နေပြည်တော်၊ ဇန်နဝါရီ ၂၉
နိုင်ငံကောင်းဖို့ရာအတွက် မိမိပါတီအောင်နိုင်ရေးထက် အားလုံးပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ကရင်ပြည်သူ့ပါတီဥက္ကဋ္ဌ နမ့်ခင်အေးဦးက ပြောသည်။
"ပါတီတွေအနေနဲ့ အခုအချိန်မှာ နိုင်ငံအတွက် ပိုကြည့်ရမယ်လို့ ယူဆတယ်။ နိုင်ငံကောင်းဖို့ တစ်ပါတီတည်း လုပ်တယ်ဆိုတာထက် ပါတီတွေ စည်းစည်းလုံးလုံးနဲ့ ကောင်းတဲ့ဘက်ကို သွားရမယ်။ ခံယူချက်တွေ တူညီမှု ရှိချင်မှရှိမယ်။ ဒါပေမဲ့ တိုင်းပြည်ကောင်းဖို့ အရင်ကြိုးစားရမယ်။ ကျွန်မတို့ပါတီအနေနဲ့ နိုင်ငံတစ်ဝန်း ငြိမ်းချမ်းစေချင်တယ်။ ရွေးကောက်ပွဲကိုလည်း အောင်အောင်မြင်မြင် ဖြစ်စေချင်တယ်။ ရွေးကောက် ပွဲ မဖြစ်လာသေးရင်လည်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေမယ်။ နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီအောင်နိုင်ရေးဆိုတာထက် နိုင်ငံကောင်းဖို့အတွက် အားလုံး ပူးပေါင်းဆောင်ရွက်ကြစေချင်တယ်။ ပါတီအရေးရယ်လို့ မဟုတ်ဘူး။ လုပ်နိုင်သမျှ လုပ်နေတယ်။ ရွေးကောက်ပွဲ ဖြစ်လာရင်တော့လည်း ဝင်မယ်။ ဖြစ်လာတဲ့ အလျောက်ဆောင်ရွက်မယ်။ ဒေသဖွံ့ဖြိုးရေးတွေကတော့ လုပ်နိုင်သမျှ လုပ်နေမယ်။ အခြေအနေပေါ်ကြည့်ပြီး ဆောင်ရွက်မယ်။ လူထုလိုအပ်ချက်ကို အဓိကထား လုပ်ဖို့ရှိတယ်။ ကိုယ်ရွေးကောက်ခံဖြစ်ရေး၊ အမတ်တွေ ဖြစ်ရင်တော့ လည်း ပိုပြီး ကူညီနိုင်တာပေါ့။ မဖြစ်ရင်လည်း ဖြစ်လာတဲ့ အမတ်တွေနဲ့ ပူးပေါင်းလုပ်ပေးခဲ့ကြတာပဲ။ သမ္မတနေရာရဖို့ ဆိုတာကလည်း ကျွန်မတို့ တိုင်းရင်းသားပါတီတွေက မဖြစ်နိုင်ဘူးလေ။ လူထုအကျိုးကို တတ်နိုင်သလောက် လုပ်ဖို့ကတော့ ပူးပေါင်းလုပ်ဆောင်မယ်"ဟု ၎င်းကပြောသည်။
နိုင်ငံရေး အခင်းအကျင်းအရ လက်နက်ကိုင်များအနေဖြင့်လည်း ငြိမ်းချမ်းရေးစကားကို မဖြစ်မနေ ပြောကြရမည်ဖြစ်ပြီး စစ်ပွဲနှင့် အဖြေရှာ၍ မရကြောင်း နမ့်ခင်အေးဦးက ထပ်မံပြောကြားသည်"အခင်းအကျင်းအရတော့ ငြိမ်းချမ်းရေးစကားကို မဖြစ်မနေ ပြောကြရမှာပဲ။ စစ်ပွဲနဲ့ အဖြေရှာလို့မှ မရဘဲ။ ကမ္ဘာမှာလည်း ဒီလိုပဲ ဒါကိုတော့ နားလည်ကြမယ် ထင်တယ်။ ရွေးကောက်ပွဲကို ကျွန်မတို့ သိထားတာက ၂၀၂၅ အတွင်းမှာ ဖြစ်အောင်လုပ်မယ်။ ၁၉၅၂၊ ၅၃၊ ၅၄ တုန်းက ခုနစ်လ ကြာတယ်။ လုပ်လို့ရတဲ့ အပိုင်းတွေ အရင် လုပ်သွားမယ်။ ပါတီတွေက အဲဒီလို သိထားတာ။ UEC ကတော့ ကြိုတင် ပြင်ဆင်ထားဖို့ ပြောတယ်။
လူတွေက ၂၀၂၅ မှာဖြစ်မလား၊ မဖြစ်ဘူးလား ဆိုတာမျိုး ရှိနေကြတယ်။ ဆွေးနွေးကြတာကတော့ အရင်လိုပဲ အပိုင်းလိုက် လုပ်မယ်ဆိုရင် ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းလို နေရာမျိုးတွေက လုပ်မလားပေါ့။ ဧရာဝတီတိုင်းကတော့ နည်းနည်းလေး လှုပ်လှုပ်လုပ်လှုပ် ဖြစ်နေတယ်ဆိုတော့လေ။ ဒါပေမဲ့ ဧရာဝတီတိုင်းလည်း ကျွန်မမြင်တာကတော့ အထိခိုက်ခံမှာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးအတွက်လည်း ကြိုးစားပမ်းစား လုပ်နေကြတာရှိတယ်။ ကိုယ့်ရဲ့ ယုံကြည်၊ ခံယူချက် အစိုးရဘက်က ခိုင်ခိုင်မာမာ ရှိနေတယ်။ တစ်ခုခုတော့ ဖြစ်အောင် လုပ်မှာပါ။ လက်နက်ကိုင်အဖွဲ့တွေဘက်ကလည်း ကြိမ်း ဝါးတာတွေတော့ ကြားနေတာပဲ။ မီဒီယာနဲ့ တိုက်နေတာလည်း ရှိတယ်။ အစိုးရကို အားပေးတဲ့ သူတွေက အားမလို အားမရ ဖြစ်ကြတာလည်းရှိတယ်။ ပြတ်ပြတ်သားသား လုပ်ဖို့ဆိုတာကလည်း တိုင်းပြည်တွေမှာ အရမ်းလုပ်လို့မရတဲ့ ကိစ္စတွေက ရှိတယ်"ဟု ၎င်းက ပြောသည်။
ယခုအခါ ကရင်ပြည်သူ့ပါတီ အနေဖြင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်း မြောင်းမြ၊ ကန်ကြီးထောင့်၊ ကျုံပျော်၊ ညောင်တုန်း၊ ပန်းတနော် အစရှိသည့် မြို့နယ်ငါးခုတွင် မြို့နယ်ကော်မတီများ ဖွဲ့စည်းထားပြီး အခြားသော မြို့နယ်များမှလည်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ရခိုင်ဒေသက ဂယက်ကြောင့် ရိုက်ခတ်မှုတချို့ရှိသော်လည်း ပါတီဝင်များအနေဖြင့် စိုးရိမ်စိတ် မရှိကြောင်း၊ ပါတီအနေဖြင့် ဒေသတွင်း လမ်းဖောက်၊ တံတားဆောက်၊ စာသင်ကျောင်းများ ဖွင့်လှစ်ခြင်းနှင့် လူထုအကျိုးပြုလုပ်ငန်းများကို သက်ဆိုင်ရာ တာဝန် ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ကွန်းဈာန်