ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ငြိမ်းချမ်းရေးကော်မတီ (NSPNC) နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့တို့ မတ်လ တတိယပတ်အတွင်း တွေ့ဆုံမည်

ရန်ကုန်၊ မတ် ၅
    နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် နိုင်ငံရေးပါတီများအစု အဖွဲ့၏ အလုပ်အဖွဲ့တို့ မတ်လ တတိယပတ်အတွင်း နေပြည်တော်၌ တွေ့ဆုံကြမည် ဖြစ်‌ကြောင်း သိရသည်။
    "လာမယ့်အပတ်အထဲမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် အကြိုပေါ့၊ ၁၆ ပါတီအစုအဖွဲ့ အကြိုအစည်းအဝေး လုပ်ဖို့ရှိတယ်။ ပြီးရင် မတ်လ ၂၄၊ ၂၅၊ ၂၆ သုံးရက်ပေါ့။ NSPNC နဲ့ နေပြည်တော်မှာ တွေ့ဖို့ရှိတယ်။ ငြိမ်းချမ်းရေးကော်မတီ ဥက္ကဋ္ဌ အသစ်ပေါ့။ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ NSPNC နဲ့ တွေ့ဆုံဖို့ရှိတယ်။ သုံးရက်တွေ့မယ်။ ၂၇ ရက်ကတော့ တပ်မတော်နေ့ အခမ်း အနားရှိတယ်။ တစ်ခါတည်းဆက်သွားမှာပေါ့။ ဒီတွေ့ဆုံပွဲမှာတော့ ဖွဲ့စည်းပုံနဲ့ ဖက်ဒရယ်ပေါ့၊ ဒီအကြောင်းအရာတွေ ဆွေးနွေးဖို့ရှိတယ်။ ၂၀၀၈ ဖွဲ့စည်းပုံထဲက ပြင်ဆင်သင့် ပြင်ဆင်ထိုက်တယ်လို့ သုံးသပ် ယူဆရတဲ့အချက်တွေကို ဆွေးနွေးမယ်။ ပြီးရင် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို ဖော်ဆောင်နိုင်မယ့် အချက်တွေ ဆွေးနွေးမယ်။ ပြီးရင်တော့ အထွေထွေအပိုင်းပါမှာပေါ့"ဟု ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေး ပါတီဒုဥက္ကဋ္ဌ ဦးညီညီလွင်က ပြောသည်။
    ထို့အပြင် နိုင်ငံရေးပါတီများအစု အဖွဲ့အလုပ်အဖွဲ့၏ ကြိုတင်ညှိနှိုင်း အစည်းအဝေးကို ရန်ကုန်မြို့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းအစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှ ပြင်ဆင်သင့်သည်ဟု သုံးသပ်ယူဆရသည့် ပြဋ္ဌာန်းချက်များအပေါ် ကြိုတင် ဆွေးနွေးညှိနှိုင်း သွားကြ မည်ဖြစ်ကြောင်း ဦးညီညီလွင်က ဆက်ပြောသည်။
    နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်အား ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အား နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်လည်းကောင်း ပြောင်းရွှေ့ ခန့်အပ်ခဲ့ကြောင်း အမိန့်အမှတ်(၉/၂၀၂၅)ဖြင့် ဇန်နဝါရီ ၃၁ ရက်က ထုတ်ပြန်ခဲ့သည်။
    အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီကို နယ်စပ်ရေးရာဝန်ကြီးမှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်လေ့ ရှိသည့်အတွက် လာမည့်နိုင်ငံရေး ပါတီများ အစုအဖွဲ့နှင့်တွေ့ဆုံပွဲတွင် နယ်စပ်ရေးရာဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီးရာ ပြည့် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင် ရွက်မည်ဖြစ်ကြောင်း သိရသည်။
    ပြီးခဲ့သည့် ဇန်နဝါရီ ၂၃၊ ၂၄ ရက်များတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော် မတီ (NSPNC) နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြသည်။ ထိုစဉ်က နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (လက်ရှိ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က  NSPNC ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင် ရွက်ခဲ့သည်။  ညီသစ်

Total Views ~ 81

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42993

© 2022 - 2025 News. All Rights Reserved.