ရန်ကုန်၊ မတ် ၁၉
ကရင်ပြည်နယ် ဘားအံမြို့တွင် အခြေစိုက်သည့် ဖလုံ-စဝေါ်ဒီမိုကရက်တစ် ပါတီ (PSDP) သည် နယ်မြေအခြေအနေကြောင့် ကရင်ပြည်နယ်အခြေစိုက် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၏ မြို့နယ်ပါတီရုံး တချို့ကို ကျေးရွာများတွင် ဖွင့်လှစ်ထားရကြောင်း ယင်းပါတီမှ သိရသည်။
ပါတီအနေဖြင့် ဘားအံ၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ မြဝတီစသည့် မြို့နယ် ငါးခုတွင် ရုံးခန်းများ ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း၊ သို့သော်လည်း ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးရုံးများ ကျေးရွာများတွင် ဖွင့်လှစ်ထားရကြောင်း ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
"အဲဒီ ရုံးငါးရုံး ဖွင့်ထားတယ်။ ရုံးဖွင့်တဲ့ စာရင်းကိုလည်း UEC ကို တင်ထားတယ်။ တကယ်တမ်းကျ တိတိကျကျ မဖြစ်သေးဘူး။ အခုက ရုံးကဘယ်မှာ ဖွင့်ရလဲဆိုတော့ ကော့ကရိတ်ဆိုရင် ဟိုဘက်က မြို့နယ်ထဲက ရွာတစ်ရွာမှာ သွားဖွင့်ရတယ်။ ကော့ကရိတ်က ထိခိုက်ပျက်စီးနေတော့ လုံခြုံရေး အခြေ အနေကလည်း ဘယ်လိုမှ လုပ်ပေးလို့ မရသေးဘူး။ ဖွင့်ဖို့က ဘယ်လိုမှကို အဆင်မပြေဘူးလေ။ ဒါကြောင့် တည်တည် ငြိမ်ငြိမ်ရှိတဲ့ နေရာမှာဖွင့်ရတာ။ အနီးအနား ကရွာမှာ သွားဖွင့်ရတာပေါ့။ ပါတီဝင် အင်အားများတဲ့ရွာတွေမှာ ဖွင့်ထားရတယ်။ ကြာအင်းဆိပ်ကြီးကတော့ ဘာမှမဖြစ်သေးပါဘူး။ ဒါပေမဲ့ မြို့နယ်ထဲ ပါတီဝင်အင်အား ရှိထားတဲ့ ရွာတစ်ရွာမှာ ရုံးဖွင့်ထားတယ်"ဟု ယင်းပါတီမှ တာဝန်ရှိသူက ပြောသည်။
မြဝတီ၊ လှိုင်းဘွဲနှင့် ဘားအံမြို့ နယ်ပါတီရုံးများကို မြို့ပေါ်တွင် ဖွင့်လှစ်ထား နိုင်၍ ပါတီလုပ်ငန်း ဆောင်တာများ လုပ်ကိုင်ရ အဆင်ပြေသည်ဟု ၎င်းကဆက်ပြောသည်။ "မြဝတီကတော့ နည်းနည်း တည်ငြိမ်ပါတယ်။ အဲဒီမှာ ပါတီရုံးရှိတယ်။ လှိုင်းဘွဲမှာလည်း ဖွင့်ထားပါတယ်။ ကျွန်တော်တို့ ဌာနချုပ်ရှိ တာကတော့ ဘားအံပေါ့။ ဘားအံမှာ တွဲလျက်ပေါ့။ အဲဒီမှာက အဆောက်အအုံ နှစ်လုံးရှိတော့ ဌာနချုပ်တစ်ရုံး၊ မြို့နယ်ရုံး တစ်ရုံးဖွင့်ထားတယ်"ဟု ဖလုံ-စဝေါ်ဒီမိုက ရက်တစ်ပါတီမှ တာဝန်ရှိသူက ပြောသည်။
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီကို ၂၀၂၃ ခုနှစ် ဧပြီလ၂၅ ရက်မှစ၍ နိုင်ငံ ရေးပါတီများမှတ်ပုံ တင်ခြင်းဥပဒေပုဒ်မ (၉) နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ်(၉/၂၀၂၃)ဖြင့် ကြေညာခဲ့သည်။ ယင်းပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၄) ဖြစ် ကြောင်းသိရသည်။ ညီသစ်