ စက်သုံးဆီများ လှည့်ဝင်လာနိုင်သလို ထိုင်းဘက်မှ မှောင်ခိုဈေးကွက်တစ်ခုလည်း ဖြစ်ပေါ်လာနိုင်ကြောင်း ဒေသခံ တစ်ဦးကပြောသည်။ 
    "စက်သုံးဆီ ထိုင်းဘက်က မရရင် ပြည်မဘက်က ပြန်သွင်းပေါ့။ အခိုက်အတန့်လို့ပဲ ခန့်မှန်းပါတယ်။ အမြဲတမ်းတော့ မဖြစ်နိုင်ပါဘူး။ ပြည်မဘက်က မရောင်းပေးရင်လည်း လုပ်ငန်းတွေ မလည်ပတ်နဲ့ပေါ့။ သူများတွေက ဆိုလာတွေတောင် ဆောက်နေပြီ။ ထိုင်းက သူ့စီးပွားရေးလေ ကြာကြာ မဖြစ်နိုင်ပါဘူး။ အောက်မှာ မှောင်ခိုဈေးကွက်တွေ ပြန်ရှိသွားမှာပါ။ မြန်မာနိုင်ငံကို အမေရိကန်စီးပွားရေး ပိတ်ဆို့သလိုပဲ။ မရပ်တည်‌ နိုင်အောင်တော့ လုပ်ဖို့ခက်တယ်"ဟု ၎င်းကပြောသည်။ 
    ထိုင်းက စက်သုံးဆီတွေ ဖြတ်လိုက်သည့်အတွက် ထိုင်းကုန်စည်စီးဆင်းမှု ပိတ်သိမ်းပေးရန် လူတစ်စုက ဆန္ဒထုတ်ဖော် ပြုလုပ်လျက်ရှိပြီး ကုန်စည်စီးဆင်းမှုကို ပိတ်ရန် ဖြစ်နိုင်ခြေနည်းပါးကြောင်း ဒေသခံတစ် ဦးကပြောသည်။ 
    "မဖြစ်နိုင်ပါဘူး။ ပိတ်လို့လည်း မရနိုင်ပါဘူး။ ပိတ်ရင်လည်း ပြန်ဖွင့်ဖိုဆန္ဒ ပြန်ပြရမှာပဲလေ။ မြန်မာဘက်ကပို့တာ မရှိဘူး။ ဟိုဘက်ကပဲ သွင်းနေတာ"ဟု ၎င်းက ပြောသည်။ 
    စက်သုံးဆီများကို ပြည်မဘက်မှ ပြန်လည်တင်ပို့ရန်ကိစ္စမှာ မဖြစ်နိုင်ကြောင်းနှင့် မှောင်ခိုဈေးကွက်မှာ ထိုင်းဘက်အခြမ်းကသာ ဖြစ်နိုင်ခြေရှိကြောင်း စီးပွားရေး လေ့လာသုံးသပ်သူ ဦးရန်လင်း ကျော်က ပြောသည်။ 
    "ထိုင်းက ဆီပိတ်လိုက်တဲ့ကိစ္စက အဲဒီဘက်အခြမ်း ဒေသတွေကတော့ နည်းနည်းတော့ ကသိကအောက် ဖြစ်မှာပဲ။ ဘာလို့လဲဆိုတော့ ထိုင်းက မဲဆောက်ကနေ တရားဝင် သွင်းပေးနေတာကိုး။ နဂိုကတည်းကိုက ပြည်မစက်သုံးဆီက အဲဒီဘက်ကို မသွားဘူး။ မြဝတီကနေတက်တဲ့ဆီက မော်လမြိုင်တို့၊ ဘာတို့ဘက်မှာ ထိုင်းဆီတွေ သုံးတာ အနည်းနဲ့အများတော့ သက်ရောက်မှုရှိမယ်၊ ရာခိုင်နှုန်း အတိုင်းအတာ တစ်ခုအထိတော့ ရပ်သွားမှာပဲ။ မှောင်ခိုဈေးကွက် ပေါ်လာမလား ဆိုရင်တော့ ဒီဘက်အခြမ်းကနေ ဟိုဘက်ကို ကျော်ပြီး ပို့လို့ရရင်တော့ မှောင်ခိုဈေးကွက်ပေါ်မှာပေါ့။ မော်လမြိုင်က နေ ဟိုဘက်ကို ပို့လို့ရမလား။ လမ်းကောင်းမလား။ ထိုင်းဘက်အခြမ်းကပဲ သူတို့နည်း သူတို့ဟန်နဲ့ မှောင်ခိုသွင်းရင်တော့ မပြောတတ်ဘူး။ စီးပွားရေးမြို့၊ ကုန်သွယ်ရေးမြို့မို့လို့ သူတို့နည်း သူတို့ဟန်တော့ ရှိမှာ။ အဲဒီအတွက်တော့ ကျွန်တော်တို့ဆီမှာ ကုန်ဈေးနှုန်း တက်တာ မရှိနိုင်ပါဘူး။ သူတို့ဆီက ထုတ်လုပ်တာမှ မဟုတ်တာ။ သူတို့ဆီကလာတာက တစ်ဆင့်ခံပဲ"ဟု ၎င်းကပြောသည်။ 
    ထိုင်းနိုင်ငံဘက်က မြန်မာနိုင်ငံ မြဝတီ၊ ရွှေကုက္ကို ဒေသအပါအဝင် နေရာငါးခုကို ကျားဖျန့် လုပ်ငန်းများ တားဆီးနှိမ်နင်းရန်အတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်မှ စတင်ကာ လျှပ်စစ်မီး၊ စက်သုံးဆီနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့သည်။   ကွန်းဈာန်

Total Views ~ 91

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42993

© 2022 - 2025 News. All Rights Reserved.