နေပြည်တော်၊ ဧပြီ ၂၃
လာမယ့် ဒီဇင်ဘာလအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြောကြားချက်အရ နိုင်ငံရေးပါတီများ အနေဖြင့် ရွေးကောက်ပွဲဝင်ရန် ကြိုးစားပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲ နည်းဥပဒေကို စောင့်ဆိုင်းလျက်ရှိပြီး ဧပြီလ အကုန်တွင် နည်းဥပဒေ ထွက်မည်ဖြစ်ကြောင်း ကရင်ပြည်သူ့ ပါတီဥက္ကဋ္ဌ နမ့်ခင်အေးဦးက ပြောသည်။
"ဒီဇင်ဘာဆိုတော့ လုပ်ထားရတာပေါ့။ ပြင်ဆင်စရာရှိတာ ပြင်ဆင်နေပြီ။ တချို့ပါတီတွေကတော့ ဘာမှမပြင်ဆင်နိုင်သေးဘူး။ ဧရာဝတီတိုင်းမှာကတော့ ကျွန်မတို့ပါတီနဲ့ USDP လောက်ပဲ လှုပ်ရှားတာရှိတယ်။ ကျန်တာတွေက ရုံးတွေတောင် မဖွင့်နိုင်သေးဘူး။ တချို့တွေက မလုပ်နိုင်သေး ဘူး။ လူအင်အားတောင် မပြည့်ကြသေးဘူး။ ဒီဇင်ဘာဆိုတော့ ကြားမှာ အချိန်က သိပ်မလိုတော့ဘူး။ UEC က ပြောတာကတော့ ဧပြီလကုန်မှာ နည်းဥပဒေတွေ ထွက်မယ်လို့တော့ ပြောတာပဲ။ လုပ်ရ မယ်ဆိုလို့သာလုပ်တာ ဒီဘက်ကတော့ ပြင်ဆင်ထားတာပေါ့။ အခြေအနေက မပေးရင်တော့ ဘယ်လုပ်လို့ရမလဲ။ ကျွန်မတို့ ပါတီတွေကတော့ ကိုယ့်ဘက်က ပြင်ဆင်စရာရှိတာ ပြင်ဆင်ရမှာ။ တခြား ညွှန်ကြားချက်တွေကတော့ လောလောဆယ် ဘာမှမထွက်သေးဘူး။ UEC ကတော့ ဆရာမတို့ ပြင်ဆင်ထားပါ။ ရွေးကောက်ပွဲလုပ်မှာလို့ပြောတယ်။ ရွေးကောက်ပွဲ နည်းဥပဒေက ဧပြီလကုန် ထွက်မယ်လို့ ပြောတယ်"ဟု ၎င်းကပြောသည်။
ရွေးကောက်ပွဲတွင် တိုင်းနှင့်ပြည်နယ်လွှတ်တော်အတွက် PR စနစ်ဖြင့် ပြုလုပ်နိုင်ကြောင်း ကရင် ပြည်သူ့ပါတီ ဥက္ကဋ္ဌ နမ့်ခင်အေးဦးက ထပ်မံပြောဆိုသည်။
" PR က အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်။ ပြည်သူ့လွှတ်တော်ကတော့ FPTP ။ တိုင်းရင်းသားရေးရာဝန်ကြီးလည်း FPTP။ တိုင်းနဲ့ပြည်နယ်ကတော့ PR နဲ့ပဲ သွားလိမ့်မယ်။ ကျွန်မတို့ ပါတီကတော့ ကိုယ့်လူမျိုးတွေရဲ့ လိုအပ်ချက်တွေကို တင်ပြနိုင်ဖို့ ကရင် ပြည်သူ့ပါတီဆိုတဲ့အတိုင်း ပြည်သူပါ ပါရမယ်။ ပြီးရင် ဧရာဝတီတိုင်းကို အခြေခံလိုက်တယ်ဆိုတာက ဧရာဝတီမှာက ကိုယ့်လူမျိုးတွေက များတယ်။ အဓိကတော့ ကိုယ့်အမျိုးသားရေး လုပ်ရင်းနဲ့ ကိုယ့်တိုင်း ပြည်အတွက် လုပ်ရမှာအဓိကပဲ။ ဒေသတစ်ခုဖွံ့ဖြိုးအောင် လုပ်ရင်းနဲ့ ကျန်တဲ့ဟာတွေ ကျွဲကူးရေ ပါဖြစ်မှာ"ဟု ၎င်းကဆိုသည်။
ရွေးကောက်ပွဲ ပြုလုပ်ရာတွင် လက်ရှိ ကရင်ပြည်နယ်၏ ဒေသအခြေအနေအရ မြို့နယ်နှစ်ခု လောက်သာ ပြုလုပ်နိုင်ခြေရှိကြောင်း ကရင်အမျိုးသားဒီမိုကရက်တစ် ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုး က ပြောသည်။
"ဒီဇင်ဘာမှာ လျာထားတယ်လို့ UEC က ပြောတယ်။ လောလောဆယ် အလုပ်စလုပ်ဖို့အတွက်က မဲဆန္ဒနယ် ဘယ်နေရာတွေ ရွေးမယ်။ ဘယ်စနစ်နဲ့ ရွေးမယ်။ ဘယ်ဟာကိုတော့ ချန်ထား မယ်ဆိုတာ မသိရသေးဘူး။ ဘယ်လိုမှ စပြီး လှုပ်ရှားလို့ မရသေးဘူး။ အဲဒါကို စောင့်နေတယ်။ နည်းဥပ ဒေထွက်ရင်တော့ အလုပ်လုပ်လို့ရတာပေါ့။ ကရင်ပြည်နယ်ကတော့ အလွန်ဆုံး နှစ်မြို့နယ်ပဲ ဖြစ်နိုင် မယ်။ ဘားအံတောင်မှ အနောက်ဘက်အခြမ်းက သိပ်မသေချာဘူး။ လုံခြုံရေး အခြေအနေက မသေချာဘူး။ အခင်းအကျင်းက ကျွန်တော်တို့ဆီမှာ လုပ်နိုင်တဲ့ နေရာလောက်ပဲ လုပ်မယ်ဆိုတဲ့ သဘောမျိုးများ ဖြစ်မလားမသိဘူး။ ကယားတို့၊ စစ်ကိုင်းတို့၊ ချင်းတို့ဆိုရင် ကျွန်တော်တို့ထက်တောင် ပိုပြီးတော့ လုံခြုံရေးအခြေအနေက မပေးသေးဘူး ဖြစ်နေတော့ သူတို့လည်း အခြေအနေကို စောင့်နေရမှာပေါ့။ ဘယ်လို အခင်းအကျင်းမျိုး ဖြစ်လာမလဲဆိုတာ ခန့်မှန်းလို့မရဘူး။ ကျွန်တော်တွက်တာကတော့ လုပ်နိုင်တဲ့ နေရာလောက်ပဲ လုပ်မယ်။ လွှတ်တော် ခေါ်လို့ရလောက်တဲ့ အခြေအနေမျိုး ဖြစ်အောင် သူတို့ နည်းနည်းလေးတော့ လုပ်မှာပေါ့။ တစ်ခု စိုးရိမ်တာက ကျွန်တော်တို့ ကရင်ပြည်နယ်မှာ နှစ်မြို့ နယ်လောက်ပဲ လုပ်နိုင်မယ်ဆိုရင် ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့ နိုင်ပါ့မလား။ ဥပဒေ၊ နည်းဥပဒေ ထွက်လာရင်တော့ နည်းနည်းလေး စောင့်ကြည့်ရမယ်"ဟု ၎င်းကပြောသည်။
ရွေးကောက်ပွဲကို ဒီဇင်ဘာလတွင် ပြုလုပ်ရန် လျာထားခြင်းကြောင့် သတ်မှတ်ရက်အတွင်း ပါတီလူအင်အား၊ ရုံးခန်း အစရှိသဖြင့် မပြည့်မီသည့် ပါတီများအနေဖြင့် ဥပဒေအရ ဖျက်သိမ်းခံရမည် ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) အတွင်းရေးမှူး(၂) စောခွန်ကျော်ဝင်းက ပြော သည်။
"လောလောဆယ် ညွှန်ကြားချက်က ဘာမှမလာသေးဘူး။ အခြေအနေကို စောင့်ကြည့်နေ တယ်။ ကျွန်တော်တို့ ဧရိယာမှာတော့ ပြဿနာမရှိဘူး။ ကောင်းကောင်းမွန်မွန် လုပ်နိုင်တယ်။ ရှမ်းမြောက်ကိုကြည့်ရင် လားရှိုးမြို့လည်း အခြေအနေ ပြန်ကောင်း လာနိုင်တဲ့ အနေအထား ရှိတယ်။ သက်ဆိုင်ရာ EAOs နဲ့ အစိုးရနဲ့ တပ်မတော်နဲ့ ညှိနှိုင်းတာ ရှိလိမ့်မယ်။ လားရှိုးမြို့ကို အခြေအနေ ပြန်ကောင်းလာမယ်လို့ မြင်တယ်။ ရွေးကောက်ပွဲကို ဘယ်လိုပုံစံသွားမယ်ဆိုတာ တိတိကျကျတော့ မသိရသေးဘူး။ PR စနစ်နဲ့ သွားမယ်။ အကုန်လုံးတော့ မဟုတ်ဘူး။ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်နဲ့ တိုင်းလောက်သာ PR သွားဖို့ သေချာသလောက်ရှိတယ်ပေါ့။ ဥပဒေတော့ မထွက်သေးဘူး။ ပြည်သူ့လွှတ်တော်ကတော့ အများနိုင်စနစ်နဲ့ သွားမယ်ထင်တယ်။ နည်းဥပဒေ ထွက်လာရင်တော့ သက်ဆိုင်ရာ နိုင်ငံရေးပါတီတွေကလည်း ရွေးကောက်ပွဲအတွက် ပြင်ဆင်လို့ရပြီ ထင်တယ်။ လောလောဆယ် နည်းဥပဒေလည်း ထွက်မလာသေးတော့ စောင့်ကြည့်နေကြပါတယ်။ ပါတီ ၅၀ ကျော်ရှိတဲ့အတွက် ဥပဒေအရ သတ်မှတ်ရက်အတွင်း မပြည့်မီဘူးဆိုရင်တော့ ဥပဒေအရ ဖျက်သိမ်းရမှာ တွေရှိတယ်။ ပြည့်မီအောင် ကြိုးစားပြီး လုပ်ကြရမှာပါ။ မပြည့်မီခဲ့ရင်တော့ နစ်နာမယ်"ဟု ၎င်းကပြောသည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင် စီအနေဖြင့် ပြည်သူလူထုလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အမြန်ဆုံးပြန်လည်အကောင်အထည်ဖော်ပေးနိုင်ရန်အတွက်လာမည့် ဒီဇင်ဘာလအတွင်း လွတ်လပ်ပြီး တရားမျှတမှုအပြည့်ရှိသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပပေး နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်း ပြောကြားထားသည်။
ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ပြီးမြောက်နိုင်ရန်အတွက် မိဘပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေး ကြရန်လည်း မေတ္တာရပ်ခံထားသည်။ ကွန်းဈာန်